Sunday, April 1, 2018

“ပွဲထွက်လာတော့မည့် ရန်ကုန်မြို့သစ် စီမံကိန်း”

“ပွဲထွက်လာတော့မည့် ရန်ကုန်မြို့သစ် စီမံကိန်း”

၁။ "ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရာနှုန်းပြည့်
ပိုင်ဆိုင်သော ရန်ကုန်မြို့သစ် စီမံကိန်း မိတ်ဆက်ပွဲ
အခမ်းအနား ကျင်းပ"

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြစ် အနောက်ဖက်ကမ်း
ရှိမြေပေါ်တွင် တည်ဆောက်ရန်အတွက် ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့မှ ရာနှုန်းပြည့်ပိုင်ဆိုင်သော
New Yangon Development Company LTD (NYDC)
ဖွဲ့စည်း ထူထောင်ကြောင်း မိတ်ဆက်ခြင်း အခမ်းအနားကို
မတ်လ ၃၁ ရက် နံနက်ပိုင်းတွင်  ရန်ကုန်မြို့၊ ပြည်လမ်းရှိ
LOTTE ဟိုတယ်တွင် ကျင်းပခဲ့သည်။

- ရန်ကုန်မြို့သစ်သည် အလုပ်အကိုင် ၂ သန်း ဖော်ထုတ်ရန်
ရည်ရွယ်ကြောင်း ၊
- ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမီတက်သည်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရာနှုန်းပြည့်
ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ကြောင်း၊
- လုပ်ငန်း ပထမအဆင့်၏ ကနဦး အခြေခံ အဆောက်အအုံ
ဆောက်လုပ်ခြင်းအတွက် ကုန်ကျစရိတ်သည် အမေရိကန်
ဒေါ်လာ ၁.၅ ဘီလီယံကျော် ကုန်ကျမည်ဟု
ခန့်မှန်းထားကြောင်း၊
- တရားမျှတသော ယှဉ်ပြိုင်မှု၊ စွမ်းဆောင်ရည်ရှိမှု နှင့်
ပွင့်လင်းမြင်သာမှုတို့ရှိရန် Swiss Challenge Model ကို
အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

NYDC ကို အထူးကုမ္ပဏီ အက်ဥပဒေဖြင့်ဖွဲ့စည်း
တည်ထောင်ခဲ့ပြီး၊မြို့သစ်တည်ဆောက်ရေးလုပ်ငန်း
ပထမအဆင့် နှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံ
လုပ်ငန်းသည် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ
၁.၅ ဘီလီယံကျော် ကုန်ကျမည်ဟုမျှော်မှန်းထားကြောင်း၊
အဆိုပါ လုပ်ငန်းများတွင် 
မြို့ နယ်အသေး၅ခု၊တံတား ၂စင်း၊
၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်းများ၊
၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစက်ရုံ၊
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဆောက်အအုံများ၊
ရေသန့် နှင့် ရေဆိုးထုတ်လုပ်သည့်စက်ရုံများ ပါဝင်မည်
ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က
“ စက်မှုအခြေခံ တည်ဆောက်ခြင်းသည် အလုပ်အကိုင်များ
ဖန်တီးပေးမည်ဖြစ်ပြီး အဲဒီကတဆင့် အကျိုးကျေးဇူးများကို
တခြားကဏ္ဍတွေကို တဖြည်းဖြည်းစီးဆင်းစေမှာ
ဖြစ်ပါတယ်။
ရန်ကုန်မြို့ မှာ အလုပ်အကိုင် ၂ သန်း ဖန်တီးပေးပြီး
ဒေသခံ စီးပွားရေးလုပ်ငန်းများကို အထောက်အကူပေးခြင်း
နှင့် နိုင်ငံတကာမှ စီးပွားရေး ကုမ္ပဏီများကိုလည်း
ဆွဲဆောင်နိုင်ဖို့မျှော်လင့်ပါတယ်။
ဒီစီမံကိန်းကနေ အခြေခံအဆောက်အဦးနဲ့ လူတန်းစား
အားလုံးအတွက် တန်ဖိုးသင့်နေထိုင်စရာများလည်း
ပါဝင်မှာဖြစ်ပါတယ်’’ ဟုပြောသည်။

ရန်ကုန်မြို့သည် နိုင်ငံ၏ စီးပွားရေး ဗဟို အချက်အခြာ
ဖြစ်နေပြီး နိုင်ငံ၏ အမျိုးသား ဂျီဒီပီ ၂၆ ရာခိုင်နှုန်း ရှိသည့်
ငွေကျပ် ၁၉.၃ ထရီလီယံ ထုတ်လုပ်ပေးနေကြောင်း၊
ရန်ကုန်မြို့ ၏ လူဦးရေသည် လာမည့် ၁၀ နှစ် တွင်
၁၀ သန်းအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပြီး၊
တိုးပွားလာသည့် လူဦးရေကြောင့် အလုပ်အကိုင်၊
လူနေအိမ် နှင့် အခြေခံအဆောက်အဦးအပါအဝင်
သန့်ရှင်းသောရေဖြန့်ဖြူးပေးဝေရေး နှင့် လျှပ်စစ်ဓာတ်အား
လုံလောက်စွာပေးနိုင်ရေးတို့အပေါ်တွင် ကိုင်တွယ်
ဖြေရှင်းရန် လိုအပ်လာမည်ဖြစ်ကြောင်း သိရသည်။

NYDC ကို ဒါရိုက်တာဘုတ်အဖွဲ့မှ စီမံခန့်ခွဲမည်ဖြစ်ပြီး၊
၎င်းသည် ယင်းကော်ပိုရေးရှင်း၏ အမြင့်ဆုံးအာဏာပိုင်
အဖွဲ့ဖြစ်ကြောင်း၊
၎င်းဒါရိုက်တာဘုတ်အဖွဲ့တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ
နှင့် နိုင်ငံတကာမှ ဂုဏ်သတင်းကျော်ကြားသည့်
လွတ်လပ်သော ဒါရိုက်တာများ ပါဝင်မည်ဖြစ်ကြောင်း
သိရသည်။

NYDC ၏ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ
ဦးသိမ်းဝေ (Mr. Serge Pun) က
“ကျွန်တော်တို့ ရဲ့ မြေယာစီမံခန့်ခွဲမှု၊ အလုပ်သမားမူဝါဒ ၊
ပညာရေးမူဝါဒ၊ အစိုးရ၏ အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်း
အဆင့်ဆင့်နဲ့ ဆက်စပ်တဲ့ စည်းမျဉ်းစည်းကမ်းများကို
အစိုးရနဲ့ နီးကပ်စွာလုပ်ဆောင်သွားဖို့ မျှော်လင့်ရတဲ့အပြင်
ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ ၊ မိတ်ဖက်များ နဲ့လည်း
လုပ်ငန်းများ အတူတူလုပ်ဆောင်သွားဖို့ မျှော်မှန်းပါတယ်’’
ဟုပြောသည်။

NYDC ၏ လွတ်လပ်သည့် ဒါရိုက်တာဖြစ်သူ စင်္ကာပူ
နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဝန်ကြီးဟောင်းဖြစ်သူ
Mr.George Yeo က
“ရန်ကုန်မြို့သစ်တည်ဆောက်ရေး အခြေခံကနဦး
အခြေအနေမှစပြီး အစပြုရတဲ့ အတွက် အုပ်ချုပ်မှုအဖွဲ့
အနေနဲ့ မြို့သစ်ကို လူမှုရေးသဟဇာတဖြစ်စေဖို့
ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရှိတဲ့ နေချင်စဖွယ် မြို့သစ်တစ်ခု
ဖြစ်ဖို့ စီးပွားရေးအောင်မြင်ဖြစ်ထွန်းစေဖို့ မြူနီစပါယ်
အုပ်ချုပ်မှု ပုံစံသစ်များ နဲ့ စမ်းသပ်လုပ်ဆောင် နိုင်မှာ
ဖြစ်ပါတယ်။
ဒီနည်းနဲ့ ရန်ကုန်မြို့ဟောင်းနဲ့ မြန်မာနိုင်ငံရဲ့  တခြားဒေသ
များနဲ့ ကိုက်ညီမှု ရှိတဲ့ စံနမူနာကောင်းများကို ဖော်ဆောင်
သွားနိုင်မှာ ဖြစ်ပါတယ်’’ ဟုပြောကြားခဲ့သည်။

လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊
ဝန်ကြီး၊ NYDC ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်နီလာကျော် မှ
“NYDC ဥက္ကဋ္ဌအဖြစ် အရွေးခံရတဲ့ အတွက် ဂုဏ်ယူမိ
ပါတယ်။
နိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲကို
လုပ်ဆောင်နိုင်မယ်လို့ မှတ်ယူမိပါတယ်။
စီမံကိန်းမှာ ပါဝင်ပတ်သက်သူ အားလုံးနဲ့ ထိရောက်စွာ
ညှိနှိုင်းဆောင်ရွက်သွားပြီး၊ စီမံကိန်းအောင်မြင်အောင်
စွမ်းဆောင်သွားမှာပါ’’ ဟုပြောသည်။

*****

၂။ "ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်း ဆောင်ရွက်ရန်
မြေတိုင်းတာမှု စတင်မည်"

ရန်ကုန် အနောက်တောင် မြို့သစ်စီမံကိန်း ဆောင်ရွက်ရန်
မတ်လကုန်မှစတင်ကာ မြေတိုင်းတာမှုလုပ်ငန်းများ စတင်
ဆောင်ရွက်မည်ဖြစ်ကြောင်း တွံတေးမြို့နယ် မဲဆနနယ်
အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာကျော်ဇင်ဦးက ပြောကြားသည်။

ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုနှင့်
တွံတေးမြို့နယ်တို့တွင် ဖော်ဆောင်မည့် မြို့သစ်စီမံကိန်း
အတွက် မြေတိုင်းတာခြင်းလုပ်ငန်းများကို မတ်လကုန်မှ
ဇူလိုင်လ ၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု
လက်ရှိ ကြည့်မြင်တိုင်မြို့နယ်တွင် မြေသားစမ်းသပ်ရန်
ရုံးခန်း စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။

“အခုမတ်လကုန်မှာ မြေသား စမ်းသပ်ဖို့ တိုင်းဒေသကြီး
အစိုးရအဖွဲ့က ဒေသခံတချို့နဲ့ အစည်းအဝေးလုပ်တဲ့အခါမှာ
ပြောသွားပါတယ်။
လယ်မြေ ပိုင်ဆိုင်သူတွေ အနေနဲ့လည်း ဧပြီလ ၅ ရက်
နောက်ဆုံးထားပြီး တိုင်းအစိုးရကို ဆက်သွယ် အကြောင်း
ကြားရမယ်။
လယ်မြေတစ်ဧကကို မြို့မြေ ၂၀ ရာခိုင်နှုန်း၊ မယူချင်သူတွေ
အနေနဲ့ ကျပ်သိန်းတစ်ရာ လျော်ကြေးပေး ပါတယ်”ဟု
၎င်းက ဆိုသည်။

ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်း ဖော်ဆောင်မည့်
နေရာတွင် လယ်မြေများ ပိုင်ဆိုင်သူများအနေနှင့် ဧပြီ ၅ ရက်
နောက်ဆုံးထားကာ အကြောင်းကြားရမည်ဖြစ်ပြီး သတ်မှတ်
နေ့ ထက်ကျော်လွန်ပါက မြေသိမ်းဆည်းခြင်း လုပ်ငန်းများကို
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့မှ မတ်လဆန်းက ထုတ်ပြန်
ကြေညာထားသည်။

အဆိုပါ လယ်မြေပိုင်ဆိုင်သူများကို မြေယာလျော်ကြေးအဖြစ်
တစ်ဧကလျှင် မြို့မြေသတ်မှတ်ပြီးသည့် မြေ ၂၀ ရာ ခိုင်နှုန်း
(သို့) တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ပေးလျော်သွား
မည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်ဧပြီလမှ
စက်တင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ
စီမံကိန်း ဥပဒေကြမ်းတွင်လည်း ထည့်သွင်း၍ ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော်ကို တင်ပြထားကြောင်းနှင့် မြို့သစ်
စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
ဦးဆောင်သည့် New Yangon Development Company
က လုပ်ဆောင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်
များထံမှ သိရသည်။

အနောက်တောင် မြိုသစ်စီမံကိန်းကို ကြည့်မြင်တိုင်၊
ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြိုနယ်ရှိ လယ်မြေဧက
သုံးသောင်းခန့်တွင် လုပ်မည် ဖြစ်သည်။

credit - The Voice Myanmar &
Xinhua Myanmar

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

"အိမ်ရာဝယ်ယူမှုအတွက် ၀င်ငွေခွန် လျှော့သင့် မသင့်"

"အိမ်ရာဝယ်ယူမှုအတွက် ၀င်ငွေခွန် လျှော့သင့် မသင့်"

အခု ရက်ပိုင်း လပိုင်းတွေမှာ မြန်မာ့စီးပွားရေး ရပ်တန့်
နေမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စီးပွားရေးကဏ္ဍအလိုက်
ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ကုစားနိုင်ဖို့
နည်းလမ်းတွေကို အစွမ်းကုန်ရှာကြံပြီး မူဝါဒ ချမှတ်
ပေးနိုင်သူ အစိုးရရဲ့ထိပ်ပိုင်းပုဂ်္ဂိုလ်တွေနဲ့ တွေ့ဆုံတင်ပြ
ဆွေးနွေးတာတွေကို အားတက်ဖွယ် တွေ့ရပါတယ်။

အချင်းချင်းလည်း သက်ဆိုင်ရာအစုအသင်းအဖွဲ့ အလိုက်
ရပ်တည်တောင့်ခံနိုင်ဖို့ကိုလည်း ကြိုးစားနေကြတာကို
လည်း စိတ်မကောင်းစွာ တွေ့ရပါတယ်။

နိုင်ငံတစ်ခုရဲ့ မက္ကရို စီးပွားရေးသာ ပြိုလဲသွားရင် သူ့ကို
တည်မှီ ရပ်တည်နေရတဲ့ SME တွေ ၊ မိုက်ခရို စီးပွားရေးတွေ၊
အိမ်ထောင်စုတစ်ခုချင်း၊ လူတစ်ဦးချင်း စီးပွားရေးတွေပါ
လိုက်ပါ ပြိုလဲသွားတတ်တယ်ဆိုတာကြောင့်
မြန်မာရဲ့ မက္ကရိုစီးပွားရေးကဏ္ဍကြီး မပြိုလဲအောင် သူတို့
ဝိုင်းဝန်းအားထုတ်နေတယ်လို့  မြင်မိပါတယ်။

ဒီလို အားထုတ်တဲ့နေရာမှာ သိသာ မြင်သာစေတာကတော့
မြန်မာ့စီးပွား ရေးရဲ့ အဓိကမဏ္ဍိုင် လုပ်ငန်းတွေ ဖြစ်တဲ့
ဆောက်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဘဏ်လုပ်ငန်း
ကဏ္ဍတွေက ပိုမို လုပ်ကိုင် နေတယ်ဆိုတာ ပါပဲ။

မြန်မာ့အိမ်ခြံမြေ ဈေးကျနေချိန်မှာတောင်
အရောင်းအ၀ယ်တွေ ပါးနေမှု၊
လုပ်ငန်းတွေအတွက် လုပ်သာကိုင်သာ မဖြစ်စေတဲ့
ဘဏ်တိုးနှုန်း၊ ကြီးမြင့်နေတဲ့ အခွန်နှုန်းထားတွေက
စီးပွား ရေးရပ်တန့်နေမှုရဲ့ အဓိက လက်သည်တွေလို့
တွက်ဆမိချိန်မှာ အစိုးရကို အနာပြပြီး ဆေးတောင်း
ရပါတော့တယ်။

အခု လက်ရှိမြင်ရပုံဆို ဆေးတောင်းရုံတင် မကတော့ပဲနဲ့
ဆေးဖော်နည်းပါပြပြီး ဆေးသောက်ခွင့် တောင်းနေရတဲ့
အထိ ဖြစ်နေတာကိုပါ။

ဘဏ်တိုးနှုန်းတွေကိုတော့ ဘယ်လောက် ရာခိုင်နှုန်းမှာ
ထားပေးပါ။ ဒေသထွက် မွေးမြူရေးတွေ ငါးဖမ်းလုပ်ငန်းတွေ
တိုးတက်အောင် ဘယ်လိုမူဝါဒလေးချမှတ် ပေးပါ။
အိမ်ရာဝယ်ယူမှုတွေ ရပ်တန့်နေတဲ့အတွက် ၀င်ငွေခွန်လေး
ကို ဘယ်လောက် ရာခိုင်နှုန်းအထိ လက်တလောချပေးပါ
ဆိုတဲ့ အစိုးရကို တင်ပြတောင်းဆိုသံတွေကို ကြားမိသူတိုင်း
မြန်မာ့စီးပွားရေးရဲ့ လက်ရှိအခြေအနေကို ဆ၀ါးမိကြမှာပါ။

ဒီလို မြန်မာ့စီးပွားရေး ပြန်လည်နာလန် ထူနိုင်ဖို့အတွက်
အကြံပြုတယ်ပဲပြော ပြော၊ တောင်းဆိုတယ်ပဲဆို ဆို
အထက်က ပြောသလိုအချက်တွေထဲကမှ ၀င်ငွေခွန်
လျှော့ပေးဖို့ဆိုတဲ့အချက်ကိုပဲ ဆွေးနွေးချင် ပါတယ်။

ယခုလိုမျိုး ၀င်ငွေခွန်နှုန်းထား မြင့်တက်မှုကြောင့်
မြန်မာ့အိမ်ခြံမြေဈေးဟာ ၁၉၉၈ ခုနှစ် တပ်မတော်အစိုးရ
လက်ထက်မှာ အိမ်ခြံမြေဈေးကွက် အကြီးအကျယ် ယိုင်နဲ့
ခဲ့ဖူးပါတယ်။ ဒါကိုသိတဲ့ အစိုးရအနေနဲ့ ဗဟိုဘဏ်၊
ပြည်တွင်း အခွန်များဦးစီးဌာနတွေနဲ့ ညှိနှိုင်းပြီး ၈၈/ ၉၈
ဆိုတဲ့ အမိန့်ကြော်ငြာစာနဲ့ ၀င်ငွေခွန်နှုန်းထားကို
၅ ရာခိုင်နှုန်းအထိ လျှော့ချပေး ခဲ့တဲ့အတွက် အိမ်ခြံမြေ
ဈေးကွက်ဟာ ၂ နှစ်အတွင်းမှာ ပုံမှန် လည်ပတ်နိုင်ခဲ့တဲ့
သာဓကတစ်ခုဖြစ်ခဲ့ဖူးပါတယ်။

အခုလည်း အိမ်ခြံမြေလောက တုံ့ဆိုင်းနေတာဟာ
၁၉၉၈ ခုနှစ်က ပုံစံအတိုင်းဖြစ်နေတယ်ဆိုတာ သက်ဆိုင်ရာ
ပညာရှင်အားလုံး သိနှင့်ပြီးသား ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရဆိုရင် အိမ်ခြံမြေလောက
အေးစက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ ရပ်နေရလို့
လုပ်ငန်း တစ်ခုကို အလုပ်သမား ငါးထောင်ကျော်ကနေ
တစ်သောင်းလောက် ရှိနေတဲ့ ဆောက်လုပ်ရေး လုပ်ငန်း
တစ်ချို့ ဆိုရင် သူတို့လုပ်သားတွေကို အလုပ်မပေးနိုင်
တော့တဲ့ အခြေအနေအထိ ရောက်နေပါ ပြီ။

အခုဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အနေနဲ့
လက်ရှိကောက်ခံ နေတဲ့ ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်းကနေ
၅ ရာခိုင်နှုန်း (သို့မဟုတ်) ၁၀ ရာခိုင်နှုန်း အထိလောက်
လျှော့ချပေးဖို့ သက်ဆိုင် ရာ အစိုးရ လူကြီးတွေဆီကို
တင်ပြတောင်း ဆိုထားတယ်လို့ သိရပါတယ်။

ဒီအကြံ ပြုချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေနဲ့
နောင်လာမယ့် ၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြင်ဆင်ပေးသွားမယ်
လို့ ဆိုထားပြီး မန်္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ကလည်း
“အခက်အခဲတွေကို လက်တွဲ ဖြေရှင်းက ဖြေရှင်းနိုင်ကြောင်း၊
အခုအခြေ အနေဟာ စီးပွားရေး stagnant (ရပ်တန့်) နေပြီး
Recession (စီးပွားပျက်မှု) သို့ ရောက်တော့မယ်လို့
ခင်ဗျားတို့ပြောနေတာကို နားလည်သဘောပေါက်ကြောင်း၊
အနာနဲ့ ကိုက်ညီတဲ့ဆေး ရှိပါတယ်။ လုပ်ပေးဖို့ပဲ လိုပါတယ်။
Liberalisation (ဖြေလျှော့မှုတွေ) တွေလုပ်ဖို့ ကျွန်တော်တို့
သဘောတူတယ်၊ ခင်ဗျားတို့ တင်ပြချက်တွေ အရ
Financial reform လုပ်စေချင်တာ၊ ကျွန်တော်တို့လုပ်ကြ
ရပါမယ် ဆိုတဲ့ သတင်းစကားကို သက်ဆိုင်ရာ
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ မန္တလေးမြို့မှာ
တွေ့ဆုံစဉ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီသတင်းစကားတွေဟာ လက်ရှိရပ်တန့်နေတဲ့
ဆောက်လုပ် ရေးလောက၊ အိမ်ခြံမြေလောကကို
မသေအောင် ဆွဲမဆန့်ထားနိုင်ပါဘူး။

တချို့တွေကတော့ ပြောကြပါတယ်၊ ဒီလို ၀င်ငွေခွန်ကို
မြှင့်ထားတယ် ဆိုတာ ငွေဖြူမပြနိုင်တဲ့ ငွေမဲတွေကို
ထိန်းချုပ်ရာရောက်တယ်ဆိုပြီးပြောကြပါတယ်။

ဒါပေမယ့် ဘဏ်တွေက ချေးထားတဲ့ စာရင်းပို ထုတ်ချေးငွေ
OD Loan(Over Draft Loan) ကိစ္စတောင် ပြေလည်အောင်
မလုပ်နိုင်ခင် အချိန်ကြား ကာလထဲမှာ လုပ်ငန်းတွေ
ဆက်လက်လည်ပတ်နိုင်ဖို့ အတွက် ပိုက်ဆံကို ရတဲ့နည်းနဲ့
ထိုးထည့်ပြီး ကျားကန်ထားနိုင်ဖို့က ပိုအရေးကြီး ပါတယ်။
လောလောဆယ် အသက်ကယ် လုပ်ငန်းမှာ
ကြောင်ဖြူပဲဖြစ်ဖြစ် ကြောင်မဲပဲ ဖြစ်ဖြစ် ကြွက်ခုတ်တတ်ဖို့
သာ အရေးကြီး ပါတယ်။ လုပ်ငန်းတွေ ပြန်လည် လည်ပတ်
သွားနိုင်ပြီ၊ဈေးကွက်ကလည်း ကောင်းမွန်လာပြီ ဆိုရင်တော့
သင့်လျော်တဲ့ အခွန်နှုန်း ထားကို ပြန်လည် ပြင်ဆင်ပြီး
ကောက်သင့် ပါတယ်။

“ကျွန်တော်တို့ အိမ်ခြံမြေ အခွန် အခ နှုန်းထားတွေ က
တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် အတော်လေး
များနေ တာကို တွေ့ရပါတယ်။
အခွန်နှုန်းထားတွေက အရင်အစိုးရ လက်ထက်တုန်းက
၁၅ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်။ နောက်ပိုင်း မှာ ၃၀ ရာခိုင်နှုန်း
ဖြစ်သွားတယ်။ ၃၀ ရာခိုင်နှုန်း အခွန်သာ တိုးသွားတယ်။
အမှန်တကယ် အခွန်ကောက်ခံရရှိမှု ၀င်ငွေက တိုးမလာတဲ့
အပြင် ကျသွားတာကို တွေ့ရတယ်။
ဈေးကွက်ထဲမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ အိမ်ခြံမြေ
ဝယ်တယ်ဆိုရင် ၃၀ ရာခိုင်နှုန်းဆိုတာ အလွန်များပြား
နေတာမို့ အခွန် တိမ်းရှောင်မှုတွေ ဖြစ်လာတယ်။
အဓိက,ကတော့ အိမ်ခြံမြေ ဈေးကွက် အနေအထား
အတော်လေး အေးနေတယ်။
ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း အကုန်လုံးနီးပါး
အခက်အခဲ ကြုံတွေ့နေရတယ်။
တချို့ဘဏ်ကနေ ချေးငွေတွေယူပြီး ဆောက်လုပ်ရေး
လုပ်ငန်းတွေ လုပ်ကြတယ်။
တစ်ဖက်ကလည်း အိမ်ခြံမြေဈေးကွက် မကောင်းတာကြောင့်
တိုက်ခန်းတွေ မရောင်းရတာမို့ ဆောက်လုပ်တဲ့ စရိတ်တွေသာ
ဝင်သွားတယ်။ ၀င်ငွေတွေ မရဘူး။
တချို့ကလည်း ဘဏ်ချေးငွေနဲ့ လုပ်နေရတာကြောင့်
ဘဏ်တိုးတွေ ထပ်ခါတလဲလဲ ပေးနေရတယ်။
ဘေးကျပ်နံကျပ် အနေအထားမျိုး ဖြစ်နေတာကို တွေ့ရတယ်။
ဒီလိုပုံစံ အနေအထားမျိုးမှာ အစိုးရက ကူညီဖြေရှင်းပေးမှ
သာလျှင် ဒီကိစ္စပြေလည်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီလို လုပ်ပေးနိုင်တဲ့ အထဲမှာ အခွန်ကိစ္စလည်း အပါအ၀င်
ဖြစ်ပါတယ်။ အိမ်ခြံမြေ ဈေးကွက် မြန်မြန် ဆန်ဆန် ပြန်လည်
လှုပ်ရှားလာဖို့ အခွန် နှုန်းထားတွေကို ငါးရာခိုင်နှုန်းအထိ
လျှော့ချပေးပြီး နှစ်နှစ်အထိ မလျှော့ချ ပေးနိုင်ရင်တောင်
တစ်နှစ်ကို ငါးရာခိုင်နှုန်း လျှော့ချပေးမယ်။
နောက်တစ်နှစ်ကျ တော့ နည်းနည်းလေး ပြန်တက်ရင်
တက်မယ်။ ဒီလိုသာ လျှော့ချပေးမယ်ဆိုရင် အိမ်ခြံမြေ
ဈေးကွက်ကို ပိုစိတ်ဝင်စားမယ့်သူတွေ များလာမယ်။
အဓိက,ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံ
ချင်တဲ့သူတွေဟာ ပိုက်ဆံမရှိတာ မဟုတ်ဘဲ ရှိတဲ့ ပိုက်ဆံ
အများစုကို ဘဏ်ထဲမှာ ပိုက်ဆံထည့်ပြီး ဘဏ်တိုးနဲ့ပဲ
နေကြတယ်။
ဘာလို့လဲဆိုတော့ တစ်ဖက်က နိုင်ငံစီးပွားရေးကလည်း
မကောင်းတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြဘူး။
တစ်ဖက်က ပြန်ကြည့်မယ်ဆိုပြန်ရင်လည်း အိမ်ခြံမြေ
ဈေးကွက်ကလည်း မကောင်းဘူး။
အိမ်ခြံမြေဈေးကွက်ထဲလည်း မထည့်ကြဘူး။
စီးပွားရေးလုပ်ငန်းထဲလည်း မထည့်ကြဘဲ ဘဏ်ထဲမှာပဲ
စုဆောင်းငွေတွေ အများကြီး ဖြစ်နေတာကို တွေ့ရပါတယ်။
နိုင်ငံတနိုင်ငံမှာ စုဆောင်းငွေအများအပြားဖြစ်နေတာကလည်း
မကောင်းပါဘူး။ သူ့ အထိုက်အလျောက် ငွေကြေး စီးဆင်းမှု
ဆိုတာ ရှိသင့်ပါတယ်။
အိမ်ခြံ မြေ လုပ်ငန်းမှာလည်း ဆောက်လုပ်ရေး လုပ်ငန်း
တွေထဲကို ရင်းနှီးမြှုပ်နှံမှု ငွေတွေ စီးဆင်းသွားမယ်ဆိုရင်
အလုပ်အကိုင် အခွင့်အလမ်းတွေ ငွေကြေးလည်ပတ်
စီးဆင်းမှုတွေ ဖြစ်လာမယ်။
အစိုးရကနေ ပြုပြင်ထိန်းကျောင်းပေးမယ်ဆိုရင် အခြေ အနေ
ကောင်းတွေ ဖြစ်ပေါ်လာနိုင်တယ်။” ဆိုတဲ့ မြန်မာနိုင်ငံရဲ့
အကြီးဆုံး အိမ်ခြံမြေ ရောင်းဝယ်ငှား ၀ဘ်ဆိုက်
iMyanmar House (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ရဲ့
မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူရဲ့ ပြည်တွင်း မီဒီယာတွေ
မေးမြန်းမှုကို ဖြေကြားသွားတဲ့ အချက်တွေကလည်း
ဒီကိစ္စ အတွက် Solution တွေ ပါပဲ။

ဒါ့ကြောင့် သတင်းအချက်အလက်နဲ့ Database အင်မတန်
အားနည်း သေးတဲ့ ကျွန်တော်တို့ နိုင်ငံမှာ အိမ်ခြံမြေ
ရောင်းဝယ်မှုကနေအခွန်ကောက်ခံရရှိ မှုဟာ အခွန်နှုန်း
တိုးမြှင့်ထားသော်ငြား လည်း
၂၀၁၅ ခုနှစ်မှာ ကျပ်ငွေ (၁၂၂) ဘီလီယံကနေ
၂၀၁၇ ခုနှစ်လည်း ရောက်ရော ကျပ်ငွေ (၂၅) ဘီလီယံသာ
ရရှိခြင်းကို ကြည့်ခြင်းအားဖြင့် ၀င်ငွေခွန်နှုန်းထား
လျှော့သင့် မသင့်ဆိုတာကို သက်ဆိုင်ရာ အနေဖြင့် မြန်မြန်
ဆုံးဖြတ်ချက် ချနိုင်ဖို့ ဆန္ဒပြုရင်း။

(ဘအေး)

credit - Myanmar Business News

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“ပဲခူးမြေဈေးနှင့် မဖြစ်မနေလုပ်မည်ဆိုသော ဟံသာဝတီ”

“ပဲခူးမြေဈေးနှင့် မဖြစ်မနေလုပ်မည်ဆိုသော ဟံသာဝတီ”

၁။ "မရေရာသည့် ဟံသာဝတီလေဆိပ် စီမံကိန်းကြောင့်
ပဲခူးအိမ်ခြံမြေဈေး ခေါက်ချိုးကျ"

ပဲခူးတိုင်း၊ ပဲခူးမြို့အနီးတွင် အကောင်အထည်ဖော်မည့်
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း
ဆောက်လုပ်ရန် မရေမရာဖြစ်နေသောကြောင့် ပဲခူးမြို့၏
အိမ်ခြံမြေဈေးများ တရိပ်ရိပ်ပြန်လည်ကျဆင်းနေကြောင်း
ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများက
ပြောသည်။

''အိမ်ခြံမြေဈေးကွက်က အေးတာပေါ့။
လေဆိပ်အရှိန်ကြောင့် ဈေးတွေက တက်ထားတာကို။
လမ်းမဘေးဆိုလည်း ၅ဝဝ လောက်တန်တဲ့ဟာတွေလည်း
၁,၅ဝဝ လောက်ဖြစ်ကုန်တာပေါ့။
အခုလေဆိပ်က အေးသွားတဲ့အနေအထားမှာ ဆိုတော့
တအိအိနဲ့ ပြန်ကျကုန်တာပေါ့''ဟု ပဲခူးမြို့ ကျော်သီဟ
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးကျော်ဝင်း က
ပြောသည်။

၎င်း၏အဆိုအရ  ကျပ်သိန်း ၁,၅ဝဝ ခန့်ထိ ဈေးတက်
ခဲ့သော မြေကွက်များမှာ ယခုအခါ ကျပ်သိန်း ၇၅ဝ ခန့်ထိ
ထက်ဝက်ချိုး ဈေးကျနေကြောင်း သိရသည်။

''လေဆိပ်က ဟန်ရေးပြင်လိုက် ပျက်လိုက်ဆိုတော့။
လူတွေက လုပ်ခါမှလုပ်ကောဆိုပြီး စိတ်ကို ဒုံးဒုံးချလိုက်တာ။
သတင်းဘယ်လောက်ထွက်ထွက် သိပ်အရေးတယူ
မရှိတော့ဘူး''ဟု သူက ဆက်ပြောသည်။

ပဲခူးမြို့တွင် ဟံသာဝတီလေဆိပ် အကောင်အထည်ဖော်မည်
ဟု သတင်းထွက်ခဲ့စဉ် ၂ဝ၁၃ ခုနှစ် ဝန်းကျင်က ထိုမြို့၏
အိမ်ခြံမြေဈေးနှုန်းများသည် ထိုးတက်ခဲ့ပြီး အရောင်းအဝယ်
အများအပြားလည်း ဖြစ်ခဲ့သည်။

ထိုစဉ်က အိမ်ခြံမြေဈေးကစားကြသူများကြောင့် ပဲခူးတွင်
ကျပ်သိန်း ၁ဝဝ တန် မြေကွက်များသည် ကျပ်သိန်း ၁,ဝဝဝ
ခန့်အထိ ၁ဝ ဆကျော် ဈေတက်သွားခဲ့သည်ဟု ဒေသခံ
အကျိုးဆောင်လုပ်ငန်းများက ဆိုသည်။

''လွန်ခဲ့တဲ့ သုံးနှစ်လေးနှစ်က လေဆိပ်စီမံကိန်းဖြစ်မယ်
ဆိုတုန်းက ဝုန်းဒိုင်းကြဲပြီးတော့ ဖြစ်ခဲ့တာကတော့
ကျန်ခဲ့ပြီ''ဟု ပဲခူးမြို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု
အသင်းဥက္ကဌ ဦးသက်နိုင်ဦးက ပြောသည်။

ပဲခူးမြို့သည် မြို့ဧရိယာ သေးသည့်အတွက် မြို့ထဲ
ဧရိယာတွင် ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတကြောင်း၊
ယင်းနေရာများတွင် အမှန်တကယ်လိုအပ်သည့်သူများသာ
အရောင်းအဝယ်ပြုလုပ်နေကြကြောင်း မြို့အခြေစိုက်
အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

''အခုနောက်ပိုင်းကတော့ တကယ်နေမယ့်ထိုင်မယ့်သူတွေ၊
တကယ်သုံးစွဲမယ့်သူတွေ တကယ့်နေရာကောင်းတွေ
ကတော့ ပုံမှန်အားဖြင့်တော့ အရောင်းအဝယ်ဖြစ်ကြပေမဲ့
ဈေးနှုန်းကတော့ မတက်တော့ဘူးပေါ့။
ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးပဲ ဖြစ်ကြတာပေါ့''ဟု
ဦးသက်နိုင်ဦးက ပြောသည်။

ပဲခူးမြို့သစ်ဘက်တွင်လည်း အိမ်ခြံမြေဈေးနှုန်းသည်
အကြမ်းဖျင်း သုံးပုံတစ်ပုံမှ ထက်ဝက်ခန့်ထိ ကျဆင်းနေ
ကြောင်း စုံစမ်းရရှိသည်။

ပဲခူးမြို့ဟောင်းဘက်တွင် အချက်အချာကျသည့်နေရာများတွင်
နေရာရှားပါးမှုကြောင့် ဈေးနှုန်းထိုးကျမသွားသော်လည်း
အရောင်းအဝယ်ထိုင်းနေကြောင်း ဒေသခံအိမ်ခြံမြေ
အကျိုးဆောင်များက ဆိုသည်။

မြို့၏ စက်မှုဇုန်ဘက်တွင်မူ မြေကွက်အရေအတွက်နည်းခြင်း၊
အမှန်တကယ်လိုအပ်သူများသာ ဝယ်ယူကြခြင်းကြောင့်
အခြားနေရာများကဲ့သို့ ဈေးမကျဆင်းဘဲ တစ်ဧကကို ကျပ်
သိန်း ၁,၅ဝဝ ဝန်းကျင်ခန့်တွင် အရောင်းအဝယ်ဖြစ်နေ
ကြောင်း စုံစမ်းသိရှိရသည်။

''လက်ရှိ လေဆိပ်စီမံကိန်း မဖြစ်သေးဘူးဆိုရင် တစ်ဝက်
ဈေးနဲ့ ကျန်ခဲ့မယ်လို့ သုံးသပ်တယ်။
လေဆိပ်စီမံကိန်း တကယ်ဖြစ်ခဲ့ပြီဆိုရင်တော့ ဈေးကွက်
တကယ်ပြောင်းလဲနိုင်တယ်''ဟု အိမ်ခြံမြေ အကျိုးဆောင်
ဦးကျော်ဝင်းက ပြောသည်။

ဟံသာဝတီလေဆိပ်ကို ရန်ကုန်မြို့၏ မြောက်ဘက်
ကီလိုမီတာ ၈ဝ ခန့်အကွာ၊ ပဲခူးမြို့အနီးတွင် အကောင်
အထည်ဖော်ရန် စီစဉ်ခဲ့သည်။

ဟံသာဝတီနိုင်ငံတကာလေဆိပ်အသစ် တည်ဆောက်မည့်
စီမံကိန်းသည် အဓိကသဘောတူညီမှုဆိုင်ရာ လက်မှတ်
ရေးထိုး ချုပ်ဆိုထားသည့်ကာလ ကန့်သတ်ချက်ကုန်ဆုံး
သွားခဲ့ပြီဖြစ်ကြောင်း လေဆိပ်သစ်ကိုတည်ဆောက်ရန်
ကန်ထရိုက်ရရှိခဲ့သည့် အစုရှယ်ယာစပ် စီးပွားရေးလုပ်ငန်း
ကြီးတွင် ပါဝင်သော စင်ကာပူအခြေစိုက်
Yongnam Holdings က ဖေဖော်ဝါရီ ၂၆ ရက်က
ကြေညာချက် ထုတ်ပြန်ခဲ့သည်။

(ထက်ရှိုင်း)

*****

၂။ "ဟံသာဝတီလေဆိပ်စီမံကိန်း ဆက်လက် ဆောင်ရွက်
မည်ဟု ပို့ဆောင်ရေးဝန်ကြီးပြော"

ဟံသာဝတီလေဆိပ်တည်ဆောက်မည့် စီမံကိန်း ပျက်ပြယ်ခြင်း
မဟုတ်ဘဲ စီမံကိန်း စတင်နိုင်ရေး ဆက်လက်ဆောင်ရွက်
နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပြောသည်။

ဟံသာဝတီလေဆိပ်စီမံကိန်း အကောင်အထည်ဖော်ရန်
တင်ဒါ အောင်ထားသော စီးပွားရေးလုပ်ငန်းစုနှင့် ချုပ်ဆို
ထားသည့် သဘောတူညီချက် သက်တမ်း ကုန်ဆုံးပြီ
ဖြစ်သော်လည်း နှစ် ဖက် ညှိနှိုင်းမှု အဆင်မပြေသဖြင့်
လက်ရှိအချိန်အထိ သက်တမ်း မတိုးနိုင်သေးပေ။

‘‘စီမံကိန်းက ရပ်တာမဟုတ် ဘူး။ ရပ်လို့မရဘူး။
ဟံသာဝတီ လေဆိပ်က မဖြစ်မနေလုပ်ရမှာပါ။
ပိုပြီးတော့ ကောင်းတဲ့အစီ အစဉ်ဖြစ်လာမှာပါ’’ဟု
ဦးသန့်စင်မောင်က မတ်လ ၂၀ ရက် ပြည်ထောင်စု
လွှတ်တော် အစည်းအဝေး ရပ်နားချိန်တွင် မီဒီယာများအား
ပြောကြားသည်။

ယင်းစီမံကိန်းကို ဂျပန်အစိုးရ က အလွန်စိတ်ဝင်စားနေပြီး
လေဆိပ်တည်ဆောက်ရေးနှင့်ပတ်သက်၍ ဂျပန်အစိုးရနှင့်
ညှိနှိုင်း နေကြောင်း ဦးသန့်စင်မောင် က ဆိုသည်။

‘‘ဒါကို ဂျပန်နိုင်ငံအစိုးရကလည်း အများကြီး စိတ်ဝင်စားတယ်။
အရင်ကတည်းက သူတို့က ကုန်ကျစရိတ်ရဲ့ ထက်ဝက်ကျော်
ကို ချေးငွေနဲ့ မတည်ပေးဖို့ လုပ်ထားတယ်။
အခုလည်းပဲ အဲဒီကိစ္စကို ဆက်ပြီးတော့ ညှိနေပါတယ်’’ဟု
၎င်းက ပြောသည်။

တင်ဒါရကုမ္ပဏီများနှင့် ညှိနှိုင်းမှုများ အဆင်မပြေသဖြင့်
ဟံသာဝတီလေဆိပ် တည် ဆောက်မည့် စီမံကိန်းသည်
မစ တင်နိုင်သေးဘဲ ကြန့်ကြာနေသည်။

(လင်းဟိန်း၊ နိုင်လင်း)

credit - The Myanmar Times & 7day Daily

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0