Sunday, July 19, 2015

"မဟာရန်ကုန် မြို့ပြဖွံ့ ဖြိုးရေး စီမံကိန်းအရ ပထမ ဦးစားပေးဖြစ်သည့် ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို အကောင်အထည် မဖော်ဘဲ ဒုတိယ ဦးစားပေး ရန်ကုန်မြို့သစ် စီမံကိန်းအား ဦးစွာ တင်ဒါခေါ် ယူခြင်းက မဖြစ်သင့်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့ ဝေဖန်"


"မဟာရန်ကုန် မြို့ပြဖွံ့ ဖြိုးရေး စီမံကိန်းအရ ပထမ ဦးစားပေးဖြစ်သည့်
ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို အကောင်အထည် မဖော်ဘဲ
ဒုတိယ ဦးစားပေး ရန်ကုန်မြို့သစ် စီမံကိန်းအား ဦးစွာ တင်ဒါခေါ်
ယူခြင်းက မဖြစ်သင့်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့ ဝေဖန်"


ဇွန်လအတွင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ အတည်ပြုခဲ့သည့်
‘မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀’ အရ
မြို့သစ်များ ဖော်ထုတ်ရန် ပထမ ဦးစားပေးဖြစ်သည့်
ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို အကောင်အထည် ဖော်ရန်
တင်ဒါမခေါ်ယူသေးဘဲ ဒုတိယ ဦးစားပေးဖြစ်သည့်
ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် (ရန်ကုန်မြို့သစ်စီမံကိန်း)ကို ဦးစွာ
အကောင်အထည်ဖော်ရန် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့်
တင်ဒါခေါ်ယူထားခြင်းက မဖြစ်သင့်ဟု ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် အချို့က ဝေဖန်နေကြသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော်သို့ အသိပေးခဲ့ရာတွင် ယင်းစီမံကိန်းမှာ
ပွင့်လင်းမြင်သာမှု မရှိကြောင်း အဘက်ဘက်မှ ဝေဖန်ခံခဲ့ရ၍
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်ရုပ်သိမ်းခဲ့ပြီး ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော်က ရပ်ဆိုင်းရန် သဘောတူခဲ့သည်။

သို့သော် ဇွန်လအတွင်းက ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ဒသမပုံမှန် အစည်းအဝေးတွင် ကြည်ြ့မင်တိုင်မြို့နယ် မဲဆန္ဒနယ်
အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က
“ရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည်ဖော်ပေးရေး” အဆိုကို
လွှတ်တော်သို့ ပြန်လည်တင်သွင်းခဲ့ပြီး အဆိုအား ထောက်ခံသူ များပြား၍
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သည်။

ယင်းသို့ အတည်ပြုခဲ့သည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့က
ယခင် ရပ်ဆိုင်းခဲ့သည့် စီမံကိန်းကို တစ်ဖက်လှည့်ဖြင့်
ပြန်လည်တင်သွင်းကာ အတည်ပြုခဲ့သည်ဟု ဝေဖန်ခဲ့ကြရာ
ယင်းစီမံကိန်းသည် ယခင်ရပ်ဆိုင်းခဲ့ပြီးဖြစ်သည့် ရန်ကုန်မြို့သစ် စီမံကိန်း
မဟုတ်ဘဲ ‘မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း ၂၀၄၀’ တွင်
မြို့တိုးချဲ့ရန် ဒုတိယဦးစားပေး ပါရှိသည့် ရန်ကုန်အနောက်တောင်ပိုင်း
မြို့သစ်ကို ဦးစားပေးအနေဖြင့် အကောင်အထည်ဖော်ပေးမည့်
ရန်ကုန်မြို့သစ် စီမံကိန်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က
သတင်းမီဒီများအား ပြောကြားခဲ့သည်။

“မြို့တော်ဝန် ပြောတဲ့အတိုင်း မဟာရန်ကုန် မြို့ပြစီမံကိန်းအရ ဆိုရင်
မြိုသစ်ချဲ့ဖို့ ပထမဦးစားပေး လာပြီးမှ ဒုတိယ ဦးစားပေး လာရမှာ။
အခုဟာက ပထမဦးစားပေးဖြစ်တဲ့ ရန်ကုန်အရှေ့ပိုင်း မြို့သစ်ကို
အကောင်အထည် မဖော်သေးဘဲ ဒုတိယဦးစားပေးကို အရင်လုပ်တာ
တော်တော်ကို ရုပ်ပျက်တယ်။ မဖြစ်ဖြစ်အောင် လုပ်သလို ဖြစ်နေတယ်”
ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာညိုညိုသင်းက ဝေဖန်ခဲ့သည်။

“အဲဒီလို လုပ်တာဟာ သူတို့က ပြောကောင်းပြောလိမ့်မယ်။
ဒါ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က တင်ခဲ့တဲ့
စီမံကိန်းကို ဦးစားပေး လုပ်တာပါလို့ ပြောကောင်းပြောလိမ့်မယ်။
ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်က စီမံကိန်းကို တင်လို့ မရဘူး။
အဆိုပဲ တင်လို့ရမှာ။ အစိုးရက စီမံကိန်းကို ဆွဲရမှာ။ အဲဒါကို အစိုးရက
လွှတ်တော်မှာ ချပြရမှာ။ ဒီလို ချပြီးတော့မှ လွှတ်တော်က သဘောတူပြီးမှ
တင်ဒါခေါ်လို့ ရမှာ။ အဆင့်လည်း ကျော်တယ်။ ဥပဒေနဲ့လည်း
လုံးဝ မညီဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ အခု ဒုတိယ
ဦးစားပေး လုပ်ထားတဲ့ ရန်ကုန်မြို့သစ်က ကြည့်မြင်တိုင်
လွှတ်တော်ကိုယ်စားလှယ်
ဦးမြင့်လွင် တင်သွင်းပြီး ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုထားတာကို
အကောင်အထည်ဖော်တဲ့ပုံစံ ဖြစ်တယ်။
တကယ်တမ်း လုပ်ငန်းစဉ်အရ ဆိုရင်တော့ လွှတ်တော်က လုပ်ထုံးလုပ်နည်း
မှားနေတယ်။ ဦးမြင့်လွင် တင်တာက စီမံကိန်းလို့ တင်တာ။ စီမံကိန်းဆိုတာ
လွှတ်တော်ကိုယ်စားလှယ်က တင်ပိုင်ခွင့် မရှိဘူး။ အစိုးရကပဲ တင်ရတာ။
စီမံကိန်းဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာက
တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရတွေက အကောင်အထည်ဖော်မယ့်
စီမံကိန်းတွေဆိုရင် လွှတ်တော်ကို မလွဲမသွေ တင်ရမှာပါ။
အခုလို တင်ဒါခေါ်တာက မလုပ်သင့်သေးပါဘူး။ ရန်ကုန်တိုင်းဒေသကြီး
အစိုးရက ဒီစီမံကိန်းကို လွှတ်တော်ကို ပြန်တင်၊ လွှတ်တော်က
သဘောတူမှ တင်ဒါခေါ်ရမှာ” ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်
အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကလည်း
ဝေဖန်ပြောကြားသည်။

“ဒါကိုလည်း အဟောင်းပြန်ပြောရရင် အရင်က နောက်ဆုတ်သွားခဲ့တဲ့
ရန်ကုန်မြို့သစ် စီမံကိန်းကြီးကို တစ်ဖက်လှည့်နဲ့ ပြန်တင်တဲ့ သဘောပေါ့။
ရပ်ဆိုင်းထားတာကြီးကို တစ်ဖက်လှည့်နဲ့ ပြန်တင်တာပေါ့။
ကျွန်တော် စောင့်ကြည့်နေတယ်။ ဆက်လုပ်ရင်တော့
ကျွန်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၃ အရ စွပ်စွဲပြစ်တင်တဲ့
အဆိုကို လာမယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ
တင်သွားပါမယ်” ဟု ဦးကျော်က ဆက်လက်ပြောကြားသည်။

‘မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူ ဟာ စီမံကိန်း ၂၀၄၀’ အရ
ရန်ကုန်မြို့သစ်များ တိုးချဲ့ရန်
ဦးစားပေး (၁)တွင် ရန်ကုန်အရှေ့ပိုင်း မြို့သစ် ၁၇၃၇၅ ဧက၊
ဦးစားပေး (၂) ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် ၂၁၇၁၆ ဧက၊
ဦးစားပေး (၃) သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊
ဦးစားပေး (၄) ဒလမြို့သစ် ၁၅၁၇၃ ဧက၊
ဦးစားပေး (၅) ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊
ဦးစားပေး (၆) မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့်
ဦးစားပေး (၇) လှည်းကူးမြို့သစ် ၆၉၃၃ ဧက
စုစုပေါင်း ၁၁၈၇၃၂ ဧကကို လျာထားပြီး

ဦးစားပေး (၁) ဖြစ်သည့်
ရန်ကုန်အရှေ့ပိုင်း မြို့သစ်သည်
လက်ရှိအခြေခံ အဆောက်အအုံများ ပြည့်စုံမှု မရှိသေးသည့်
ဒဂုံမြို့သစ်များ ပါဝင်ပြီး ၎င်းတို့ကို ဦးစွာဖွံ့ဖြိုးအောင် လုပ်သင့်ကြောင်း
လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြထားသည်။
ယခု စတင် တင်ဒါခေါ်ယူထားသည့် ရန်ကုန်မြို့သစ် စီမံကိန်းကို
ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊
လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး တူးမြောင်းကြား မြေနေရာများကို
လျာထားပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံလိုသူများကို အဆိုပြု တင်ဒါများ
ခေါ်ယူထားခြင်းဖြစ်ကြောင်း၊
ယင်းစီမံကိန်းတွင် တရားမ၀င် ငွေကြေးများစွာ ၀င်ရောက်နိုင်ကြောင်း
ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာညိုညိုသင်းက ပြောကြားထားသည်။                  

ကျော်ထင်

(Eleven Media Group)

No comments:

Post a Comment