Sunday, March 6, 2016

"အမွေထိန်းစာ ရသူထံမှ မြေ၀ယ်ယူခြင်းဆိုင်ရာ သိမှတ်ဖွယ်"

"အမွေထိန်းစာ ရသူထံမှ မြေ၀ယ်ယူခြင်းဆိုင်ရာ
သိမှတ်ဖွယ်"


အမွေထိန်းစာရသူသည် ပစ္စည်းပိုင်ရှင်ဖြစ်လာပါသလား
ဆိုတဲ့ မေးခွန်းမေးမြန်းဆွေးနွေးလာသဖြင့်ဗဟုသုတအဖြစ်
ဤ ဆောင်းပါး ကို ရေးသားလိုက်ပါသည်။

"အမွေထိန်းစာ"
========
ကွယ်လွန်သူသည် ဗုဒ္ဓဘာသာဝင်ဖြစ်လျှင် ကွယ်လွန်သူ၏
ကျန်ရစ်သော ပစ္စည်းများနှင့် ပတ်သက်၍ ထိန်းသိမ်းရန်
အမွေ ထိန်းစာ ရလိုကြောင်း သက်ဆိုင်ရာ တရားရုံးတွင်
အမွေဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၂၁၈ အရ
လျှောက်ထားခွင့်ရှိသည်။
ထိုသို့ လျှောက် ထားရာတွင် တစ်ဦးတည်း ကဖြစ်စေ၊
တစ်ဦးထက်ပိုသူတို့က ဖြစ်စေ လျှောက်ထားတောင်းဆို
ခွင့်ရှိသည်။

"အမွေထိန်းစာထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်"
=========================
အမွေထိန်းစာထုတ်ပေးရ ခြင်း၏ ရည်ရွယ်ချက်မှာ
- ကွယ်လွန်သူ၏ ပစ္စည်းကို မပျောက်မပျက်ဆက်လက်
ထိန်းသိမ်းထားနိုင်စေရေး၊
- ကွယ်လွန်သူ၏ ရရန်ရှိသော ကြွေးမြီများကို
ကောက်ခံနိုင် စေရေး၊
- ကွယ်လွန်သူ၏ အသုဘစရိတ်နှင့် ကွယ်လွန်သူက
ပေးရန် ရှိသည်များကို ပေးဆပ်နိုင်စေရေး၊
- ထိုသို့ပေးဆပ်ပြီးနောက် ကျန်ရစ်သော ပစ္စည်းများကို
ကွယ်လွန်သူ၏ အမွေဆက်ခံသူများအား ဥပဒေနှင့်အညီ
ခွဲဝေပေးစေနိုင်ရေးအတွက် ကွယ်လွန်သူ၏
အခွင့်အရေးကို ဆက်ခံသူတစ်ဦးအား ခန့် ထားပေးရန်
ဖြစ်ပေသည်။

"အမွေထိန်းစာလျှောက်ထားခြင်းအပေါ်ကန့်ကွက်ပိုင်ခွင့်"
==============================
ကွယ်လွန်သူ၏ ပစ္စည်းအပေါ်ထိန်းသိမ်းခွင့်ပြုရန် တရားရုံး၌
အမွေထိန်းစာ လျှောက်ထားရာတွင် ထိုသူအား အမွေထိန်းစာ
ထုတ် မပေးသင့်ကြောင်း ကန့်ကွက်လိုသူရှိပါက
ကန့်ကွက်ပိုင်ခွင့်ရှိ ပေသည်။ ထို့ပြင်အဆိုပါ ကန့်ကွက်သူက
မိမိအနေဖြင့်လည်း ကွယ်လွန်သူ၏ ပစ္စည်းအပေါ်
အမွေထိန်းစာရထိုက်ခွင့်ရှိသည်ဟု အဆိုပြုကာ၊
တရားရုံး၌ အပြိုင်တရားစွဲဆိုတောင်းပိုင်ခွင့်ရှိသည်။
ရုံးတော်မှ နှစ်ဖက်တင် ပြချက်များကို စစ်ဆေး၍ ဥပဒေနှင့်
အညီအမွေထိန်း စာထုတ်ပေးရမည်ဖြစ်သည်။
တရားရုံးတော် အနေဖြင့် အမွေပစ္စည်းများ မပျောက်ပျက်
စေရန်အလို့ငှာ အမွေထိန်းစာ လျှောက်ထားမှုများကို
ဆောလျင်စွာ စစ်ဆေးကြားနာ၍ သင့်လျော်သူ ကို
ထုတ်ပေးရမည် ဖြစ် ကြောင်း
''မရှမ်း၊ မဖြူနှင့် မချစ်စော၊ ဘီအယ်တီ အတွဲ ၁ဝ
စာမျက်နှာ ၁၈၄'' အမှုတွင် ဖော်ပြ ထားပေ သည်။

"အမွေထိန်းစာထုတ်မပေးဘဲ ပယ်နိုင်ခြင်း"
======================
အမွေထိန်းစာကို မလိုအပ် ဘဲ လျှောက်ထားသည်ဟု
တရား ရုံးတော်က ယူဆပါက လျှောက် ထားချက်ကို
ပယ်နိုင်ပေသည်။

ဤသည်နှင့် ပတ်သက်၍
ဒေါ်သန်းညွှန့်နှင့် ဒေါ်ကြီး (ကွယ်လွန်) ၄င်း၏ တရားဝင်
ကိုယ်စားလှယ်များ ဒေါ်သန်းစိန်၊ ဒေါ်ကျင်ရွှေ၊ ၁၉၇၆ ခုနှစ်
မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၆၈ အ မှုတွင်
- ဦးသာငွေနှင့် ဒေါ်နှင်းမြတို့ သည် မြန်မာဗုဒ္ဓဘာသာ
လင်မယားနှစ်ဦး ဖြစ်သည်။
- အမွေထိန်းလျှောက်ထားသူ ဒေါ်သန်းညွှန့်က ဦးသာငွေနှင့်
ဒေါ်နှင်းမြတို့၏ ကိတ္တိမ သားသမီးဟု အဆိုပြုပြီး၊
- ဦးသာငွေနှင့် ဒေါ်နှင်းမြတို့ ကွယ်လွန်သွားပြီ ဖြစ်သဖြင့်
ဦးသာငွေပိုင်မြေနှင့် အဆောက်အအုံအပေါ် အမွေထိန်းစာ
လျှောက် ထား ခြင်းဖြစ်သည်။

ဤတွင် ဦးသာငွေ၏ အစ်မအရင်းဖြစ်သူ အပျိုကြီး ဒေါ်ကြီးက
- အချင်းဖြစ် ပစ္စည်းမှာ ဦး သာငွေနှင့် ၄င်းတို့ ပူးတွဲပိုင်ဆိုင်
သည့် မြေနှင့် အဆောက်အဦး ဖြစ်ကြောင်း၊
- ဒေါ်သန်းညွှန့်မှာ ဦးသာငွေနှင့် ဒေါ်နှင်းမြတို့၏ ကိတ္တိမသမီး
မဟုတ်ကြောင်း ကန့်ကွက်ခဲ့သည်။

ရန်ကုန် တိုင်းတရားရုံးတော်က အမွေထိန်းစာ ထုတ်ပေး ရန်
လျှောက်လွှာကို ပလပ်ပြီး အမွေမှုအဖြစ်စွဲဆိုရမည့် အမှုမျိုး
ဖြစ် ကြောင်း အမိန့်ချမှတ်ခဲ့သည်။ ယင်းအမိန့်ကို မကျေနပ်၍
ဒေါ်သန်းညွှန့်က တရားရုံးချုပ်သို့ အယူ ခံဝင်လာခြင်း
ဖြစ်သည်။

တရားရုံးချုပ်က သုံးသပ်ဆုံးဖြတ်သည်မှာ အမွေထိန်းစာ
လျှောက်ထားမှုများကို ဆုံးဖြတ်စီရင်ရာတွင်
- လျှောက်ထားသူသည် အမွေ ဆက်ခံခွင့်ရှိမရှိ၊
အမွေထိန်း စာလက်ခံထိုက်သူ ဟုတ်မဟုတ် စသော
ပြဿနာများကို စိစစ်ဆုံး ဖြတ်ရပေသည်။
- မြန်မာ ဗုဒ္ဓဘာသာတို့ အတွက် အမွေထိန်းစာ
ထုတ်မပေးဘဲ မနေရဟု ဥပဒေက မဆိုပေ။
- ထုတ်ပေးရန် မလိုလျှင် ထုတ်၍မပေးခြင်းက
ပို၍ တရားမျှတ မှန်ကန်ပေသည်။

ယခုအမှုတွင် အမှုစွဲနေစဉ် အတောအတွင်း
တရားပြိုင် ဒေါ်ကြီး ကွယ်လွန်သွားသဖြင့် ၄င်း၏
ကိတ္တိမမွေးစားသမီးများ ဖြစ် သည့်
ဒေါ်သန်းစိန်နှင့် ဒေါ်ကျင် ရွှေတို့က တရားပြိုင်အဖြစ်
ပါဝင် လာသည်။ တရားလိုဒေါ်သန်းညွှန့် သည် ကွယ်လွန်သူ
ဦးသာငွေ၏ ကိတ္တိမ သမီးဖြစ်သည် ဆိုခြင်း မှာလည်း
အငြင်းပွား လျက်ရှိပေ သည်။

ထို့ကြောင့် အမွေဆိုင်များ ၏ အမွေမှုကို ပေါ့ပေါ့လွယ်လွယ်
ဆုံးဖြတ်ပေးရမည်မဟုတ်ပေဟု သုံးသပ်ပြီး ဒေါ်သန်းညွှန့်၏
အမွေ ထိန်းစာ လျှောက်ထားမှုအပေါ် ရန်ကုန်တိုင်း
တရားရုံးက ပလပ် သည့် အမိန့်ကို ထပ်မံအတည်ပြု
ကြောင်း အမိန့်ချမှတ်ခဲ့ပေသည်။

"အမွေထိန်းစာရသင့်သူ"
=============
အမွေထိန်းစာလျှောက်ထားသူသည် ကွယ်လွန်သူ၏ အမွေကို
ရထိုက်သူဖြစ်ပြီး၊ အဆိုပါ အမွေပစ္စည်းကို ထိန်းသိမ်းနိုင်သည့်
အရည် အချင်းချို့ငဲ့သူမ ဟုတ်လျှင် တရားရုံးတော်က
စစ် ဆေးကြားနာ၍ အမွေထိန်းစာ ထုတ် ပေးလေ့ရှိပေသည်။

ဒေါ်တိုးတိုးညွှန့်နှင့် ဦးတင် ရွှေပါ ၃ ဦး ၁၉၉၂ ခုနှစ်
မြန်မာ နိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၅၅ အမှုတွင်
- ဒေါ်တိုးတိုးညွှန့်က မိမိမှာ ကွယ်လွန်သူ ဦးကျောက်၊
ဒေါ်ကြည်တို့၏ ကိတ္တိမမွေးစားသမီးဖြစ်သဖြင့်
ဦးကျောက်၊ ဒေါ်ကြည်တို့ ကျန်ရစ်သော ပစ္စည်းများအတွက်
အမွေထိန်းစာရလို ကြောင်း ရန်ကုန်တိုင်းတရားရုံး တွင်
လျှောက်ထားသည်။

ဦးတင်ရွှေနှင့် ဦးစိန်တို့က ဒေါ်တိုးတိုးညွှန့်သည်ကွယ်လွန်သူ
ဦးကျောက်နှင့် ဒေါ်ကြည်ကြည်တို့ ၏ ကိတ္တိမသမီး
မှန်သော်လည်း ကိတ္တိမမွေးစားသမီးအဖြစ်မှစွန့် လွှတ်ကြောင်း
သတင်းစာတွင် ထည့်သွင်းကြေညာပြီးဖြစ်၍ အ မွေထိန်းစာ
မရထိုက်ကြောင်းနှင့် မိမိတို့နှစ်ဦးအားမွေးစားခဲ့ခြင်းဖြစ်သဖြင့်
မိမိတို့သာရထိုက်ကြောင်း ချေပခဲ့သည်။

ရန်ကုန်တိုင်းတရားရုံး တော်က ဒေါ်တိုးတိုးညွှန့်
လျှောက်ထားချက်ကို ပလပ်ခဲ့သဖြင့် တရား ရုံးချုပ်သို့ အယူခံ
တင်သွင်း လာ ခြင်းဖြစ် သည်။

တရားရုံးချုပ်က သုံးသပ်ဆုံးဖြစ်သည်မှာ ယခုအမှုတွင်
- ဦး ကျောက်နှင့်ဒေါ်ကြည်တို့မှာ တရုတ်လူမျိုး၊ဗုဒ္ဓဘာသာ
ကိုးကွယ်သူ များဖြစ် ကြသည်။
- ဒေါ်တိုးတိုးညွှန့် အား ကွယ်လွန်သူ ဦးကျောက် ဒေါ်ကြည်
တို့က ဘိုကလေးမြို့စာချုပ် စာတမ်းမှတ်ပုံတင်ရုံး၏၁၉၆၃ခုနှစ်
မှတ်ပုံတင် စာချုပ်အမှတ် ၁၈အရ ကိတ္တိမသမီးအဖြစ်
၅-၉-၆၄ နေ့ တွင် မွေးစားခဲ့ကြောင်း ထင်ရှား ပေါ်ပေါက်သည်။
- ဒေါ်တိုးတိုးညွှ န့် အား ဒေါ်ကြည်က ကိတ္တိမ သမီး အဖြစ်မှ
စွန့်လွှတ် ကြောင်းသတင်း စာတွင်ကြေညာခဲ့သည်မှာလည်း
ပေါ်ပေါက်သည်။

* မွေးစားခြင်းကို မွေးစား မိဘတစ်ဦးတည်းက ပယ်ဖျက်ခြင်း
မပြုနိုင်ကြောင်း၊* မကျင်စိန်နှင့် မောင်ကျင်ထိုက်အမှု
၁၉၄ဝ မြန်မာနိုင်ငံ ရန်ကုန်စီရင်ထုံးများ စာမျက်နှာ ၇၈၃ နှင့်
အခြားအမှုများတွင် ထုံးဖွဲ့ပြဆိုထားသည်။

ဤအမှု တွင် ဒေါ်တိုးတိုးညွှန့်၏ သဘော တူညီချက်မရဘဲ
ဒေါ်ကြည်က ဒေါ်တိုးတိုးညွှန့်အားမွေးစားခြင်းကို
တစ်ဖက်သတ်ပယ်ဖျက်ခြင်း မပြု နိုင်ပေ။

သို့ဖြစ်၍ ဒေါ်တိုးတိုးညွှန့် သည် ကိတ္တိမ သမီးအဖြစ်မှ
ပြောင်းလဲသွားခြင်းမရှိကြောင်း ကောက်ယူရပေမည်။

ကန့်ကွက်သူ ဦးတင်ရွှေနှင့်ဦးစိန်ချိုတို့မှာ မိမိတို့အား
ဦး ကျောက်နှင့် ဒေါ်ကြည်တို့က မွေးစားခဲ့သည
ဆိုသော်လည်း ကိတ္တိမ မွေး စားစာချုပ်တင်ပြနိုင်ခြင်းမရှိ ပေ။
ဒေါ်တိုးတိုးညွှန့်အား အမွေ ထိန်းစာထုတ်မပေးသင့်
ကြောင်းသာ ကန့်ကွက်ပြီး၊ ၄င်းတို့အား အမွေ ထိန်းစာ
ထုတ်ပေးပါရန် သီးခြားအ ပြိုင်လျှောက်ထား ခြင်းလည်း
မရှိ ပေ။

မောင်စာဆိုနှင့်မပေါ-ပါ ၂ ဦး ၁၉၂ဝ-ဝ၃ခုနှစ်
အထက်မြန်မာနိုင်ငံ စီရင်ထုံး အတွဲ ၂ အမွေ ထိန်းစာ ၇
အမှုတွင်
* လျှောက် ထား သူသည် အမွေရထိုက်သူဖြစ်၍
အရည်အချင်းချို့ငဲ့သူလည်း မဟုတ်လျှင် အပြိုင်
လျှောက်ထား သူမရှိပါက လျှောက်ထားချက်ကို
ငြင်း ပယ်ရန် မသင့်ကြောင်းထုံးဖွဲ့ ထားသည်။ *

သို့ဖြစ်၍ ဤအမှုတွင် ဒေါ်တိုးတိုးညွှန့်သည်
အမွေဆက်ခံခွင့်ရှိသော ကိတ္တိမ မွေးစားသမီး ဖြစ်သည်။
အမွေထိန်းစာထုတ် မ ပေး ထိုက်ဟု ကောက်ယူနိုင်သော
ရေရာသည့်အကြောင်းပြချက် တစ် စုံတစ်ရာ မရှိဘဲလျက်
အမွေထိန်း စာထုတ်ပေးရန်ငြင်းဆန်ခဲ့သော
တိုင်းတရားရုံး၏အမိန်သည်မှန်ကန်သည်ဟု မဆိုနိုင်ပေဟု
သုံးသပ်ပြီး၊
ရန်ကုန်တိုင်းတရားရုံး၏ အမိန့်ကို ပယ်ဖျက်၍
ဒေါ်တိုးတိုးညွန့် အား အမွေထိန်းစာထုတ်ပေးခဲ့ပေသည်။

ထို့ကြောင့် အမွေဆက်ခံ ခွင့်ရှိသူသာ အမွေထိန်းစာရသင့်
သူဖြစ်ကြောင်း တွေ့ ရှိရမည်ဖြစ် သည်။

"အမွေထိန်းစာသည် ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် မသက်ဆိုင်ခြင်း"
===============================
* အမွေထိန်းစာရသူသည် ထိန်းသိမ်းခွင့်ရသည့်
အမွေပစ္စည်းကို ပိုင်ဆိုင်ခွင့်ရသည် မဟုတ်ပေ။
ကွယ်လွန်သူ ပစ္စည်းပိုင်ရှင်၏ အ ခွင့်အရေး လုပ်ပိုင်ခွင့်ကို
ရရှိခြင်း သာဖြစ်သည်။ *
(ဦးလှသန်းနှင့် ဒေါ်ကျင်နူ ၁၉၇၄ ခုနှစ် မြန်မာနိုင်ငံ
တရား စီရင်ထုံး စာမျက်နှာ ၃၂ )

"အမွေထိန်းစာရသူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်"
========================
- အမွေထိန်းစာရသူသည် ကွယ်လွန်သူ၏ ပစ္စည်းများကို
အ မွေဆက်ခံသူများအား အမွေခွဲဝေပေးရန်
တာဝန်ရှိသည်။
- ထိုသို့ ဆောင်ရွက်ပေးခြင်းမရှိပါက အမွေဆိုင်များက
အမွေထိန်းစာရသူ အပေါ်အမွေခွဲဝေပေးစေလိုမှု
တရားစွဲဆိုတောင်းဆိုနိုင်သည်။
- ထို့ အတူ အမွေထိန်းစာရသူသည် တရားရုံး၏ ခွင့်ပြုချက်
ရယူကာ ကွယ်လွန်သူ၏ ပစ္စည်းများကို ထုခွဲရောင်းချပိုင်ခွင့်၊
အခြားသူအား လွှဲပြောင်းပေး ကမ်းနိုင်ခွင့်များရှိ ပေသည်။

ထို့ကြောင့်
*** အိမ်ခြံမြေဝယ်ယူလိုသူများသည် အမွေထိန်းစာ
ရသူထံမှ ဝယ်ယူမည်ဆိုပါက
(တရားရုံးမှ ရောင်းချခွင့်ပြုကြောင်း ခွင့်ပြုမိန့် ကို ရယူ၍)
အရောင်းအ ဝယ်မှတ်ပုံတင် စာချုပ်
ပြုလုပ်ချုပ်ဆိုဝယ်ယူနိုင်မည်ဖြစ်ကြောင်း ***
ဗဟုသုတအဖြစ်ရေးသားလိုက်ပါ သည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)

credit - Zaygwet Journal

No comments:

Post a Comment