Monday, December 26, 2016

"မြင့်သထက်မြင့်ဆဲ မန္တလေး အိမ်၊ ခြံ၊ မြေ"

"မြင့်သထက်မြင့်ဆဲ မန္တလေး အိမ်၊ ခြံ၊ မြေ"

မြန်မာပြည်အထက်ပိုင်း၏ စီးပွားရေးမြို့တော် မန္တလေးတွင်
အိမ်၊ခြံ၊မြေ အရောင်းအဝယ် ခေတ်မကောင်းတော့သည်မှာ
သုံးနှစ်ခန့် ရှိခဲ့ပြီ။

“အခု အနေအထားက ပိုက်ဆံရှိတဲ့သူက ဈေးနှိမ်ပြီး ဝယ်လို့
ရတဲ့ အနေအထားပဲ၊ သူတို့က အထက်စီးကပဲ” ဟု
အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ၂၅ နှစ်ဝန်းကျင် လုပ်ကိုင်ခဲ့ပြီး
သည့် ဝသုနြေ္ဒ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်မှ
ဦးမျိုးမြင့်အောင်က ဆိုလေသည်။

ကျရိပ်မရှိခဲ့သည့် အိမ်၊ ခြံ၊ မြေ ဈေးမှာ ငွေရှင်ကြေးရှင်တို့
အတွက် ဈေးနှုန်း သက်သာသည်ဟု ဆိုနိုင်သော်လည်း
သာမန် ပြည်သူများအတွက်မူ မြင့်သထက် မြင့်မားနေဆဲ
ဖြစ်သည်။

မန္တလေး၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ၂၀၁၀ ပြည့်နှစ်
နောက်ပိုင်း မြေဈေး တရှိန်ထိုး တက်လာခဲ့ပြီး
အရောင်းအဝယ် ကောင်းမွန်ခဲ့သော်လည်း ယင်းကာလက
သုံးနှစ်ခန့်သာ ဖြစ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင်
အရောင်းအဝယ်မှာ ပြန်လည်၍ ကျဆင်း ခဲ့သည်။

“လက်ရှိ အနေအထားက ကျတယ်လို့ပဲ ပြောချင်တယ်။
မြို့သစ်မှာ ၁၂၀၀ လောက်နဲ့ ရောင်းတဲ့ဟာက အခု
သိန်း ၈၀၀ နဲ့ ဝယ်မယ့်သူ မရှိဘူး။ မကျပါဘူးဆိုရင်တောင်
၂၅ ရာခိုင်နှုန်းလောက် ပြုတ်ကျတယ်။ အားလုံးကျတယ်
လို့တော့ မပြောလိုဘူး။ တကယ့်ကို နေရာကောင်းတဲ့
နေရာတွေ ဆိုရင်တော့ မကျဘူး”ဟု ရွှေမန္တလေး
အိမ်၊ ခြံ၊ မြေ အကျိုးဆောင်မှ ဦးနေလင်းအောင်က
ဆိုသည်။

ပြန်မရနိုင်တော့သည့် နေရာများ၊
ဥပမာ အဓိက လမ်းမကြီးများနှင့် မြေကွက်ကျယ်များ
ဆိုလျှင် ဈေးခိုင်မာကြောင်း၊ ၂၆ ဘီလမ်းပေါ် ကျုံးအနီးတွင်
ရှေ့မျက်နှာစာ ပေ ၁၀၀၊ နောက်အရှည် ပေ ၂၀၀ ကျယ်
သည့် မြေကွက်များ မရှိတော့ သလောက်ဖြစ်ကာ
ယင်းမြေကွက်မျိုးများ ဆိုလျှင်တော့ ရောင်းသူ တောင်း
သည့်ဈေးကို ပေးတတ်ကြကြောင်း ၎င်းက ပြောပြသည်။

“နိုင်ငံခြားက (ရင်းနှီးမြှုပ်နှံမှုတွေ) လာမယ်ဆိုရင်လည်း
မိန်းလမ်းမကြီးမှာ လာမယ်။ ခုနပြောတဲ့ မြေကွက်ကျယ်တွေ
မှာ လာမယ်။ သူတို့ ရှော့ပင်းစင်တာကြီးတွေ ဆောက်မယ်။
ကားပါကင်တွေ ရှိရမယ်။ လူမြင်တဲ့နေရာ ဖြစ်ရမယ်။
မြေကွက် ကျယ်မယ်။ မိန်းပေါ်တင်မယ်ဆိုရင်တော့ ကျဈေး
မရှိဘူး။ တက်ဈေးပဲ ရှိတယ်။ ကျန်တဲ့ဟာတွေကတော့
ရွေးချယ်ခွင့် ရှိသရွေ့ ကျနေဦးမှာပဲ”ဟု
ဦးနေလင်းအောင်က ရှင်းပြသည်။

ရွေးချယ်ခွင့် ရှိသည့် မြေကွက်များ ဆိုသည်က ပေ ၄၀ x ၆၀
ပုံစံများဖြစ်ပြီး ထိုမြေကွက်များက မည်သည့်နေရာဖြစ်စေ 
အလွယ်တကူ ဝယ်ယူနိုင်သည့်အတွက် ဈေးကစားမှုကို
ခံရခြင်းဟု ၎င်းကဆိုသည်။

အိမ်၊ ခြံ၊ မြေ ဈေးကွက် အဘယ့်ကြောင့် အေးရသနည်း။

- မန္တလေးမြို့သည် ကျောက်လောကသားများ၊
သစ်သမားများ၊ စိုက်ပျိုးရေးသမားများ၊ သတ္တု တူးဖော်
သူများ စသည့် စီးပွားရေး လောကသားများ စုဝေးရာ
နေရာ ဖြစ်သည်။
- မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့်လုပ်ငန်း လုပ်ကိုင်
နေသူများ ရှိသည်။
- ယခင်အစိုးရ လက်ထက်က ငွေမည်း ပိုင်ဆိုင်သူ များစွာ
ရှိခဲ့သည်။
- ထိုငွေမည်းများကို ခဝါချနိုင်ရန်အတွက် မြေဈေးကစား၍
ဝယ်ကြသည်။
- အခွန်နှုန်းထား မည်မျှများစေကာမူ ဆောင်နိုင်ကြသည်။
- ထို့ကြောင့် မြေဈေးများ တက်လာခြင်း ဖြစ်သည်။

“သူတို့က ပြန်ရောင်းပြီဆိုရင် ၁၀ ရာခိုင်နှုန်း ပြန်ဆောင်
တယ်ဆိုရင် သူတို့က အော်တို ငွေဖြူ ဖြစ်သွားပြီ။
အခုက အဲဒီ လုပ်ငန်းတွေ အကုန်လုံးက ရပ်သလောက်
ဖြစ်သွားပြီ။
ကျောက်ဆိုလည်း ဈေးကွက်က ပျက်သလောက်
ဖြစ်နေတာ လူတိုင်း သိတယ်။ သစ်ကလည်း အဆင်မပြေ
တော့ဘူး။ အစိုးရ အာဏာပိုင် အဖွဲ့အစည်းကလည်း
ချိန်းလိုက်ပြီဆိုတော့ အရင်လို မဟုတ်တော့တဲ့ အခါကျ
တော့ ငွေမည်းကလည်း တို့ဆီမှာ မဝင်လာတော့ဘူး။
မူးယစ်ဆေးဝါးကလည်း နိုင်ငံတော်က ကြပ်မတ်
လုပ်ဆောင်နေတော့ ငွေမည်းက သိပ်မထွက်လာတော့ဘူး။
နောက်ပြီးတော့ ကောက်ပဲ သီးနှံသမားတွေ ဘက်မှာလည်း
အလိမ်အညာတွေက တအား များနေတယ်။
အဲဒီ အကြောင်းတွေကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို
အေးစေတယ်” ဟု ရွှေမန္တလေး အိမ်၊ ခြံ၊ မြေအကျိုးဆောင်
ကုမ္ပဏီမှ ဦးနေလင်းအောင်က ရှင်းပြသည်။

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဆိုသည်က လုပ်ငန်းတိုးချဲ့မှ
ဝယ်ယူကြခြင်း ဖြစ်ပြီး နေထိုင်ရန် နေအိမ်မှာမူ
(စီးပွားရေး လုပ်ငန်းရှင်များအတွက်) ရှိနှင့်ပြီးသား ဖြစ်၍
လက်ရှိတွင် မြေကို မည်သူမျှ မဝယ်ရဲကြသေးကြောင်း
အိမ်၊ ခြံ၊ မြေ အကျိုးတော်ဆောင်များက တူညီစွာ
ဆိုကြသည်။

“၂၀၁၀ တုန်းကလို ဟော့ဖို့ မဖြစ်နိုင်တော့ဘူး။ ပေါက်ဈေးရဲ့
သုံးပုံ တစ်ပုံလောက် လျော့ပြီးတော့ ရောင်းနေရတယ်။
ဒါပေမဲ့ လျော့တိုင်းလည်း မသွက်ဘူး”ဟု လက်ရှိ မန္တလေး၏
အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် အနေအထားကို
ဦးမျိုးမြင့်အောင် (ဝသုနြေ္ဒ အိမ်ခြံမြေ အကျိုးဆောင်) က
ပြောပြသည်။

၂၀၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ
ဝင်ငွေရလမ်း မဖော်ပြနိုင်လျှင် ယင်းဝင်ငွေ၏ ၃၀ ရာခိုင်နှုန်း
ကို ကောက်ခံရမည်ဟု ဆိုထားသည်။

နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကိုဝယ်ယူခြင်း၊
တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်
ခြင်း၊ လုပ်ငန်းထပ်မံ တိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက်
အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေ
ရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန် စည်းကြပ်မှုမှ
လွတ်ကင်းနေသော ဝင်ငွေ အပေါ်တွင်လည်းကောင်း၊
ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြုသည့် ဝင်ငွေ
အပေါ်တွင်လည်းကောင်း သတ်မှတ် အခွန်နှုန်းထားအတိုင်း
ဝင်ငွေခွန် စည်းကြပ်ရမည်ဟု ယင်းဥပဒေ ပုဒ်မ ၂၄ တွင်
ပြဋ္ဌာန်းထားသည်။

သတ်မှတ်နှုန်းထားအရ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့်ငွေ
(ငွေမည်း) ဖြစ်ပါက (၂၀၁၆)
- ကျပ်သိန်း ၃၀၀ ထိဆိုလျှင် ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း၊
- ကျပ်သိန်း တစ်ထောင်အထိဆိုလျှင် ဝင်ငွေခွန် ၂၀
ရာခိုင်နှုန်း၊
- ကျပ်သိန်း တစ်ထောင်အထက် ဆိုလျှင် ၃၀ ရာခိုင်နှုန်းဟု
သတ်မှတ်ထားသည်။

၂၀၁၄ ခုနှစ်ကမူ
- ကျပ်သိန်း ၅၀၀ အထိဆိုလျှင် ၃ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၁၅၀၀ အထိဆိုလျှင် ၁၀ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၃၀၀၀ အထိဆိုလျှင် ၂၀ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၃၀၀၀ အထက်ဆိုလျှင် ၃၀ ရာခိုင်နှုန်းဟု
သတ်မှတ်ခဲ့ပြီး

၂၀၁၅ ခုနှစ်တွင် ဝင်ငွေ
- ကျပ်သိန်း တစ်ထောင်အထိဆိုလျှင် ၃ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၅၀၀၀ အထိဆိုလျှင် ၅ ရာခိုင်နှုန်း၊
- ကျပ်သိန်း တစ်သောင်းထိဆိုလျှင် ၁၀ ရာခိုင်နှုန်း၊
- ကျပ်သိန်း တစ်သောင်းခွဲထိဆိုလျှင် ၂၀ ရာခိုင်နှုန်း၊
- ကျပ်သိန်း တစ်သောင်းခွဲနှင့် အထက်ဆိုလျှင်
၃၀ ရာခိုင်နှုန်းဟူ၍  အသီးသီး သတ်မှတ်ခဲ့သည်။

နှစ်အလိုက် ဝင်ငွေခွန်ပေးဆောင်ရမည့်နှုန်းကို သတ်မှတ်ခဲ့
ရာတွင် ၂၀၁၆ ခုနှစ်တွင် သတ်မှတ်ခဲ့သည့် နှုန်းထားအရ
ပေးဆောင်ရမည့် အခွန်နှုန်းထား မြင့်မားနေခြင်းကြောင့်
လည်း အရောင်းအဝယ်အေးခဲ့ခြင်းဖြစ်ကြောင်း
အကျိုးဆောင်တို့က ဆိုသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကတည်းကပင်
ရောင်းတဲ့သူနှင့် ဝယ်သည့်သူပါ အခွန်ဆောင်ကြရပြီး ရောင်းသူ
မှာ ၁၀ ရာခိုင်နှုန်းပင် ဆောင်ကြရကြောင်း။ ထိုသို့ ဆောင်ပြီး
လျှင် နောက်ထပ် ဝယ်ယူသည့်အခါ ငွေဖြူဖြစ်သည့်အတွက်
အခွန်ဆောင်စရာ မလိုတော့သဖြင့် ဝယ်သူတို့က ဆောင်ကြ
ကြောင်း၊ သို့သော် တော်တော်များများမှာ မသိသည့်အတွက်
မဆောင်ကြကြောင်း အကျိုးဆောင် တစ်ဦးက ပြောသည်။

“ဥပမာ အမွေဆိုင်အိမ်ကို သိန်း ၁၀၀၀ နဲ့ ရောင်းတယ်။
တစ်ယောက်ကို ၂၀၀ စီနဲ့ အမွေတွေ ခွဲကြတယ်။
အိမ်ပေါက်စတွေ ဝယ်လိုက်တယ်။ အလှူတွေ လှူ၊ ကားတွေ၊
ဆိုင်ကယ်တွေ စီးကြတယ်။ အခွန်ကျတော့ မဆောင်ချင်
ကြတော့ဘူး။ တော်တော်များများက မြို့သစ်တွေမှာ  ဒီပုံစံ
အတိုင်းတွေ ဖြစ်ကုန်တယ်”ဟု ၎င်းက ဆိုလေသည်။

အခွန် မဆောင်ချင်သဖြင့် မြေစာရင်း ရုံးသို့သွားကာ
ပါဝါလွှဲလျှင် ကျပ်လေး ငါးသောင်းဖြင့် ပြီးစီးနိုင်ပြီး
အခွန်ဆောင်မည်ဆိုပါက ကျပ်သိန်း ဆယ်ချီ၊ ရာချီ ကုန်ကျ
မည်ဖြစ်၍ အခွန် မဆောင်ကြခြင်း ဖြစ်ကြောင်း၊ မိမိ ဝယ်ယူ
လိုက်သည့် ပစ္စည်းအတွက် ပိုင်ဆိုင်မှုမှာ အခွန်ဆောင်ပြီး
အမည်ပေါက်မှသာ ပိုင်ဆိုင်မှု အပြည့်အဝ ရခြင်းဖြစ်သည်ကို
နားလည်သူ နည်းပါးကြောင်း ဦးနေလင်းအောင်က ဆိုသည်။

“အကောင်းဆုံး အကြံဉာဏ် ပေးချင်တာကတော့ အခွန်သာ
ဆောင်လိုက်ပါ။ ဒီအခွန်မှာ နိုင်ငံတော်က အများပြည်သူ
အကျိုးပြု လုပ်ငန်းတွေမှာ ပြန်အသုံးချရတာ။ အကျိုးဆောင်
တစ်ယောက် အနေနဲ့ အခွန်ကို ဆောင်စေချင်တယ်။
ပိုင်ဆိုင်မှုလည်း ပြည့်ပြည့်ဝဝ ရတယ်”ဟု ၎င်းက
တိုက်တွန်း ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင်
- ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အိမ်၊ ခြံ၊ မြေ အခွန်
၃၈ ဘီလီယံကျော်၊
- ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၇၆ ဘီလီယံကျော် ရရှိခဲ့ပြီး
- ယခု ဘဏ္ဍာနှစ်အတွက် ၁၆ ဘီလီယံကျော် ရရှိထား
ကြောင်း တိုင်းဒေသကြီး ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ
သိရှိရသည်။

မန္တလေးမြို့တော်တွင် မြေကွက်ပေါင်း ရှစ်သောင်းကျော်ရှိပြီး
လစဉ် အကွက်ပေါင်း ၁၀၀ မှ ၂၀၀ အတွင်း အရောင်းအဝယ်
ပြုလုပ်မှုများ ရှိနေသော်လည်း အခွန်ဆောင်သူ နည်းပါး
ကြောင်း၊ လက်ရှိ အရောင်းအဝယ်၏ ၅ ရာခိုင်နှုန်းကိုသာ
အခွန် ပေးနေကြသည်ဟု ဆိုနိုင်ကြောင်း
ဝသုနြေ္ဒ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးမျိုးမြင့်အောင်က
သုံးသပ် ပြောဆိုသည်။

အခွန်နှုန်းထား မြင့်မားသဖြင့် အရောင်းအဝယ် ဈေးကွက်ကို
ထိခိုက်မှုများ ရှိလာသည်ဟု ဆိုကြသော်လည်း ယင်းအချက်
တစ်ခုတည်းသာ မဟုတ်၊ အထက်တွင် ဆိုခဲ့ပြီးသည့်
လုပ်ငန်းရှင်ကြီး၏ စီးပွားရေး အနေအထားနှင့်သာ သက်ဆိုင်
သည်ဟု ဝါရင့် အိမ်၊ခြံ၊မြေ အကျိုးဆောင်တို့က ဆိုကြသည်။

“အစိုးရကတော့ အခွန်တစ်ခုနဲ့ မြေဈေးကို (ကျဆင်းအောင်)
ဖိတဲ့သဘောပေါ့။ သူတို့ရည်ရွယ်ချက် အောင်မြင်သလား
ဆိုရင်တော့ အောင်မြင်တယ်လို့ပဲ ပြောရမှာပေါ့။
အထိုက်အလျောက်တော့ အောင်မြင်တယ်ပေါ့။
နဂိုကတည်းက စီးပွားရေး အနေအထားလည်းရှိတော့
အစိုးရ မလုပ်ခင်ကတည်းကိုက ဒီဟာက ကျချင်ချင်
ဖြစ်နေတာ။ နဂိုတည်းက အရောင်းအဝယ်က အေးတာ၊
အခွန်စံနှုန်းရဲ့ ပြစ်ချက် တစ်ခုတည်းတော့ မဟုတ်ဘူး”ဟု
အကျိုးဆောင်သက် နှစ် ၃၀ ဝန်းကျင်ရှိပြီဖြစ်သည့်
ဦးနေလင်းအောင်က သူ့အမြင်ကို ပြောဆိုသည်။

အစိုးရဟောင်း လက်ထက်ကတည်း က အနိမ့်ပိုင်းသို့
ရောက်လာသည့် ဈေးကွက်မှာ လက်ရှိ အစိုးရသစ်
လက်ထက် ဆက်လက် ကျဆင်းနေကြောင်း
အကျိုးဆောင် အသိုင်းအဝိုင်းမှ သိရှိရသည်။

၂၀၁၇ ခုနှစ် ပထမလေးလအတွင်းထိလည်း ဈေးကွက်မှာ
အတက်ပိုင်းသို့ မမြင်ရသေးဘဲ လက်ရှိ အတိုင်းသာ ဖြစ်နိုင်
သေးကြောင်း ဦးနေလင်းအောင်က သုံးသပ်သည်။

မြေဈေးမှာ အခွန်၊ ကျူးကဲ့သို့သော အရှုပ်အရှင်း၊ ဂရန်အတု
ကဲ့သို့သော ပြဿနာများကြောင့် ကောင်းလာရန် မရှိသေး
ကြောင်း၊ မြေပွဲစား တစ်ယောက်ဖြစ်သော်လည်း မြေဈေး
ကြီးမြင့်သည်ကို မကြိုက်ကြောင်း ဦးမျိုးမြင့်အောင်က
ဆိုသည်။

“လူတန်းစားအားလုံး ဝယ်နိုင်မှ ဈေးကွက် ကောင်းတယ်လို့
ပြောရမယ်။ တည်ငြိမ်တဲ့ ဈေးနှုန်းနဲ့ အရောင်းအဝယ်
လုပ်ချင်ပါတယ်။ လုပ်ကြံပြီး ဈေးတက်တာ၊ ဈေးကွက်
အတုအယောင်နဲ့ ဈေးကြီးမြင့်တာမျိုး မလိုချင်ပါဘူး”ဟု
၎င်းက သူ၏ ဆန္ဒကို ပြောဆိုလေသည်။

မြတ်(ကလေး)

credit - The Voice

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:

Post a Comment