"မြေအခက်"
မြေကြီးရရေးက မလွယ်လှပေ။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအတွက်
အဓိကအကျဆုံး အဟန့်အတားမှာ စီးပွားရေးလုပ်ရန်
မြေနေရာဖြစ်သည်။ မြေနေရာတံတိုင်းက စီးပွားရေး
လုပ်ငန်းများကို ယနေ့ထိ ကာဆီးနေဆဲ ဖြစ်သည်။
ယင်းအဟန့်အတားကြောင့်ပင် တပ်ပြန်ခေါက်သွားကြသည့်
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုကြည့်ကာ ငိုချင်လျက် လက်တို့
နေရသည်။ အရှေ့တောင်အာရှတွင် ဈေးအမြင့်ဆုံးဟု
ဆိုသည့် ရန်ကုန်မြို့ မြေဈေးသည် စီးပွားရေးလုပ်ငန်းများ
ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုအပေါ် ခြိမ်းခြောက်လျက်ရှိသည်။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများတွင်လည်း နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံသူများ အဓိက ထောက်ပြသည့်အချက်မှာ
မြေဈေးနှုန်းများ ကြီးမြင့်နေခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့်
လူမှုဖွံ့ဖြိုးရေးအဖွဲ့ (CESD) ၏ အကြီးတန်း နည်းပညာနှင့်
မူဝါဒဆိုင်ရာ လေ့လာသုံးသပ်သူ
ဦးမင်းဇာနည်လင်းက ဆိုသည်။
“ဒီမြေကိစ္စကို (နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက) Blame
အမြဲလုပ်တာရှိတယ်။ မြန်မာနိုင်ငံရဲ့မြေက အာဆီယံမှာ
ဈေးအကြီးဆုံးဖြစ်တယ်။ ရန်ကုန်မြေဈေးက နယူးယောက်က
မြေဈေးထက် ပိုကြီးနေတယ်။ ဒါက စီးပွားရေးလုပ်ငန်းတွေ
အတွက် အခက်အခဲပဲ” ဟု ၎င်းက ဆိုသည်။
ဘဏ္ဍာရေး၊ မြေနေရာ၊ လုပ်သားအရင်းအမြစ်၊ လျှပ်စစ်မီး၊
စီးပွားရေးဆိုင်ရာ မူဝါဒ စသည့် အချက်များကိုကြည့်ကာ
စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံရာတွင် မြေနေရာ ရရှိရေးက
စိန်ခေါ်မှုတစ်ခု ဖြစ်သည်။
ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
အကဲဖြတ်မှု အစီရင်ခံစာအရလည်း မြန်မာနိုင်ငံတွင်
မြေရရှိရေးမှာ ကြီးမားသည့် အခက်အခဲ ဖြစ်သည်ဟု
ထောက်ပြထားသည်။
အဆိုပါ အတားအဆီးကို ဖြိုဖျက်ရန် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (NLD) အစိုးရက အားထုတ်နေသည်။ သင်တင့်
သောဈေးဖြင့် မြေနေရာရစေရမည်ဟု စီမံကိန်းနှင့်
ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက
အာမခံချက်ပေးလေ့ ရှိသည်။ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ
များတွင် ဝန်ကြီးက အထက်ပါအတိုင်း ဆွဲဆောင်သည်။
သို့သော် သပွတ်အူကဲ့သို့ ရှုပ်ထွေးသည့် မြေယာပြဿနာများစွာ
က အမြစ်တည်နေသည်။ လယ်ယာမြေနှင့် မြို့ပြစီမံကိန်း၊
စက်မှုဇုန်များနှင့် ကျူးကျော်ပြဿနာများက မြားမြောင်လှသည်။
ယင်းနှင့်ဆက်စပ်ပြီး အိမ်၊ ခြံ၊ မြေ ဈေးနှုန်းကလည်း လိုက်ပါ
ဂယက် ထနေပြန်သည်။ မြေနေရာကြောင့် စီးပွားရေးလုပ်ငန်း
အပေါ် ရိုက်ခတ်မှုက မည်သို့နည်း။
စီမံကိန်းနှင့် လယ်မြေသပွတ်အူ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ဒီလယ်ကွင်းတွေပဲ” ဟု လယ်သမား ဦးရဲကျော်ဇောက
ပေါင်းမြက်များစွာ ပြန့်ကျဲပေါက်ရောက်နေသည့် လယ်ကွင်းများ
ကို ညွှန်ပြလိုက်သည်။
နေရာကား ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊
ဝါးတစ်ရာစက်မှု ဇုန်အနီးတွင် ဖြစ်သည်။ ဧက ၁၆၀ ကျော်
ရှိသော တစ်ကွင်းတစ်စပ်ထဲ လယ်ကွင်းများ ဖြစ်ပြီး အချို့ကွင်း
များမှာ မိုးစပါး စိုက်ပျိုးရန် ထွန်ယက်လျက်ရှိသည်။
ဦးရဲကျော်ဇောကမူ မိုးစပါးစိုက်ရန်ထက် အခြားစီမံချက်တစ်ခု
ကို ပိုစိတ်ဝင်စားလျက် ရှိသည်။ ယင်းစီမံချက်မှာ ပြီးခဲ့သည့်
ရက်သတ္တပတ်အတွင်း ဂယက်ရိုက်ခဲ့သည့် ဘုရင့်နောင်
ကုန်စည်ဒိုင် ပြောင်းရွှေ့ရေး ဖြစ်သည်။
၎င်းတို့မြေယာများပေါ်တွင် ကုန်စည်ဒိုင် ပြောင်းရွှေ့လာမည်ဟု
သတင်းစကား ကြားသဖြင့် ရှေ့ဆက်သွားရမည့် အနာဂတ်
အစီအစဉ်များကို ၎င်းက တွက်ချက်နေသည်။ ၎င်းသည်
စီမံကိန်း မြေနေရာတွင် မြေရှစ်ဧကခန့် ပိုင်သည်။
“စီမံကိန်းကို မကန့်ကွက်ဘူး။ ဒါပေမဲ့ လျော်ကြေး ၅၀ ရာခိုင်နှုန်း
(ဂရန်ပေါက်ပြီး မြေ) ပေးဖို့ တောင်းဆိုထားတယ်” ဟု သူက
ဆိုသည်။
မျှော်လင့်ထားသည့်အတိုင်း လျော်ကြေးရလျှင် သူပိုင်ဆိုင်
သည့် မြေရှစ်ဧကအနက် တစ်ဝက်ရမည် ဖြစ်သည်။ သို့သော်
မြေတန်ဖိုးမှာမူ အဆများစွာ ပိုတက်လာမည် ဖြစ်သည်။
၎င်းကိုယ်တိုင် လယ်ယာမြေကို အခြားမြေအဖြစ် အသုံးချခွင့်
(လန ၃၉) မလျှောက်ထားရဘဲ စီမံကိန်းမြေတွင်
မြေပိုင်ဆိုင်နိုင်သည်။
အဖိုးတန်မြေ ပိုင်ဆိုင်သူများတွင် သူလည်း ပါဝင်လာမည်
ဖြစ်သည်။ ယင်းမှာ စီမံကိန်းများကြောင့် ဖြစ်ပေါ်လာသည့်
နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်သည်။ စီမံကိန်းတစ်ခုခု
စတင်သည်နှင့် ယင်းနေရာရှိ မြေများမှာ အလိုလို
ဈေးတက်သည်မှာ မလွဲပေ။
ထိုအခြေအနေကို ကွက်ကျော်မြင်သူများနှင့် သတင်းဦးရသူတို့
က မြေနေရာ လက်ဦးဝယ်ယူကြသည်။ အထင်ရှားဆုံး
သာဓကဆိုလျှင် ရန်ကုန်မြို့သစ် စီမံကိန်း စတင်ရာတွင်
လက်သွက်လွန်းသော လုပ်ငန်းရှင်များက မြေဝယ်ယူ
ထားပြီး ဖြစ်နေသည်။
စီးပွားရေး မဟုတ်သော စီးပွားရေး ပုံစံတစ်ရပ်ကြောင့် ငွေထုပ်
ပိုက်သွားသူများက ဒုနှင့်ဒေး။
စက်မှုဇုန်များတွင်လည်း အလားတူ ဖြစ်သည်။
ကုန်ထုတ်လုပ်ရန်ထက် မြေနေရာရရန်သာ ပထမ ဦးစားပေး
ကြသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၂၉ ခု
ရှိပြီး ယင်းဇုန်များ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် ကုန်ထုတ်
လုပ်မှုကို ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘဲ မြေဈေးကသာ
တစ်နှစ်ထက် တစ်နှစ် ပိုမြင့်လာကြောင်း လုပ်ငန်းရှင်များက
ဝေဖန်ကြသည်။
ဇုန်အသစ်များ လာမည်
။။။။။။။။။။။။။။။။။။။။။။။။။။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ထိုအခြေအနေကို
စဉ်းစားသုံးသပ်နေပြီး ကုန်ထုတ်လုပ်ငန်းများ အမှန်တကယ်
ရင်းနှီးမြှုပ်နှံမည့်ဇုန်များ ဖော်ထုတ်နိုင်ရန် စီစဉ်နေသည်ဟု
တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
သီလဝါ အထူးစီးပွားရေးဇုန်ကဲ့သို့ ဒလမြို့နယ်တွင် အခြေပြုပြီး
ပင်လယ်ပြင်ကို မျက်နှာမူသည့် စီးပွားရေးဇုန်တစ်ခု အကောင်
အထည်ဖော်ရန် ပြင်ဆင်နေသည်ဟု သူက ဆိုသည်။
ထို့အပြင် လယ်ယာမြေများကို အခြားနည်းလမ်းဖြင့် အသုံးချခွင့်
လန (၃၉) လျှောက်ကာ အိမ်ရာနှင့် အခြားစီမံကိန်းများ
ဖော်ထုတ်မှုကို သုံးသပ်နေသည်။
လန (၃၉) ကို လယ်သမားများက မလျှောက်ဘဲ လုပ်ငန်းရှင်များ
ကသာ လျှောက်ထားခြင်းကြောင့် ပြန်လည်သုံးသပ်ခြင်း
ဖြစ်သည်။ လန (၃၉) ကျလျှင် မူလလယ်မြေတန်ဖိုး သိန်း ၃၀၀
ဆိုလျှင် သိန်း ၅၀၀ မှ ၁၀၀၀ အထိ ဈေးတက်သွားသည်။
“လန ၃၉ ရပြီး လယ်မြေကို အခြားနည်းလမ်းဖြင့် အသုံးပြုခွင့်ပြုဖို့
လိုက်လံကြိုးပမ်းနေမှုကို သေသေချာချာ စိစစ်ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
သို့သော် စီးပွားရေးအတွက် အရေးပါသော ကုန်ထုတ်လုပ်ငန်းများ
ရင်းနှီးမြှုပ်နှံရန် နေရာများ ဖန်တီးမည်ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ ၁၂ မြို့နယ်တွင်
ကုန်ထုတ်ဇုန်များ ခွင့်ပြုပေးနိုင်ရန် စီစဉ်လျက်ရှိသည်။ သို့ဆိုလျှင်
မြေပေါလာမည်။ မြေပေါလျှင် လုပ်ငန်းများ ဝင်လာပေလိမ့်မည်။
ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်း
ရင်းနှီးလုပ်ကိုင်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ
မြေနေရာငှားရမ်း အသုံးပြုခွင့် ရှိသည်။ ပုဂ္ဂလိကမြေ၊ အစိုးရက
စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေနှင့် နိုင်ငံတော်ပိုင် မြေ သို့မဟုတ်
အဆောက်အအုံများကို ငှားရမ်းအသုံးပြုနိုင်သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရသည့်နေ့မှ
နှစ်ပေါင်း ၅၀ အထိ ငှားရမ်းအသုံးပြုနိုင်သည်။ သက်တမ်းတိုးခွင့်
နှစ်ကြိမ် (တစ်ကြိမ်လျှင် ၁၀ နှစ်) ထပ်မံတိုးမြှင့်နိုင်သည်။
မြန်မာနိုင်ငံသား လုပ်ငန်းရှင် ဖြစ်ပါက ၎င်းပိုင်ဆိုင်သည့်
မြေနေရာတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။ မြေငှားရမ်းရာတွင်
စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း အက် ဥပဒေ မှတ်ပုံတင်၍
ငှားရမ်းအသုံးပြုနိုင်မည် ဖြစ်သည်။
လက်ရှိအခြေအနေမှာ မြေအတွက် အခက်အခဲမှာ ပြေလည်စ
ပြုပြီ ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်
(UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဦးမျိုးသက်က
ဆိုသည်။
သီလဝါ အထူးစီးပွာရေးဇုန်တွင် SME လုပ်ငန်းများ မြေနေရာ
ငှားရမ်းနိုင်မည့် အခွင့်အရေးများ ဖန်တီးထားပြီး ပြည်ပရင်းနှီး
မြှုပ်နှံမှု လုပ်ငန်းများကိုလည်း မြေနေရာအခက်အခဲကို
ဖြေရှင်းပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းထားသည်။
“(မြေနေရာရရှိရေး) အစိုးရက ဖြေရှင်းပေးမယ် ပြောနေတာ
ပဲလေ။ ခင်ဗျားတို့ ကြိုက်တာလာလုပ် ဖြေရှင်းပေးမယ်။ ဒါပေမဲ့
လာလုပ်မယ့်သူကိုက နည်းနေတာ” ဟု ဦးမျိုးသက်က
ဆိုသည်။
လက်ရှိအနေအထားတွင် ရင်းနှီးမြှုပ်နှံမှု လျော့ကျလာခြင်းက
မြေကြောင့် မဟုတ်ဟု ၎င်းက ယူဆထားသည်။
အစိုးရ၏ ခိုင်မာအားကောင်းသော မူဝါဒများ မရှိခြင်း၊ ရှိသည့်
မူဝါဒများမှာ ရှင်းလင်းတိကျမှု မရှိခြင်းနှင့် လုပ်ထုံးလုပ်နည်း
ဆိုင်ရာ အခက်အခဲများကြောင့် ရင်းနှီးမြှုပ်နှံမှု လျော့ကျ
လာသည်ဟု ဦးမျိုးသက်က သုံးသပ်သည်။
“အစိုးရအပေါ် ယုံကြည်မှု အားနည်းတယ်။ ပြည်ပကတောင်
မဟုတ်ဘူး။ ပြည်တွင်းက လုပ်ငန်းရှင်တွေတောင် ပေါ်လစီတွေ
ရှင်းရှင်းလင်းလင်း မဖြစ်တော့ ဝါးတားတား ဖြစ်နေတယ်” ဟု
၎င်းက မှတ်ချက်ပြုသည်။
ဦးမျိုးသက်က ထိုသို့ဆိုသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှု
ဖိတ်ခေါ်ပွဲများ၊ ပြည်တွင်းလုပ်ငန်းရှင်များ တွေ့ဆုံပွဲများတွင်
အပြောများကြသည်က မြေယာရရှိရေးပင် ဖြစ်နေပြန်သည်။
“မြေကြီးကိုင်ထားတဲ့သူက ဈေး ဘာညာအော်နေတာ။ စက်မှုဇုန်
တွေမှာ ဒီလောက်ကြီး Demand မဟုတ်ဘူး။ ဒီလောက်မြှုပ်နှံ
ကြတာ မရှိဘူး။ Business က Slowdown ဖြစ်နေတာလေ”
ဟု ၎င်းက ဆိုသည်။
ဆိုလိုသည်က မြန်မာ့စီးပွားရေး အခြေအနေမကောင်းဟူ၍။
မြင့်ဆဲ မြင့်မြဲ အိမ်၊ ခြံ၊ မြေဈေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြန်မာ့စီးပွားရေး နှေးလာသည်နှင့် အိမ်၊ ခြံ၊ မြေဈေးမှာလည်
နှေးသွားသည်ဟု အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်များက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ဆန်း အစိုးရသစ် တက်လာချိန်တွင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းသဖြင့် ပြည်တွင်းအိမ်၊ ခြံ၊ မြေ
ဈေးကွက်လည်း အရောင်းကျခဲ့ကြောင်း အိမ်၊ ခြံ၊ မြေ
ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော iMyanmar House com ၏
အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေမင်းသူက ဆိုသည်။
၂၀၁၇ ခုနှစ်တွင် အရောင်းအဝယ် ပြန်ကောင်းလာသည်။
၂၀၁၆ ခုနှစ် ပထမ ငါးလပတ်နှင့် ၂၀၁၇ ပထမ ငါးလပတ်
ကာလကို နှိုင်းယှဉ်ပါက ယခုနှစ်တွင် အရောင်းအဝယ်
၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း ပိုတက်လာသည်ဟု သူက
ဆိုသည်။
သို့သော် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းသည် ၂၀၁၆ ခုနှစ် မတိုင်ခင်
အရောင်းအဝယ်ဖြစ်သည့် ဈေးအောက် ၂၀ ရာခိုင်နှုန်းမှ
၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။
“ဈေးကျတာက ဈေးကွက်ထဲမှာ အိမ်ခြံမြေပိုင်တဲ့သူက ငွေလို
တယ်။ ဈေးကွက်ထဲမှာ အရင်ဈေးနဲ့ ရောင်းရင် မထွက်ဘူး။
ဒါကြောင့် ဈေးလျှော့ရောင်းတဲ့အတွက် အကျဘက် ဦးတည်
လာတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၇ ခုနှစ်တွင် အိမ်၊ ခြံ၊ မြေ ဈေးကွက် ပြန်လည်ဦးမော့လာ
နိုင်သည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များက ခန့်မှန်းသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်သည်ဟု
၎င်းတို့က မျှော်လင့်ထားပြီး အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်
ပိုသွက်နိုင်သည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာလျှင် စက်ရုံအလုပ်ရုံများ
အတွက် မြေလိုမည်။ ရုံးခန်းနှင့် လူနေထိုင်ရန် တိုက်ခန်းနှင့်
နေအိမ်များ လိုအပ်သည်။ လိုအပ်ချက် များလာသဖြင့်
ဈေးကွက်လည်း ပိုကောင်းနိုင်သည်။
သို့သော် အိမ်၊ ခြံ၊ မြေ လောကသားများ အထူးစိတ်ဝင်စားသည့်
ကွန်ဒိုမီနီယံ နည်းဥပဒေ အတည်ပြုနိုင်ရန် လိုအပ်မည်
ဖြစ်ကြောင်း Your Property Finder ကုမ္ပဏီ၏ အုပ်ချုပ်မှု
ဒါရိုက်တာ ဒေါ်ချမ်းမြသူက ဆိုသည်။
“Rule and Regulation တွေ အပိုင်းမှာ Condo Law အတည်
ပြုပြီးရင်တော့ မြန်မာနိုင်ငံရဲ့ Real Estate ပိုင်းက တော်တော်
လေး ပွင့်လင်းမယ်။ ဝယ်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေလည်း
ယုံကြည်မှုရှိရှိ ရွေးချယ်လို့ရမယ်လို့ ယုံတယ်” ဟု
၎င်းက ဆိုသည်။
ကွန်ဒိုမီနီယံ ဥပဒေကို ၂၀၁၅ ခု နှစ်ကုန်ပိုင်းတွင် အတည်ပြုခဲ့ပြီး
နည်းဥပဒေ ဆက်လက်အတည်ပြုရန် ကျန်နေသေးသည်။
အဆိုပါ ဥပဒေတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူ
ပိုင်ဆိုင်ခွင့် ၄၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်သည်။
အိမ်၊ ခြံ၊ မြေ ဈေးကွက်တစ်ခုလုံး လာမည့်ကာလတွင် အကျဘက်
ဦးတည်နိုင်သည်ဟု လုပ်ငန်းရှင်များက ခန့်မှန်းသည်။ သို့သော်
အစိုးရက အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိသည့် မြို့ပြနှင့်
စက်မှုဇုန်စီမံကိန်းများကြောင့် မြေယာအသုံးပြုမှု ပိုမိုမြင့်မား
လာဦးမည် ဖြစ်သည်။
ယင်းအတွက် ထွက်ပေါ်လာနိုင်သည့် မြေနေရာများသည်
စီးပွားရေး လုပ်ငန်းများ၏ အခက်အခဲ ဖြစ်နေသော မြေရရှိရေး
အတားအဆီးကို ဖြေလျှော့နိုင်မည်ဟု မျှော်လင့်ရသည်။
ထို့အပြင် တိုင်းနှင့် ပြည်နယ်များရှိ လုပ်ငန်း လုံးဝ အကောင်
အထည်မဖော်သည့် စီမံကိန်းမြေများကို ပြန်လည်သိမ်းယူမည်
ဟု အစိုးရက ပြောဆိုထားခြင်းကြောင့် ယင်းလုပ်ငန်းများ
တစိုက်မတ်မတ် အကောင်အထည်ဖော်နိုင်လျှင် ကုန်ထုတ်
လုပ်ငန်းများ အတွက် မြေနေရာများ ဖန်တီးနိုင်မည်ဟု
ဦးမင်းဇာနည်လင်းက ဆိုသည်။
လက်တွေ့အခြေအနေကိုကား စောင့်ကြည့်ရပေဦးမည်။
မြေရှိမှ ငွေချေးမယ်
။။။။။။။။။။။။။။။။။။။။။။
စီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့လုပ်ငန်းများ အတွက်
ငွေချေးယူရာတွင် အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှု တစ်ခုခုကို
ပေါင်နှံချေးယူရသည်။
အိမ်၊ ခြံ၊ မြေ မပိုင်ဆိုင်သူများမှာမူ စီးပွားရေးလုပ်ရန်
ဘဏ်ချေးငွေမရ။ အပေါင်ပစ္စည်း မလိုဘဲ ငွေချေးနိုင်သည့်
(Credit Guarantee Insurance CGI) ရှိသော်လည်း
တွင်တွင်ကျယ်ကျယ် ဖြစ်မလာသေးပေ။
ငွေချေးရာတွင် မြေပိုင်ဆိုင်မှု အထောက်အထား (မြေဂရန်)
စစ်ဆေးသည်။ ယင်းအထောက်အထားကို ဘဏ်များ၏
ရှေ့နေများက စိစစ်အတည်ပြုပြီး ပေါင်နှံမည့် ပစ္စည်းကို ရာပြတ်
တန်ဖိုး သတ်မှတ်ကာ ချေးငွေပမာဏ မည်မျှထုတ်ပေးမည်ကို
ဆုံးဖြတ်သည်။
ဈေးနှုန်းသတ်မှတ်ရာတွင် လက်ရှိ ဈေးကွက်ပေါက်ဈေး၊ ဗိုက်နာ
ရောင်းဈေး (Forced Sale Value) စသည့် ဈေးနှုန်းများပေါ်
တွင် မူတည်ပြီး ရာခိုင်နှုန်းအလိုက် ချေးငွေထုတ်ပေးခြင်း
ဖြစ်ကြောင်း မြန်မာအရှေ့တိုင်းဘဏ်တွင် Ex-Chairman
အဖြစ် လုပ်ကိုင်ခဲ့သူ ဦးမြသန်းက ဆိုသည်။
ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု (Risk Management)
အရ ဘဏ်လုပ်ငန်းနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး ချေးငွေ
ဆပ်မှု ကောင်းမွန်သူကို ရာပြတ်တန်ဖိုး၏ ၇၀ ရာခိုင်နှုန်းအထိ
ပေးလေ့ရှိသည်။
ဥပမာ သိန်းတစ်ထောင်တန် မြေပိုင်ရှင်ကို သိန်း ၇၀၀ အထိ
ထုတ်ချေးပေးကြောင်း ၎င်းက ဆိုသည်။ ဆုံးရှုံးနိုင်ခြေရှိသည့်
လုပ်ငန်းရှင်ကိုမူ ၃၀ ရာခိုင်နှုန်းသာ ထုတ်ချေးပေးသည်။
လက်ရှိတွင် စီးပွားရေး နှေးကွေးသဖြင့် မြေအပေါင်ခံငွေကြေး
အရင်းအနှီး ရယူမှုနည်းသွားသည်။
မြေယာအရေး စိတ်မအေးသေးပါ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နိုင်ငံတစ်ဝန်းရှိ မြေယာများ၏ မူရင်းပိုင်ဆိုင်သူသည် နိုင်ငံတော်
ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၃၇)က
အတိအလင်း ဆိုသည်။
ကိုလိုနီခေတ်အတွင်းကမူ ‘မြေယာသည်သာ လွတ်လပ်ရေး’
ဟူ၍ မြေယာပိုင်ဆိုင်လျှင် သူ့ကျွန်ဘဝမှ လွတ်မြောက်နိုင်ကြောင်း
အတွေးအခေါ်များလည်း ပေါ်ထွက်ခဲ့ဖူးသည်။
လက်ရှိတွင်လည်း လက်နက်ကိုင်များနှင့် တိုက်ပွဲသည် သူ့ဒေသ၊
ကိုယ်ဒေသ နယ်မကျော်ရ ဟူသည်မှာ မြေနှင့်လည်း
ဆက်စပ်ပြန်သည်။
နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် မြေကိုအမှီပြု၍ တောင်းဆို
ကြခြင်းပင်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်ဒေသ။
နောက်ဆုံးပြောရလျှင် ‘ခွဲထွက်ခွင့်’ စကားရပ်သည်ပင်
မြေနှင့် မကင်း။
ဤမျှမကသေး။ နိုင်ငံတစ်ဝန်း လွှမ်းခြုံသည့် လယ်ယာလုပ်ငန်းခွင်
ကို ကြည့်ပါ။ တစ်ဦးချင်းမှသည် ရွာလုံးကျွတ်နီးပါး ဆန္ဒပြနေသည့်
လယ်သမားများ၊ လယ်ပြန်ရရေး ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး ဆန္ဒပြ
သည့် လယ်သမားများမှသည် ထောင်မကြောက် တန်းမကြောက်
အထိ ပြုလုပ်နေကြသည်က မြေအတွက်ပင်။
ယနေ့ကျဆင်းနေသည့် စီးပွားရေးကဏ္ဍတွင်လည်း ရှုပါ။
လုပ်ငန်းလုပ်ရန် မြေရှားသည်။ စက်မှုဇုန်များရှိ ဂိုဒေါင်ငှား စား
သူများနှင့် ဇုန်မြေပိုင်ရှင်ကြီးများ လက်ထဲတွင်သာ။
အကွက်အကွင်းကို ဦးထားသည်။ သတင်းဦး အသုံးချသည်။
မြေကို ကြိုဝယ်သည်။ ပဒေသရာဇ်ခေတ် မြေရှင်များအလား။
တကယ်အလုပ်လုပ်မည့် သူက အော်ဟစ်တောင်းနေရ
ပြန်သည်။
မြေအရေးမှာ မြန်မာအတွက် စိတ်မအေးဖွယ်ပင်။
အစိုးရသည် မြေအခက်ကို ဖြေရှင်းရန်အတွက် မည်မျှစွမ်းနိုင်
မည်နည်း။
ကဏ္ဍစုံ မဟုတ်သော်မှ စီးပွားရေးကဏ္ဍမှ မြေအခက်ကိုဖြင့်
ကျန်ရှိသည့် အစိုးရသက်တမ်း သုံးနှစ်ကျော်အတွင်း
ဖြေရှင်းနိုင်ခဲ့လျှင်ဖြင့် ...
ထိုအချက်နဲ့ ပတ်သက်ပြီး ဒေါက်တာမျိုးသက်က ယခုလို
ဆိုသည်။
“အထိုက်အလျောက် အပေါင်းလက္ခဏာမြင်တယ်။
အချိန်တော့ ယူရဦးမယ်”
(နိုင်လင်းအောင်)
credit - The Voice Myanmar
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:
Post a Comment