Sunday, July 26, 2015
"ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဝေဖန်ကန့်ကွက်မှု ခံနေရသည့် ရန်ကုန်မြို့သစ်စီမံကိန်း"
"ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဝေဖန်ကန့်ကွက်မှု
ခံနေရသည့် ရန်ကုန်မြို့သစ်စီမံကိန်း"
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ဒါခေါ်ယူထားသည့်
ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်မှုများစွာ ရှိနေသည်ကို
တွေ့ရသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့၏ အနောက်ဘက်
ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊
လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးတူးမြောင်းကြား
မြေနေရာများကို လျာထားသည်ဟု သိရသည်။
ယင်းသို့ ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရခြင်းမှာ
ပြီးခဲ့သည့် ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်
အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က
“ရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည်ဖော်ပေးရေး”အဆို
ပြန်လည်တင်သွင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး ယင်းအဆိုကို
ကန့်ကွက်သူအချို့သာရှိ၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က
အတည်ပြုခဲ့သည်။
ယင်းအဆိုအား အတည်ပြုလိုက်ချိန်တွင် ယခင် တရားဝင်ရပ်ဆိုင်းထားပြီး
ဖြစ်သည့် ရန်ကုန်မြို့သစ်စီမံကိန်းအား ပြန်လည်အသက်ဝင်အောင်
ပြုလုပ်ခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြရာ
ရန်ကုန်မြို့တော်ဝန် က ယခုအတည်ပြုမှုသည်
ယခင် ရန်ကုန်မြို့သစ်စီမံကိန်း မဟုတ်ဘဲ
“မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း ၂၀၄၀”တွင် ပါရှိသည့်
ရန်ကုန်မြို့ကို တိုးချဲ့ရန် ဒုတိယဦးစားပေးဖြစ်သည့်
ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် (ယခု တင်ဒါခေါ်ယူထားသည့်
ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်သည့်နေရာများ) အား
ဦးစားပေးအနေဖြင့် ဖော်ဆောင်ရန် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း
သတင်းမီဒီယာများအား ပြောကြားခဲ့သည်။
“မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀” တွင်
ရန်ကုန်မြို့ကို တိုးချဲ့ရန်
ဦးစားပေး (၁)တွင် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ် ၁၇၃၇၅ ဧက၊
ဦးစားပေး(၂) ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ် ၂၁၇၁၆ ဧက၊
ဦးစားပေး(၃) သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊
ဦး စားပေး(၄) ဒလမြို့သစ် ၁၅၁၇၃ ဧက၊
ဦးစားပေး(၅) ထန်းတပင်မြို့ သစ် ၂၄၇၄၈ ဧက၊
ဦးစားပေး(၆) မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့်
ဦးစားပေး (၇) လှည်းကူးမြို့သစ် ၆၉၃၃ ဧက
စုစုပေါင်း ၁၁၈၇၃၂ ဧကဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ
ဦးစားပေး(၁) ဖြစ်သည့် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်
(ဒဂုံမြို့သစ်မြို့နယ်များပါဝင်သော) ကို အကောင်အထည်မဖော်သေးဘဲ
ဒုတိယဦးစားပေးဖြစ်သော ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ်
(ယခု တင်ဒါခေါ်ယူထားသည့် ရန်ကုန်မြို့သစ်စီမံကိန်း) ကို ဦးစွာ
အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူခြင်းအပေါ်တွင်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက
ဝေဖန်ထားကြခြင်းဖြစ်သည်။
“ မဟာရန်ကုန်မြို့ပြစီမံကိန်းအရဆိုရင် မြို့သစ်ချဲ့ဖို့ ပထမဦးစားပေး
လာပြီးမှ ဒုတိယဦးစားပေးလာရမှာ။ အခုဟာက ပထမဦးစားပေးဖြစ်တဲ့
ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို အကောင်အထည်မဖော်သေးဘဲ
ဒုတိယဦးစားပေးကို အရင်လုပ်တာ မဖြစ်သင့်ဘူး။
အဲဒီလိုလုပ်တာဟာ သူတို့က ပြောကောင်းပြောလိမ့်မယ်။ ဒါလွှတ်တော်မှာ
လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က တင်ခဲ့လို့ အတည်ပြုခဲ့တဲ့
စီမံကိန်းကို ဦးစားပေးလုပ်တာပါလို့ ပြောကောင်း ပြောလိမ့်မယ်”ဟု
ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ
ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာညိုညိုသင်းက ဝေဖန်ခဲ့သည်။
ထို့ပြင် ကြည့်မြင်တိုင်မြို့နယ် မှ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်အနေဖြင့်
စီမံကိန်းအား လွှတ်တော်သို့တင်ခဲ့ခြင်းမှာ မဖြစ်သင့်ကြောင်း၊
ဦးမြင့်လွင်အနေဖြင့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းအား ဖွံ့ဖြိုးရေး
စီမံကိန်းအား လုပ်ဆောင်ပေးသည်ဟု အဆိုတင်သွင်းသင့်ကြောင်း၊
စီမံကိန်းဆိုသည်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သာ
ရေးဆွဲရမည်ဟု သိရသည်။
“စီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ်က တင်ခွင့်မရှိဘူး။ ဒါက
လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုတာ တွေ့ရတယ်” တာမွေမြို့နယ်
မဲဆန္ဒနယ်အမှတ်(၁)မှ ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။
“ဦးမြင့်လွင်တင်တာက စီမံကိန်းလို့တင်တာ။ စီမံကိန်းဆိုတာ
လွှတ်တော်ကိုယ်စားလှယ်က တင်ပိုင်ခွင့်မရှိဘူး။ အစိုးရကပဲ တင်ရတာ။
စီမံကိန်းဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၅၁ မှာ ပြဋ္ဌာန်းထားတာက
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတွေက အကောင်အထည်ဖော်မဲ့
စီမံကိန်းတွေဆိုရင် လွှတ်တော်ကို မလွဲမသွေတင်ရမှာပါ။
အခုဟာက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကလည်း ဒါကို
ထောက်ပြတာမရှိခဲ့ဘူး။ အမှန်ဆိုရင် အစိုးရက စီမံကိန်းပြန်ဆွဲပြီး
လွှတ်တော်ကို ပြန်တင်ရမယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက မှားတာရှိရင် ထောက်ပြ
ဝေဖန်ဆွေးနွေးပြီးမှ အတည်ပြုမယ်။ အဲဒီအတည်ပြုတာကိုမှ အစိုးရက
အကောင်အထည်ဖော်ရမှာ”ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်
အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်က ပြောကြားသည်။
ယခု မြို့သစ်စီမံကိန်းထက် လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကတည်း
အကောင်အထည်ဖော်ခဲ့သော ရေ၊ မီးစသော အခြေခံအဆောက်အအုံများ
မပြည်စုံသေးသည့် ဒဂုံမြို့သစ် လေးမြို့နယ်ပါဝင်သော
ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို ဦးစွာအကောင်အထည်ဖော်သင့်ကြောင်း
လည်း ထောက်ပြမှုများရှိနေသည်။
“သူတို့ လွှတ်တော်ကို တင်လာတယ်။ ရန်ကုန်မြောက်ပိုင်းမှာ စီးပွားရေးဇုန်
တည်ဆောက်ဖို့။ ကျွန်တော်က မြောက်ပိုင်းနဲ့ မလုံလောက်ဘူး။
အရှေ့ပိုင်းမှာလည်း စီးပွားရေးဇုန် တည်ဆောက်ဖို့လိုတယ်ဆိုတာ
တင်တဲ့အခါမှာ ကျွန် တော်အဆိုကို လက်ခံပြီး လွှတ်တော်ကလည်း
အတည်ပြုပြီးသား။
ဒါဆိုရင် ရန်ကုန်အရှေ့မြောက်မြို့သစ်က လျာထားတာမဟုတ်ဘဲနဲ့
လွှတ်တော်က အတည်ပြုဆုံးဖြတ်ပြီးသားဖြစ်တဲ့အတွက်
ဒါကို အကောင်အထည်ဖော်ဖို့အတွက် စဉ်းစားရတော့မယ်”ဟု
ဦးကျော်က ပြောကြားထားသည်။
“အမှန်တော့ မဟာရန်ကုန်မြို့ပြဖွံ့ရေးစီမံကိန်း ၂၀၄၀ အရ
သူ့ဒေသအလိုက် သူ့ဒေသရဲ့ အနေအထားပေါ်မူတည်ပြီး
ပညာရှင်တွေနဲ့ JICA တို့က မြို့ချဲ့ဖို့ကို ဆွဲခဲ့တာ။
အခုဟာက အဲဒီက ဦးစားပေးအဆင့် ၁ ကိုကျော်ပြီးတော့
အဆင့် ၂ ဖြစ်တဲ့ အခုမြို့သစ်စီမံကိန်းဆိုတော့ အဆင်ပြေပါ့မလားလို့
သတိထားမိတယ်။ တကယ်ဆို သီလ၀ါ အထူးစီးပွားရေးဇုန်က
ပထမဦးစားပေး မြို့သစ်ထဲမှာပါတဲ့ ဒဂုံဆိပ်ကမ်း နဲ့ဆိုရင်
နည်းနည်းလေးပဲလှမ်းတာ။ ဒဂုံဆိပ်ကမ်းကို ဖွံ့ဖြိုးအောင် ချဲ့မယ်ဆိုရင်
သီလ၀ါကပိုပြီး အဆင်ပြေမယ်။ နောက်ပိုင်းကျရင်
သန်လျင်မြို့သစ်ချဲ့မယ်ဆိုရင်လည်း တစ်ဆက်တည်းဖြစ်သွားမှာ။
ဒဂုံဆိပ်ကမ်းမှာက မြေလွတ်တွေ လန ၃၉ ကျပြီးသား
မြို့မြေအဖြစ်ခွင့်ပြုပြီးသားမြေတွေ အများကြီးရှိပြီးသား။
အခု ရန်ကုန်မြို့သစ်ဘက်မြေတွေ ဆိုရင် လယ်မြေတွေ
အများကြီးပါနေပါတယ်”ဟု တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က
သုံးသပ်ပြောကြားသည်။
အကယ်၍ မြို့သစ်စီမံကိန်းကို ဖော်ဆောင်မည်ဆိုပါက အစိုးရအနေဖြင့်
လုပ်ထုံးလုပ်နည်းများကို ပြန်ပြင်ရမည်ဖြစ်ပြီး လွှတ်တော်သို့ စီမံကိန်း
ရေးဆွဲ တင်ပြပြီးမှသာ အကောင်အထည်ဖော်သင့်ကြောင်း နှင့်
ယခု အကောင်အထည်ဖော်ရန် တင်ဒါပင်ခေါ်ယူထားပြီးဖြစ်သောကြောင့်
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၅၁ နှင့် လိုက်လျောညီထွေမရှိကြောင်း
၎င်းက ဆက်လက်သုံးသပ်သည်။
အလားတူ ယခု တင်ဒါခေါ်ယူထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းတွင်
နိုင်ငံသားရင်းနှီးမြှုပ်နှံလိုသူများသာ တင်ဒါခေါ်ယူထားမှုအပေါ်လည်း
ဝေဖန်မှုများစွာ ထွက်ရှိနေကြောင်း ဗဟန်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
"နိုင်ငံသားတွေပဲ ဘာကြောင့်လုပ်ခိုင်းတာလဲ။
နိုင်ငံသားတွေဆိုရင် မြို့သစ်အတွေ့အကြုံ သိပ်မရှိဘူး။
အမှန်ဆို နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ ပေါင်းလုပ်ရမှာ။ ဒါမှ
အတွေ့အကြုံလည်း ရနိုင်မယ်။
ပြီးတော့ အာမခံစပေါ်ငွေ ကျပ် ငါးဘီလျံဆိုတာ တော်တော်ကို
နည်းတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းကြီးကနေ အမြတ်ငွေ
အမေရိကန်ဒေါ်လာ ၇၀ ဘီလျံလောက် မြတ်နိုင်တယ်။
ဒါကြောင့် စံချိန်မီ မြို့သစ်ဆိုရင် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံလောက်
စပေါ်ငွေတင်ရ စိတ်ချရနိုင်မယ်။
ဘာဖြစ်လို့လဲဆိုတော့ မြို့စီမံကိန်းက အကြီးကြီး။
အခုဟာက ကျပ်ငါးဘီလျံပဲဆိုတော့ စိုးရိမ်မိတယ်”ဟု
ဒေါက်တာညိုညိုသင်းက ဆိုသည်။
သို့ဖြစ်ရာ စီမံကိန်းနှင့်ပတ်သက်၍ တင်ဒါများ ဖွင့်လှစ်စစ်ဆေးချိန်တွင်
၎င်းအနေဖြင့် သွားရောက်လေ့လာမည်ဖြစ်ကြောင်း
ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။
အလားတူ စီမံကိန်းအတွင်း တရားမ၀င် ငွေမည်းများစွာ
ရောက်ရှိ စီးဆင်းနေမည်ကိုလည်း ၎င်းအနေဖြင့် စိုးရိမ်ကြောင်းနှင့်
ယင်းငွေမည်းများကြောင့် မြန်မာငွေကြေးဈေးကွက်အပေါ်
ရိုက်ခတ်မှုများကိုလည်း ၎င်းအနေဖြင့် စိုးရိမ်နေကြောင်း
ပြီးခဲ့သည့် ဇွန်လအတွင်း ပြုလုပ်ခဲ့သည့်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအပြီးတွင်
ဒေါက်တာညိုညို သင်းက ပြောကြားထားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည်ဟု
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ အသိပေခဲ့ရာတွင်
ယင်းစီမံကိန်းမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း အဘက်ဘက်မှ
ဝေဖန်ခံခဲ့ရ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
ပြန်လည်ရုပ်သိမ်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က
ရပ်ဆိုင်းရန် သဘောတူခဲ့ခြင်းဖြစ်သည်။
credit - Eleven Media Group
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment