Thursday, January 21, 2016

“မြို့သစ်စီမံကိန်းအားမျှော်ကိုးပြီး ၀ယ်ထားသော လယ်မြေကွက်များ၏ ဈေးကွက်အခြေအနေနှင့် သုံးနှစ်အတွင်း သုံးဆခန့်တိုးတယ်ဆိုတဲ့ ကျူးကျော်တဲများ”

“မြို့သစ်စီမံကိန်းအားမျှော်ကိုးပြီး ၀ယ်ထားသော
လယ်မြေကွက်များ၏ ဈေးကွက်အခြေအနေနှင့် သုံးနှစ်အတွင်း
သုံးဆခန့်တိုးတယ်ဆိုတဲ့ ကျူးကျော်တဲများ”

၁။ "မြို့သစ်စီမံကိန်းမျှော်ကိုးပြီး ၀ယ်ယူထားသော
လယ်မြေကွက်များ ပြန်ရောင်းမထွက်၊ အရောင်းအ၀ယ်
ရပ်ဆိုင်းနေ"

၂၀၁၃ ခုနှစ်အတွင်း စံချိန်တင်ဈေးနှုန်းမြင့်တက်ခဲ့သော
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ်မှ အိမ်ခြံ၊
လယ်၊ ဥယျာဉ်ခြံမြေများမှာ ယခုအချိန်တွင် အရောင်းအ၀ယ်
လုံးဝမဖြစ်တော့ဘဲ ရပ်ဆိုင်းနေကြောင်း အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းများနှင့် ဒလမြို့ဒေသခံများထံမှ
သိရသည်။

''လက်ရှိ အရောင်းအ၀ယ်လုံးဝမဖြစ်တော့ဘူး။ ၀ယ်သူ အမှန်
မရှိတော့ ဘယ်ဈေးဆိုတာ ခန့်မှန်းလို့မရဘူး။ အ၀ယ်ရပ်နေတော့
ဈေးကအကျဘက်ပဲ ရှိတယ်။ ဒလမြေကွက်တွေက
ပေ ၄၀ x ၆၀၊ ၂၅ ပေ x ပေ ၅၀၊ ပေ ၅၀ x ၅၀ အကျယ်ရှိမယ်။
ဘယ်လိုရပ်ကွက်မှာမှ အ၀ယ်လိုက်တယ်ဆိုတာ မရှိဘူး။
ပျမ်းမျှပဲ။ တံတားထိုးပြီးရင် ဈေးတက်မလားဆိုတော့ အခု
အ၀ယ်ရပ်ပုံမျိုးနဲ့ဆို ခန့်မှန်းလို့မရသေးဘူး။ အားလုံးက
စောင့်ကြည့်နေတဲ့ အခြေ အနေမှာရှိတယ်။ ၂၀၁၃ ခုနှစ်ကတော့
အခုတံတားထိုးမယ့် ကျန်စစ်သားရပ်ကွက်နဲ့ အနီးတ၀ိုက်မှာ
တော့ ပေ ၅၀ ပတ်လည်တကွက်ကို သိန်း ၁၃၀၀ ကနေ
သိန်း ၁၅၀၀ လောက်ထိ ပေါက်သွားတယ်''ဟု
ရာဇသင်္ကြန်ရပ်ကွက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ
သိရသည်။

၂၀၁၃ ခုနှစ်အတွင်းပိုင်းတွင် ဒလနှင့်ရန်ကုန်မြစ်ကူးတံတားအား
ကိုရီးယားနိုင်ငံမှ တံတားထိုးမည်ဟူသော သတင်းဖြင့် ဒလမြို့
ဘက်ခြမ်းမှ အိမ်ခြံမြေဈေးများမှာ မကြုံစဖူး စံချိန်တင်မြင့်တက်
လာခဲ့ပြီး ရုပ်မြင်သံကြား သတင်းများတွင် (Breaking News)
အဖြစ် ထည့်သွင်းကြေညာသည်အထိ ဖြစ်ခဲ့သည်။

၂၀၁၄ ခုနှစ်မှာတော့ ရန်ကုနမြို့သစ်စီမံကိန်းအား ဒလ၊ တွံတေး၊
ကြည့်မြင်တိုင်မြို့နယ် သုံးခုဆိုင်နေရာ အလယ်၌ ဧက ၃၀၀၀၀
အကျယ် မြေနေရာ၌ မြို့သစ်စီမံကိန်း အကောင်အထည်
ဖော်မည်ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် တင်သွင်း
ဆုံးဖြတ်ပြီးနောက် အဆိုပါစီမံကိန်းအား လွှတ်တော်မှခွင့်ပြု
ပေးခဲ့သည်။

ယင်းစီမံကိန်းကြောင့် ဒလဘက်ခြမ်းရှိ လယ်မြေဈေးများမှာ
ပြန်လည်ကျဆင်းခြင်းမရှိဘဲ စီမံကိန်းအတွက် တင်ဒါ ခေါ်သည့်
အခါ ဗဟန်းမြို့နယ်တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ညိုညိုသင်းက ကန့်ကွက်သည့်အတွက် စီမံကိန်းရပ်ဆိုင်း
ထားခဲ့ပြီး လယ်မြေဈေးများ တဖြည်းဖြည်းကျဆင်းလာကြောင်း
ဒေသခံများက ဆိုသည်။

၂၀၁၅ ခုနှစ်နိုဝင်ဘာလအတွင်း ကိုရီးယား-မြန်မာ ချစ်ကြည်ရေး
အထိမ်းအမှတ်ဖြင့် ရန်ကုန်-ဒလ တံတားထိုးရန် ငါးနှစ်ကြာ
စီမံကိန်းကို လွှတ်တော်မှ အတည်ပြုပေးခဲ့ပြီး ချေးငွေများ
ရယူနိုင်ရန် ဆုံးဖြတ်ပေးခဲ့သည်။ သို့သော်လက်တွေ့
အခြေအနေတွင် တံထားထိုးရန် စီမံကိန်းနှင့် မလွတ်ကင်းသည့်
နေအိမ် ၆၈ လုံးအား လျော်ကြေးအစား ပြန်ပေးရန်အတွက်
ယနေ့အချိန်ထိ တိကျသည့်ဆုံးဖြတ်ချက်တခု မချနိုင်သေးဟု
တံတားနှင့်မလွတ်ကင်းသည့် မြေယာလျော်ကြေးညှိနှိုင်းရေး
အဖွဲ့မှသိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းဆောင်ရွက်မည့် တည်နေရာမှာ
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြစ်နှင့် တွံတေးတူး မြောင်းကြား
တွံတေးမြို့နယ်၊ ဒလ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့်
ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ မြေဧရိယာ ခန့်မှန်း
ဧက ၃၀၀၀၀ ပေါ်တွင် ဖော်ဆောင်မည်ဖြစ်သည်။ ရန်ကုန်
မြို့သစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် အတွက်
ဒေသခံအများစုမှာ လိုလားလျက်ရှိကြောင်း တွံတေးမြို့နယ်
အတွင်း လယ်သမားရေးရာကိစ္စများကို ကူညီဆောင်ရွက်
ပေးနေသူ ဒေသခံ ဦးချစ်ကို(ခ)ဦးဖိုးထူးက ပြောသည်။

''အဓိကတော့ လယ်သမားတွေအတွက်ပေါ့ဗျာ။
သူတို့လယ်ယာမြေတွေ ဈေးမြင့်လာမယ်။ လက်ရှိ စိုက်ပျိုးတဲ့
လယ်မြေမှာ ရေချို၊ ရေငန်စပ် လယ်မြေဖြစ်နေတယ်။
ရေသွင်းရေထုတ်စိုက်ရတာ မလွယ်ကူဘူး။ မိုးစပါးက ပြဿနာ
မရှိပေမယ့် နွေစပါးစိုက်ရင် အတော်ဒုက္ခရောက်တယ်။
ဒီလယ်ယာမြေတွေကို မြို့သစ်စီမံကိန်း ဖော်ဆောင်မယ့်
ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆို တန်ဖိုးနည်း
အိမ်ရာတွေ အများကြီး ပေါ်ထွန်း လာမယ်။ လမ်းပန်း
ဆက်သွယ်ရေးနဲ့ ပညာရေးပိုင်းတွေပါ ဖွံ့ဖြိုးတိုးတက်ပြီး
လူနေမှုဘ၀တွေပါ မြင့်လာနိုင် တဲ့အတွက် မြို့သစ်စီမံကိန်း
ပေါ်ပေါက်လာဖို့အတွက် အပြည့်အ၀ထောက်ခံပါတယ်'' လို့
၎င်းက ဆိုသည်။

ယင်းမြို့သစ်စီမံကိန်းဖော်ဆောင်ရန် လျာထားသော
မြေနေရာသည် ဆားငန်ရည်ဝင်ရောက်သော လယ်မြေနှင့်
ကျေးရွာပိုင်မြေများဖြစ်ပြီး ထိုလယ်မြေများတွင် စပါးစိုက်ပျိုးပါက
တဧက တနှစ်စပါးအထွက်နှုန်းမှာ တင်း ၂၀ နှင့် ၃၀
ကြားထွက်သည်။ ယင်းစပါးထွက်နှုန်းကြောင့် စိုက်ပျိုးသူ
လယ်သမား၏ ၀င်ငွေမှာတနှစ်လျှင် သုံးသိန်းခန့်ရရှိပြီး
ဒေသခံလယ် သမားများမှာ နှစ်စဉ်အရှုံးပေါ်နေကြောင်း
ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့တော်ကယ်တင်ရေး (Save Yangon) ဆွေးနွေးပွဲမှ
မြို့ပြဗိသုကာပညာရှင် ဒေါက်တာကျော်သက်၊ ဗိသုကာ
ဒေါ်လှစုမြတ်၊ တော်ဝင်ဦးကိုကိုထွေး၊ အိုးအိမ်ဦးစီးဌာနမှ
ပညာရှင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များ၏ ဆွေးနွေးပွဲမှ
ယခုလို ကောက်နုတ်ချက်များ ဖော်ပြထားသည်။

- ၁၉ ရာစုက ရန်ကုန်မြို့၏ ဧရိယာမှာ စတုရန်းမိုင် ၃၀ သာ
ရှိသော်လည်း ယခုအခါ ၃၀၆ စတုရန်းမိုင်ဖြစ်ပြီး လူဦးရေ
ငါးသန်းကျော်နေထိုင်လျက် ရှိကြောင်း သိရသည်။
- နိုင်ငံတကာစံနှုန်းအရ လူဦးရေတိုးနှုန်း ၃ ရာခိုင်နှုန်းဖြင့်
တွက်ချက်ပါက ၂၀၅၀ တွင် ရန်ကုန်မြို့၌ နေထိုင်သူ လူဦးရေ
သန်း ၂၀ ရှိလာမည် ဖြစ်ပြီး အနည်းဆုံးလျှော့ပေါ့တွက်ချက်လျှင်
၂၀၅၀ တွင် ရန်ကုန်မြို့၏ လူဦးရေ သည် ၁၅ သန်းခန့်
မလွဲမသွေရောက်ရှိမည်ဖြစ်မည်။
- ကျေးလက်တောရွာများမှ အလုပ်အကိုင်ပွင့်လင်းရာမြို့ပြသို့
နှစ်စဉ် ရွှေ့ပြောင်းအခြေချလာသဖြင့် ၂၀၅၀ တွင် တနိုင်ငံလုံး၏
လူဦးရေ ၄၄ ရာခိုင်နှုန်းမှာ မြို့ပြတွင် အခြေချမည်ဖြစ်သည်။
- ထို့ကြောင့် ရန်ကုန်မြို့၏ လူဦးရေ ဆတိုးနှုန်း အစဉ်တစိုက်
မြင့်တက်နေပြီး နှစ်စဉ် ရန်ကုန်မြို့အတွက် တိုက်ခန်း
ယူနစ်ပေါင်း ၃၀၀၀၀ ခန့်လိုအပ်နေသည်။
- ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် အိမ်ရာစီမံကိန်းများ
ဖော်ဆောင်ပေးနေခြင်း၊ တိုးချဲ့ ဆောက်လုပ်မှုများကို
ခွင့်ပြုချက်ချပေးခြင်းတို့ကို စီမံဆောင်ရွက်ပေးနေသော်လည်း
တနှစ်လျှင်ဆောက်လုပ်ခွင့် မှတ်တမ်းအရ တိုက်ခန်းယူနစ်
၇၀၀၀ နီးပါးသာ ဆောင်ရွက်ပေးနိုင်သဖြင့် လိုအပ်ချက်နှင့်
ဖြည့်ဆည်း နိုင်မှုမညီမျှဘဲ အိမ်ရာဈေးနှုန်းမြင့်မားလာရကြောင်း
အဆိုပါဆွေးနွေးပွဲမှ သိရသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (JICA)
အနေဖြင့်လည်း ၂၀၄၀ တွင် ရန်ကုန်မြို့သည် အနည်းဆုံးအိမ်ရာ
ယူနစ်ပေါင်း ၁၂ သိန်းကျော်လိုအပ်မည်ဟု ခန့်မှန်းသည်။

ရန်ကုန်မြို့အား မြို့ပြဗဟိုခွဲများဖြင့် ခွဲထုတ်ချဲ့ထွင်ရမည်။
လှိုင်သာယာဗဟိုပြုသော
(ဒလ၊ လှည်းကူး၊ မှော်ဘီ၊ ထန်းတပင်၊ တွံတေး)မြို့များတွင်
အနည်းဆုံးလူနေယူနစ် ခြောက်သိန်း
တည်ဆောက်ရန် လိုအပ်သည်။

ယင်းမှာလက်ရှိအစိုးရရော နောင်တာဝန်ယူမည့် ရန်ကုန်တိုင်း
အစိုးရအဖွဲ့များအနေဖြင့် အချိန်မဆိုင်း ဆောင်ရွက်သင့်သည့်
စိန်ခေါ်မှုကြီး တရပ်ဖြစ်ကြောင်း နိုင်ငံတကာ စံနှုန်းအတိုင်း
လေ့လာစစ်ဆေးရေးသားထားသော (JICA)အစီရင်ခံစာတွင်
ဖော်ပြထားသည်။

ထို့ကြောင့် မြို့သစ်စီမံကိန်းဖော်ဆောင်ရာတွင် ဒေသခံ
ပြည်သူအများအတွက် အကျိုးရှိနိုင်သလို အိမ်ခြံမြေဈေး
ကစားလိုသူ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း သတိထားရန်
လိုအပ်ပါကြောင်း မြို့ပြစီမံကိန်းဆိုင်ရာပညာရှင်များက
သတိပေးသည်။

(အောင်သူရိန်)

***

၂။ "ရန်ကုန်တိုင်းဒေသကြီး ကျူးကျော်တဲ သုံးနှစ်အတွင်း
သုံးဆခန့်တိုးလာ"

၂၀၁၃ ခုနှစ်အတွင်း အစိုးရက ကောက်ယူထားသည့်
စစ်တမ်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိနိုင်ငံပိုင်
မြေများနှင့် ပုဂ္ဂလိကပိုင် မြေနေရာများပေါ်တွင်
ဆောက်လုပ်ထားသည့် ကျူးကျော်တဲအရေအတွက်နေ့စဉ်တိုးပွား
လာနေသည့်အတွက် ယနေ့အချိန်တွင် ကျူးကျော် တဲပေါင်း
နှစ်သိန်းခန့်အထိ ရှိလာ နိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး
ဦးဝင်းနိုင်က ပြောသည်။

ပထမအကြိမ်စာရင်းကောက်ယူစဉ် ၂၀၁၃ ခုနှစ်အတွင်းက
ကျူးကျော်တဲပေါင်း ၆၅,၀၀၀ရှိခဲ့ရာ အရေအတွက်တိုးလာပြီး
လက်ရှိအချိန် တွင် တဲပေါင်း ၂၀၀,၀၀၀ ခန့်ရှိမည်ဟု စာရင်း
ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကခန့်မှန်းကြောင်း ၎င်းက
ပြောသည်။

"နှစ်သိန်းကတော့စာရင်းပြန်မကောက် ရသေးတဲ့အတွက်
အတည်ပြုလို့မရသေး ပေမယ့် တိုးနေတာကတော့
သေချာတယ်။ ကျွန်တော်တို့ ဒီပြဿနာတွေကို ဖြေရှင်းဖို့
ကြိုးစားနေပေမယ့် အားလုံးကိုလွှမ်းခြုံနိုင်ဖို့ ဆိုတာမဖြစ်နိုင်
သေးဘူး။ နေစရာလုံးဝမရှိလို့ ကို ကျူးကျော်တဲနဲ့နေတဲ့
လူတန်းစားကို ပြောတာ၊ အိမ်ပိုင်ဖို့ မပြောနဲ့ ငှားနေဖို့တောင်
မတတ် နိုင်တဲ့သူတွေကိုဆိုလိုတာပါ။ တချို့ကျူးကျော်
တဲလေးတွေဆို ခြောက်ပေပတ်လည်မှာ ဘယ်လိုနေကြတယ်
ဆိုတာတောင် စဉ်းစား လို့ မရဘူးဖြစ်နေတယ်"ဟု
၎င်းကပြောသည်။

စက်မှုဇုန်အများအပြားရှိပြီး အလုပ်အကိုင်အခွင့်အလမ်း
ပေါများသည့် ဒဂုံဆိပ် ကမ်း၊ ဒဂုံတောင်၊ ရွှေပြည်သာနှင့်
လှိုင်သာယာ မြို့နယ်များတွင် ကျူးကျော်တဲ အများဆုံး
ရှိနေသည်။လှိုင်သာယာမြို့နယ်မှာ ကျူးကျော်တဲ အများဆုံး
တွေ့ရသော နယ်မြေတစ်ခုဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော် တဲ တိုးပွားလာသည့်
ပြဿနာကိုဖြေရှင်းနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့်ဒဂုံမြို့သစ်တောင်ပိုင်း
၁၆၈ ရပ်ကွက်တွင် ခြောက်ခန်းတွဲ တစ်ထပ်တိုက် စုစုပေါင်း
၁၅ လုံး၊အခန်းပေါင်း ၉၀ ကို ရှေ့ပြေးစမ်းသပ်အစီ အစဉ် အဖြစ်
ဒဂုံဆိပ်ကမ်း မြို့နယ် အတွင်းရှိ ကျူးကျော်နေထိုင်သူများကို
အငှားစနစ်ဖြင့် နေရာချထားပေးရန် ဆောက်လုပ်လျက်ရှိသည်။

အဆိုပါအစီအစဉ်အောင် မြင်ပါက ကျူးကျော်နေထိုင်သူများ
အတွက် အငှားအိမ်ရာများကိုဆက်လက်ဆောက်လုပ်
ပေးသွားရန် စီစဉ်ထားသော်လည်း ရန်ကုန် တိုင်းဒေသကြီး
တစ်ခုလုံးအတွင်းရှိ ကျူးကျော် နေထိုင်သူများအတွက်ကိုမူ
အငှားအိမ်ရာချထားပေးရန်မှာဖြစ်နိုင်ခြေနည်းပါးကြောင်း
ဦးဝင်းနိုင်က ပြောသည်။

၂၀၀၈ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းနာဂစ်မုန်တိုင်း
အပြီးတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံအဆောက်
အအုံအများအပြား ပျက်စီးခဲ့ရသလို နေထိုင်သူ များအတွက်
လည်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာသည့်
အခြေအနေသို့ ရောက်ရှိခဲ့ရသည်။ သို့ဖြစ်ရာစက်မှုဇုန်အများ
အပြားရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်
ရန်ကုန်တိုင်းဒေသကြီး သို့ ၀င်ရောက်နေထိုင်မှု ပိုမိုများပြား
လာသည်။

အဆိုပါအခြေအနေများကြောင့် တိုးပွားလာ သည့် တဲများကို
'တဲတစ်တဲတိုး တစ်တဲဖျက် စနစ်' ဖြင့်ရှင်းလင်း
လုပ်ကိုင်လျက်ရှိနေ ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီအဖွဲ့ဝင်ဦးခင်မောင်တင့်က ပြော သည်။

"အခုနောက်ပိုင်း စည်ပင်ပိုင်မြေပဲ ဖြစ်ဖြစ်၊တခြားမြေမှာပဲဖြစ်ဖြစ်
ကျူးကျော် တဲအသစ်ထပ်တိုးဆောက်လာရင်
'တစ်လုံးဆောက်၊တစ်လုံးဖျက်တဲ့ စနစ်'နဲ့ ရှင်းနေတာ ပါ ၊
အားလုံးက ၀ိုင်းစောင့်ကြည့်နေပါတယ်၊၊အခုအလုံးအရင်းနဲ့ ရှိတဲ့
ကျူးတွေကလည်း အရင်ခေတ် အဆက်ဆက်က နေလာခဲ့တဲ့
ကျူးတွေဖြစ်ပါတယ်။ ကျူးတဲတွေကို ဖျက် လိုက်ပေမယ့်လည်း
ပြဿနာတွေက ပြေလည်သွားမှာ မဟုတ်ပါဘူး။
အငှားအိမ်ရာတွေကို ဖန်းတီးပေးဖို့အပြင် သူတို့လာတဲ့
နေရာဒေသတွေဆီမှာ စားဝတ်နေရေးဖူလုံဖို့ လုံလောက်တဲ့
အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့လိုတယ် " ဟု
၎င်းက ဆက်လက်ပြောသည်။

၂၀၁၄ ခုနှစ်မှ စတင်ကာ ကျူးကျော်တဲဖျက်သည့် စနစ် ကို
ပြောင်းလဲကျင့်သုံးလာခဲ့သည့်အတွက် အလုံးအရင်းဖြင့်
တိုးပွားမှုလျော့သွားသော် လည်း ဖျက်သိမ်းရှင်းလင်းရန်
လာရောက် သည့် အဖွဲ့နှင့် ကျူးကျော်နေထိုင်သူများအကြား
အခြေအတင်စကားပြောရခြင်းများ၊ ခိုက်ရန်ဖြစ်ပွားမှုများရှိခဲ့
ကြောင်း လှိုင်သာယာမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး
ဦးကြည်စိုးက ပြောသည်။

"အခုမဖျက်ဘဲ ကျန်တာက အရင်ကကျူးထားတဲ့ တဲတွေပါ။
သူတို့ကိုကျတော့ ညွှန်ကြားချက်ရမှ စီမံချက်နဲ့ရှင်းရမှာပါ။
အခု နောက်ပိုင်းတဲသစ်တွေကိုတော့ ထိုးတာနဲ့ တစ်ခါတည်း
ဖျက်ခိုင်းတော့ သူတို့ဘာမှ ပြော လို့မရဘူး။ အခြေအတင်
စကားများတာ။ကတောက်ကဆဖြစ်တာတော့ ရှိပါတယ်။
အရင်ကောက်ထားတဲ့ စာရင်းအရတဲပေါင်း ၁၄,၆၀၀ ရှိတယ်လို့
စာရင်းကောက်ထားပေ မယ့် မြေပြင်မှာတော့ အဲဒီစာရင်းထက်
ပိုများ နိုင်တယ်။ မြို့နယ်က ကျယ်တဲ့အပြင် နေရာတိုင်း
စောင့်မကြည့်နိုင်တာလည်း ပါတယ်"ဟု
၎င်းက ပြောသည်။

အမှန်တကယ် အိမ်ငှားရမ်းနေထိုင်ရန်အခက်အခဲရှိသဖြင့်
ကျူးကျော်တဲများထိုးကာ နေထိုင်ရသူများရှိနေသည်။ သို့သော်
ကျူးကျော် နေထိုင်သူများအပေါ် အမြတ်ထုတ်သူများ လည်း
ရှိနေသည့်အတွက်ပြန်လည် စိစစ်ပြီး နိုင်ငံတော်က အငှား
အိမ်ရာများ တည်ဆောက် ကာချထားပေးခြင်း၊
မြို့ကွက်သစ်များတွင် ပြန်လည်နေရာချထားပေးခြင်းကို
လုပ်ဆောင် ပေးစေလိုကြောင်းလှိုင်သာယာမြို့နယ် မီးခွက်ဈေး
အောက်ထိပ် စက်မှုဇုန်မြေပေါ်တွင် ကျူးကျော်နေထိုင်သည့်
ဦးသန်းရှိန်က ပြောသည်။

*** ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ၂၀၁၃ ၏
အခန်း ၁၆၊ အပိုဒ်ခွဲငယ် ၄၄ အရ ကျူးကျော်တဲများကို
ဖျက်သိမ်းခြင်းဖြစ်ပြီး ကော်မတီပိုင်မြေ(သို့)ကော်မတီက
စီမံခန့်ခွဲ ခွင့်ရှိသည့် မြေကွက်များ၊ အရန်မြေများပေါ် တွင်
ကော်မတီခွင့်ပြုချက်မရရှိဘဲ အဆောက် အအုံများ၊ နေအိမ်များ၊
တဲများနှင့်ပစ္စည်းများ ကို
ကျူးကျော်ဆောက်လုပ်စုပုံထားရှိကြောင်း စစ်ဆေးတွေ့ရှိလျှင်
ကော်မတီက ဖွဲ့စည်းတာဝန်ပေးထားသည့်
ဖယ်ရှားရှင်းလင်းရေး အဖွဲ့က ကျူးကျော်နေထိုင်သူတို့ထံ
အကြောင်း ကြားပြီးစာရရှိသည်နှင့် ရက်ပေါင်း ၃၀ အတွင်း
ဖယ်ရှားရှင်းလင်းပေးရန် အမိန့်ထုတ်ဆင့် နိုင်ကြောင်း
ပါရှိသည်။

အပိုဒ်ခွဲငယ် ၄၅ အရလည်း ဖယ်ရှားရှင်းလင်းရန်အတွက်
ထုတ်ပြန်ထားပြီးဖြစ်သည့် အမိန့်ကိုလိုက်နာရန် ပျက်ကွက်လျှင်
(သို့) ငြင်းဆန်လျှင် ဖယ်ရှားရှင်းလင်းရေးအဖွဲ့က
ကျူးကျော်သူနှင့်တကွအဆောက်အအုံများ ၊ နေအိမ်များ ၊
တဲများ နှင့် ပစ္စည်းများကို ဖယ်ရှား၍ ကျူးကျော်ထားသည့်
မြေနေရာများကို ပြန်လည် လက်ရောက်ရယူနိုင်သည်။

ရှင်းလင်းမှု လုပ်ငန်းများ အောင်မြင်စေရန်အတွက်လည်း
သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ လုံခြုံရေးနှင့်
အခြားလိုအပ်သည့် အကူအညီ များကို တောင်းခံနိုင်ကြောင်းကို
ဥပဒေတွင်ဖော်ပြထားသည်။ ***

(ဇေယျာလင်း)

credit - News Watch & The Myanmar Times

No comments:

Post a Comment