Sunday, January 31, 2016
“အရည်ကြိုရဲ့ပေါ့ပေါ့ပါးပါးလေးလေးပင်ပင်အတွေးများ(၂၇)”
“အရည်ကြိုရဲ့ပေါ့ပေါ့ပါးပါးလေးလေးပင်ပင်အတွေးများ(၂၇)”
(မကြာသေးမီက ပြဌာန်းလိုက်တဲ့ ၂၀၁၆ အခွန်အကောက်
ဥပဒေကို ကားလောကနဲ့ ယှဉ်ပြီး အကျိုးသင့် အကြောင်းသင့်
ဝေဖန်ထောက်ပြထားတဲ့ ဆောင်းပါးကောင်း တစ်ပုဒ်ပါ။
သဘောသဘာဝအားဖြင့် ကားနဲ့အိမ်ခြံမြေ ဆက်နွယ်မှု
မရှိပေမယ့် အခွန်အပေါ်အခြေခံပြီး တင်ပြထားတာကြောင့်
အခွန်နဲ့ကင်းလို့မရတဲ့ အိမ်ခြံမြေမိတ်ဆွေများ အတွက်
အောက်ပါ ဆောင်းပါးကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။
“အိမ်ခြံမြေ လမ်းဆုံ” )
၂၀၁၆ ဇန်နဝါရီ ၂၂ ရက်တွင်၂၀၁၆ ပြည်ထောင်စု
အခွန် အ ကောက်ဥပဒေကို ပြည်ထောင်စု လွှတ်တော်က
အတည်ပြုပြဋ္ဌာန်းလိုက်ပြီဖြစ်ပါတယ်။ ဝင်ငွေရလမ်း
မဖော်ပြနိုင်သော ဝင်ငွေများ အတွက်
- တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၃၀၀ မှ သိန်း ၁၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၁,၀၀၀နှင့်အထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံမှာ
ဖြစ်ပါတယ်။ ဝင်ငွေရပေါက်ရလမ်း ပြနိုင်သူတွေ (သို့)
ထီပေါက်သူတွေ(သို့)ငွေဖြူရှိသူတွေကတော့ အခွန်ကင်းလွတ်
နိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံဟာ အခွန် အကောက် ရရှိမှသာ တိုင်းသူ ပြည်သား
တွေရဲ့ လိုအပ်ချက်တွေ ကို ပိုမိုဖြည့်ဆည်းပေးနိုင်မှာ ဆို တာကို
လည်း အရည်ကြိုက နားလည်မိပါတယ်။ တခြားတစ်ဖက်မှာလည်း
ကျပ်သိန်း ၁၀၀ တန်ကားကို ၁၅ သိန်း အခွန်ဆောင်ခိုင်းပြီး
သာမန်ပြည်သူကို အခွန်ရှောင်ဖို့ ဖြစ်ပေါ်စေမယ့် ပြည်ထောင်စု
အခွန်အကောက် ဥပဒေကိုလည်း မေးခွန်းထုတ်လိုပါတယ်။
"ငွေဖြူရှိသလား"
* ကျွန်တော်တို့နိုင်ငံမှာ ဝင်ငွေရရှိရာမှ အခွန်ဆောင်ခြင်း
အလေ့အထ မထွန်းကားသေးပါဘူး။
ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းကြီးတွေနဲ့
တရားဝင်ဖွဲ့စည်းထားတဲ့ လုပ်ငန်းများဟာ အတိအကျ အခွန်
မဆောင်ကြရင်တောင်မှ ထိုက်သင့်သလောက် ပေးဆောင်
ကြပါတယ်။ အဲဒီလိုပဲ အရပ်ထဲမှာ ဈေးရောင်း၊ လယ်စိုက်၊ ပွဲရုံ၊
ကုန်သည်၊ ပွဲစားတို့ဟာ ဝင်ငွေခွန်က အခွန်ဆောင်ထားဖူးခြင်း
မရှိကြပါဘူး။ ရှိတော့ရှိတယ် ရှားတယ် လို့ပဲ ပြောရမှာ
ဖြစ်ပါတယ်။ မြေ ကွက်ဝယ်ယူခြင်း၊ ကားဝယ်ယူ ခြင်း၊
အိမ်ဝယ်ယူခြင်း စတာတွေဆောင်ရွက်မှသာ ပေးဆောင်ကြတာ
များပါတယ်။ အဲဒီအချိန်မှာ ငွေဖြူမပြနိုင်တဲ့အတွက်၊ ဝင်ငွေရလမ်း
မပြနိုင်တဲ့ အခွန်နှုန်းထားနဲ့ အခွန်ပေးဆောင်ကြပါတယ်။
စစ် အစိုးရ လက်အောက်မှာ ကြာမြင့်စွာနေခဲ့ကြတဲ့
သာမန်လူတန်းစားတွေမှာ ငွေဖြူမရှိတာ များကြပါတယ်။
သူဌေးတွေကိုကျတော့ အခွန်တိုးမကောက်ဘဲ သာမန်လူတန်းစား၊
အခွန်စနစ်နဲ့ မရင်းနှီး သူတွေကို အခွန်တိုးကောက်မှာကို
ပြင်းထန်စွာကန့်ကွက်ပါတယ်။ *
"၂၀၁၆ ဧပြီတွင် ကောက်ခံမည့် နှုန်းထားတွေ"
ကားပဲဝယ်ဝယ်၊ အိမ်ခြံမြေ ပဲဝယ်ဝယ် ၂၀၁၆ ဧပြီ ၁ ရက်နေ့ က
စတင်ပြီး နှုန်းထားအသစ်နဲ့ အခွန်ကောက်ခံတော့မှာ ဖြစ်ပါ တယ်။
ရာခိုင်နှုန်းအလိုက် ကောက်ခံမှာ ဖြစ်ပါတယ်။ လွယ်လွယ်ပြော
ရရင်တော့ ဝင်ငွေရ လမ်းမပြနိုင် (သို့) ငွေဖြူမပြနိုင်ရင်
- ကျပ်သိန်း ၁၀၀ တန်ကား တစ်စီးကို ၁၅ သိန်း၊
- ကျပ်သိန်း ၂၀၀ တန် ကား တစ်စီးကို ကျပ် သိန်း ၃၀၊
- ကျပ်သိန်း ၃၀၀ တန် ကားတစ်စီးကို ၄၅ သိန်း ကောက်ခံ
တော့မှာ ဖြစ်ပါတယ်။
"ကားနဲ့ပတ်သက်ပြီး ယခင်ကောက်ခံခဲ့သော ပထမအခွန်ပုံစံ"
၂၀၁၄ မတ်လ ၃၀ ရက် အထိ သတ်မှတ်တန်ဖိုးရဲ့ တစ်ဝက်
၁၅ ရာခိုင်နှုန်းသာ ကောက် ခံခဲ့ပါတယ်။ ဒီစနစ်မှာ မှတ်ပုံတင်
ငှားရမ်းခဆိုတဲ့ စနစ်ကြီးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။
"ကားနဲ့ပတ်သက်ပြီး ယခင်ကောက်ခံခဲ့သောဒုတိယအခွန်ပုံစံ"
၂၀၁၅ ပြည်ထောင်စု အခွန် အကောက် ဥပဒေအရ ၃ ရာခိုင်နှုန်း
ကို အကြိမ်ကြိမ်ခံစားခွင့်ရှိပါ တယ်။ ဒီစနစ်မှာ တော်တော်
များများ အမည်ပြောင်းလဲ အခွန် ဆောင်ခဲ့ကြပါတယ်။
"နောက်ဆုံး အခွန်ကောက်မည့်ပုံစံ"
ယခု ၂၀၁၆ ဧပြီ ၁ရက်နေ့က စတင်ပြီး ပြည်ထောင်စုအခွန်
အကောက်ဥပဒေအရ တစ်ကျပ်မှ သိန်း ၃၀၀ အတွင်းကို ၁
၅ ရာခိုင် နှုန်း အခွန်ကောက်ခံတော့မှာ ဖြစ် ပါတယ်။
"ဇာတ်လမ်းအစကတော့"
၂၀၁၅အခွန်အကောက် ဥပဒေတွင် ဝင်ငွေရပေါက်ရလမ်း
မပြနိုင်သော ငွေမည်းများကို ပေးဆောင်ခိုင်းတဲ့ အခွန်ရာခိုင်နှုန်း
နည်းတယ်ဆိုပြီး ဝိုင်းဝန်းပြောဆိုကြရာမှ ယခုလို ၂၀၁၆
ပြည်ထောင်စု အခွန်အကောက် ဥပဒေကို ပြည်ထောင်စု
လွှတ်တော် က အတည်ပြု ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပါတယ်။
"ခေါင်းစဉ် နှစ်ခုဖြစ်သင့်တယ်"
မရှိမဖြစ် အိမ်သုံးအတွက် ကားတစ်စီး၊ အိမ်တစ်လုံး
တစ် ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ဝယ်ခဲ့ရင် ရာခိုင်နှုန်းတစ်မျိုး၊
ငွေမည်းတွေနဲ့ ပိုက်ဆံတွေပိုလျှံနေလို့ အထပ်ထပ် ဝယ်နေ
ကြတာကို တော့ ရာခိုင်နှုန်းတစ်မျိုး သတ်မှတ်သင့်တာ
ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့ လွှတ်တော်အမတ်တွေက
ထောက်ပြရမှာ ဖြစ်ပါတယ်။
"လွှတ်တော်အမတ်တွေကိုမေးခွန်းထုတ်လိုပါတယ်"
လွှတ်တော်အမတ်တွေကို လည်း ၂၀၁၆ ပြည်ထောင်စု
အခွန်အကောက် ဥပဒေ အတည်ပြုပြီး ချိန်မှာ မေးခွန်းထုတ်လို
ပါတယ်။ နှသုံးသားနဲ့တွေးပြီး မရေးဆွဲခဲ့ ကြဘူးလားလို့ ထပ်ဆင့်
မေးခွန်း ထုတ်ချင်တာဖြစ်ပါတယ်။
"ကျပ်သိန်း၁၀၀တန်ကို ၁၅ သိန်း တောင်းတာဖြစ်သင့်ရဲ့လား"
ကျပ်သိန်း ၁၀၀တန်ကားကို၁၅ ရာခိုင်နှုန်း အခွန်ကောက်ပြီး
တော့ ကျပ်သိန်း ၁,၀၀၀ နဲ့အထက်ကို ၃၀ ရာခိုင်နှုန်း အခွန်
ကောက်တာ ခေါက်ရိုးထက်ဝက်ကြီး ကောက်သလိုခံစားရပါ
တယ်။ ကျပ်သိန်း ၅၀၀ တန်ကနေ သိန်း ၁,၀၀၀ တန်၊
ကျပ်သိန်း ၁,၀၀၀ တန်မှသည် သိန်းသောင်းချီပြီး ဝယ်နိုင်တဲ့
လုပ်ငန်းရှင်ကြီးတွေအတွက်တော့ နိုင်ငံတော်က ဘယ်လောက်
ရာခိုင်နှုန်းနဲ့ ကောက်ကောက် မပြောလိုပါဘူး။
ကျပ်သိန်း၁၀၀တန်ကို ၁၅ သိန်း တောင်းတာကတော့
များလွန်း တယ်လို့ ပြောချင်ပါတယ်။
"သိန်း ၁၀၀ ကို ဖြစ်သင့်တာက ၅ ရာခိုင်နှုန်း"
၂၀၁၅ အခွန်အကောက် ဥပဒေအတိုင်း ၃ ရာခိုင်နှုန်း အတိုင်း
ပေးဆောင်သင့်ကြောင်း ပြောကြားလိုတာ မဟုတ်ပါဘူး။
(က) တစ်ကျပ်မှ ကျပ်သိန်း ၂၀၀ အထိ ၅ရာခိုင်နှုန်း
(ခ) ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၃၀၀ အထိ ၁၀ ရာခိုင်နှုန်း
(ဂ) ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ ၁၅ ရာခိုင်နှုန်း
(ဃ) ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁,၀၀၀ အထိ
၂၀ ရာခိုင်နှုန်း
(င) သိန်း ၁၀၀၀ နှင့်အထက်ကို ၃၀ ရာခိုင်နှုန်းကို အဆင့်ဆင့်
တိုး မြှင့်ကောက်ခံသင့်ပါတယ်။
လူလတ်တန်းစားတွေကို တဖြည်းဖြည်းချင်း အခွန်စနစ်နဲ့ ရင်းနှီးပြီး
အခွန်ဆောင်ချင်လာ အောင် စည်းရုံးဆွဲဆောင်သင့်ပါ တယ်။
သူဌေးတွေကို အခွန်တိုး ကောက်ပြီး လူလတ်တန်းစားတွေကို
သင့်တင့်တဲ့ အခွန်ကောက်ခံ တဲ့ စနစ် ဖြစ်သင့်ပါတယ်။
အလတ်တန်းစားနဲ့ အသေးစား လုပ်ငန်းရှင်တွေကို
စည်းရုံးပညာပေး ဆောင်ရွက်သင့်ပါတယ်။
"ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကိုဈေးတစ်မျိုးကောက်ပေးသင့်တယ်"
မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်တွေဟာ ရွှေ့ပြောင်း နိုင်တဲ့
ပစ္စည်းတွေဖြစ်ပါတယ်။ အိမ်လာပြီး အခွန်ရုံးကလာစစ်ရင်တောင်မှ
လွယ်လွယ်ကူကူ မသိရှိနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။
အထူးပြုပြောကြားတာကလည်း တစ်ကျပ်မှ
ကျပ်သိန်း ၂၀၀ အထိကိုသာ ၅ ရာခိုင်နှုန်း ကောက်ခံပေးဖို့
အရည်ကြိုက ဆွေးနွေးလို ခြင်း ဖြစ်ပါတယ်။
"အခွန်ရုံးမှာ အခွန်ပြေး ဆောင်ထားကြပါ"
လက်ရှိအစိုးရအဖွဲ့နဲ့ လွှတ်တော်က ပြင်ဆင်ပြောင်းလဲမှု မ
လုပ်တော့ဘူးဆိုပါလျှင် ၂၀၁၆ဧပြီ ၁ ရက်မှာစတင်အသက်ဝင်
လာမယ့် ပြည်ထောင်စု အခွန် အ ကောက် ဥပဒေကြောင့်
ဝင်ငွေခွန် မပြနိုင်တဲ့ ကျွန်တော့်အမျိုးတွေ အမည်ပြောင်းလဲမယ်
ဆိုရင် ကျပ် သိန်း ၁၀၀ တန်ကားတစ်စီးလျှင် ၁၅ သိန်းပေးဆောင်
ရမယ့် ဥပဒေ ကြောင့် အခက်အခဲ တွေ့နိုင်ပါ တယ်။
အကြံပြုလိုတာကတော့ လက်ရှိအချိန်မှာ အခွန်ပေး ဆောင်မယ်
ဆိုလျှင် ကျပ်သိန်း ၁၀၀ တန် ကားတစ်စီးကို သုံးသိန်း၊
သိန်း ၂၀၀တန်ကားတစ်စီးကို ၆သိန်းသာ ပေးဆောင်နိုင်သည့်
၂၀၁၅ အခွန်အကောက် ဥပဒေဟာ ၂၀၁၆ ဧပြီ ၁ ရက်မတိုင်ခင်
အထိ အသက်ဝင်နေဆဲဖြစ်ပါတယ်။ မိမိအမည်သို့ ပြောင်းလဲနိုင်ရန်
သက်ဆိုင်ရာ အခွန်ရုံးများတွင် အခွန်ပေးဆောင်ပြီး
အမည်ပြောင်းလဲ ထားသင့်ပါတယ်။ အခွန်ပေးဆောင်ပြီးလျှင်
သက်ဆိုင်ရာ ကညနရုံးများတွင်အမည်ပြောင်းလဲထားရန်
လိုမှာဖြစ်ပါတယ်။
အလွယ်ပြောပြရင်တော့ အခုအချိန်မှာ ဟွန်ဒါဖစ်လို၊ ဒမ်မီ ယိုလို
ကားမျိုးလေးတွေ အမည် ပြောင်းထားရင် သုံးသိန်း၊
၂၀၁၆ ဧပြီ ၁ ရက် နောက်ပိုင်းမှ အမည် ပြောင်းရင် ၁၅ သိန်း
ပေးဆောင်ရ မှာပါ။
"လက်ရှိ ကညနမူမှာ"
လက်ရှိကညနမူမှာ ယခင် မူလပိုင်ရှင် မှတ်ပုံတင် မူရင်းမပါ လျှင်
လည်း သက်တမ်းတိုး အမည်ပြောင်းလဲခွင့် ပြုထားပါတယ်။
တခြားတစ်ဖက်မှာလည်း ၂၀၁၅ အတွင်း အတည်ပြုထားသော
မော်တော်ယာဉ် ဥပဒေတွင် မိမိ ဝယ်ယူပိုင်ဆိုင်ထားသော
ကားကို တစ်လအတွင်း အမည်ပြောင်းလဲရန် ဖွင့်ဆိုထားပါတယ်။
ပိုင်ရှင် အမည်ပြောင်းလဲခြင်းကို ကညနတွင် တရားဝင်မပြုလုပ်
ထားလျှင် ဒဏ်ကြေးငွေ တစ်သိန်းတပ်ရိုက်မယ်လို့လည်း
ပါရှိပါတယ်။
ကညနအနေဖြင့် ၂၀၁၆ ဧပြီ၁ ရက်နေ့နောက်ပိုင်းမှာ
သက် တမ်းတိုး လာရောက်ဆောင်ရွက်လျှင် ယခင်ပိုင်ရှင်
မှတ်ပုံတင် မူရင်း တောင်းယူခြင်း (သို့မဟုတ်)ပိုင်ရှင်ကိုယ်တိုင်
လာရောက် ဆောင်ရွက်ရန် (သို့) ကိုယ်စား လှယ် လွှဲစာဖြင့်သာ
ဆောင်ရွက် စေရန် ညွှန်ကြားလာနိုင်ပါတယ်။
လက်ရှိ ၂၀၁၅ အခွန်ပေးဆောင်တဲ့ ကျပ်သိန်း ၁၀၀ ကို သုံးသိန်း
ကောက်ခံတဲ့မူဟာ နောက်အစိုးရ ပြောင်းရင်တောင်မှ လျှော့ပေါ့
ခံစားခွင့်မရနိုင်တဲ့ မူဖြစ်တဲ့အတွက် အမှန်တကယ်မိမိစီးနင်းမယ့်
ကားတွေကို အခွန်ဆောင်ပြီး အမည်ပေါက် ပြုလုပ်ထားသင့်
ပါကြောင်း အကြံပြုလိုပါတယ်။
မိမိကား သက်တမ်းမကုန် သေးသော်လည်း ကျွန်တော့်အမျိုးတွေ
ကြိုတင် အမည်ပြောင်း လျှောက်ထားလို့ရပါတယ်။
ရန်ကုန်သားတွေအတွက် ပါကင်အခက်အခဲကြောင့်
ဆိုပါလျှင်လည်း ပြည်တွင်းအခွန်မှာ ကြိုတင်ပြီး အခွန်ဆောင်ထား
သင့်ပါတယ်။ ၂၀၁၆ ထဲရောက်ပြီး ပါကင်အဆင်ပြေသွားချိန်ကျမှ
အဲဒီအခွန်စာရွက်လေးကိုင်ပြီး ကညနကိုသွားပြီး အမည်ပြောင်း
လျှောက်ထားရင်လည်း နောက်မကျသေးပါဘူး။
"ကုမ္ပဏီအမည်ပေါက် တက္ကစီများ"
အမည်ပြောင်းလဲခွင့် မပြုဆို တဲ့ ကန့်သတ်ချက်ရှိတဲ့
တိုင်း ဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုမိန့် နဲ့ တင်သွင်းတဲ့ ကုမ္ပဏီ
အမည် ပေါက်တက္ကစီကား တွေကတော့ အခွန်ဆောင်လည်း
အလကားပါ ပဲ။ ကညနမှာ အမည်ပြောင်းလဲ ခွင့်ရမှာ မဟုတ်ပါဘူး။
အဲဒီ အချက်ကတော့ အထူး သတိပြု စေလိုပါတယ်။
"၂၀၁၆ ပြည်ထောင်စု အခွန်အကောက်ဥပဒေ
ကားနဲ့ပတ်သက်ပြီးအောင်မြင်နိုင်သလား"
၂၀၁၆ အခွန်အကောက် ဥပဒေဟာ စာအုပ်ထဲမှာ အောင်မြင်
နိုင်ပါတယ်။ တစ်လုံးတစ်ခဲ ကြီး ပြောလို့ဆိုလို့လည်း ကောင်းပါတယ်။
လက်တွေ့မှာတော့ မော် တော်ယာဉ်တွေ အခွန်ကောက်ရာမှာ
ကျွန်တော်ပြောသလို မပြုပြင်နိုင်ဘူးဆိုရင် ၈၀ ရာခိုင်နှုန်း
မအောင်မြင်နိုင်ဘူးဆိုတာ အရည်ကြိုက ကြိုတင်ဟောကိန်း
ထုတ် လိုပါတယ်။
ဘာကိုကြည့်ပြီး ဟောကိန်း ထုတ်တာလဲဆိုတော့ ကားတန်ဖိုး ရဲ့
ထက်ဝက် ၁၅ ရာခိုင်နှုန်းသာ ကောက်ခံခဲ့တဲ့ ၂၀၁၄
မတ်လ ၃၀ ရက်အထိ ကျင့်သုံးခဲ့တဲ့ ကား အခွန်ဆောင်စနစ်ကို
ကျင့်သုံးခဲ့ တာကို ကိုးကားပြီး ပြောတာဖြစ် ပါတယ်။ အဲဒီအချိန်က
တန်ဖိုး အပြည့် တောင်းတာတောင် မဟုတ်၊ ကားတန်ဖိုးရဲ့
ထက်ဝက် ပဲ တောင်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ
ကားဝယ်သူ ပိုင် ဆိုင်သူများဟာ အရင်လူရဲ့ မှတ် ပုံတင်ကို
တစ်သိန်း(သို့)နှစ်သိန်း ဖြင့် ငှားရမ်းပြီး ကညနမှာ သက် တမ်း
တိုးခဲ့ကြတာ ဖြစ်ပါတယ်။
ယခုလို တန်ဖိုးအပြည့်ကို ၁၅ ရာခိုင်နှုန်းသာ ကောက်ခံမယ်
ဆိုပါလျှင်တော့ ၂၀၁၄ ခေတ် ဟောင်းကကဲ့သို့ မှတ်ပုံတင်
တစ်ခါငှားနှစ်သိန်းစနစ်ကြီး ပြန်လည်ပေါ်ပေါက်လာမှာ
ဖြစ်ပါ တယ်။ တစ်ခါအခွန်ဆောင်ရင် ၁၅ သိန်းနဲ့ တစ်နှစ်နေမှ
တစ်ခါ မှတ်ပုံတင် တစ်ခါငှား နှစ်သိန်းကို ဘယ်သူရွေးမလဲဆိုတာ
ကလေး တောင်သိတဲ့ ကိစ္စဖြစ်ပါတယ်။ ရွှေ့ပြောင်းနိုင်တဲ့ကားဟာ
မရွှေ့ ပြောင်းနိုင်တဲ့မြေနဲ့ သဘောသဘာဝ မတူဘူးဆိုတာလည်း
သိရှိစေလိုပါတယ်။
တစ်ခုပါပဲ၊ အရည်ကြိုက သိန်းထောင်ပိုင်းတွေကို လျှော့ချ ပေးဖို့
ပြောတာမဟုတ်ဘဲ တစ် ကျပ်မှ ကျပ်သိန်း ၂၀၀ အထိ ၅ရာခိုင်နှုန်း
လျှော့ပေါ့ပေးရန် တောင်းဆိုတာဖြစ်ပါတယ်။ သူဌေးတွေအတွက်
အခွန်တိုးကောက်တာ မပြောလိုပေမယ့် သာမန်လူတန်းစား
ကျပ်သိန်း ၁၀၀ တန်ကားကို ၁၅ သိန်း အခွန်ဆောင်ခိုင်းတာ
ဖြစ်သင့်ပါရဲ့လားလို့ မေးခွန်းထုတ်လိုပါတယ်။ ဥပဒေ၊နည်းဥပဒေ
တွေဟာ ပြည်သူ့အကျိုးအတွက် သာမန်ပြည်သူလက်တွေ့
လိုက်နာနိုင်တဲ့၊ သာမန်ပြည်သူအခွန် မရှောင်လွှဲနိုင်တဲ့
သင့်တင့်တဲ့ အနေအထားမျိုး ဖြစ်သင့်ပါကြောင်းနဲ့
မှတ်ပုံတင်ငှားရမ်းပြီး ကညန သက်တမ်းတိုးတဲ့ စနစ်ကြီး
မပေါ်ပေါက်စေရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြု
ပြဋ္ဌာန်း လိုက်သော်လည်း သမ္မတကြီးနဲ့ အစိုးရအဖွဲ့က
ဆောင်ရွက်ပေးပါလို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
(အရည်ကြို)
credit - 7day daily
(ဆောင်းပါးရှင်ကတော့ ၂၀၁၆ အခွန်အကောက် ဥပဒေဟာ
စာအုပ်ထဲမှာသာ အောင်မြင်နိုင်မယ်လို့ ဟောကိန်း
ထုတ်လိုက်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အိမ်ခြံမြေဈေးကွက်အရ သိန်း ၃၀၀ တန်
မြေကွက်ပါအပါ အိမ်တစ်လုံးဟာ ဘယ်အခြေအနေဆိုတာ
မိတ်ဆွေများခန့်မှန်းမိမှာပါ။
မိသားစုတစ်စုလုံး အတွက်နေရေးကို ဖန်တီးပေးနိုင်မယ့်
သာမန်အိမ်လေးတစ်လုံးကို ၀ယ်ဈေး သိန်း၃၀၀တိတိနဲ့ဘဲ
အခွန်ဌာနကဖြတ်ပေးတယ်ဆိုပါစို့။
သိန်း၃၀၀တန် အိမ်တစ်လုံးကိုတောင်
တံဆိပ်ခေါင်းခွန် အပါ ကျပ်သိန်း ၆၀ အခွန် ဆောင်ရမယ်ဆိုရင်
အိမ်ခြံမြေ မိတ်ဆွေ တို့လည်း
ဆောင်းပါးရှင် ရဲ့ဟောကိန်းကို လက်သင့်ခံမယ်လို့ ထင်ပါတယ်။
“အိမ်ခြံမြေ လမ်းဆုံ” )
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment