Monday, March 21, 2016

“ရှယ်ယာအရောင်းအဝယ်များ စတင်တော့မည့် ရန်ကုန်စတော့အိတ်ချိန်းနှင့် လတ်တလော အိမ်ခြံမြေဆိုင်ရာ သတင်းများ”

“ရှယ်ယာအရောင်းအဝယ်များ စတင်တော့မည့်
ရန်ကုန်စတော့အိတ်ချိန်းနှင့် လတ်တလော
အိမ်ခြံမြေဆိုင်ရာ သတင်းများ”     

၁။ "ရန်ကုန် စတော့ဈေးကွက် ရှယ်ယာများကို
မတ်လ၂၅ ရက်တွင် FMI ကုမ္ပဏီမှ ပထမဆုံး စာရင်းဝင်
အဖြစ် စတင်ရောင်းချ သွားမည်"

ရန်ကုန်စတော့ဈေးကွက်ရှယ်ယာများကို မတ်လ၂၅ ရက်
တွင် FMI ကုမ္ပဏီမှ ပထမဆုံး စာရင်းဝင်အဖြစ် စတင်
ရောင်းချသွားမည် ဖြစ်ပြီး ရန်ကုန် စတော့ဈေးကွက်ကို
မတ်လ ၂၅ ရက်တွင် စတင်လည်ပတ် သွားမည်ဖြစ်ကာ
စတင် ရောင်းဝယ်သည့်ရက်၌ ရှယ်ယာများကို အချိန်ပိုင်း
တစ်ခုဖြင့်သာ လုပ်ဆောင်မည်ဖြစ်ပြီး နောက်ပိုင်းရက်များ
တွင် အချိန်ပြည့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး
ဒေါက်တာ မောင်မောင်သိမ်း က ပြောသည်။

FMI ရှယ်ယာ အဖွင့်ဈေး အနေဖြင့် ငွေကျပ်၂ဝဝဝဝ
ဝန်းကျင်ခန့်သာ ရှိနိုင်မည် ဖြစ်ကြောင်း၊ သို့ရာတွင်
ရှယ်ယာ ရောင်းဝယ်မှု ပြုလုပ်ပြီး အချိန် အနည်းငယ်
အတွင်း ရှယ်ယာဈေး မြင့်တက်သွား နိုင်သည့်
အနေအထား များလည်း ရှိသွားနိုင်မည် ဖြစ်ကြောင်း
သိရသည်။

ယခုကဲ့သို့ FMI ကုမ္ပဏီမှ ရှယ်ယာရောင်းဝယ်မှု
အဆင်ပြေ အောင်မြင်သွားပါက ရက်အနည်းငယ် အတွင်း
သီလဝါအထူး စီးပွားရေးဇုန်ကိုလည်းကောင်း၊
မြန်မာနိုင်ငံသားများ ဘဏ်ကို လည်းကောင်း စသည်ဖြင့်
ကျန်ရှိသော စာရင်းဝင်ရှယ်ယာ ရောင်းဝယ်မှု ပြုလုပ်မည့်
လုပ်ငန်းများကို ဆက်လက် ဖွင့်လှစ်လုပ်ဆောင်
ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ စတော့ရှယ်ယာ ရောင်းဝယ်ခွင့် ရရှိထားသော
လုပ်ငန်းကုမ္ပဏီ ခြောက်ခု အပြင် ထပ်မံ၍ ရှယ်ယာ
ရောင်းဝယ်မှုပြုလုပ်နိုင်မည့် လုပ်ငန်းကုမ္ပဏီများကို
တိုးမြှင့်သွားမည် ဖြစ်ပြီး  ၂ဝ၁၆ ခုနှစ်အတွင်း
စတော့ရှယ်ယာ ရောင်းချပေးမည့် လုပ်ငန်း ကုမ္ပဏီ
၁၀ ခုခန့်အထိ ရှိလာနိုင်မည် ဖြစ်ကြောင်း
ဒေါက်တာ မောင်မောင်သိမ်း ကဆိုသည်။

***

၂။ "သမ္မတ ရွေးကောက်ပွဲကာလ အိမ်ခြံမြေ
အရောင်းအ၀ယ်ဈေးကွက် ရပ်တန့်"

စီးပွားရေးလုပ်ငန်းရှင်များက နေပြည်တော်ရှိ သမ္မတ 
ရွေးကောက်ပွဲ အခြေအနေကို စောင့်ကြည့်နေသဖြင့်
မတ်လ ၇ ရက်နောက်ပိုင်းမှစ၍ အိမ်ခြံမြေ
အရောင်းအ၀ယ်ရပ်တန့်နေ ကြောင်း
သတင်းရရှိသည်။

လွှတ်တော်၏ သမ္မတရွေး ချယ်ပွဲကို မတ်လ ၁၀ ရက်တွင်
ကျင်းပမည်ဟု မတ်လ ၂ရက်က  တရားဝင်ကြေညာချက်
ထုတ်ပြန်ပြီးနောက် ရန်ကုန်အိမ်ခြံမြေဈေးကွက်၌
ကျပ်သိန်းလေးထောင်မှ ငါးထောင်ကြား အိမ်ခြံမြေများ
အရောင်းအ၀ယ် အနည်းငယ်ဖြစ်လာပြီး မတ်လ ၇ ရက်မှ
စ၍ အရောင်းအ၀ယ်  ရပ်တန့်လာကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များကပြောကြားသည်။

‘‘ဒီရက်ပိုင်းမှာ အားလုံးက သမ္မတ ရွေးချယ်ပွဲကိုပဲ
စောင့် ကြည့်နေတော့ အရောင်းအ၀ယ် တန့်သွားတယ်။ 
ရှေ့ဆက်ပြီး တော့ အရောင်းအ၀ယ်ကကောင်းလာမယ်
လို့တော့မျှော်လင့်ရတာ ပဲ’’ ဟု မဏ္ဍိုင်အိမ်ခြံမြေ
အကျိုးဆောင်မှ ဦးသန်းဦးကပြောကြားသည်။

အိမ်ခြံမြေ ဈေးကွက်သည် သမ္မတ ရွေးချယ်မှုကြောင့်
အရောင်းအ၀ယ်တန့်နေသော်လည်း ပြည်တွင်းရွှေ
ဈေးကွက်သည် အရောင်းအ၀ယ် ပုံမှန်နီးပါး
ရှိနေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း
အတွင်းရေးမှူးဦးကျော်ဝင်းက ပြောကြားသည်။

‘‘ရွှေဈေးကွက်က နိုင်ငံရေးထက်  ငွေလဲနှုန်းနဲ့
ကမ္ဘာ့ရွှေဈေး အခြေအနေပေါ်မူတည်တယ်’’ဟု ၎င်းက
ပြောသည်။

လက်ရှိပြည်တွင်းဈေးကွက် တွင် ရွှေဈေးနှုန်းသည်
ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ကျပ်ရှစ်သိန်းကျော်
မြင့်တက်လာသော်လည်း ၀ယ်လိုအား ကျဆင်းမှုကြောင့်
ကျပ်ခုနစ်သိန်းကိုးသောင်းခွဲခန့်၌ အရောင်းအ၀ယ်
ဖြစ်နေသည်။

ကမ္ဘာ့ရွှေဈေးသည် မတ်လ ၁၁ ရက်တွင်
တစ်အောင်စလျှင် ၁,၂၆၄ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့သည်။

ပြည်တွင်း ဈေးကွက်တွင် ရွှေဈေးမှာ မတ်လ ၁၂ ရက်တွင်
တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းကိုးသောင်းကိုးထောင်မှ
ကျပ်ခုနစ်သိန်းကိုးသောင်းငါးထောင်ကြား ဈေးရှိနေသည်။

ထိုကဲ့သို့ပင်အမေရိကန်ဒေါ်လာဈေးမှာလည်း
မတ်လ ၁၀ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၀၉ ကျပ်ခန့်
ရှိနေပြီး မတ်လ ၁၂ ရက်တွင် တစ်ဒေါ်လာလျှင်
ကျပ် ၁,၂၁၁ ခန့်သာ ဈေးဖွင့်သည်။

ထို့ကြောင့် ငွေလဲနှုန်းသည် သမ္မတ ရွေးချယ်သည့်
ရက်ပိုင်းတွင် တစ်ဒေါ်လာလျှင် သုံးကျပ်ခန့်သာ
အပြောင်းအလဲ ဖြစ်ခဲ့သည်။

(ပြည်သိမ်း)

***

၃။ "ဧရာဝဏ်နှင့် ရတနာအထပ်မြင့်အိမ်ရာတိုက်ခန်း
နိုင်ငံခြားသားများပါ ဝယ်ယူခွင့်ပြုမည်"

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်လျက်ရှိသော
ဧရာဝဏ်နှင့် ရတနာအထပ်မြင့်အိမ်ရာ တိုက်ခန်းများကို
နိုင်ငံသားများသာမက နိုင်ငံခြားသားများပါ ဝယ်ယူခွင့်
ပြုမည်ဖြစ်ကြောင်း အဆိုပါ အိမ်ရာစီမံကိန်း တာဝန်ခံ
အင်ဂျင်နီယာမှူးကြီး ဒေါ်စန်းစန်းအေးက The Voice သို့
ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီ ၂၉ ရက်ကပြဋ္ဌာန်းထားသော စုပေါင်းပိုင်
အဆောက်အအုံဆိုင်ရာဥပဒေအရ နိုင်ငံခြားသားများကို
တိုက်ခန်းဝယ်ယူခွင့်ပြုထားပြီး အဆောက်အအုံ
တစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းထက် မပိုသော အိမ်ခန်းများကို
နိုင်ငံခြားသားများက ဝယ်ယူခွင့်ရှိမည်ဖြစ်သည်။

အဆိုပါအိမ်ရာစီမံကိန်းတွင် အခန်းပေါင်း နှစ်သောင်းနီးပါး
ပါဝင်မည်ဖြစ်ပြီး လက်ရှိတွင် ဆောက်လုပ် ပြီးစီးသွားသော
အဆောက်အအုံနှစ်လုံးကို ဦးစွာရောင်းချမည်ဖြစ်ကြောင်း
ယင်းအိမ်ရာစီမံကိန်းရုံးထံမှ စုံစမ်းသိရှိရသည်။

"ဒီတိုက်ခန်းတွေကို မည်သူမဆို လွတ်လပ်စွာ
ဝယ်ယူနိုင်တယ်၊ ဝန်ထမ်းတွေကိုပဲ ရောင်းတယ်ဆိုတာမျိုး
လည်း မရှိဘူး၊ နိုင်ငံခြားသားတွေပါ ဝယ်လို့ရမယ်" ဟု
ဒေါ်စန်းစန်းအေးက ဆိုသည်။

ယခုရောင်းချမည့် အဆောက်အအုံနှစ်လုံးမှာ
- ရတနာလမ်းဘက်အခြမ်းတွင် တည်ရှိပြီး
စတုရန်းပေ ၆၀၀ ကျယ်ဝန်းသော အိပ်ခန်း နှစ်ခန်းပါ
တိုက်ခန်းကို ကျပ်သိန်း ၆၀၀ နှင့်
- စတုရန်းပေ ၁၂၀၀ ကျယ်ဝန်းသော အိပ်ခန်း လေးခန်းပါ
တိုက်ခန်းကို ကျပ်သိန်း၁၂၀၀ တန်ဖိုး သတ်မှတ်ထားသည်။

ငွေပေးချေမှုပုံစံမှာ လက်ငင်းငွေချေမည်ဆိုလျှင်
တိုက်ခန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ပြန်လည် ဈေးလျှော့
ပေးမည်ဖြစ်ပြီး အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်မည်
ဖြစ်ကြောင်း ဒေါ်စန်းစန်းအေးက ဆက်လက်
ပြောကြားသည်။

အရစ်ကျစနစ်ဖြင့် ဝယ်မည်ဆိုလျှင် ပထမ တစ်နှစ်၊ နှစ်နှစ်
အတွင်း တိုက်ခန်းတန်ဖိုး ၅၀ရာခိုင်နှုန်းကို အကျေပေးသွင်း
ရမည်ဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ရှစ်နှစ်ကြာ
အရစ်ကျပေးသွင်းနိုင်မည်ဖြစ်သည်

ဧရာဝဏ်နှင့် ရတနာအိမ်ရာအထပ်မြင့်စီမံကိန်းကို
၂၀၁၃ ခုနှစ်စတင်ခဲ့ပြီး ၁၈ ထပ်အမြင့်ရှိ အဆောက်အဦး
ပေါင်း ၄၉ လုံးကို အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်း
အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

***

၎။ "ရန်ကုန်နှင့်ကြည့်မြင်တိုင် တစ်ဖက်ကမ်းကို
ဆက်သွယ်ပေးမည့် တံတားစီမံကိန်း မတ်လ ၁၅ ရက်တွင်
ပန္နက်တင်မည်"

ရန်ကုန်မြို့သစ်စီမံကိန်း၏ ပထမဆုံး အကောင်အထည်
ဖော်မှုအဖြစ် ရန်ကုန်နှင့် ကြည့် မြင်တိုင် တစ်ဖက်ကမ်းကို
ဆက်သွယ်ပေးမည့် တံတားတစ်စင်းကို ယခုလ
တတိယပတ်တွင် စတင် တည်ဆောက်ရန် ပန္နက်တင်
အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကြည့်မြင်တိုင်ဘက်ကမ်း ဖြစ်သည့် ဗားကရာနှင့် အလတ်
ချောင်းကျေးရွာတို့ကို ဆက်သွယ်မည့် လှိုင်မြစ်ကူးတံတား
တည်ဆောက်ရန် မတ်လ ၁၅ ရက်၌ ပန္နက်တင်ရန်
စီစဉ်ထားကြောင်း ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုး
တိုးတက်ရေးကော်မတီ အ တွင်းရေးမှူး
ဦးခင်မောင်သန့်က ပြောကြားသည်။

‘‘တစ်ဖက်ကမ်းမှာ မြို့သစ် တည်မှာဖြစ်တဲ့အတွက်
ဒီတံတား ကို အရင်စဆောက်တာ။ ဆက်သွယ်ရေး
လမ်းကြောင်းကို စဖွင့် လိုက်တဲ့ သဘောပဲ’’ဟု
ဦးခင်မောင်သန့်ကပြောကြားသည်။

လှိုင်မြစ်ပေါ်တွင် ဖြတ်သန်း တည်ဆောက်မည့် အဆိုပါ
တံတားကို ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ခွင့်
ရသည့် ကုမ္ပဏီ သုံးခုက အကုန်အကျခံ
တည်ဆောက်မည်ဖြစ်သော်လည်း ကုမ္ပဏီသုံးခုစလုံးက
အဆိုပါတံ တားနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း
မရှိပေ။

တံတားတည်ဆောက်ရေး လုပ်ငန်းခွင်နှင့်မလွတ်ကင်း
သည့် နယ်မြေများမှ နေအိမ်များကို လျော်ကြေးအဖြစ်
မြို့သစ်စီမံ ကိန်းမှ အိမ်ခန်းများတွင်ပြန်လည် နေရာ
ပေးခြင်း၊ မြေနေရာများပေး ခြင်းတို့ ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်တစ်ဖက်ကမ်း
ဒလ မြို့သို့ သွယ်တန်းမည့် တံတားမှာ စတင်
တည်ဆောက်နေပြီဖြစ် သည်။ ယခုတည်ဆောက်မည့်
ဗားကရာ-အလတ်ချောင်းတံတားမှာ စီမံကိန်း
တည်ဆောက်ချိန် တစ်နှစ်ခွဲမှ ၂ နှစ်အထိ အချိန်ယူ
တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်း တွင် လုပ်ကိုင်ခွင့်ရသည့်
ကုမ္ပဏီ သုံးခုက ရန်ကုန်နှင့် လမ်းပန်း ဆက်သွယ်ရေး
မြန်ဆန်စေရန် တံတားငါးစင်းနှင့် လူနေတိုက်ခန်း
သုံးသောင်းကျော် ပါဝင်မည်ဖြစ် ပြီး စီမံကိန်းရုပ်လုံး
ပေါ်ရန် ဆယ်နှစ်ခန့် အချိန်ယူတည်ဆောက်ရမည်ဟု
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
ခန့်မှန်းထားသည်။

၂၀၁၄ က ရန်ကုန်မြို့တော်ဝန်ကိုယ်တိုင် တင်ပြခဲ့သည့်
ရန်ကုန်မြို့သစ်စီမံကိန်းသည် ပွင့်လင်းမြင်သာမှုမရှိဘဲ
ဝေဖန်မှုများ ကြောင့် ရပ်ဆိုင်းခဲ့ရသေးသည်။

(မိုးညို)

credit - Xinhua Myanmar / 7day Daily
& The Voice Weekly

No comments:

Post a Comment