"ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ရန်ကုန်တိုင်း အစိုးရ
တွေ့ဆုံပွဲ သတင်းများ”
၁။ "ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အစိုးရထံ
အချက်ခြောက်ချက် တောင်းဆို"
အိမ်ခြံမြေ၊ တိုက်ခန်း ရောင်းဝယ်ရာတွင် အခွန်နှုန်းထား
လျှော့ချရန် အပါအဝင် ဆောက်လုပ်ရေးကဏ္ဍ၌ ကြုံတွေ့
နေရသည့် အခက်အခဲ ခြောက်ချက်ကို ကူညီဖြေရှင်းပေးရန်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက အစိုးရထံ
ယမန်နေ့က တင်ပြသည်။
- အိမ်ခြံမြေ၊ တိုက်ခန်းရောင်းဝယ်ရာတွင် ပေးဆောင်ရသည့်
အခွန် ၃၀ ရာခိုင်နှုန်းကို ၅ ရာခိုင်နှုန်းသို့ ၂ နှစ်ခန့်
ယာယီလျှော့ချ ပေးရန်၊
- စီမံကိန်းများ အာမခံထား၍ စီမံကိန်း အကြီးအသေးပေါ်
မူတည်ကာ သုံးနှစ်မှ ၁၀ နှစ် အထိ ဘဏ်ချေးငွေ ရရှိရန်၊
- ဘဏ်ချေးငွေ အတိုးနှုန်းများကို ၁၃ ရာခိုင်နှုန်းမှ
၉ ရာခိုင်နှုန်းသို့ လျှော့ချ ပေးရန်၊
- အိမ်ရာဝယ်ယူသူ များအတွက် ၁၅ နှစ်မှ နှစ် ၂၀ အထိ
ဘဏ် ချေးငွေဖြင့် ဝယ်ယူခွင့် ထိထိရောက်ရောက် ရရှိရန်၊
- တည်ဆောက်ရေးဆိုင်ရာ ခွင့်ပြုမိန့် များ ထုတ်ပေးမည့်
ကာလ သတ်မှတ်ကြေညာပေးရန်၊
- နိုင်ငံတော်ဘတ်ဂျက်ငွေဖြင့် ဆောင်ရွက်မည့်
တည်ဆောက်ရေးလုပ်ငန်း အရေအတွက် များများ
အကောင်အထည်ဖော်ရန် ဟူသည့် အချက်ခြောက်ချက်ကို
ဆောက်လုပ်ရေး လုပ်ငန်းရှင်များက တောင်းဆိုခဲ့သည်။
သို့သော် အစိုးရက ပြည်ထောင်စုလွှတ်တော်သို့ တင်ထား
သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၏ ပြည်ထောင်စုအခွန်အကောက်
ဥပဒေ ကြမ်းတွင် အိမ်ခြံမြေ၊ တိုက်ခန်းရောင်းဝယ်ရာ၌
ပေးဆောင်ရသည့် အခွန်နှုန်းထားကို ဥပဒေအသက်ဝင်သော
အချိန်ကစ၍ ခြောက်လအတွင်း အခွန်ဆောင်ပါက
၃ ရာခိုင်နှုန်း၊ ခြောက်လ နောက်ပိုင်း အခွန်ထမ်းဆောင်
မည်ဆိုပါက ၅ ရာခိုင်နှုန်း သတ်မှတ်ကြောင်း
ဖော်ပြထားသည်။
ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ တောင်းဆို
ထားသည့် ခြောက်ချက်တွင် ပထမဆုံး အချက်ဖြစ်သော
အခွန်ဖြေလျှော့ပေးရေးသည် အခွန်ဥပဒေကြမ်းတွင်
ထည့်သွင်းထားခြင်းကြောင့် ထိုဥပဒေကြမ်းကို
ဆောက်လုပ်ရေး လုပ်ငန်းရှင်များက သဘောကျသည်။
ထို့ကြောင့် ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ တွင်
ယမန်နေ့က ပြုလုပ်သော ဆောက်လုပ်ရေးကဏ္ဍတွင်
တွေ့ကြုံနေရသည့် အခက်အခဲများ ဖြေရှင်းရေးနှင့်
လုပ်ငန်းများ ရေရှည်တိုးတက်ရေး နိုင်ငံတော်က ကူညီ
ဖြေရှင်း ပံ့ပိုးပေးနိုင်ပါရန် တင်ပြခြင်း အခမ်းအနားတွင်
အခွန်ဥပဒေကြမ်းကို ထောက်ခံကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ပြောသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်
တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့၊ လွှတ်တော် အမတ်များ
တက်ရောက်ခဲ့သည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ အင်ဂျင်နီယာများ၊
ဆောက်လုပ်ရေး လုပ်သားများက တူညီဝတ်စုံများ ဝတ်ဆင်၍
၂၀၁၈ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကြမ်း
စာမျက်နှာ (၁၆) အပိုဒ် (၂၅)တွင် ဖော်ပြထားသော
ဥပဒေသည် တိုင်းပြည်စီးပွားရေး တိုးတက်မှုကို များစွာ
အထောက်အကူဖြစ်စေ သဖြင့် ဝမ်းမြောက်ဝမ်းသာစွာ
ကြိုဆိုပါကြောင်းနှင့် ဆောလျင်စွာ အတည်ပြု ကြေညာ
ပေးရန် ထောက်ခံပါသည်ဟူသော စာ တန်းများကို
ခန်းမအတွင်း ချိတ်ဆွဲထားသည်။
‘‘အခွန်ဥပဒေကို ဆက်လက် အတည်ပြုပေးဖို့ လုပ်ငန်းရှင်များ
အားလုံးကိုယ်စား မေတ္တာရပ်ခံပါ တယ်’’ဟု မြန်မာနိုင်ငံ
ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်
ဒုတိယဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
ပြည်ထောင်စုအစိုးရက ရေးဆွဲသည့် ပြည်ထောင်စု
အခွန်အ ကောက်ဥပဒေကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
က ထောက်ခံ သည်ဟု သိရသဖြင့် ဝမ်းသာကြောင်း
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
‘‘ကျွန်တော်တို့ တိုင်းအတွင်းမှာရှိတဲ့ ဆောက်လုပ်ရေး
လုပ်ငန်း ရှင်တွေရဲ့ ထောက်ခံမှု၊ ဆောက်လုပ်ရေး
လုပ်သားတွေရဲ့ ထောက် ခံမှု၊ ကျွန်တော်တို့ တိုင်းအတွင်းမှာ
ရှိတဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ပြည်ထောင်စု
လွှတ်တော် မှ ကိုယ်စားလှယ်ကြီးများ ယူဆောင်သွားပါ။
ပြည်ထောင်စု လွှတ်တော်မှာ ပြည်ထောင်စု အစိုးရတင်သွင်း
တဲ့ ဥပဒေကြမ်း ကိုလည်း အတည်ပြုပေးပါလို့ ဒီ နေရာက
ပန်ကြားအပ်ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်များက အခွန်ဖြေလျှော့မှုနှင့်
ပတ်သက်၍ အစိုးရကို ထောက်ခံပြီး အခြားသော
ဘဏ်အတိုးနှုန်း အခက်အခဲ၊ ဘဏ်ချေးငွေရရှိရေး အပါအဝင်
ဆောက်လုပ်ရေး ကဏ္ဍ အခက်အခဲများကို တင်ပြသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်က
ဆောက်လုပ် ရေးလုပ်ငန်းများ ရပ်ဆိုင်းပါက ၁၉၉၇ တွင်
ဖြစ်ခဲ့သည့် ထိုင်းနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းပြိုပျက်မှုကို
ဥပမာပေး၍ ပြောခဲ့သည်။ ထိုင်းနိုင်ငံ၏ ဆောက်လုပ်ရေး
အခက်အခဲက မြန်မာနိုင်ငံကို ရိုက် ခတ်ခဲ့ကြောင်း
၎င်းက ဆိုသည်။
ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်တန့်မသွား
စေရန် စီမံကိန်းများ အာမခံထားပြီး ချေးငွေ ရရှိရေး မည်မျှ
အရေးကြီးပုံကို ဦးမောင်ဝိတ်က ရှင်းပြသည်။
ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ဆောင်ရွက်မည်ဆိုပါက
၂ နှစ်မှ၁၀ နှစ်ကြာ အချိန်ယူပြီး ဆောင်ရွက်ရပြီး လုပ်ငန်း
အားလုံးပြီးစီးမှသာ ငွေပြန်ဖော်နိုင်သဖြင့် ဘဏ် ချေးငွေ
နှစ်ရှည်လိုအပ်သည်ဟု ဦးမောင်ဝိတ်က ပြောသည်။
ဘဏ်အတိုးနှုန်း လျှော့ချရေး တောင်းဆိုခြင်းမှာ
နိုင်ငံတကာ လုပ်ငန်းရှင်များသည် ဘဏ်အတိုးနှုန်း
၃ ရာခိုင်နှုန်းနှင့် ၆ ရာခိုင်နှုန်းအကြားသာ ပေးရချိန်တွင်
မြန်မာနိုင်ငံ၌ ၁၃ ရာခိုင် နှုန်းပေးနေရသောကြောင့်ဟု
ဆိုသည်။
စီးပွားရေးလုပ်ငန်းတစ်ခုသည် ဘဏ်အတိုးနှုန်းကို
ကျော် လွန်ပြီး အမြတ်ရရှိရန် မလွယ်ကူ ခြင်းကြောင့်
အတိုးနှုန်းလျှော့ချ ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း
၎င်းက ဆိုသည်။
သို့သော် ဘဏ်အတိုးနှုန်း လျှော့ချလျှင် အခြေခံပြည်သူများ
အပ်ငွေ မနစ်နာစေရန် ပင်စင်စားများ၊ မိသားစုအပ်ငွေဟု
ခေါ်နိုင် သည့် ကျပ်သိန်း ၅၀၀ အောက် ဘဏ်၌ အပ်ငွေများ
အပေါ်တွင် လက်ရှိ ဘဏ်အတိုးနှုန်း အတိုင်း ထားခြင်း၊
ပိုမိုပေးခြင်းများ ပြုလုပ်ပြီး ကျပ်သိန်း ၅၀၀ အထက် အပ်ငွေ
များအပေါ်တွင် အတိုးနှုန်း လျှော့ချသည့် ပုံစံ ပြုလုပ်သင့်
ကြောင်း ဦးမောင်ဝိတ်က အကြံပြုသည်။
ထို့အပြင် အစိုးရဝန်ထမ်းများ၊ ဝင်ငွေနည်း ပုဂ္ဂလိကဝန်ထမ်း
များ အတိုးနှုန်း သက်သက်သာသာဖြင့် နှစ်ရှည်အိမ်ရာ
ဝယ်ယူနိုင်ရေး စီစဉ်ပေးရန် လိုအပ်ကြောင်း ဆိုသည်။
ထို့အပြင် အခမ်းအနားတွင် ဆောက်လုပ်ရေးလုပ်ငန်းများ
အပေါ် အစိုးရ၏ ခွင့်ပြုချက်များနှင့် ပတ်သက်၍
- ရှစ်ထပ်ခွဲနှင့်အောက်ကို တစ်လအတွင်း၊
- ၁၂ ထပ်အထိ နှစ်လအတွင်း၊
- ၁၂ ထပ်နှင့် အထက်ကို ခြောက်လအတွင်း စသည်ဖြင့်
သတ်မှတ်ပေးရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က
တောင်းဆိုခဲ့သည်။
ထို့အပြင် လက်ရှိအစိုးရ လက်ထက်တွင် ငွေကြေးဖောင်းပွမှု
ကို ထိန်းထားနိုင်ပြီး မူဝါဒကောင်းများကြောင့်
ဆောက်လုပ်ရေးကဏ္ဍ အားကောင်းလာမည်ဟု
ဦးဖြိုးမင်းသိန်းက ပြော သည်။
ထို့ကြောင့် အိမ်ခြံမြေ ကဏ္ဍသည်လည်း မကြာမီ
မိုးပျံ ပူဖောင်းလိုမဟုတ်ဘဲ စနစ်တကျ မြင့်တက်လာမည်ကို
မြင်ရမည်ဟု ၎င်းကဆိုသည်။
(ပြည်သိမ်း၊ ထွန်းထွန်းမင်း)
*****
၂။ "ဆောက်လုပ်ရေးကဏ္ဍမှာ ဘဏ်စနစ်နှင့်ချိတ်တွဲထားခြင်း
ကြောင့် တစ်ခုခုတိမ်းချော်သွားပါက ဘဏ်များကိုပါ ရိုက်ခတ်
သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆို"
ဆောက်လုပ်ရေးကဏ္ဍအတွက် အစိုးရိမ်ရဆုံး အခြေအနေမှာ
ဘဏ်စနစ်နှင့် ချိတ်တွဲထားခြင်းကြောင့် ဆောက်လုပ်ရေးကဏ္ဍ
တစ်ခုခုတိမ်းချော်သွားပါက ဘဏ်များကိုပါ ရိုက်ခတ် သွားမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ကပြောသည်။
ယင်းနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၇ ရက်က MCC တွင်
ပြုလုပ်သည့် ဆောက်လုပ်ရေးကဏ္ဍတွင် တွေ့ကြုံနေရသော
အခက်အခဲများ ဖြေရှင်းရေးနှင့် လုပ်ငန်းများ ရေရှည်
တိုးတက်ရေးအတွက် နိုင်ငံတော်မှ ကူညီဖြေရှင်း ပံ့ပိုး
ပေးနိုင်ရန် တင်ပြခြင်းအခမ်းအနားတွင် ၄င်းက
အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာဘဏ်များတွင် ဖြစ်ပေါ်ခဲ့သည့် ဂယက်များကို
ကြည့်လျှင် ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်ခြံမြေတို့
ရိုက်ခတ်လာခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင်ကျင့်သုံးနေသည့် ဘဏ်စနစ်သည်
ဗာဆယ်အဆင့် ၁၊ အဆင့် ၂၊ အဆင့် ၃ သို့ ပြောင်းလဲ
နေသည့်အချိန်တွင် မြန်မာနိုင်ငံ၏ ဘဏ်စနစ်သည် များစွာ
ဖွံ့ဖြိုးတိုးတက်သည့် အခြေအနေမျိုးတွင် မရှိသေးဘဲ
အကန့်အသတ်များအကြား ရှင်သန်နေရကြောင်း
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောသည်။
''ဆောက်လုပ်ရေးကဏ္ဍနယ်ပယ်ကို အစိုးရိမ်ရဆုံး
အခြေအနေကတော့ ဆောက်လုပ်ရေးနဲ့ ဘဏ်စနစ်က
ချိတ်တွဲထားတာဖြစ်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တော်တော်များများက လုပ်ငန်း
ပရော့ဂျက်တွေပေါ်မူတည်ပြီး ဘဏ်တွေနဲ့ ချိတ်တွဲဆောင်ရွက်
နေရတာဖြစ်လို့ ဆောက်လုပ်ရေးကဏ္ဍ နယ်ပယ်တစ်ခုခု
တိမ်းချော်သွားရင် ဘဏ်တွေကိုရိုက်ခတ်နိုင် ပါတယ်''
ဟု ၄င်းက ပြောသည်။
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှ နိုင်ငံတော်တာဝန်ကို စတင်ယူခဲ့ချိန်တွင်
ဆောက်လုပ်ရေးကဏ္ဍနယ်ပယ်ကို ပြန်လည်သုံးသပ်ခဲ့ပြီး
ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ကာ ရှင်သန်နိုင်အောင်
ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဘဏ်နှင့်ပတ်သက်ပြီး နိုင်ငံတကာတွင်
နောက်ဆုံးကျင့်သုံနေသည့်စနစ်သို့ ပြောင်းလဲကျင့်သုံး
လိုက်ပါက လက်ရှိဘဏ်ချေးငွေရယူဆောင်ရွက်နေရသော
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အတွက် နောက်ထပ်
ဝန်ထုပ်ဝန်ပိုးတစ်ခု ဖိစီးလာနိုင်မည်ဖြစ်ပြီး ယင်းအခြေအနေ
များလည်းမဖြစ်စေဘဲ မြန်မာနိုင်ငံသည်လည်း နိုင်ငံတကာ
အဆင့်အတန်းတစ်ခု ရောက်ရှိနိုင်ရန်အတွက် ပြုပြင်
ပြောင်းလဲရေး ကာလတစ်ခုတွင် မည်ကဲ့သို့ဖြေလျှော့မှုများ
လုပ်ရမည်ကို စဉ်းစားရမည့်အခြေအနေတစ်ခု ဖြစ်သည်ဟု
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က
ဆက်လက်ပြောသည်။
အစိုးရသစ်တာဝန်ယူသည့် အချိန်ကာလအတွင်း
ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍသည် အမြင့်ဆုံးမှာ
ရောက်နေသည့် မိုးပျံပူဖောင်းသဖွယ် ဖြစ်နေသည့်
အနေအထားသို့ရောက်ရှိနေခဲ့ပြီး ဈေးနှုန်းများသည်လည်း
၂ဝဝ၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂ဝ၁၅ ခုနှစ်တွင် ဆယ်ဆ
ပြောင်းလဲနေ သည့်အခြေအနေတွင်ဖြစ်ပေါ်ခဲ့သည်ဟု
ဝန်ကြီးချုပ်ကဆက်လက်ပြောသည်။
အိမ်ခြံမြေကဏ္ဍ၏ စီးပွားတိုးတက်မှုသည် မိုးပျံပူဖောင်း
တက်သလိုမဟုတ်ဘဲ စနစ်တကျတစ်ဆင့်ချင်းဖွံ့ဖြိုး
တိုးတက်ရေး လမ်းကြောင်းပေါ်တွင် မကြာမီတွင်
မြင်တွေ့ရလိမ့်မည်ဟု ၄င်းက ပြောသည်။
ယင်းပွဲတွင်
- အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်အခွန်များ
အား ၃ဝ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းသို့ ယာယီနှစ်နှစ်ခန့်
လျှော့ချပေးနိုင်ရေး၊
- စီမံကိန်းများ အာမခံထား၍စီမံကိန်း အကြီးအသေးအပေါ်
မူတည်ပြီး သုံးနှစ်မှ ၁ဝ နှစ်အထိ ဘဏ်ချေးငွေ ရရှိရေး၊
- ဘဏ်ချေးငွေအတိုးနှုန်းများအား ယနေ့ ၁၃ ရာခိုင်နှုန်းမှ
၉ ရာခိုင်နှုန်းသို့လျှော့ချပေးနိုင်ရေး၊
- အိမ်ရာဝယ်ယူသူများ အတွက် ၁၅ နှစ်မှအနှစ် ၂ဝ အထိ
ဘဏ်ချေးငွေများဖြင့် ဝယ်ယူခွင့် ထိထိရောက်ရောက်
ရရှိနိုင်ရေး၊
- တည်ဆောက်ရေးဆိုင်ရာ ခွင့် ပြုမိန့်များထုတ်ပေးမည့်
ကာလသတ်မှတ်ချက်ကြေညာပေးနိုင်ရေးနှင့်
- နိုင်ငံတော် ဘတ်ဂျက်ငွေဖြင့် ဆောင်ရွက်မည့်
တည်ဆောက်ရေးလုပ်ငန်းအရေအတွက် များများ
အကောင်အထည်ဖော်ပေးနိုင်ရေးတို့ကို တင်ပြခဲ့ကြသည်။
(TTMT)
credit - 7day Daily & DemocracyToday
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:
Post a Comment