“ပြည့်စုံသည့် စရန်ငွေပေးစာချုပ်ဖြစ်ရန် လိုအပ်သော
အချက်များနှင့် စရန်ငွေနှစ်ဆ ပြဿနာ”
၁။ "သဘောတူစာချုပ်ချုပ်ဆိုခြင်း သို့မဟုတ်
ရောင်းရန်ပဋိညာဉ်"
*ရောင်းရန်ပဋိညာဉ် Contract of Sale ဟူသည်
ရောင်းသူနှင့်ဝယ်သူ ရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍
စည်းကမ်းချက်နှင့်အတူ ပြုလုပ်သည့်သဘောတူညီမှု
ဖြစ်သည်။
* မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ရောင်းရန်
ရောင်းသူနှင့်ဝယ်သူတို့သဘောတူချုပ်ဆိုသည့်
အဆင့်ဖြစ်သည်။
* အရောင်းအ၀ယ် အတည်မဖြစ်သေးမီ
ရောင်းရန်နှင့်ဝယ်ရန် ကတိပြုကြသည့်အဆင့်
ဖြစ်သည်။
* တစ်ဖက်နှင့်တစ်ဖက် ကတိမပျက်ရန် စရန်ငွေ
ပေးချေသည့် အဆင့်ဖြစ်သည်။
အောက်ပါအချက်များကိုပြည့်စုံအောင် ထည့်သွင်းချုပ်ဆို
ကြရမည်ဖြစ်သည်။
- ဘယ်သူတွေချုပ်ဆိုကြတာလဲ။
- ပစ္စည်းကဘာပစ္စည်းလဲ၊ ဘယ်နေရာမှာရှိတာလဲ။
- ရောင်းသူက ပစ္စည်းကိုရောင်းပိုင်ခွင့်ရှိ/မရှိ။
- ပစ္စည်းကိုဘာလုပ်ဖို့ချုပ်ဆိုကြတာလဲ။
- ဒီလိုချုပ်ဆိုရာတွင် ဘယ်သူကဘာတာဝန်ယူမှာလဲ။
- စည်းကမ်းချက်ကောထား/မထား။
- ထားမယ်ဆိုရင်စည်းကမ်းချက်တွေက ဘာတွေလဲ။
- လုပ်ဆောင်ပေးမယ့်အရာတွေရဲ့ အသေးစိတ်
အချက်အလက်တွေကဘာတွေလဲ။
- တန်ဖိုးငွေသတ်မှတ်ချက်က ဘယ်လောက်လဲ။
- တန်ဖိုးငွေကို ဘယ်လိုပေးဆောင်ရမှာလဲ။
- တန်ဖိုးငွေပေးဆောင်တဲ့အတွက် တစ်ဖက်က
ဘာလုပ်ပေးရမှာလဲ။
- ဒီလိုလုပ်ဆောင်ပေးမှုဟာ ရော့ပတ္တမြား၊ ရော့နဂါး
တစ်ပြိုင်တည်း အပေးအယူလုပ်မှာလား၊ ဒါမှမဟုတ်
ကန့်သတ်ချက်ထားမှာလား။
- ကာလသတ်မှတ်ချက်ပါသလား၊ ပါရင် အချိန်ကာလကို
ဘယ်လိုသတ်မှတ်မလဲ။
- တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုလိုက်နာကြမလဲ။
- ပျက်ကွက်ရင် ပျက်ကွက်တဲ့သူရဲ့တာဝန်ကဘာလဲ။
- တစ်ဖက်ရဲ့ပျက်ကွက်မှုကြောင့် နစ်နာသူရဲ့
အကျိုးခံစားခွင့်က ဘာလဲ။
- ပဋိညာဉ်စာချုပ်ကြီးကို ဘယ်နေ့ဘယ်ရက်အတွင်းမှာ
နောက်ဆုံးထားပြုလုပ်မှာလဲ။
- စာချုပ်ကိုဘယ်နေ့၊ ဘယ်ရက်၊ ဘယ်ခုနှစ်သက္ကရာဇ်မှာ
ပြုလုပ်ချုပ်ဆိုကြတာလဲ။
- ဘယ်သူတွေရဲ့ရှေ့မှောက်မှာ ပြုလုပ်ချုပ်ဆိုကြတာလဲ
စသည်အချက်များပါရှိစေရမည်။
ထိုသို့ချုပ်ဆိုသည်ကို ရောင်းရန် ပဋိညာဉ်ပြုသည်ဟု
ဆိုသည်။
(ဦးကျော်ဇေယျ)
(စာကြွင်း -
မိမိတို့ ချုပ်ဆိုမည့် အရောင်းအ၀ယ် စရန်ငွေပေးစာချုပ်တွင်
အထက်ပါ အချက်များပါ/မပါ၊
အကျုံးဝင်မှု ရှိ/မရှိ
တိုက်ဆိုင် စစ်ဆေးသင့်ပါသည်။)
***
၂။ "စရန်ငွေနှစ်ဆ ပြဿနာ"
အရောင်းအဝယ် ဖြစ်တဲ့အခါ ပထမဆုံးချုပ်ဆိုတဲ့
စရန်စာချုပ်မှာ ရောင်းသူ၊ ဝယ်သူကြား မှားလေ့မှားထရှိတဲ့
အချက်က ရောင်းသူဘက်က ပေးလျော်ရမယ့်
စရန်ငွေ၏ နှစ်ဆဆိုတဲ့ အချက်ကို ရှင်းလင်းအောင်
ရေးသားသင့်ပါတယ်။
အများစုကတော့ အလွယ်တကူ စာချုပ်ထဲမှာ
"ရောင်းသူဘက်က ပျက်ကွက်ရင် စရန်ငွေ၏ နှစ်ဆကို
ပေးလျော်ရမယ်၊ ဝယ်သူဘက်က ပျက်ကွက်ရင် စရန်ငွေ
အဆုံးဆိုပြီး ရေးသားကြပါတယ်။"
ရောင်းသူဘက်က ပေးလျော်ရမယ့် စရန်ငွေ၏ နှစ်ဆဆိုတဲ့
အသုံးအနှုန်းက စရန်ငွေ၏ နှစ်ဆကိုလား၊
စရန်ငွေ၏ အပါအဝင် နှစ်ဆဆိုတဲ့ သဘောတရားကို
အငြင်းပွားမှုဖြစ်စေတတ်တာမျိုးရှိပါတယ်။
ဥပမာ
- အရောင်းအဝယ်တစ်ခုကို စရန်ငွေကျပ် ငါးသိန်း
ချထားတယ်။
- ပွဲပျက်သွားတော့ ဝယ်သူက စရန်ငွေ၏နှစ်ဆကို
တောင်းတယ်။
- ရောင်းသူက ကျပ်ဆယ်သိန်းပေးတယ်။
- ဒါပေမဲ့ ဝယ်သူက မဟုတ်ဘူး။ ဆယ့်ငါးသိန်းပေးရမယ်
ပြောတယ်။
- စရန်ငွေ၏ နှစ်ဆချင်း တူပေမဲ့ သတ်မှတ်ယူဆထားမှုတွေ
ကွဲလွဲမှု ဖြစ်ကြတာပါ။
- ဒါတွေက သတိပြုစရာ အချက်ဖြစ်ပါတယ်။
စာချုပ် စတင်ချုပ်ဆိုကတည်းက ရှင်းလင်းလွယ်ကူအောင်
တစ်ခါတည်း အတိအကျ ထည့်သွင်းချုပ်ဆိုသင့်တယ်။
အပေါ်က ဥပမာလို အဖြစ်မျိုးဆိုရင်
စကားအသုံးအနှုန်းချင်းတူပေမဲ့ မှားလေ့မှားထရှိကြတဲ့
အဖြစ်ပျက်တွေလို့အကျိုးဆောင်တချို့ နဲ့
ရှေ့နေတချို့ထံက သိရတယ်။
* စာချုပ်ထဲမှာ အရောင်းအဝယ်ကို
ရောင်းသူဘက်က ပျက်ကွက်ရင်
ရယူထားတဲ့ စရန်ငွေရဲ့ နှစ်ဆဖြစ်တဲ့
ငွေကျပ် ဘယ်လောက် အပါအဝင် စုစုပေါင်းငွေကျပ်
ဘယ်လောက်ကိုပါ ပေးလျော် ရမယ်ဆိုတဲ့ အချက်ကို
အတိအကျ ရေးသားတာ အကောင်းဆုံးပဲ *
လို့ ဆိုပါတယ်။
credit - အိမ်၊ ခြံ၊ မြေ ဂျာနယ် & The Modern

No comments:
Post a Comment