“ရန်ကုန်မြို့ပြအတွင်း အကောင်အထည်ဖေါ်ရန်ရှိသည့်
စီမံကိန်းများ”
၁။ "အထပ်မြင့်အမြန်လမ်းမကြီးအား အမေရိကန်ဒေါ်လာ
သန်း ၆၂ဝ ခန့်ကုန်ကျခံ တည်ဆောက်မည်"
ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမှ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိ
ဖောက်လုပ်ရန် လျာထားသော အထပ်မြင့် အမြန်လမ်းမကြီး
အား အမေရိကန်ဒေါ်လာ သန်း ၆၂ဝ ခန့် ကုန်ကျခံ
တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန
ထံမှ သိရသည်။
အဆိုပါ စီမံကိန်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်း ရေကျော်
လမ်းဆုံ အလွန်မှ မင်္ဂလာဒုံ ဥယျာဉ် စက်မှုမြို့အထိ
၂ဝ ဒသမ ၅ ကီလို မီတာ အရှည်ရှိသော လေးလမ်းသွား
တံတား ပထမအဆင့် အဖြစ် တည်ဆောက်ပြီး ဒုတိယ
အဆင့်အဖြစ် အပြည်ပြည်ဆိုင်ရာ ဟံသာဝတီ
လေဆိပ်(ပဲခူး) အထိ ဆက်သွယ်ဆောင်ရွက်ရန်
လျာထားကြောင်း သိရသည်။
ယင်းစီမံကိန်း တည်ဆောက်ရေး ကာလကို ငါးနှစ်အဆိုပြု
တင်ပြထားသော်လည်း ခွင့်ပြုချက်ရရှိပါက စီမံကိန်း
လုပ်ငန်းခွင် အပိုင်းသုံးပိုင်းအား တစ်ပြိုင်တည်း
တည်ဆောက်သွားမည်ဖြစ်သည်။
အထပ်မြင့်အမြန်လမ်းမကြီး စီမံကိန်းသည် နိုင်ငံတော်
အစိုးရနှင့် ကိုရီးယားနိုင်ငံ ပုဂ္ဂလိက ကုမ္ပဏီကြီးများ၊
ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီများ အကျိုးတူ
ပူးပေါင်းသည့် Public Private Partnership (PPP)
စနစ်ဖြင့် ပူးတွဲ ဆောင်ရွက်မည့် အစီအစဉ်ဖြစ်သည်။
***
၂။ "ရန်ကုန်ရှိ အားကစားကွင်း ကိုးခု ယခုဘဏ္ဍာနှစ်
အဆင့်မြှင့်မည်ဟုဆို"
ရန်ကုန်မြို့ရှိ ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်သော
အားကစားကွင်းများအနက်မှ ကိုးခုကို ယခုဘဏ္ဍာနှစ်တွင်
အဆင့် မြှင့်တင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ ပန်း ဥယျာဉ်နှင့်
အားကစားကွင်းများဌာန အကြီးတန်းအရာရှိ တစ်ဦးက
ပြောကြားသည်။
ယင်းကဲ့သို့ အားကစားကွင်များ ပြင်ဆင်မှုများသည်
ယခုဘဏ္ဍာနှစ်တွင် အပြီးသတ် လုပ်ဆောင်မည့် လုပ်ငန်း
ဖြစ်ပြီး လက်ရှိအချိန်တွင် အသေးစိတ် အချက်အလက်များ
ကို ဆွေးနွေးနေဆဲဖြစ်ကြောင်း
၎င်းက ဆက်လက် ပြောကြားသည်။
“ဒီကာလမှာ ပြင်ဆင်ရေး လုပ်ငန်းတွေ မစနိုင်သေးပေမယ့်
ဒီဘဏ္ဍာနှစ်မှာ အပြီးသတ် လုပ်ဆောင်မှာပါ”ဟု
၎င်းက ဆိုသည်။
ယင်းအားကစားကွင်းများသည် ရန်ကုန်မြို့တွင်း မြို့နယ်များ
တွင် ရှိပြီး ပြင်ဆင်မည့် ပုံစံ အသေးစိတ်နှင့် အသုံးပြုမည့်
ဘတ်ဂျက် ပမာဏကို ထပ်မံ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊
လက်ရှိအချိန်တွင် ပန်းဥယျာဉ်များကို ပြင်ဆင်ထိန်းသိမ်း
နေသောကြောင့် အားကစားကွင်း ပြင်ဆင်မှုများကို
စတင်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်
ပြောကြားသည်။
ရန်ကုန်မြို့ရှိ ပန်းခြံနှင့် အားကစားကွင်းများကို
ဘဏ္ဍာနှစ်အလိုက် ပြင်ဆင်မည့် အရေအတွက် ခွဲခြား
သတ်မှတ်ကာ ပြင်ဆင်မည်ဖြစ်ပြီး လက်ရှိတွင် ပြင်ဆင်ရန်
လိုအပ်နေသော ပန်းခြံများကိုလည်း ပြင်ဆင်နေကြောင်း
၎င်းက ဆက်လက် ပြောကြားသည်။
ဘဏ္ဍာနှစ် တစ်ခုလျှင် ပန်းခြံအသစ် တစ်ခု ထပ်တိုး
ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်မြို့တွင်
အခမဲ့ ပန်းခြံပေါင်း ၆ဝ ကျော်နှင့် အားကစားကွင်း ၁ဝဝ ခန့်
ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ
ဌာနထံမှ သိရှိရသည်။
***
၃။ "ရန်ကုန်တွင် ဒီဇင်ဘာလ ညဈေးတန်းဖွင့်လှစ်နိုင်ရန်
စီစဉ်နေ"
ရန်ကုန်မြို့မှာ ညဈေးတန်းကို ဒီနှစ်ကုန်ပိုင်း လာမယ့်
ဒီဇင်ဘာလမှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ အနောက်ပိုင်း
ခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးရေးမှူးက ပြောပါတယ်။
ဒီညဈေးတန်းကို ကမ်းနားလမ်းတလျှောက်မှာရှိတဲ့
အောင်ရတနာလမ်းကနေ ပန်းဆိုးတန်းအထိ ဆိုင်တွေကို
ထားရှိမှာဖြစ်ပြီး လသာ၊ လမ်းမတော်၊ ကျောက်တံတားနဲ့
ပန်းဘဲတန်းမြို့နယ်တွေက လမ်းမတွေမှာ ရောင်းချတဲ့
အစားအသောက်ဆိုင်တွေ၊ အသီးနဲ့ ဟင်းသီးဟင်းရွက်ဆိုင်
တွေကို ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။
အနောက်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးငွေစိုးက
“ဒီဇင်ဘာပတ်ဝန်းကျင်လောက်တော့ ဖြစ်မယ်လို့တော့
အကြမ်းဖျင်း လျာထားတာ ရှိပါတယ်။ နေရာအတည်တကျ
မရှိတဲ့ အခြေအနေကနေ နေရာလေး အတည်တကျ
ဖြစ်အောင် လုပ်ပေးတဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် ဒါကို
စည်းကမ်း လိုက်နာဖို့ပဲ အရေးကြီးပါတယ်” လို့ ပြောပါတယ်။
ညဈေးတန်း ဖွင့်လှစ်ဖို့ နေရာသတ်မှတ်ပေးထားပြီး
ဈေးသည်တွေအနေနဲ့ လက်ရှိနေရာမှာ ဆက်လက်
ရောင်းချမယ်ဆိုရင် စည်ပင်သာယာဥပဒေနဲ့
အရေးယူသွားမယ်လို့ ဆိုပါတယ်။
ဈေးရောင်းချသူတွေနဲ့ ညဈေးတန်းကို ပြောင်းရွှေ့မယ့်
နေရာကို ဈေးဝယ်သူတွေက လိုက်မဝယ်မှာကို
စိုးရိမ်နေကြပါတယ်။
“အန်တီတို့အနေနဲ့က ဟိုဘက်ရောက်သွားလို့ မရောင်းရဘူး
ဆိုရင် အန်တီတို့က သူများငွေနဲ့ အလုပ်လုပ်ရတဲ့အခါမှာ
ပိုပြီးဒုက္ခတွေ့သထက် တွေ့သွားနိုင်တယ်။
ကိုယ့်ကိုယ်ပိုင်ငွေ မရှိတဲ့အတွက်ကြောင့် မပြောင်းချင်ဘူး၊
မှန်သောစကားပဲ။ အဲဒီကို ပြောင်းလည်းပဲ ဈေးသည်တွေ
အကုန်လုံးဒုက္ခရောက်ကုန်မယ်” လို့ သစ်သီးရောင်းချသူ
ဒေါ်ဌေးဌေးက ပြောပါတယ်။
ဈေးပြောင်းရွှေ့ပြီး ရောင်းမယ်ဆိုရင် အခက်အခဲတွေ
ရှိနိုင်တာကြောင့် စည်းကမ်းတကျ သတ်မှတ်ပေးပြီး
လက်ရှိ ရောင်းချတဲ့ နေရာမှာပဲ ဈေးဆက်ရောင်းဖို့
ဈေးသည်တချို့က ဆန္ဒရှိနေပါတယ်။
“အခက်အခဲ အများကြီး ရှိနိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ရောင်းလာတာ
ကြာခဲ့ပြီလေ။ နောက်တချက်က
ဗြုန်းဒိုင်း စပြောင်းရတော့ မိတ်တွေကလည်း ရမှာ
မဟုတ်ဘူး။ မိတ်မရတဲ့အတွက်ကြောင့် စီးပွားတွေက
အရမ်းကျပ်တည်းသွားနိုင်တယ်။ ဒီနေရာကို စည်းကမ်း
တကျနဲ့ လုပ်ပေးစေချင်တယ်။ ဒီပုံစံအတိုင်း ဒီအတိုင်းပဲ
ပေးရောင်းပါလို့ အကြံပြုစေချင်တယ်” လို့
ဝက်ခေါက်ကင်ရောင်းသူ ဦးစိန်ဝင်းက ပြောပါတယ်။
ရောင်းချမယ့်ဈေးသည်တွေကို စမတ်ကတ်ပြားတွေ
ထုတ်ပေးမှာဖြစ်ပြီး သတ်မှတ်ထားတဲ့နေရာတွေမှာ
ရောင်းချရမှာပါ။
ညဈေးတန်းကို အောက်တိုဘာလလောက်ကတည်းက
သန့်စင်ခန်းတွေ၊ ရေပိုက်တပ်ဆင်တာတွေ လုပ်ဆောင်
နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ စာရင်းကောက်ခံထားတဲ့
ဆိုင်ခန်းပေါင်း ၅ ထောင်ကျော် ရှိနေပြီး ရောင်းချတဲ့
ဆိုင်တွေအနေနဲ့ ဆိုင်ခန်းစရိတ်၊ လျှပ်စစ်မီး သုံးစွဲ
စရိတ်၊ ရေဖိုးရေခနဲ့ သန့်ရှင်းရေးခွန်တို့ကို ပေးဆောင်ရမှာ
ဖြစ်ပါတယ်။ ညနေ ၃ နာရီကနေ ည ၁၂ နာရီအထိ
ရောင်းချခွင့်ရမှာ ဖြစ်ပါတယ်။
(သူဇာလင်း)
credit - Xinhua Myanmar / The Voice
& DVB
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
--------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:
Post a Comment