“ပွဲထွက်လာတော့မည့် ရန်ကုန်မြို့သစ် စီမံကိန်း”
၁။ "ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရာနှုန်းပြည့်
ပိုင်ဆိုင်သော ရန်ကုန်မြို့သစ် စီမံကိန်း မိတ်ဆက်ပွဲ
အခမ်းအနား ကျင်းပ"
ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြစ် အနောက်ဖက်ကမ်း
ရှိမြေပေါ်တွင် တည်ဆောက်ရန်အတွက် ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့မှ ရာနှုန်းပြည့်ပိုင်ဆိုင်သော
New Yangon Development Company LTD (NYDC)
ဖွဲ့စည်း ထူထောင်ကြောင်း မိတ်ဆက်ခြင်း အခမ်းအနားကို
မတ်လ ၃၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ
LOTTE ဟိုတယ်တွင် ကျင်းပခဲ့သည်။
- ရန်ကုန်မြို့သစ်သည် အလုပ်အကိုင် ၂ သန်း ဖော်ထုတ်ရန်
ရည်ရွယ်ကြောင်း ၊
- ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမီတက်သည်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရာနှုန်းပြည့်
ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ကြောင်း၊
- လုပ်ငန်း ပထမအဆင့်၏ ကနဦး အခြေခံ အဆောက်အအုံ
ဆောက်လုပ်ခြင်းအတွက် ကုန်ကျစရိတ်သည် အမေရိကန်
ဒေါ်လာ ၁.၅ ဘီလီယံကျော် ကုန်ကျမည်ဟု
ခန့်မှန်းထားကြောင်း၊
- တရားမျှတသော ယှဉ်ပြိုင်မှု၊ စွမ်းဆောင်ရည်ရှိမှု နှင့်
ပွင့်လင်းမြင်သာမှုတို့ရှိရန် Swiss Challenge Model ကို
အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
NYDC ကို အထူးကုမ္ပဏီ အက်ဥပဒေဖြင့်ဖွဲ့စည်း
တည်ထောင်ခဲ့ပြီး၊မြို့သစ်တည်ဆောက်ရေးလုပ်ငန်း
ပထမအဆင့် နှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံ
လုပ်ငန်းသည် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ
၁.၅ ဘီလီယံကျော် ကုန်ကျမည်ဟုမျှော်မှန်းထားကြောင်း၊
အဆိုပါ လုပ်ငန်းများတွင်
မြို့ နယ်အသေး၅ခု၊တံတား ၂စင်း၊
၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်းများ၊
၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစက်ရုံ၊
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဆောက်အအုံများ၊
ရေသန့် နှင့် ရေဆိုးထုတ်လုပ်သည့်စက်ရုံများ ပါဝင်မည်
ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က
“ စက်မှုအခြေခံ တည်ဆောက်ခြင်းသည် အလုပ်အကိုင်များ
ဖန်တီးပေးမည်ဖြစ်ပြီး အဲဒီကတဆင့် အကျိုးကျေးဇူးများကို
တခြားကဏ္ဍတွေကို တဖြည်းဖြည်းစီးဆင်းစေမှာ
ဖြစ်ပါတယ်။
ရန်ကုန်မြို့ မှာ အလုပ်အကိုင် ၂ သန်း ဖန်တီးပေးပြီး
ဒေသခံ စီးပွားရေးလုပ်ငန်းများကို အထောက်အကူပေးခြင်း
နှင့် နိုင်ငံတကာမှ စီးပွားရေး ကုမ္ပဏီများကိုလည်း
ဆွဲဆောင်နိုင်ဖို့မျှော်လင့်ပါတယ်။
ဒီစီမံကိန်းကနေ အခြေခံအဆောက်အဦးနဲ့ လူတန်းစား
အားလုံးအတွက် တန်ဖိုးသင့်နေထိုင်စရာများလည်း
ပါဝင်မှာဖြစ်ပါတယ်’’ ဟုပြောသည်။
ရန်ကုန်မြို့သည် နိုင်ငံ၏ စီးပွားရေး ဗဟို အချက်အခြာ
ဖြစ်နေပြီး နိုင်ငံ၏ အမျိုးသား ဂျီဒီပီ ၂၆ ရာခိုင်နှုန်း ရှိသည့်
ငွေကျပ် ၁၉.၃ ထရီလီယံ ထုတ်လုပ်ပေးနေကြောင်း၊
ရန်ကုန်မြို့ ၏ လူဦးရေသည် လာမည့် ၁၀ နှစ် တွင်
၁၀ သန်းအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပြီး၊
တိုးပွားလာသည့် လူဦးရေကြောင့် အလုပ်အကိုင်၊
လူနေအိမ် နှင့် အခြေခံအဆောက်အဦးအပါအဝင်
သန့်ရှင်းသောရေဖြန့်ဖြူးပေးဝေရေး နှင့် လျှပ်စစ်ဓာတ်အား
လုံလောက်စွာပေးနိုင်ရေးတို့အပေါ်တွင် ကိုင်တွယ်
ဖြေရှင်းရန် လိုအပ်လာမည်ဖြစ်ကြောင်း သိရသည်။
NYDC ကို ဒါရိုက်တာဘုတ်အဖွဲ့မှ စီမံခန့်ခွဲမည်ဖြစ်ပြီး၊
၎င်းသည် ယင်းကော်ပိုရေးရှင်း၏ အမြင့်ဆုံးအာဏာပိုင်
အဖွဲ့ဖြစ်ကြောင်း၊
၎င်းဒါရိုက်တာဘုတ်အဖွဲ့တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ
နှင့် နိုင်ငံတကာမှ ဂုဏ်သတင်းကျော်ကြားသည့်
လွတ်လပ်သော ဒါရိုက်တာများ ပါဝင်မည်ဖြစ်ကြောင်း
သိရသည်။
NYDC ၏ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ
ဦးသိမ်းဝေ (Mr. Serge Pun) က
“ကျွန်တော်တို့ ရဲ့ မြေယာစီမံခန့်ခွဲမှု၊ အလုပ်သမားမူဝါဒ ၊
ပညာရေးမူဝါဒ၊ အစိုးရ၏ အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်း
အဆင့်ဆင့်နဲ့ ဆက်စပ်တဲ့ စည်းမျဉ်းစည်းကမ်းများကို
အစိုးရနဲ့ နီးကပ်စွာလုပ်ဆောင်သွားဖို့ မျှော်လင့်ရတဲ့အပြင်
ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ ၊ မိတ်ဖက်များ နဲ့လည်း
လုပ်ငန်းများ အတူတူလုပ်ဆောင်သွားဖို့ မျှော်မှန်းပါတယ်’’
ဟုပြောသည်။
NYDC ၏ လွတ်လပ်သည့် ဒါရိုက်တာဖြစ်သူ စင်္ကာပူ
နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဝန်ကြီးဟောင်းဖြစ်သူ
Mr.George Yeo က
“ရန်ကုန်မြို့သစ်တည်ဆောက်ရေး အခြေခံကနဦး
အခြေအနေမှစပြီး အစပြုရတဲ့ အတွက် အုပ်ချုပ်မှုအဖွဲ့
အနေနဲ့ မြို့သစ်ကို လူမှုရေးသဟဇာတဖြစ်စေဖို့
ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရှိတဲ့ နေချင်စဖွယ် မြို့သစ်တစ်ခု
ဖြစ်ဖို့ စီးပွားရေးအောင်မြင်ဖြစ်ထွန်းစေဖို့ မြူနီစပါယ်
အုပ်ချုပ်မှု ပုံစံသစ်များ နဲ့ စမ်းသပ်လုပ်ဆောင် နိုင်မှာ
ဖြစ်ပါတယ်။
ဒီနည်းနဲ့ ရန်ကုန်မြို့ဟောင်းနဲ့ မြန်မာနိုင်ငံရဲ့  တခြားဒေသ
များနဲ့ ကိုက်ညီမှု ရှိတဲ့ စံနမူနာကောင်းများကို ဖော်ဆောင်
သွားနိုင်မှာ ဖြစ်ပါတယ်’’ ဟုပြောကြားခဲ့သည်။
လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊
ဝန်ကြီး၊ NYDC ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်နီလာကျော် မှ
“NYDC ဥက္ကဋ္ဌအဖြစ် အရွေးခံရတဲ့ အတွက် ဂုဏ်ယူမိ
ပါတယ်။
နိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲကို
လုပ်ဆောင်နိုင်မယ်လို့ မှတ်ယူမိပါတယ်။
စီမံကိန်းမှာ ပါဝင်ပတ်သက်သူ အားလုံးနဲ့ ထိရောက်စွာ
ညှိနှိုင်းဆောင်ရွက်သွားပြီး၊ စီမံကိန်းအောင်မြင်အောင်
စွမ်းဆောင်သွားမှာပါ’’ ဟုပြောသည်။
*****
၂။ "ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်း ဆောင်ရွက်ရန်
မြေတိုင်းတာမှု စတင်မည်"
ရန်ကုန် အနောက်တောင် မြို့သစ်စီမံကိန်း ဆောင်ရွက်ရန်
မတ်လကုန်မှစတင်ကာ မြေတိုင်းတာမှုလုပ်ငန်းများ စတင်
ဆောင်ရွက်မည်ဖြစ်ကြောင်း တွံတေးမြို့နယ် မဲဆနနယ်
အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာကျော်ဇင်ဦးက ပြောကြားသည်။
ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုနှင့်
တွံတေးမြို့နယ်တို့တွင် ဖော်ဆောင်မည့် မြို့သစ်စီမံကိန်း
အတွက် မြေတိုင်းတာခြင်းလုပ်ငန်းများကို မတ်လကုန်မှ
ဇူလိုင်လ ၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု
လက်ရှိ ကြည့်မြင်တိုင်မြို့နယ်တွင် မြေသားစမ်းသပ်ရန်
ရုံးခန်း စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။
“အခုမတ်လကုန်မှာ မြေသား စမ်းသပ်ဖို့ တိုင်းဒေသကြီး
အစိုးရအဖွဲ့က ဒေသခံတချို့နဲ့ အစည်းအဝေးလုပ်တဲ့အခါမှာ
ပြောသွားပါတယ်။
လယ်မြေ ပိုင်ဆိုင်သူတွေ အနေနဲ့လည်း ဧပြီလ ၅ ရက်
နောက်ဆုံးထားပြီး တိုင်းအစိုးရကို ဆက်သွယ် အကြောင်း
ကြားရမယ်။
လယ်မြေတစ်ဧကကို မြို့မြေ ၂၀ ရာခိုင်နှုန်း၊ မယူချင်သူတွေ
အနေနဲ့ ကျပ်သိန်းတစ်ရာ လျော်ကြေးပေး ပါတယ်”ဟု
၎င်းက ဆိုသည်။
ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်း ဖော်ဆောင်မည့်
နေရာတွင် လယ်မြေများ ပိုင်ဆိုင်သူများအနေနှင့် ဧပြီ ၅ ရက်
နောက်ဆုံးထားကာ အကြောင်းကြားရမည်ဖြစ်ပြီး သတ်မှတ်
နေ့ ထက်ကျော်လွန်ပါက မြေသိမ်းဆည်းခြင်း လုပ်ငန်းများကို
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့မှ မတ်လဆန်းက ထုတ်ပြန်
ကြေညာထားသည်။
အဆိုပါ လယ်မြေပိုင်ဆိုင်သူများကို မြေယာလျော်ကြေးအဖြစ်
တစ်ဧကလျှင် မြို့မြေသတ်မှတ်ပြီးသည့် မြေ ၂၀ ရာ ခိုင်နှုန်း
(သို့) တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ပေးလျော်သွား
မည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ယင်းစီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်ဧပြီလမှ
စက်တင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ
စီမံကိန်း ဥပဒေကြမ်းတွင်လည်း ထည့်သွင်း၍ ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော်ကို တင်ပြထားကြောင်းနှင့် မြို့သစ်
စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
ဦးဆောင်သည့် New Yangon Development Company
က လုပ်ဆောင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်
များထံမှ သိရသည်။
အနောက်တောင် မြိုသစ်စီမံကိန်းကို ကြည့်မြင်တိုင်၊
ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြိုနယ်ရှိ လယ်မြေဧက
သုံးသောင်းခန့်တွင် လုပ်မည် ဖြစ်သည်။
credit - The Voice Myanmar &
Xinhua Myanmar
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment