“ဘဏ်ချေးငွေနှင့် အတိုးနှုန်း သတင်များ”
၁။ "တစ်ဆင့်ခံ နှစ်ရှည် ချေးငွေရဲ့ အတိုးနှုန်း
ပြန်သုံးသပ်ပေးမည်ဟုဆို"
တစ်ဆင့်ခံ နှစ်ရှည်ချေးငွေ (Two Step Loan) တွေရဲ့
အတိုးနှုန်းတွေကို ပြန်လည် သုံး သပ်ပေးမယ်လို့
စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး
ဦးဆက်အောင်က ပြောပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံတော်၏
အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေး
လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲရဲ့ စကားဝိုင်းဆွေးနွေးမှုမှာ
တော်ဝင်မိသားစု ကုမ္ဗဏီက ဥက္ကဋ္ဌ ဦးကိုကိုထွေးရဲ့
မေးမြန်းမှုကို ဖြေကြားရာမှာ ဦးဆက်အောင်က အခုလို
ထည့်သွင်း ပြောကြားတာ ဖြစ်ပါတယ်။
ဦးကိုကိုထွေးက
“ကျွန်တော် တို့ကြားမိတာပေါ့နော်၊
အိုးအိမ် က ဖွင့်ထားတဲ့ ဘဏ်မှာရတဲ့ အတိုးနှုန်းက
ဝ.၅ ရာခိုင်နှုန်းပဲရပါတယ်၊
တကယ် SME တွေကို ပြန်ချေးတော့ ရှစ် ရာခိုင်နှုန်း
ဖြစ်သွားပါ တယ်၊
ဒါ့ရဲ့ အကြောင်းပြချက် ကတော့ ဘာဖြစ်လဲဆိုတော့
တာဝန်ယူရတဲ့အတွက် ဆိုပြီးတော့ ဒါမျိုးတွေကို
တင်လိုက်တဲ့အတွက် တစ်ဖက်က ငွေချေးတဲ့လူကလဲ
စိတ်ပျက်ပါတယ်၊
သုံးရတဲ့သူတွေမှာလဲ ရှစ် ရာခိုင်နှုန်း ဖြစ်သွားတယ်၊
တကယ်တော့ တစ်ဖက်က ဝ.၅ ရာခိုင်နှုန်း ဖြစ်တယ်၊
ငွေလုံး ငွေရင်းနဲ့ ပေးတဲ့ သူက ဝ.၅ ဖြစ် တယ်၊
ကြားထဲက ပွဲစားသဘောမျိုးအာမခံတဲ့အဖွဲ့အစည်းက
သုံး ရာခိုင်နှုန်းထက်မလျော့နိုင်ဘူး ဆိုတာ သဘာဝကျ
ပါသလား ဒါ လေးကျွန်တော်မေးချင်ပါတယ်” လို့
ပြောကြားသွားတာဖြစ်ပါတယ်။
လက်ရှိ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ JICA ကနေ
ရတဲ့ ချေးငွေနဲ့ တောင်သူလယ်သမားတွေကို ထုတ်ချေး
ပေးနေ တဲ့ချေး ငွေ ရဲ့ Process မှာဆိုရင်လည်း
အစိုးရကို တစ်ဖက်နိုင်ငံက ထုတ် ချေးလိုက်တဲ့ချေးငွေ
အတိုးနှုန်း က နည်းနေပြီး တောင်သူတွေဆီကို အစိုးရ
က တစ်ဆင့်ပြန်ချေးတဲ့ အခါမှာ အတိုးနှုန်းက များနေ
ပါတယ်။ ဒါ့ကြောင့် ဦးကိုကိုထွေးအနေနဲ့ အခုလို
တင်ပြတာ ဖြစ်ပါ တယ်။
ဦးဆက်အောင်ကတော့ သည်အတိုးနှုန်းကိစ္စနဲ့
ပတ်သက် ပြီး
“နှစ်ရှည်ချေးငွေပေါ့နော်။
SME loan တွေကို ဒီဘက်ကနေအတိုး နည်းနည်းနဲ့
ချေးပြီးတော့ဟိုဘက်ကနေ အတိုးများများနဲ့ ကြားထဲ
ကနေ သုံးရာခိုင်နှုန်း ပွဲစားလိုယူတယ် ဆိုတဲ့ ကိစ္စကိုလဲ
ကျွန်တော်တို့ အကုန်ပြန်သုံးသပ်ပါ့မယ်”
လို့ ပြန်လည် ဖြေကြားပါ တယ်။
ဒါ့အပြင် လက်ရှိစီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုတဲ့သူတွေ
အတွက် ဘဏ်တွေကနေချေးတဲ့ ချေးငွေ အတိုးနှုန်းကို
လည်း လျှော့ချ ပေးဖို့၊ဗဟိုဘဏ်အနေနဲ့ သည်ကိစ္စကို
သုံးသပ်ပေးဖို့ ဦးကိုကိုထွေးက တင်ပြပါတယ်။
နိုင်ငံအနေနဲ့ငွေကြေးလည်ပတ်မှု များလေလေ၊
စီးပွား အကျိုး ဖြစ်ထွန်းလေလေဖြစ်ပါတယ်။
စီး ပွားရေးအတွက် လိုအပ်တဲ့ငွေကြေး လည်ပတ်မှု
ဟာ ဗဟိုဘဏ် နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ လက်ရှိ
ဗဟိုဘဏ်ရဲ့လုပ်ထုံးလုပ် နည်း တွေက
International Standard ဖြစ်အောင်လုပ်နေပေမဲ့
ဘဏ်ရဲ့လုပ်ပိုင်ခွင့်နဲ့ Customer တွေရဲ့ အခွင့်အရေး
ကိုတော့ International Standard မဖြစ်တဲ့ အတိုးနှုန်း
တွေ International လို ရတဲ့ ရပိုင်ခွင့်တွေမရှိဘူးလို့
ဆိုပါတယ်။
ဒါ့ကြောင့် ဗဟိုဘဏ် အနေနဲ့ အတိုးနှုန်းလျှော့ချဖို့နဲ့
ပတ်သက်ပြီး ဘယ်လိုဖြေရှင်းပေးဖို့စီစဉ် ထားသလဲ
ဆိုတာကို ဦးကိုကိုထွေးက စကားဝိုင်းဆွေးနွေးပွဲမှာ
မေးမြန်းခဲ့ ပါတယ်။
အတိုးနှုန်း လျှော့ချရေးနဲ့ ပတ်သက်ပြီး လက်ရှိမှာ
ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ
ဦးကျော်ကျော်မောင်က ပြောပါ တယ်။ ဒါပေမဲ့ ချေးငွေ
အပေါ် အတိုးနှုန်း လျှော့ချရင် အပ်ငွေအပေါ်မှာလည်း
အတိုးနှုန်းလျှော့ချရမှာ ဖြစ်ပြီး အပ်တဲ့သူတွေအနေနဲ့
လည်း မနစ်နာအောင် ကဏ္ဍပေါင်းစုံကနေ ထည့်သွင်း
စဉ်းစားနေတယ်လို့ ဆိုပါတယ်။
ဦးကျော်ကျော်မောင်က
“ဘဏ်တွေကနေ ချေးတဲ့ငွေတွေအ တိုးနှုန်းများပါတယ်
ဆိုရင် မှန်ပါတယ် မှားတယ်လို့ မပြောပါဘူး၊
ဒါပေမဲ့ အဲဒါကိုင်လို့ရှိရင် အပ်တဲ့ ငွေလဲ ကိုင်ရပါတယ်၊
အဲဒါတွေကို ကျွန်တော်တို့ လုပ်ကိုင်နေတာလဲ
ရှိပါတယ်၊ လုပ်နေပါတယ်၊ တင်ပြထား တာတွေလဲ
ရှိပါတယ်” လို့ ပြော ပါတယ်။
ဦးကိုကိုထွေးကလည်း ဗဟိုဘဏ်အနေနဲ့ ချေးငွေ
အပေါ်အ တိုးနှုန်းလျှော့ချနိုင်ရေးကို စဉ်းစားတဲ့ အခါမှာ
အပ်ငွေအတိုးနှုန်း လျော့ကျတာကို ကြည့်မနေသင့်ဘဲ
ချေးငွေထုတ်ချေးသူတွေဟာ အလုပ် လုပ်တဲ့ သူတွေ
ဖြစ်တဲ့အတွက် တိုင်းပြည်မှာ အလုပ်လုပ်တဲ့လူရဲ့
မျက်နှာကြည့်မှာလား၊ ထိုင်စားတဲ့ သူတွေရဲ့ မျက်နှာ
ကြည့်မှာလား ဆိုတာကိုတော့ ထည့်သွင်းစဉ်းစား
စေချင်တယ်လို့ ပြန်လည်တင်ပြ သွားပါတယ်။
(မာရီခိုင်)
*****
၂။ "ငွေရေးကြေးရေး အကူအညီ တောင်းခံလာသည့်
ပြည်တွင်းဘဏ် ခုနစ်ခုသို့ ကျပ် ၆၉၃ ဘီလျံကျော်
ဗဟိုဘဏ် ထုတ်ချေးမှု ငွေဖောင်းပွမှု ဖြစ်စေနိုင်သဖြင့်
ချင့်ချိန်သင့်ကြောင်း အကြံပြု"
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ငွေရေးကြေးရေး
အကူအညီ တောင်းခံလာသည့် ပြည်တွင်းဘဏ် ခုနစ်ခု
သို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကျပ် ၆၉၃ ဘီလျံ
ကျော်အထိ ထုတ်ချေးခဲ့ပြီး ထိုသို့ထုတ်ချေးမှုမှာ နိုင်ငံ
အတွင်း လှည့်လည်သုံးစွဲ နေသော ငွေကြေးပမာဏ
တိုးပွားကာ ငွေဖောင်းပွမှုဖြစ်စေနိုင်သဖြင့် ချင့်ချိန်
ဆောင်ရွက်သင့်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်း
ကော်မတီက အကြံပြုထားသည်။
ကမ္ဘောဇဘဏ် အပါအ၀င် ပုဂ္ဂလိကဘဏ်ခုနစ်ခုသို့
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်
အတွင်း အချိန် ၉၂ ရက်ထက်မပိုစေဘဲ ယာယီချေးငွေ
များကို ထုတ်ချေးခဲ့ခြင်းဖြစ်ပြီး ဘဏ်များသို့ ချေးငွေ
ထုတ်ချေးရာတွင် ငွေတိုက်စာချုပ်များကို အာမခံထား၍
အတိုးနှုန်း ၁၀ ရာခိုင်နှုန်းဖြင့် ရက်အလိုက် အတိုးနှုန်း
တွက်ချက်ရယူခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ငွေရေးကြေးရေး
အကူအညီ တောင်းခံလာသည့် ပြင်ပပုဂ္ဂလိက ဘဏ်များ
သို့ ယာယီချေးငွေ ထုတ်ချေးပေးခြင်းဖြင့် ပုဂ္ဂလိကဘဏ်
များ၏ ငွေကြေးလည်ပတ်မှု ပိုမိုကောင်းမွန်လာစေသည်
ဟု ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက အကြံပြု
ထားပြီး ချေးငွေရယူသည့် ဘဏ်များတွင်
ဧရာဝတီဘဏ်က ကျပ် ၂၂၅ ဘီလျံဖြင့် အများဆုံးဖြစ်ပြီး
မြန်မာ့ရှေ့ဆောင်ဘဏ်က ၁၇၉ ဘီလျံကျော်ဖြင့် ဒုတိယ
အများဆုံးဖြစ်ကာ ကမ္ဘောဇဘဏ်က ကျပ်ဘီလျံ ၁၃၀
ဖြင့် တတိယအများဆုံး ချေးယူခဲ့ကြောင်း သိရသည်။
ထိုသို့ ပြည်တွင်းပုဂ္ဂလိက ဘဏ်များထံ မြန်မာနိုင်ငံတော်
ဗဟိုဘဏ်မှ ယာယီငွေထုတ်ချေးမှုမှာ ပုဂ္ဂလိက ဘဏ်
များ၏ ငွေကြေးလည်ပတ်မှု၊ ပိုမိုကောင်းမွန်စေခြင်း၊
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အတွက် အတိုးဝင်ငွေ
ရရှိနိုင်ခြင်း စသော ကောင်းကျိုးများ ရရှိစေနိုင်သော်လည်း
နိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသည့် ငွေကြေးပမာဏ
တိုးပွားကာ ငွေဖောင်းပွမှု ဖြစ်စေနိုင်သဖြင့် ချင့်ချိန်
ဆောင်ရွက်သင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း
ကော်မတီက အကြံပြုထားသည်။
“မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ စုစုပေါင်း ငွေကြေး
ပမာဏနဲ့ သီးသန့်ငွေကြေး ပမာဏတွေကို ငွေကြေး
ပမာဏ ရည်မှန်းချက်တွေအဖြစ် ထားရှိပြီး သတ်မှတ်
ထားတဲ့ ရည်မှန်းချက်ဘောင်အတွင်း ရောက်ရှိအောင်
ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ငွေဖောင်းပွမှုနှုန်းဟာ
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ၉ ဒသမ ၉၉ ရာခိုင် နှုန်း
ရှိခဲ့ရာက
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၈၁ ရာခိုင်နှုန်းနဲ့
၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ ဒသမ ၆၁ ရာခိုင်နှုန်းသို့
အသီးသီး ကျဆင်းခဲ့ပါတယ်” ဟု မြန်မာနိုင်ငံတော်
ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က အစိုးရ၏
ဒုတိယနှစ် လုပ်ဆောင်ချက်များအကြောင်း ပြောကြား
ရာတွင် ထည့်သွင်းပြောကြားသည်။
(ဖြိုးဝေ)
credit - Kumudra News &
Eleven Media Group
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:
Post a Comment