Sunday, June 17, 2018

“ရန်ကုန်တိုင်း အစိုးရ စီးပွားရေးလုပ်သင့် မလုပ်သင့်”

“ရန်ကုန်တိုင်း အစိုးရ စီးပွားရေးလုပ်သင့် မလုပ်သင့်”

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့သစ်
တည်ထောင်ရန် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်
(New Yangon Development Company-NYDC)
တည်ထောင်မှု အပေါ် လူမှုစာမျက်နှာများပေါ်တွင် ပြောဆို
ဝေဖန်သံများ ယခုရက်ပိုင်းအတွင်း တွေ့နေရသည်။ အဆိုပါ
ဝေဖန်သူများထဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို
ထောက်ခံသူများလည်း ပါဝင်သည်။

ယေဘုယျအားဖြင့်ပြောရလျှင် ပြည်သူအများစုသည် လက်ရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သည့် အစိုးရ
အောင်မြင်သည်ကို မြင်လိုတွေ့လို ကြသည်။ လတ်တလော
အခြေအနေသည် ထိလွယ်ရှလွယ် အမှားမခံသည့်
အခြေအနေ ဟု သုံးသပ်ကြပြီး တတ်နိုင်သမျှ
ဝိုင်းဝန်းကူညီ လိုကြသည်။

ထိုအတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏
စီးပွားရေးလုပ်ရန် ဆုံးဖြတ်မှုအပေါ်လည်း စိုးရိမ်ပူပန်မှုများ
ရှိသည့် အတွက် ပြောဆို ဝေဖန်ကြခြင်း ဖြစ်သည်။ စာရေးသူ
အနေဖြင့်လည်း ယင်းကိစ္စရပ် အပေါ် အချက် ၄ ချက်ဖြင့်
ဆွေးနွေးတင်ပြလိုပါသည်။

ယင်းတို့မှာ –

(၁) နိုင်ငံရေး/ အုပ်ချုပ်ရေးနှင့် စီးပွားရေး ရောယှက်မှုသည်
အစိုးရ အတွက် အန္တရာယ်ရှိနိုင်သည် ဟု ထင်မြင်မှု၊
(သို့) သဘောတရားရေးရာ၊

(၂) ပြည်ထောင်စု အဆင့်မှ မကြာသေးမီက ချမှတ်လိုက်သည့်
မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ပါ မူဝါဒ
အစီအစဉ်များနှင့် မကိုက်မညီဖြစ်နေခြင်း (သို့) မူဝါဒရှေ့နောက်
ညီညွှတ်မှု မရှိခြင်း၊

(၃) အဖွဲ့အစည်းအား ဦးဆောင်မည့်သူများ၏ အခန်းကဏ္ဍ
အပေါ် ရှင်းလင်းရန် လိုအပ်ခြင်းနှင့်

(၄) လတ်တလောအချိန်၌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ
အကောင်အထည်ဖော်မည့် မြို့သစ် စီမံကိန်းသည် နိုင်ငံတော်
အစိုးရ အတွက် ပထမဦးစားပေး အကောင်အထည်ဖော်ရန်
လိုအပ်သည့် စီမံကိန်း ဖြစ်သင့်/မသင့် စသည့် အချက်များ
ဖြစ်ပါသည်။

ဝေဖန်သူ အများစုသည် သဘောတရားရေးရာကို အဓိကထား
ဝေဖန်နေကြသည်ကို တွေ့ရသည်။ သမိုင်းကြောင်း အရ
ခေတ်အဆက်ဆက် (မဆလ၊ နဝတ၊ နအဖ) အစိုးရ စီးပွားရေး
လုပ်ခြင်းသည် အောင်မြင်သည်ဟု မရှိဘဲ ပြဿနာများသာ
ကြုံတွေ့နေရသဖြင့် လေ့လာသုံးသပ်သူများက ဒီမိုကရေအစိုးရ
လက်ထက် အစိုးရက စီးပွားရေး လုပ်မည် ဆိုသောအခါ
အံ့အားသင့်ကြရသည်။

“ဘယ်တုန်းကများ အစိုးရ စီးပွားရေး လုပ်ရင် အောင်မြင်လို့လဲ”
ဟု မေးခွန်း ထုတ်ကြသည်။

အများစု မျှော်မှန်းထားသည်မှာ ခေတ်အဆက်ဆက် တဖက်သတ်
အခွင့်အရေးများရပြီး အလွန်အမင်း ချမ်းသာလာကြသူများ ကြီးစိုး
ထားသည့် ခရိုနီစီးပွားရေး စနစ်ကို ထိန်းကျောင်း ပြုပြင်ပြီး
မှန်ကန်သည့် ဈေးကွက်စီးပွားရေး စနစ် ပေါ်ထွန်းလာရန်
ဖြစ်သည်။

အစိုးရ၏ စီးပွားရေး လုပ်ဆောင်နိုင်သည့် စွမ်းဆောင်ရည်ကိုလည်း
မေးခွန်းထုတ်ကြသည်။ ထိုထက် ပိုအရေးကြီးသည်မှာ နိုင်ငံရေး
သမားများ (အစိုးရအဖွဲ့ကို ဦးဆောင်သူများ) ၏ အကျိုးစီးပွားနှင့်
စီးပွားရေးသမားများ၏ အကျိုးစီးပွား ပေါင်းစပ်သွားခြင်း ဖြစ်သည်။

တနည်းအားဖြင့် ယင်းတို့၏ incentive structure များ (သို့)
မက်လုံးများ တူညီသွားလျှင် ပြည်သူလူထုအကျိုးစီးပွားထက်
ယင်းတို့၏ အကျိုးစီးပွားကိုသာ ဦးတည်လုပ်ဆောင်မည်ကို
စိုးရိမ်ပူပန်ခြင်း ဖြစ်သည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်သူ ဝန်ကြီးချုပ်နှင့် ဝန်ကြီး
များ အတွက် အဓိက အကျိုးစီးပွား (သို့) မက်လုံးသည် မြင်သာ
ထင်သာ ရှိသည့် ရလဒ်များ ရရှိရေး ဖြစ်သည်။ မိမိအစိုးရ အုပ်ချုပ်
စဉ်အတွင်း မည်ရွှေ့မည်မျှ ရန်ကုန်တိုင်းကို ပြောင်းလဲနိုင်သည်ဟု
လက်မထောင်လိုကြလိမ့်မည်။ အထက်ခေါင်းဆောင် အဆင့်ဆင့်
၏ အသိအမှတ်ပြုရေးကို လိုလားလိမ့်မည်။
ထိုသည်မှာလည်း အပြစ်ဆိုစရာ မရှိ။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၏
စေတနာကိုလည်း ကောင်းစွာ နားလည် သဘောပေါက်သည်။
သို့သော် အစိုးရအဖွဲ့မှ စီးပွားရေး ပါဝင် လုပ်သည့်အခါ ယင်းတို့
အဓိကဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ ပုဂ္ဂလိက ကဏ္ဍအား
ထိန်းကျောင်း မောင်းနှင်ရန် တာဝန်များပါ ပေါ့လျော့မှု ဖြစ်သွား
နိုင်သည်။ ယင်းတို့၏ မြင်သာထင်သာ ရှိသော ရလဒ်များ အချိန်တို
အတွင်း ရရှိရေးသည်လည်း အရေးကြီးသည်။

ထိုကဲ့သို့ အစိုးရသည် အကျိုးစီးပွား (သို့) မက်လုံးရှိသည့် စီးပွားရေး
ဝင်လုပ်လိုက်သည့်အခါ ယင်း၏ တာဝန်သည် တဖက်တွင်လည်း
ပိုမိုကြီးမားသွားသည်။

ယင်း၏ အဓိက အကျိုးစီးပွားသည် အဆိုပါ မြို့သစ်စီမံကိန်း
အောင်မြင်ရေး ဖြစ်သွားသည်။ မအောင်မြင်ပါက ဝန်ကြီးချုပ်နှင့်
အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံရေးသိက္ခာကျမည် ဖြစ်သည်။ ရင်းနှီး
မြှုပ်နှံရမည့် ပမာဏ ကြီးလွန်းသည့် အတွက် ဝန်ကြီးချုပ် အတွက်
တာဝန်ကြီးလှသည်။ မအောင်မြင်လျှင် ရာထူးအာဏာနှင့်
ရှေ့တက်လမ်းများကိုပင် ထိခိုက်သွားနိုင်သည်။

တဖက်တွင် စီးပွားရေးသမား၏ အဓိက အကျိုးစီးပွား (သို့) မက်လုံး
သည် အကျပ်အတည်းမှ လွန်မြောက်ပြီး အမြတ်များများ ရရှိသည့်
လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရေး ဖြစ်သည်။

ထိုအခါမှာ ယင်းတို့နှစ်ဦး၏ အကျိုးစီးပွားများ တူညီသွားဟန် ရှိသည်။
တဖက်ကလည်း စီမံကိန်း မအောင်မြင် မရှိစေရန် အစိုးရက ပံ့ပိုး
နိုင်သမျှ ပံ့ပိုးတော့မည်၊ မပေးသင့်သည့် အခွင့်အရေးများကိုလည်း
စီးပွားရေးသမားများ ရင်းနှီးမြှုပ်နှံသူများအား ပေးအပ်နိုင်သည်။

ထိုအတွက်ကြောင့် NYDC အား မည်သို့ စီမံအုပ်ချုပ်မည်၊
မည်သို့ တာဝန်ခံမှုရှိရန် စီမံဆောင်ရွက် ထားသည်၊
မည့်သို့ စီးပွားရေး သမားများ ရင်းနှီးမြှုပ်နှံသူများအား
အထူးအခွင့်အရေးများ မပေးနိုင်ရန် စီမံထားသည် ဆိုသည်ကို
ပြည်ထောင်စုအဆင့်မှ ရှင်းလင်းပြသင့်သည်။ အဆိုပါကုမ္ပဏီနှင့်
စီမံကိန်းအား ပိုမိုပွင့်လင်းမြင်သာစွာ အချက်အလက်များဖြင့်
ချပြသင့်သည်။

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် တည်ထောင်လိုက်သည့်
NYDC ကုမ္ပဏီတွင် လွတ်လပ်သည့် ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာသူ
မစ္စတာဂျော့ယိုး (Mr George Yeo) ကလည်း ပွင့်လင်းမြင်သာမှု
ပိုရှိရန်နှင့် ကုမ္ပဏီ၏ တာဝန်ခံမှု ပိုမို မြင့်မားစေရန် လိုအပ်သည့်
ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းရန်
ပြည်ထောင်စုအစိုးရအဖွဲ့ဖြင့်လည်း ပူးပေါင်း ဆောင်ရွက်ရမည် ဟု
ယင်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောပြသွားသည်။

အိမ်နီးချင်းနိုင်ငံများ၏ အတွေ့အကြုံများ သင်ခန်းစာများကိုလည်း
ရန်ကုန်တိုင်းအစိုးရနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ အားလုံး
ရယူသင့်သည်။

ပညာရှင် ဂျိုနသန်ပင်းကပ်စ် Jonathan Pincus က
ဗီယက်နမ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု မည်သည့် အတွက်ကြောင့်
နှောင့်နှေးနေရသည်ကို သူ၏
“Why Doesn’t Vietnam Grow Faster? State Fragmentation
and The Limits of Vent for Surplus Growth (Pincus, 2015)
စာတမ်းတွင် အသေးစိတ် ရှင်းပြထားသည်။

ထိုစာတမ်းကို အနှစ်ချုပ် တင်ပြရလျှင် အစိုးရ အဖွဲ့အစည်းများ၊
ဒေသန္တရ အစိုးရများမှ ဦးပိုင်ကုမ္ပဏီကြီးများ တည်ထောင်ပြီး စီးပွားရေး
အပြိုင်အဆိုင် လုပ်လာသဖြင့် ဗီယက်နမ်၏ စက်မှုကဏ္ဍနှင့် နိုင်ငံဖွံ့ဖြိုး
တိုးတက်မှု နှောင့်နှေးရခြင်း ဖြစ်ကြောင်း တင်ပြထားသည်။

ထိုစာတမ်းမှ စာကြောင်းတကြောင်းအား စာရေးသူ အလွန်နှစ်သက်
သဖြင့် တင်ပြလိုက်ရပါသည်။
“Monetization of the politics and politicization of market
are two sides of the same coin.”
“နိုင်ငံရေးဖြင့် ပိုက်ဆံရှာခြင်းနှင့် ဈေးကွက်ကို နိုင်ငံရေးဆန်စေခြင်း
တို့သည် ဒင်္ဂါးတပြား၏ ခေါင်းနှင့် ပန်းလိုပင်။”

ပထမအချက်ကို နိဂုံးချုပ်ရလျှင် အစိုးရ စီးပွားရေး မလုပ်ရဟု မဆိုလိုပါ။
အောင်မြင်သည့် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများလည်း ရှိပါသည်။
သို့သော် သတိထား လုပ်ဆောင်သင့်သည်၊ နိုင်ငံရေးနှင့် စီးပွားရေး
ရောယှက်မှုကို တတ်နိုင်သမျှ ရှောင်ရှားသင့်သည် ဟု
တင်ပြလိုပါသည်။

ဒုတိယအချက်နှင့် ပတ်သက်၍ ဆွေးနွေးလိုသည်မှာ ရန်ကုန်တိုင်း
အစိုးရအဖွဲ့ ဦးဆောင် အကောင်အထည်ဖော်မည့် မြို့သစ်စီမံကိန်း
သည် နိုင်ငံတော်မှ ချမှတ်ထားသည့် ရေရှည် တည်တံ့ခိုင်မြဲသည့်
ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဖြင့် ကိုက်ညီမှု ရှိ/မရှိဖြစ်ပါသည်။
ရန်ကုန်မြို့တွင် တိုးပွားလာမည့် လူဦးရေနှင့်အတူ မြို့သစ်များ
လိုအပ်လာမည် ဆိုသည်ကို ပြောရန်မလို။

သို့သော် ရန်ကုန်မြို့သစ်စီမံကိန်းသည် အခြေခံအဆောက်အအုံ
ဆိုင်ရာ စီမံကိန်းများ ဖြစ်သည့် အတွက် ပြည်ထောင်စု အဆင့်မှ
ဦးစားပေး တည်ဆောက်မည့် အခြေခံအဆောက်အအုံ ဆိုင်ရာ
စီမံကိန်းများ သတ်မှတ်ပေးပြီး၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း
ဆောင်ရွက်ရေး မူဘောင်နှင့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ
နည်းဥပဒေများ ရေးဆွဲ ဆောင်ရွက်သွားမည် ဟု ဖော်ပြထားသဖြင့်
နိုင်ငံတော်အဆင့် စီမံကိန်းများတွင် ရန်ကုန်မြို့သစ်စီမံကိန်းသည်
ဦးစားပေးစီမံကိန်း အဖြစ် သတ်မှတ် ထားခြင်း ခံရ/မခံရ
မေးမြန်းရမည် ဖြစ်သည်။

အစိုးရ၏ စီးပွားရေး လုပ်ငန်းများကိုပင် စနစ်တကျ ပုဂ္ဂလိကပိုင်
အဖြစ် ပြောင်းလဲသွားမည် ဟု မြန်မာနိုင်ငံ ရေရှည် တည်တံ့ ဖွံ့ဖြိုးမှု
အစီအစဉ်တွင် ဖော်ပြထားချိန်၊ အစိုးရမှ ပုဂ္ဂလိကဦးဆောင်သည့်
ဖွံ့ဖြိုးတိုးတက်မှု (private sector-led growth) ရရှိရန် ဆောင်ရွက်
မည် ဟု မူဝါဒချမှတ်ထားချိန် ရန်ကုန်တိုင်းအစိုးရက စီးပွားရေး
လုပ်ရန် ကုမ္ပဏီ တည်ထောင်ခြင်းမှာ ပြည်ထောင်စုအဆင့်
အစီအစဉ်ဖြင့် ကိုက်ညီမှု ရှိ/မရှိ မေးမြန်းရန် လိုအပ်လာသည်။

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း (PPP) လုပ်မည် ဟု
ဆိုတိုင်း တိုင်းဒေသကြီးအစိုးရက စီးပွားရေး ဝင်လုပ်ရမည်ဟု
မဆိုလိုပါ။

စာရေးသူ နားလည် သဘောပေါက်သည်မှာ ရန်ကုန်တိုင်းဒေသကြီး
အစိုးရသည် အချိန်တိုအတွင်း စီမံကိန်း အများအပြား အကောင်
အထည် ဖော်လိုသည်။ သို့သော် ယင်းတွင် fiscal space ဟုခေါ်ဆို
သည့် ဘဏ္ဍာဝင်ငွေ ရရှိမှု မှာလည်း လိုအပ်ချက်ဖြင့် နှိုင်းယှဉ်လျှင်
နည်းပါးသဖြင့် ပုဂ္ဂလိက နည်းလမ်းကို ရွေးချယ်ခြင်း ဖြစ်သည်။

သို့သော် PPP စီမံကိန်းများ အကောင်အထည် ဖော်ရန် မြန်မာနိုင်ငံ
ရေရှည်တည်တံ့ ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်မှာ ဖော်ပြ
ထား သကဲ့သို့ပင် ထိုစီမံကိန်းများကို နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ
အကောင်အထည် ဖော်နိုင်ရန် စနစ်တကျ ကြီးကြပ်ကွပ်ကဲမည့်
ပြည်ထောင်စုအဆင့် အဖွဲ့အစည်း လိုအပ်သလို၊ ဥပဒေ နည်းဥပဒေ
နှင့် စည်းမျဉ်း စည်းကမ်း မူဘောင်များလည်း လိုအပ်သည်။

တတိယ အချက်အဖြင့် ဆွေးနွေးမည့် အကြောင်းအရာမှာ NYDC
ကုမ္ပဏီကို ဦးဆောင်မည့်သူများ၏ အခန်းကဏ္ဍမှာ မရှင်းမလင်း
ဖြစ်နေသည့် အကြောင်းဖြစ်သည်။

ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများတွင် ကုမ္ပဏီဘုတ်အဖွဲ့ဝင်များသည်
မြို့သစ်စီမံကိန်း၌ ပါဝင် ရင်းနှီးမြှုပ်နှံပိုင်ခွင့် မရှိဟုတားမြစ်ထားသည်။
ထို တားမြစ်ချက်သည် အကျိုးစီးပွား ပဋိပက္ခ (သို့)
conflict of interest မဖြစ်စေရန် ဖြစ်သည်။

သို့သော် ကုမ္ပဏီ၏ CEO ဖြစ်သူ ဦးသိမ်းဝေ ခေါ် မစ္စတာ ဆာတ်ခ်ျပန်း
သည် First Myanmar Investment (FMI), Yoma Strategic
Holdings အစရှိသည့် ကုမ္ပဏီအုပ်စုများစွာကို ဦးဆောင်နေသူ
အစုရှယ်ရာအများစု ပိုင်ဆိုင်သူ ဖြစ်သည်။ သူကိုယ်တိုင် ဤမြို့သစ်
စီမံကိန်းတွင် မပါဝင်ဟု ဆိုသော်လည်း ယင်း၏ လက်အောက်ခံ
ကုမ္ပဏီများ၊ သားသမီးပိုင် ကုမ္ပဏီများ ပါဝင်နိုင်သည့် အခွင့်အလမ်း
ရှိနေသည်။

ဤမျှ ပမာဏကြီးလှသည့် ရင်းနှီးမြှုပ်နှံမှုတွင် သူ မပါဝင် ဟု ဆိုခြင်းကို
မည်သို့ ယုံကြည် လက်ခံရမည်နည်း။

ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဝန်ကြီး ဒေါ်နီလာကျော်မှာလည်း မကြာသေးမီက
ပြန်လည် ဖွဲ့စည်းလိုက်သည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင်
အဖွဲ့ဝင် ဖြစ်သည်။ ထိုအခါ ရင်းနှီးမြှုပ်နှံမှုများကို ကြီးကြပ်ရမည့်
အဖွဲ့၏ အဖွဲ့ဝင်တဦးမှာ ကိုယ်တိုင်လည်း ရင်းနှီးမြှုပ်နှံ မည့်သူ (သို့)
အဆိုပါ စီမံကိန်းအောင်မြင်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုများကို
ဆွဲဆောင်ရမည့်သူလည်း ဖြစ်နေသည်။

ကုမ္ပဏီဘုတ်အဖွဲ့တွင် နိုင်ငံတကာတန်းဝင် ပုဂ္ဂိုလ်များ ပါဝင်ခြင်းသည်
အားတက်စရာ ဖြစ်သော်လည်း ထိုအဖွဲ့ဝင်၂ ဦး၏ အခန်းကဏ္ဍကို
နိုင်ငံတော်အနေဖြင့် ပြန်လည် ရှင်းလင်းသင့်သည် ပြန်လည် သုံးသပ်
သင့်သည် ဟု ယူဆမိသည်။

နောက်ဆုံး စတုတ္ထ အချက်အနေဖြင့် ဆွေးနွေးလိုသည်မှာ
လတ်တလောအချိန်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အကောင်အထည်
ဖော်မည့် မြို့သစ်စီမံကိန်းသည် နိုင်ငံတော်အစိုးရ အတွက် ပထမ
ဦးစားပေး အကောင်အထည်ဖော်ရန် လိုအပ်သည့် စီမံကိန်း
ဖြစ်သင့်/မသင့်တို့ ဖြစ်ပါသည်။

ခေတ် အဆက်ဆက် misallocation of scarce resources (သို့)
နိုင်ငံတော်၏ ရှားပါးသည့် အရင်းအမြစ်များကို လွဲမှားစွာ ခွဲဝေပေး
ခဲ့သည့် အတွက် နိုင်ငံတော် မဖွံ့ဖြိုး မတိုးတက်ခဲ့ရခြင်း ဖြစ်သည်
ဟု ပညာရှင်အသီးသီးက ဝေဖန်ထောက်ပြခဲ့ကြသည်။

လက်ရှိအချိန်မှာ နိုင်ငံတော်အစိုးရ အတွက်လည်း အထက်တွင်
ဖော်ပြခဲ့သည့် fiscal space သည် အင်မတန်ကျဉ်း ပါသည်။
ရသမျှ အခွန်ဘဏ္ဍာကို စနစ်တကျ ခွဲဝေသုံးစွဲရန် လိုအပ်ပါသည်။
ချွန်းဖိုး များလွန်းသော “ဆင်ဖြူတော် စီမံကိန်းများ”
ခေတ်အဆက်ဆက် အကောင်အထည် ဖော်ခဲ့သဖြင့် တိုင်းပြည်
ဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ
လက်ထက်မှာ တိုင်းပြည် အတွက် လတ်တလော စီးပွားရေးအရ
တွက်ခြေ မကိုက်နိုင်သည့် စီမံကိန်းများကို အကောင်အထည်
ဖော်မည် မထင်ပါ။

ဥပမာ ပြရလျှင် ရန်ကုန်မြို့တွင် ရေနက်ဆိပ်ကမ်းသစ် တခု ထပ်မံ
တည်ဆောက်ရန် အဆိုပြုချက်ကို မလုပ်သင့်ကြောင်း သုံးသပ်ထား
ခြင်း ဖြစ်သည်။

ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ ဂျို့စ်ဂိုးမတ် အိဘနက်ဇ်
Jose Gomez Ibanez နှင့် ငုယင်ဇွန်သန်း Nguyen Xuan Than
တို့က ယခင်အစိုးရ လက်ထက် ရန်ကုန်မြို့တွင် ရေနက်ဆိပ်ကမ်း
တခုထပ်မံတည်ဆောက်မည် ဆိုသည်ကို မလိုအပ်၍ မလုပ်သင့်
ကြောင်းကို ၎င်းတို့၏ “ရန်ကုန် ဖွံ့ဖြိုးရေး စိန်ခေါ်ချက်များ”
“Yangon’s Development Challenges” စာတမ်း၌
ထောက်ပြထားသည်။

လက်ရှိ သီလဝါဆိပ်ကမ်း၌ပင် ကုန်တန်ချိန် လက်ခံနိုင်သည့်
အတိုင်းအတာထက် များစွာ လျှော့နည်းနေသည် ဟု ရေးသား
ခဲ့သည်။

ထိုအတွက်ကြောင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အတွက် ဘဏ္ဍာ
ငွေကြေး အထူးလိုအပ်နေချိန်တွင် နိုင်ငံတော်၏ဘဏ္ဍာဖြစ်စေ၊
ပုဂ္ဂလိက အရင်းအနှီးဖြစ်စေ ထိရောက်သည့် စီမံကိန်းများတွင်သာ
ရင်းနှီးမြှုပ်နှံသင့်သည်။

ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ် မဖြစ်ထွန်းလျှင် နိုင်ငံတော်သာ
နစ်နာမည် ဖြစ်သည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများမှာ အကျိုးအမြတ်
ကို စနစ်တကျ တွက်ချက်ပြီးမှသာ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။
အကျိုးအမြတ် မရှိလျှင် ရင်းနှီးမြှုပ်နှံမည် မဟုတ်ပေ။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုး
တိုးတက်ရန် ကြိုးပမ်းမှု၊ အများပြည်သူ အိုးပိုင်အိမ်ပိုင်ဖြင့် နေထိုင်
နိုင်ရန် အားထုတ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း
မြောက်မြားစွာ ဖန်တီးပေးလိုသည့် စေတနာကို ကောင်းစွာ နားလည်
သဘောပေါက်ပါသည်။

သို့သော်လည်း NYDC ကုမ္ပဏီနှင့် ရန်ကုန်မြို့သစ် စီမံကိန်း
အောင်မြင်ရန် အတွက် အများပြည်သူ စိုးရိမ်ပူပန်မှုများ လျှော့နည်း
သွားရန် အထက်ပါ ဆွေးနွေးတင်ပြ ထားသည့် အချက် ၄ ချက်ကို
ပြန်လည် ဖြေရှင်းသင့်သည် ဟု တင်ပြလိုပါသည်။ ။

(ခိုင်ဝင်း)

(ခိုင်ဝင်းသည် ရန်ကုန်အခြေစိုက်
Sandhi Governance Institute ၏ ဒါရိုက်တာဖြစ်သည်။)

credit - Irrawaddy Publishing Group

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

"ဧရာဝတီဘဏ်မှ မိတ်ဆက်လာသော အိမ်ရာချေးငွေ"

"ဧရာဝတီဘဏ်မှ မိတ်ဆက်လာသော အိမ်ရာချေးငွေ"

၁။ "အိမ်ဝယ်နိုင်ရေး ဧရာဝတီဘဏ်က အိမ်ရာချေးငွေ
ထုတ်ပေးတော့မည်"

တလ၀င်ငွေ နှစ်သိန်း ဝန်းကျင်ရှိရုံနဲ့ အိမ်တန်ဖိုးရဲ့
၃၀ ရာခိုင်နှုန်းပေးသွင်းပြီး အိမ်ဝယ်နိုင်ဖို့အတွက် ဧရာဝတီ
ဘဏ်က အိမ်ရာချေးငွေ စတင် ထုတ်ပေးတော့မယ်လို့ 
ဆိုပါတယ်။

ဧရာဝတီဘဏ်ရဲ့ အိမ်ယာချေးငွေချထားပေးမယ့် အစီအစဉ်
ကို မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ
စတင် မိတ်ဆက်လိုက်တာပါ။

ဒါဟာ အိမ်ပိုင်ဆိုင်ဖို့ ခက်ခဲနေတဲ့  အခြေခံလူတန်းစား
ဝန်ထမ်းတွေ အတွက် ရည်ရွယ်ပြီး အိမ်ခြံမြေဈေးကွက်
ပြန်လည်ဦးမော့လာနိုင်ဖို့ကိုလည်း အထောက်အကူပြုတယ်
လို့ ဆိုပါတယ်။

ဘဏ်ရဲ့ လက်ထောက်ဥက္ကဋ္ဌ ဦးဇာနည်လင်းက
“ကျနော်တို့က အနည်းဆုံး သိန်း ၂၀၀ တန် အိမ်ခန်းအတွက်
စပြီးချေးငွေ ချထားပေးမှာဆိုတော့ အဲဒီအိမ်အတွက်
၃၀ ရာခိုင်နှုန်းဖြစ်တဲ့ သိန်းခြောက်ဆယ်ကို ကနဦး ပေးသွင်း
ရပါမယ်။ ပြီးရင် ဝင်ငွေပေါ်မူတည်ပြီး ဆပ်ရမှာ ဆိုတော့
လူတယောက်အနေနဲ့ အနည်းဆုံး နှစ်သိန်းခွဲ ဒါမှမဟုတ်
မိသားစုဝင်ထဲက ဝန်ထမ်း ၂ ယောက်ရဲ့ ဝင်ငွေပေါင်း
နှစ်သိန်းခွဲရှိဖို့ လိုပါတယ်။ ဒါက ဝယ်ယူလိုတဲ့ အိမ်ပေါ်
မူတည်ပြီး ဆပ်သွားရမှာပါ” လို့ ပြောပါတယ်။

ဒီအိမ်ရာချေးငွေအတွက် အနည်းဆုံး ငွေကျပ် သိန်းနှစ်ရာ
တန်ဖိုးရှိတဲ့ အိမ်ကနေ သိန်းသောင်းချီတဲ့ အိမ်ယာတွေ
အတွက်ပါ  ချေးငွေ ချထားပေးမှာဖြစ်ပြီး ပြန်ဆပ်ကာလ
အနည်းဆုံး ၈ နှစ်ကနေ ၁၅ နှစ် အထိ ဆပ်နိုင်မှာ
ဖြစ်ပါတယ်။

“အတိုး ၁၃ ရာခိုင်နှုန်းဆိုတာ အရပ်ထဲမှာပြောသလို
၁၃ ကျပ်တိုး မဟုတ်ပါဘူး။ လစဉ်ပေးရမယ့်ငွေက တသိန်း
ဆိုပါစို့။ အဲဒီ တသိန်းက အရင်းက ရှစ်သောင်းဆို အတိုး
က နစ်သောင်းပါတယ်။ အဲဒီတော့ အရင်းက တဖြေးဖြေး
လျော့သွားမှာဆိုတော့ အတိုးက နည်းနည်းသွားမှာ။
တနှစ်လုံးကို အတိုးတွက်မယ်ဆိုရင် ၇ ရာခိုင်နှုန်းပါ။
တနှစ်ကို ၇ ကျပ်တိုးဆိုတာ မြန်မာနိုင်ငံအတွက် တော်တော်
အဆင်ပြေတဲ့နှုန်းထားပါ” လို့ ဦးဇာနည်လင်းက
ဆက်ပြောပါတယ်။

အိမ်ရာချေးငွေလျှောက်ထားဖို့အတွက် အိမ်ထောင်စုစာရင်း၊
ရပ်ကွက်ထောက်ခံချက်၊ လစာဝင်ငွေ ထောက်ခံချက်နဲ့ အတူ
မိမိဝယ်ယူလိုတဲ့ အိမ်အတွက် ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်
ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အခုပြုလုပ်တဲ့ အိမ်ရာချေးငွေပြပွဲမှာလည်း ဆောက်လုပ်ရေး
လုပ်ငန်းပေါင်း ၅၀ နဲ့ တိုက်ခန်း ၂၀၀၀ ကျော် ပါဝင်
ပြသနေပါတယ်။

(အိမမမွန်)

*****

၂။ "အိမ်ဝယ်ဖို့ ငွေချေးပေးတဲ့စနစ် စတင်လိုက်တဲ့
ဧရာဘဏ်"

ဧရာဝတီဘဏ်က အသက် ၂ဝ နှင့်အထက် ပုံမှန်ဝင်ငွေ
ရှိသော မြန်မာနိုင်ငံသား မည်သူမဆို အိမ်ဝယ်ရန် ချေးငွေ
ယူနိုင်သောအစီအစဉ်ကို မကြာသေးမီက စတင်
မိတ်ဆက်ခဲ့သည်။

ယင်းအစီအစဉ်ဖြင့် အိမ်ရာ အရစ်ကျဝယ်ယူရာတွင် ကနဦး
အိမ်တန်ဖိုး၏ ငွေ  ၃ဝ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး
ကျန်ငွေအတွက် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းရှိမည်ဖြစ်သည်။
ငွေကို အကြာဆုံး ၁၅ နှစ်အထိ အရစ်ကျပေးချေနိုင်သည်။

ထိုအိမ်ဝယ်ရန် ချေးငွေ အစီအစဉ် အသေးစိတ်ကို
ဧရာဝတီဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်ဇော်ကို
မြန်မာတိုင်း(မ်)က မေးမြန်းထားပါတယ်။

- အိမ်ချေးငွေစနစ်ရဲ့ ပိုက်ဆံချေးတဲ့ ပုံစံကို ရှင်းပြပေးပါ။

အိမ်ချေးငွေစနစ် စလုပ်တဲ့အခါမှာ အိမ်ငှားတဲ့ဟာလေး
လုပ်ရအောင်။ ဘယ်သူ့ကို ငှားမလဲ။ ကျွန်တော်တို့ရယ်၊
ကျွန်တော်တို့ လူငယ်တွေရယ်၊ ဥက္ကဠ (ဦးဇော်ဇော်) ရယ်
ဆွေးနွေးဖြစ်ကြတဲ့အခါမှာ တန်ဖိုးသင့်တဲ့ ဟာကို
စဉ်းစားတယ်။

တန်ဖိုးသင့်တယ်ဆိုတာ ဘာကိုပြောတာလဲ။
ဘယ်အချိန်မှာ တန်ဖိုးသင့်တာလဲ။ ပိုက်ဆံချေးတဲ့ စနစ်လေး
ကို ပြောချင်တယ်။

သာမန်အားဖြင့် Cash Down ချရတာရှိတယ်။
ဥပမာ သိန်း ၃ဝဝ တန် တိုက်ခန်းတစ်ခုကို ၃ဝ ရာခိုင်နှုန်း
ဆိုရင် သိန်း ၁ဝဝ ပေးရတာပေါ့။
သိန်း ၂ဝဝ  ကျန်တယ်။ မူလကတော့ သိန်း ၂ဝဝ ကို
ငါးနှစ်လောက်ပဲရှိတယ်။ လ ၆ဝ ဖြစ်သွားမှာပေါ့။ အတိုးနဲ့
သူတို့ရဲ့ရတဲ့ဝင်ငွေနဲ့ဆိုရင် လောက်ပါ့မလား တွေးတာပေါ့။
၁၅ နှစ်ပေးနိုင်ရင် သူ ဘယ်လောက်ပေးရမလဲ စဉ်းစားတဲ့
အခါမှာ အကယ်လို့ သိန်း ၃ဝဝ တန်ကို ရှိစုမဲ့စု ထုခွဲပြီးတော့
ပေးထားတယ်။ ကျန်တဲ့ ၂ဝဝ ကို ၁၅ နှစ် ပေးရမယ်ဆိုရင်
ဝန်ထုပ်ဝန်ပိုး မရှိတော့ဘူး။

- ဧရာဝတီဘဏ်နှင့် ဘဏ်က မိတ်ဖက်လုပ်ထားတဲ့ အိမ်ခန်း
အရေအတွက် ဘယ်လောက်ရှိပါလဲ။

သိန်း ၂ဝဝ ကစတာ သိန်း ၁,ဝဝဝ အတွင်းကို တိုက်ခန်းပေါင်း
၁,၄၁၅ ခန်းလောက် ရှိမယ်။ သိန်း ၁,၂ဝဝ ကနေ သိန်း
၂,ဝဝဝ လောက် တိုက်ခန်းပေါင်း ၉၅ဝ လောက်ရှိပါတယ်။
ကျန်တဲ့ဟာကတော့ ကွန်ဒိုတွေပေါ့။
ဝယ်တဲ့သူလည်း ဝယ်ပေါ့။

- ဒီလိုငွေချေးတာနဲ့ပတ်သက်ပြီး ဆုံးရှုံးနိုင်ခြေ ဘယ်လောက်
လောက် ရှိပါလဲ။

ကျွန်တော်တို့ လုပ်ငန်းတွေက risk (ဆုံးရှုံးနိုင်ခြေ)ရှိတဲ့
လုပ်ငန်းတွေပါ။ ဒါပေမဲ့အိမ်တစ်အိမ် ပိုင်ဆိုင်ချင်တဲ့လူအတွက်
ကတော့ ကျွန်တော်တို့အနေနဲ့ လိုချင်လိမ့်မယ် လို့တော့
ယူဆပါတယ်။ ထိုက်သင့်တဲ့ risk ကတော့ ရှိပြီးသားပါ။
ထိုက်သင့်တဲ့ စိန်ခေါ်မှုလည်း ရှိပြီးသားဖြစ်ပါတယ်။

- ဒီချေးငွေစနစ်နဲ့ပတ်သက်ပြီး ကုမ္ပဏီတွေနဲ့ ညှိုနှိုင်းခဲ့တာ
ရှိတယ်လို့ သိရပါတယ်။ အဲဒီအကြောင်း ရှင်းပြပေးပါ။

ကုမ္ပဏီတွေကို သွားတဲ့အခါမှာ ကျွန်တော်တို့ပစ္စည်းရောင်း
တာထက်စာရင် ခင်ဗျားဒုက္ခလေးကို ရှင်းပေးချင်တယ်။
ဘာလဲဆိုတော့ ခင်ဗျားတို့မှာ အင်မတန်တော်တဲ့ ဝန်ထမ်း
၁ဝဝ မှာ ဒီ ၁ဝ ယောက်ကတော့ ငါရဲ့ကုမ္ပဏီကို၊
လုပ်ငန်းကို ဆက်ပြီးတော့ တာဝန်ယူတဲ့ လူတွေဆိုရင်
သူတို့ကို ဘာတစ်ခု လုပ်ပေးနိုင်မလဲ။

ခုနက ကျွန်တော်ပြောခဲ့တဲ့အတိုင်း ကနဦးပေးသွင်းငွေ
Down Payment က ၃ဝ ရာခိုင်နှုန်းရှိတာကို။
အဲဒီထဲက ၁ဝ ရာခိုင်နှုန်းလောက်ဖြစ်ဖြစ် ကနဦးကျခံပေး
လိုက်တယ်ဆိုရင် ရေရှည်လုပ်ဖို့အတွက် တစ်ခုလုပ်ပါဆိုရင်
ဝန်ထမ်းအတွက်လည်း ငွေရေးကြေးရေးဝန်ထုပ်ဝန်ပိုးကြီး
မရှိတော့တဲ့အပြင် ကုမ္ပဏီအတွက်ကလည်း ဝန်ထမ်း
အရွှေ့အပြောင်း အလားအလာ မရှိနိုင်တော့တဲ့အတွက်
ကြောင့် ကုမ္ပဏီ ၁၂ ခုလောက်အထိ သွားပြောတယ်။
သုံးခုလောက်က စိတ်ဝင်စားဟန်ပြတယ်။
ဒါကို ကျွန်တော်တို့က ဆက်လုပ်နေမှာပါ။

- ဒီချေးငွေစနစ် မတိုင်ခင်က ဘယ်လိုစနစ်တွေလုပ်ဆောင်
ခဲ့တာ ရှိသလဲ။

ဒီလိုဟာမျိုးမတိုင်ခင်က Auto Loan ဆိုပြီး ကားရောင်းတာ
လုပ်ခဲ့ပါတယ်။ တော်တော်လည်း အောင်မြင်ခဲ့ပါတယ်။

နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ လူလတ်တန်းစားကို ခွဲခြားမှု
က တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒေါ်လာ ၁၅ဝ ကနေ ၁,ဝဝဝ အထိ ခွဲလိုက်မယ်ဆိုရင်
ဒီဈေးကွက်ကြီးက အကြီးကြီးပဲ။ တစ်ခါတလေကျရင် အဲဒီလိုမျိုး
လူလတ်တန်းစားလို့ ခေါ်မခေါ်ကို နည်းနည်းစဉ်းစားရတယ်။
မည်သို့ပင်ဖြစ်စေ ဒီဟာ အောင်မြင်သွားပြီဆိုရင် ဒီထက်
ကျွန်တော်တို့ ဆက်သွားလို့ ရတယ်။

- ဒီစနစ်ကြောင့် ဘယ်လိုအကျိုးရှိနိုင်မလဲ။

ကျွန်တော်တို့ ဧရာဝတီဘဏ်အနေနဲ့  Risk  ရှိပေမဲ့လည်း
ဒီဟာကို လုပ်ခဲ့တယ်။

လုပ်ခဲ့တဲ့အတွက် ဒါကြီးက အလေ့အထတစ်ခုအနေနဲ့
ဖြစ်သွားပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံသားတိုင်းအတွက်
ကို သတ်မှတ်တဲ့ ဝင်ငွေလေးရှိပြီး လုံလောက်တဲ့
ပိုင်ဆိုင်မှုလေး၊ ငွေကြေးလေး ရှိတယ်ဆိုရင် အိမ်ပိုင်နိုင်တယ်။

၁၅ နှစ်တန်သည် နောင်နှစ် ၂ဝ၊ ၂၅ နှစ်တန်သည် ဘယ်သူ
ပြောနိုင်မလဲ။ ဒီစနစ်လေး တစ်ခုတည်ဆောက်နိုင်မယ် ဆိုရင်
ကျွန်တော်တို့ လူတွေအတွက် ကောင်းလာမယ်။ အိမ်ရာ
ဆောက်တဲ့သူတွေအတွက် အများကြီး အလားအလာ
ရှိသွားလိမ့်မယ်။

- အတိုးနှုန်းကို ဘယ်လိုသတ်မှတ်ခဲ့လဲ။

အတိုးနှုန်းကျတော့ ကျွန်တော်တို့သတ်မှတ်လို့မရဘူး။
နိုင်ငံတော်က သတ်မှတ်တဲ့ အတိုးနှုန်းကိုပဲ လိုက်ရတာပေါ့။
Flexible နည်းနည်း ရှိကောင်းရှိမယ်။ ဒါပဲ သတ်မှတ်လို့
ရမယ်။

- ရန်ကုန်မြို့ကို ဘာကြောင့်ရွေးချယ်တာပါလဲ။

ကျွန်တော် ရန်ကုန်မှာ အားဖြစ်ရင် မန္တလေး သွားမယ်။
မန္တလေးမှာ အားဖြစ်ရင် မော်လမြိုင် သွားရင် သွားမယ်။
ကျွန်တော်မြို့ကြီးတွေ သွားခြင်အားဖြင့် စားဝတ်နေရေး
ပြေလည် လာရင် တခြားဘာလုပ်ပေးလို့ရမလဲ စဉ်းစားလို့
ရတယ်။ ဘာလို့ ရန်ကုန်မှာစလဲဆိုတော့ ရန်ကုန်မှာ
အားစယူချင်လို့ပါ။

- ရှေ့ဆက် ဘာတွေလုပ်ဆောင်သွားမှာ ပါလဲ။

အလုပ်လုပ်တဲ့အခါကျတော့ ကျွန်တော်တို့က အားလိုတယ်။
ကျွန်တော်တို့ဆီကိုလာ တယ်။ လုပ်ငန်းဖြစ်တယ်။
လုပ်ငန်းဖြစ်တဲ့အခါမှာက သူတို့အတွက်က ဘဝတည်
ဆောက်ရေး ရသွားမယ်။

ဒီအားက အခုက အရင်ဆုံးအနေနဲ့ (ငွေချေးကာလ) ၁ဝ နှစ်
လုပ်တယ်။ အခု ၁၅ နှစ်လုပ်တယ်။ ကျွန်တော်တို့ ဘဏ်
အနေနဲ့ Risk  ရှိပါတယ်။ နိုင်ငံတကာမှာ ချေးနေတာက
နှစ် ၂ဝ တို့၊ ၂၅ တို့ ချေးနေတာပါ။ ကျွန်တော်တို့အနေနဲ့
၁၅ နှစ်၊ ၁ဝ နှစ် မယုံကြည်ဘူးဆိုရင် ကျွန်တော်တို့က
ဘာအားလိုလဲဆိုတော့ တကယ်လိုအပ်လို့ လုပ်တဲ့သူတွေ
ဒီအားလေးက နောက်လူတွေအတွက် အားဖြစ်ပါတယ်။

အရင့်အရင်တုန်းက ကျွန်တော်တို့ ဘာလို့ နှောင့်နှေး
ကြန့်ကြာလဲ ဆိုတော့ မပေးရင် ဘာလုပ်မလဲ။ မဖြစ်ရင်
ဘာလုပ်မလဲဆိုတော့ ဒါလေးကို ဖြတ်ကျော်ကြည့်တာပါ။
တကယ်လုပ်တဲ့သူအားနဲ့ စနစ်တကျ ဖြစ်လာပြီဆိုတဲ့အခါ
ကျမှ ကားလုပ်တာ ရှိတယ်။ အိမ်မှာ တီဗီဝယ်မယ်။
ဘာဝယ်မယ်တို့ ၊ ဆင့်ကဲဆင့်ကဲ လုပ်သွားဖို့ ရှိပါတယ်။

(ထက်ရှိုင်း)

credit - DVB & The Myanmar Times

***********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

"ဘဏ်ချေးငွေနဲ့ ဝေးနေရသူများ"

"ဘဏ်ချေးငွေနဲ့ ဝေးနေရသူများ"

မဝတ်မှုန်(အမည်လွှဲ) က  ဆေးကုမဏီတစ်ခုက အရောင်း
တာဝန်ခံတစ်ဦးပါ။အသက်က ၂၇နှစ်ဝန်းကျင် ဖြစ်ပါတယ်။    
အရောင်းတာဝန်ခံဆိုတော့ လက်အောက်က ဝန်ထမ်းတွေရဲ့ 
အရောင်းစာရင်းတွေ ကိုင်ရပါတယ်။ဘယ်ဆိုင်မှာ ပစ္စည်းတွေ  
ဘယ်လောက်ပို့ထားတယ်။ ငွေကောက်ဖို့ ဘယ်လောက်
ကျန်လဲ ဆိုတာကအစ သူသိထားရတာပါ။

ခင်မင်မှုသဘောအရ ငွေကြေး အဆင်မပြေတဲ့ အချို့ဆိုင်တွေ
ကို အခြားနာမည်တစ်ခုနဲ့  ဘောက်ချာ ဖွင့်ပြီး ပစ္စည်းထုတ်ပေး
တဲ့အလုပ်ကို  သူလုပ်ခဲ့မိလိုက်တယ်။သည်လို ပုံစံမျိုးနဲ့   
သူလှည့်ပေးတဲ့ဆိုင်ပေါင်း ရှစ်ဆိုင်နီးပါး ရှိခဲ့တယ်။

ကုမဏီတစ်ခုက ဆိုင်တစ်ဆိုင်ကို ပစ္စည်းချပေးမယ်ဆိုရင်   
သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်းပဲ ပေးရတယ်။ 
သတ်မှတ်ထားတဲ့ ငွေကြေးမပေးနိုင်ရင်ပစ္စည်းထပ်မထုတ်
ပေးပါဘူး။

ကုမဏီက အထက်အရာရှိက စာရင်းစစ်တဲ့အချိန်မှာ    
နာမည်လွှဲနဲ့ ရောင်းထားတဲ့ဆိုင်အတွက် ငွေကြေးကို  
တောင်းပေမဲ့    မပေးနိုင်တာကြောင့်   သူ့ကိုယ်ပိုင်ငွေနဲ့     
စိုက်သွင်းရမယ့် အခြေအနေဖြစ်လာတယ်။ မပေးနိုင်ရင်  
အလွဲသုံးစားမှုနဲ့နာမည်ပျက် ရမယ်။ မဝတ်မှုန် အရေးပေါ်
ငွေကြေးလိုအပ်လာတယ်။

သုံးရက်အတွင်း  စိုက်သွင်းရမှာကြောင့် ငွေကျပ် သိန်း ၃၀  
ကို မိတ် ဆွေစ်ဦးဆီက အရေးပေါ် ချေးရ ပါတယ်။   
အပေါင်ပစ္စည်းပေးဖို့ အဆင်မပြေတာကြောင့် အလွတ်သဘော  
၁၀ တိုးနဲ့ချေးလိုက်ရတယ်။   သိန်း ၃၀ အတွက် အတိုးက  
တစ်လကို ကျပ် သုံးသိန်းပါ။

မဝတ်မှုန်လိုပဲ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ လူအတော်များများ
ဟာ အတိုးနှုန်းသက်သာတဲ့ ဘဏ်ချေးငွေနဲ့ အလှမ်းကွာနေတာ
ကြောင့် အတိုးနွံနစ်နေကြပါတယ်။

မဝတ်မှုန်က သူရတဲ့လစာထက်များတဲ့အတိုးငွေကို ဆပ်ရင်းနဲ့  
အတိုးပေါ်အတိုးဆင့်နဲ့ လုံးချာလည်ပြီး လွန်ခဲ့တဲ့ သုံးနှစ်က   
တင်ခဲ့တဲ့ အကြွေးဟာ   အခုဆို သိန်း  ၇၀ ဖြစ်သွားပါတယ်။   
သည်ငွေကို အခြားသူတစ်ယောက်ဆီက ထပ်ဆင့်ချေးပြီး     
ပြန် ဆပ်ရတဲ့အချိန်မှာ စာချုပ်စာတမ်းနဲ့ ချေးခဲ့ရပါတယ်။

မိခင်ဖြစ်သူက မဝတ်မှုန် တင်နေတဲ့အကြွေးကိုဆပ်ဖို့ နည်းလမ်း
ရှာပါတယ်။ သူ့အမေနဲ့သူ့အဒေါ် နှစ်ဦး ပိုင်ဆိုင်တဲ့အိမ်ကို
အတိုးသက်သာစွာနဲ့ ဘဏ်မှာ ပေါင်နှံဖို့ပါ။

မလွယ်ပါလား
။။။။။။။။။။။။။။။။။

ဘဏ်မှာ ငွေချေးဖို့ဆိုတာကလည်း အဆင့်ဆင့် ဆောင်ရွက်ရတော့
ထင်သလောက် မလွယ်ပါဘူး။  အိမ်ပေါင်မယ်ဆိုရင် အမည်ပေါက်
သူ ကိုယ်တိုင်ချေးငွေလျှောက်ရမှာ၊ မဝတ်မှုန် နာမည်နဲ့ပြောင်းရင်    
သိန်း ၃၀ နီးပါး ကုန်ကျမယ့်အရေးကြောင့် နီးစပ်ရာ ပြင်ပကပဲ  
အတိုး အများအပြားပေးပြီး ချေးငှားလိုက် ရပါတယ်။

မဝတ်မှုန်က  
“တစ်လကို နှစ် ကျပ်အောက်ရတဲ့ချေးငွေရဖို့ဆိုရင် အချိန်က
သုံးလလောက်ကြာ တယ်၊
အိမ်ကိုလာကြည့်ပြီး ဈေးဖြတ်ရတဲ့သူကို ပေးရ၊  
ရုံး  အဆင့်ဆင့်က ထောက်ခံချက်ယူရတဲ့အချိန် တအားကြာတော့   
ဒီလိုပဲ အပြင်က မတန်တဲ့နှုန်းတွေနဲ့ချေးနေရတာ ပါပဲ˘လို့   
သူ့အဖြစ်ကို ပြောပါတယ်။

ဘဏ်မှာ အိမ်ဂရန်အပေါင်ထားမယ်ဆိုရင် သတ်မှတ်ထားတဲ့   
စည်းကမ်းချက်နဲ့ညီရင်  ချေးလို့ရနိုင် ပါတယ်။   
တစ်လမှာ ကျပ်   ၁ဝဝ ကို  အတိုးနှုန်း တစ်ကျပ်ကျော်ပဲ ကျသင့်
တာကြောင့် သက်သာပေမဲ့ စည်းကမ်းချက်များတဲ့အတွက် 
သိပ် မလုပ်ကြဘူးလို့ ဆိုပါတယ်။

ဘဏ်မှာ အိမ်အပေါင်ထားရင် လက်ရှိပေါက်ဈေးထက်နှိမ်ပြီး
ဖြတ်တာ၊ ပေါက်ဈေးနဲ့တန်တဲ့ချေးငွေရဖို့ အဆင့်ဆင့် ငွေကြေး
ပေးကမ်းရတာတွေ ရှိနေတာဟာ ပေါင်နှံသူတွေ အတွက်   
စိတ်ပျက်စေတယ်လို့  ပေါင် နှံဖို့ကြိုးစားခဲ့ဖူးသူအချို့က       
ဆိုပါ တယ်။

ဘဏ်မှာ အတိုးနှုန်းသက်သာတဲ့ ချေးငွေရရှိဖို့ အဆင့်ဆင့်  
ဆောင်ရွက်ရတာကြောင့် အထောက်အ ထား ပြည့်စုံနေသူ
တွေပင်  လျှောက်ဖို့ရာ စိတ်ပျက်သွားကြတာတွေရှိနေတယ်လို့
မိတ္ထီလာစီးပွားရေးတက္ကသိုလ်ပါမောက္ခ   ဒေါက်တာ တင်ဝင်း
က ဆိုပါတယ်။

သူက  
“သူတို့အပေါင်ခံပစ္စည်းနဲ့ ထိုက်တန်တဲ့ချေးငွေကို ကုန်ကျစရိတ်
နည်းနည်းနဲ့ ရတာဆို တော် သေးတယ်၊  
ဒီလိုအဆင့်ရောက်ဖို့   အရင် လိုသေးတယ်၊  
တချို့ အက်စ် အမ်အီးတွေဆို မြေလဲပိုင်တယ်၊  
ဒီလိုလူတွေကို  ချေးငွေလျင်လျင်မြန် မြန်လုပ်ပေးဖို့ ဖြေလျှော့ပေးဖို့   
လိုတာလေ” လို့  ပြောပါတယ်။

အလှမ်းကွာ
။။။။။။။။။။။။။

မြန်မာနိုင်ငံရဲ့လူဦးရေ ၁၆ သန်း ကျော်ဟာ ဘဏ်လုပ်ငန်းတွေနဲ့
လက်လှမ်းမမီတာကြောင့် အတိုး နှုန်းအများအပြားပေးပြီး   
ပြင်ပမှာ ချေးယူနေရတယ်လို့  မတ်လ   အတွင်းထုတ်ပြန်တဲ့
ငွေရေးကြေးရေး လက်လှမ်းမီရေးဆောင်ရွက်ရေး စီမံကိန်း    
(JICA)မှာ ဖော်ပြထားပါ တယ်။

သည်စီမံကိန်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊  
ကုလသမဂ္ဂငွေကြေးနဲ့ ရင်းနှီးဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့၊ 
နဲ့ ဗြိတိန်တို့က ပူးပေါင်းဆောင်ရွက်ပါတယ်။   

မြန်မာနိုင်ငံဘဏ်လုပ်ငန်းတွေကို ပြည်သူတွေ လက်လှမ်းမီစေဖို့   
ဆောင်ရွက် တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ စီမံ ကိန်းကို ၂၀၁၅ ခုနှစ်
ကနေ ၂၀၂၀ ပြည့်နှစ်အထိ ရေးဆွဲထားတာ ဖြစ်ပါတယ်။

သည်အဖွဲ့ကောက်ယူထားတဲ့ သူတွေထဲမှာ      
- ကိုယ်တိုင်စိုက်ပျိုးတဲ့  လယ်သမားအုပ်စု၊  
- တရားဝင်ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ အုပ်စု၊  
- မှတ်ပုံမတင်ထားတဲ့   ကိုယ်ပိုင်လုပ်ငန်း အုပ်စု၊   
- ပုံမှန်ဝင်ငွေရှိတဲ့ ဝန်ထမ်းအုပ်စု၊
- ပုံမှန်ဝင်ငွေမရှိတဲ့လယ်လုပ်သားနဲ့ ပျံကျအုပ်စုတွေ ဖြစ်ပါတယ်။

အများအားဖြင့် ပြင်ပမှာ ငွေ ချေးရင် အပေါင်ပစ္စည်းမပါရင်  
အနည်းဆုံး  ၁၀  တိုးကနေ  ၃၀  တိုးအထိ ပေးရပါတယ်။   
ဒါတောင် နေ့ပြန်တိုး၊တစ်ပတ်တိုးနဲ့ ကာလအနည်းငယ်ချေးပြီး  
အတိုးငွေ အများအပြား ပေးရင်း ရပ်တည်နေရတဲ့သူတွေ   
အ များအပြားရှိနေတာပါ။

အိမ်ပိုင်ဆိုင်မှု စာချုပ်စာတမ်းနဲ့ မြေပိုင်ဆိုင်တဲ့စာချုပ်ရှိသူတွေ
တောင် အတိုးနှုန်း ခုနစ်ကျပ် အထိ ပေးပြီး ချေးယူနေရတယ်လို့    
မေး မြန်းမှုတွေအရ သိရပါတယ်။

ရွှေရှိရင် ပြင်ပမှာ သုံးကျပ်တိုး ကနေ ငါးကျပ်တိုးအထိ အပေါင်
ထားပြီး ချေးယူရတယ်လို့ ဆိုပါ တယ်။    
အခြားပစ္စည်းတွေ ပေါင်မယ်ဆိုရင် ပေါက်ဈေးတန်ဖိုးထက်    
ဈေးနှိမ် ဖြတ်ပါတယ်။

အစိုးရရုံးတစ်ရုံးမှာ အကြီးတန်း စာရေးမတစ်ဦးဖြစ်တဲ့    
အသက် ၄၅ နှစ်အရွယ် ဒေါ်မြမြဆိုရင် အိမ်မြေပိုင်ဆိုင်မှုပုံစံ    
၁၀၅ ရှိတယ်။ဂရန်မရှိတာကြောင့် ဘဏ်မှာ အတိုးသက်သာစွာ  
ချေးနေတဲ့ ချေးငွေ ချေးလို့ မရပါဘူး။

ဒေါ်မြမြရဲ့သားဖြစ်သူ မောင်းနှင်လာတဲ့ဆိုင်ကယ်က
လမ်း လျှောက်လာသူကို တိုက်မိတာကြောင့် ငွေကြေးလျော်ရတဲ့
အချိန်မှာ  လက်ထဲမရှိလို့  အိမ်ပုံစံ ၁၀၅  စာ ချုပ်ပေးပြီး 
ကျပ်၁ဝသိန်းကို တစ်လ အတိုး ရှစ်ကျပ်ပေးပြီး ချေးထားရတာပါ။     
အတိုးပေါ်အတိုးဆင့်ယူထားရတဲ့  ငွေအပြင် လက်ရှိအချိန်  သူ့မှာ 
အကြွေးဆပ်စရာ သိန်း၂ဝ အထိတင်နေပြီး ဆပ်ဖို့နည်းလမ်းရှာ
မရသေးဘူးလို့ ရင်ဖွင့်ပါတယ်။

ခက်ခဲတယ်
။။။။။။။။။။။။။

ဒေါ်မြမြဟာ မုဆိုးမပါ။ သားနှစ်ဦးနဲ့ သမီးတစ်ယောက်ရှိပါတယ်။ 
သမီးဖြစ်သူက စူပါမားကက်တစ်ခုမှာ အရောင်းစာရေးမပါ။ 
ကျောင်းတက်နေတဲ့အရွယ် နှစ်ဦးရှိတယ်။  သားအမိနှစ်ယောက်
ရှာဖွေရတဲ့ ငွေဟာ စားစရိတ်တောင်  မလောက်ငလို့ ငွေကြေး
လိုအပ်တိုင်း ပြင်ပမှာ အတိုးနဲ့  ချေးရင်းက သုံးနှစ်အတွင်း  
သိန်း ၂ဝအထိ အကြွေးတင်သွားရတာပါ။

ဒေါ်မြမြက 
“ရုံးမှာစုတဲ့  ငွေစုငွေချေးကလဲ ရှိတဲ့အကြွေးဆပ်ဖို့
နေနေသာသာ လိုတာဝယ်တာတောင် မလောက်ဘူး၊ 
အိမ်ဂရန်လေးလုပ်ပြီး  ဘဏ်မှာပေါင်မယ်ဆိုတော့လဲ 
အိမ်နာမည်က ကျွန်မအမေနာမည်၊  အမေ့နာမည် ကနေ      
ပြောင်းမယ်ဆိုတော့လဲ ငွေက သိန်း၂ဝနီးပါး  ကုန်မယ်
ဆိုတော့ ရင်ပူနေတာ၊ သက်သာတဲ့အတိုးနှုန်းလေးနဲ့ချေးခွင့်ရဖို့ 
မျှော်လင့်နေရတယ်၊ အခုတော့  ကြွေးတွေသာ  ထပ်တင်
သွားတယ်၊  နည်းလမ်းကရှာမရသေးဘူး”လို့  ပြောပါတယ်။

လက်ရှိအချိန်မှာ အသေးစား၊ အလတ်စားလုပ်ငန်းလုပ်ကိုင်
နေသူ အများစုလည်း လုပ်ငန်းအတွက် အတိုးနှုန်းသက်သာတဲ့ 
ချေးငွေရဖို့  အ ခက်အခဲရှိနေသေးတယ်လို့ လုပ်ငန်း ရှင်အချို့
က ပြောပြပါတယ်။

မြန်မာနိုင်ငံကို JICA  အပါအဝင်  ဥရောပနိုင်ငံတွေက အတိုးနှုန်း 
သက်သာတဲ့  ချေးငွေကို ချေးပေးနေတာ၊  ချေးဖို့  ကမ်းလှမ်း
နေတာတွေ ရှိပေမဲ့  တကယ်လိုအပ်နေသူတွေ  လက်ထဲကို 
မရောက်ကြဘူးလို့ လှိုင်သာယာရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ    
ဦးအေးသောင်းက ဆိုပါတယ်။

သူက 
'မြန်မာပြည်ရဲ့ ဘဏ်ဥပဒေတွေက  ဒီစာရွက်ရှိမှ ဟိုစာရွက်ရှိမှ၊ 
ထောက်ခံစာရှိမှ ဟိုလိုင်စင်ရှိမှ ဒီလိုင်စင်ရှိမှဆိုတော့ 
သတ်မှတ်ချက်တွေ  အရမ်းများနေတယ်၊  တကယ်ရသင့်သူတွေ 
လက်ထဲ ရောက်မလာဘူး၊ ကြိုးနီစနစ်တွေများနေသေးတယ်”
လို့ သူ့အမြင် ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ  
တွံတေးမြို့နယ် မဲဆန္ဒနယ်  အမှတ်(၂) က
လွှတ် တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက  
“ရပ်ကွက်၊ကျေးရွာများအတွင်း  နေ့သွင်း၊လသွင်း၊အပတ်စဉ်သွင်း
စနစ်ဖြင့် ပြုလုပ်နေသော ငွေချးအဖွဲ့အ စည်းများဟာ     
တရားဝင်လိုင်စင်ခွင့် ပြုမိန့်များဖြင့် ပြုလုပ်နေခြင်း  ဟုတ်၊မဟုတ်
နဲ့ ခွင့်ပြုထားသော ငွေချေး လုပ်ငန်းအရေအတွက်နဲ့ ဘယ်လို
စည်းကမ်းများနဲ့အညီပြုလုပ်နေ တယ်ဆိုတာ သိလိုကြောင်း”
မေးမြန်းခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစားငွေရေးကြေးရေး 
လုပ်ငန်းကြီးကြပ်မှု ကော်မတီက  အသေးစားငွေရေးကြေးရေး
လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ခွင့်ပြုထားတဲ့ အဖွဲ့အစည်း  ၈၆ဖွဲ့
ရှိပြီး လုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း  ၈၄ ဖွဲ့ ရှိတယ်
လို့  သိရပါတယ်။

ဝန်ဆောင်မှုများ
။။။။။။။။။။။။။။။။။။

၂၀၁ရခုနှစ်၊ဒီဇင်ဘာလစာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီး
တစ်ခုလုံးမှာ အသင်းသားဦးရေ  စုစုပေါင်း ၁,၁၅၄,၅၂၉ ဦးနဲ့   
ချေးငွေလက်ကျန် စုစုပေါင်း ကျပ်  ၂၁၅ .၄၆၁ ဘီလျံနဲ့ 
အခြေခံလူတန်းစားများရဲ့ ငွေကြေးအရင်းအနှီးလိုအပ်ချက်များကို  
ဝန်ဆောင်မှုပေးနေတယ်လို့  သိရပါတယ်။

အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်နေတဲ့အဖွဲ့အစည်း
တွေဟာ ပြည်ထောင်စုလွှတ် တော်မှာ ပြဋ္ဌာန်းခဲ့တဲ့ အသေးစား
ငွေရေးကြေးရေး လုပ်ငန်းဥပဒေ၊  စည်းမျဉ်းစည်းကမ်းများ၊ 
လုပ်ထုံး လုပ်နည်းများနဲ့အညီ  ပြုလုပ်ဆောင်ရွက်နေသော 
အဖွဲ့အစည်းများ ဖြစ်ပြီး     
စိုက်ပျိုးရေးကဏ္ဍ၊  မွေးမြူ ရေးကဏ္ဍ၊ ထုတ်လုပ်မှုကဏ္ဍ၊ 
ကုန်သွယ်မှုကဏ္ဍနှင့်  ဝန်ဆောင်မှုကဏ္ဍ ဟူ၍  ကဏ္ဍကြီး
ငါးရပ်ပေါ်မှာ အခြေခံပြီး ချေးငွေများထုတ်ချေး ပေးနေကြောင်း  
ရန်ကုန်တိုင်းအစိုးရအဖွဲ့၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး     
ဦးမြင့်သောင်းက ရှင်းပြပါ တယ်။

သူက 
“ချေးငွေများမှာ အခြေခံ လူတန်းစားများရဲ့ ဆင်းရဲမှုလျှော့ချရန်နဲ့ 
လူမှုစီးပွားဘဝမြင့်မားတိုးတက်စေဖို့  ရည်ရွယ်ချက်နဲ့ အပေါင်
ပစ္စည်းရယူခြင်း မရှိဘဲ နေ့စဉ် ဆပ်၊  အပတ်စဉ် ဆပ်၊ 
လစဉ် ဆပ်တို့ နဲ့ လက်ကျန်ငွေအပေါ် အတိုးနှုန်း တစ်လလျှင် 
၂ . ၅ရာခိုင်နှုန်းနဲ့  ချေး နေတာ” လို့  ပြောပါတယ်။

လက်ရှိအချိန်မှာ အသေးစား ၊ အလတ်စား စီးပွားရေးလုပ်ကိုင်နေ
သူကို  အတိုးနှုန်းသက်သက်သာသာနဲ့  ချေးငွေရဖို့   အစိုးရက 
ဦးဆောင်အကောင်အထည်ဖော်နေပေမဲ့  ပြည်သူအများစုအတွက်  
ခက်ခဲနေတဲ့  အနေအထားမှာပဲ  ရှိနေသေးတယ်လို့ ဝေဖန်မှုတွေ
လည်း ရှိနေပါတယ်။

မြန်မာ့စီးပွားရေးဘဏ်က  မြန်မာနိုင်ငံသားများဘဏ်ကိုချေးငွေ
ချပေးကာ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအတွက် 
တစ်နှစ်အတိုးနှုန်း  ၈ . ၅   ရာခိုင်နှုန်းနဲ့  ချေးဖို့  ပြင်ဆင်နေတယ်
လို့  သိရပါတယ်။

ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီနဲ့      
အစိုးရပူးပေါင်းပြီး အသေး စား၊  အလတ်စား  လုပ်ငန်းရှင်တွေကို  
ပြည်တွင်းပုဂ္ဂလိကဘဏ် ခြောက်ခု က တစ်ဆင့် ကျပ် ဘီလျံ ၃၀ 
ထုတ် ချေးပေးဖို့  စီစဉ်နေတယ်လို့ သိရပါတယ်။

လိုပါပြီ
။။။။။။။။

ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ  ဦးအေးသောင်းက 
“ဖြေလျှော့သင့်တာ  ဖြေလျှော့ပေးဖို့  လိုနေတာပါ၊ 
ခု တော့  နီးစပ်ရာတွေပဲ ရသွားနေတယ်၊  မြန်မာပြည်ရဲ့ဘဏ်စနစ်
အားကောင်းဖို့လိုတယ်၊ ပေးချင်နေတဲ့  နိုင်ငံတွေက  ပေးချင်နေတဲ့
အချိန်မှာ ဖြေလျှော့ပေးရင် တကယ်လုပ်နေသူတွေအတွက် 
ရောင်နီလေး တစ်ခု သန်းပြီ ” လို့   ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိနေထိုင်နေသူတွေထဲမှာ နာမည်အမည်
ပေါက်အိမ်ဂရန်ပိုင်ဆိုင်မှုထက် အရောင်းအဝယ်စာချုပ်တွေနဲ့ 
မိဘ က သားသမီးကို လွှဲပြောင်းပေးတဲ့ သက်သေခံစာချုပ်တွေ 
ရှိသူတွေသာ များနေတယ်လို့  သိရပါတယ်။

လက်ရှိပြောင်းလဲလိုက်တဲ့ အခွန်နှုန်းက အိမ်ခြံမြေဝယ်ယူရာမှာ 
ဝင်ငွေမဖော်ပြနိုင်ရင် ဝယ်ယူတဲ့တန်ဖိုးအလိုက်  ၁၅ရာခိုင်နှုန်း
ကနေ ၃၀ ရာခိုင်နှုန်းအထိ  ပေးဆောင်ရမှာ ဖြစ်ပါတယ်။

လက်ရှိအိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ဟာ ငြိမ်သက်နေလို့
အိမ်ပိုင်သူတချို့တောင် စီးပွားရေးအတွက် အိမ်ရောင်းဖို့ထက် 
အတိုးနှုန်းသက်သာတဲ့ ပေါင်နှံဖို့ကိုသာ စဉ်းစားနေကြတယ်လို့   
ဆိုပါတယ်။

ငွေရေးကြေးရေး လက်လှမ်းမီရေး  ဆောင်ရွက်ရေး စီမံကိန်း 
(MAP) မှာ  ဖော်ပြထားတဲ့ အချက်တွေအရ  တရားဝင်
ကိုယ်ပိုင်လုပ်ငန်း  လုပ်နေသူတွေရဲ့ ၇၄ ရာခိုင်နှုန်း ဟာ 
ဘဏ်နဲ့ အသေးစားလုပ်ငန်း တွေကနေ  ချေးငွေ မရဘူးလို့    
ဆိုပါတယ်။

အစိုးရဝန်ထမ်းတွေနဲ့ ကုမဏီ ဝန်ထမ်း ၂၆ ရာခိုင်နှုန်းကတော့   
သူတို့အတွက် ဘဏ်လုပ်ငန်းတွေ အသုံးပြုနိုင်အောင် 
ဆောင်ရွက်ပေးသင့်ကြောင်း ပြောဆိုထားတယ်လို့ 
ဆိုပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ လယ်လုပ်သားတွေနဲ့  ပျံကျလုပ်သား 
၂၇  ရာခိုင်နှုန်းက ပြင်ပမှာ အတိုးကြီးမြင့်စွာ ချေးယူနေရတယ်လို့  
MAP  စီမံကိန်းမှာ ပါရှိပါတယ်။

မဝတ်မှုန်ကတော့ အကြွေးကိစ္စတွေကြောင့် အလုပ်ကနေ      
ထွက်လိုက်ရတယ်။  သူတင်နေတဲ့ အ ကြွေးသိန်း  ရဝ အတွက် 
အတိုးမပေးနိုင်တော့တာကြောင့် လက်ရှိအချိန်မှာ    
တရားရင်ဆိုင်နေရပါတယ်။

ငွေပေးချေးထားသူဘက်က  ကျပ် သိန်း ၂ဝဝ အထိ ရလိုကြောင်း  
တရားမကြောင်းအရ ရင်ဆိုင်ဖြေရှင်းဖို့ တရားရင်ဆိုင်နေရပါပြီ။ 
ရှေ့နေငှားရမ်းငွေဟာ ကျပ်  ၁၀သိန်း ပေးရပြီး သည်အတွက်     
ငွေလည်း နီးစပ်ရာ ဆွေမျိုးတွေဆီက  အတိုးနဲ့ ချေးနေရ
ပါတယ်။

မဝတ်မှုန်က
"ကျွန်မအမေ ကိုယ်တိုင် သူပိုင်တဲ့  အိမ်စာချုပ်ပြပြီး ငွေချေး
တာတောင် အတိုးနှုန်းနည်းနည်းနဲ့ မရခဲ့ဘူး၊  ပိုင်ဆိုင်မှုစာချုပ်နဲ့  
လွယ်လွယ်ကူကူ ချေးလို့ရတဲ့စနစ်သာရှိရင် ဒီလောက်အထိ      
ဒုက္ခရောက်မှာ မဟုတ်ဘူး၊အခုတော့  ကြွေးသံသရာကမရုန်းနိုင်
တဲ့အပြင် တရားပါ ရင်ဆိုင်နေရပြီ”လို့  ပြောပါတယ်။     

(အေးအေးအောင်)

credit - Kumudra

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0