“အကျိုးတူ ကန်ထရိုက်တိုက် ဆောက်လုပ်တော့မည်ဆိုလျှင်”
(အကျိုးတူ ကန်ထရိုက်စနစ်ဖြင့် အဆောက်အအုံများ
ဆောက်လုပ်တော့မည်ဆိုလျှင် သိထားသင့်သည့်
ဆောင်ရန် ရှောင်ရန်များကို စုစည်းပြီး တင်ပြပေးထားခြင်း
ဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ” )
၁။ "အကျိုးတူ ကန်ထရိုက်စာချုပ် ဖောက်ဖျက်ရင်
ဖြေရှင်းနိုင်ဖို့ ကြိုတင်စိစစ်ထားသင့်"
အကျိုးတူ ဆောက်လုပ်တဲ့ ကန်ထရိုက်တိုက်တွေမှာ
ကန်ထရိုက်တာတွေ ဆက်လက်မဆောက်တော့ဘဲ ရပ်နားတဲ့
ပြဿနာနဲ့မြေရှင်နဲ့ ကန်ထရိုက်ကြား စာချုပ်ဖောက်ဖျက်တဲ့
ပြဿနာတွေရှိတာ ကြောင့် မြေရှင်ဘက်က သတိပြုရမယ့်
အချက်တွေ ရှိနေပါတယ်။
‘ဌာနဘက်ကတော့ ကန်ထရိုက်ဘက်က ဆက်မဆောက်
တော့ဘဲ ရပ်နားထားရင် မြေရှင်က တိုင်ရင် အရေးယူပေးတယ်၊
ဒါပေမဲ့ အရေးယူတာတွေကျတော့ ဌာနမှာ တရားဝင်မှတ်ပုံတင်
ထားတဲ့ ကန်ထရိုက်တွေကိုပဲ လုပ်လို့ရ တာ၊ တရားမဝင်
ကန်ထရိုက်တာ မျိုးကျတော့ ဘာမှတင်ပြထားတာ မရှိတော့
အရေးယူလို့လဲမရဘူး၊ ဒါကတော့ မြေရှင်ဘက်က တရားရုံးမှာ
ကိုယ်တိုင် တရားမမှုနဲ့ အမှု ဖွင့်ရမှာ”လို့ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင် နီယာဌာန
(အဆောက်အအုံ) က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
- အကျိုးတူကန်ထရိုက်စနစ်နဲ့ တိုက်တွေ ဆောက်လုပ်
တော့မယ်ဆိုရင် မဆောက်လုပ်ခင် ကိုယ့်မြေပေါ်မှာ
လာရောက်ဆောက်လုပ်မယ့် ကန်ထရိုက်ရဲ့ profile ကို
ကြည့်ရှုရပါမယ်။ သက်ဆိုင်ရာ လိုင်စင် နံပါတ်နဲ့
ကန်ထရိုက်နာမည်ကို ယူပြီး ဌာနမှာ တိုက်စစ်သင့်ပါတယ်။
- စာချုပ်ချုပ်ဆိုတဲ့နေရာမှာလည်း အဆောက်အအုံ
ပြီးစီးမယ့် နေ့ကို အတိအကျချုပ်ဆိုရမှာဖြစ် ပြီး သတ်မှတ်ရက်
အတိုင်း မပြီးစီးရင် လျော်ကြေးရမယ့် ငွေပမာဏ ကိုလည်း
တစ်ခါတည်းထည့်ရေးရ ပါမယ်။
- စာချုပ်ကို လိုင်စင်ကန်ထရိုက်နဲ့နှစ်ဦးတည်းချုပ်ဆိုတာမျိုး
မဟုတ်ဘဲ ဆောက်လုပ်မယ့် အင်ဂျင်နီယာ၊ ရပ်ကွက်
အုပ်ချုပ်ရေးမှူးစတဲ့ အသိသက်သေတွေရှေ့မှာ
ချုပ်ဆိုသင့်ပါတယ်။
- ကန်ထရိုက်တိုက် ဆောက်လုပ်မှုမှာ သတ်မှတ်ထားတဲ့
စံချိန်စံ ညွှန်း၊ အဆောက်အအုံဒီဇိုင်း စတာတွေကို တစ်ခါတည်း
ပုံကြမ်းနဲ့ အဆောက်အအုံပုံစံငယ်ကို ယူထားရမှာဖြစ်ပြီး
အခန်းအတွင်းပါဝင်မယ့် ဝန်ဆောင်မှုအပြည့်အစုံကို စာချုပ်
အတွင်းထည့်ချုပ်တာမျိုး ပြုလုပ်ရပါမယ်။
- စာချုပ်ကို အဆင်သင့် စာချုပ်တွေထက်
ကိုယ်တိုင်လက်ရေးမူနဲ့ ချုပ်ဆိုတဲ့ စာချုပ်မျိုးနဲ့ ချုပ်ဆိုသင့်ပါတယ်။
- ဆောက်လုပ်ပြီးစီးမယ့်ရက် ထည့်သွင်းတဲ့နေရာမှာ
အလွှာအလိုက် ပြီးစီးမယ့်ရက်နဲ့ အကြမ်း ထည်ပြီးစီးနိုင်မယ့်
ရက်တွေကို မေးမြန်းပြီး ထည့်သွင်းသင့်သလို နားလည်မှုနဲ့
စောင့်ဆိုင်းတဲ့ရက်ကို လည်း တစ်လအများဆုံးသာ
ထားသင့် ပါတယ်။
- ဆောက်လုပ်မပြီးစီးခင် ကန်ထရိုက်ဘက်က
ဆက်ဆောက်လုပ်ဖို့ပျက်ကွက်တာမျိုးပြုလုပ်ရင် မြေရှင်ဘက်က
သက်ဆိုင်ရာ စည် ပင်သာယာရေး ကော်မတီမှာ
တိုင်ကြားတာမျိုးတွေ ပြုလုပ်နိုင်သလို ရှေ့နေကတစ်ဆင့်
နို့တစ်စာပို့ပြီး အကြောင်းကြားစာတွေနဲ့ တရားရုံးက
တစ်ဆင့် ဖြေရှင်းတာမျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။
(ပြည့်ဖြိုးမြင့်မွန်)
***
၂။ "ကန်ထရိုက်တိုက်များ ဆောက်လုပ်ရာတွင် မြေရှင်သည်
အသိသက်သေများရှေ့၌ စာချုပ်ချုပ်သင့်ဟုဆို"
ကန်ထရိုက်တာနှင့် မြေရှင် အကျိုးတူ ဆောက်လုပ်သည့်
ကန်ထရိုက်တိုက်များတွင် ဆက်လက်မဆောက်လုပ်ဘဲ
ရပ်နားမှုများ ဖြစ်ပွားနေသောကြောင့် မြေရှင်များသည်
အသိသက်သေများရှေ့တွင် စာချုပ်ချုပ်ဆို သင့်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊
အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရှိရသည်။
လက်ရှိ အကျိုးတူဆောက်လုပ်သည့် ကန်ထရိုက်တိုက်များ
တွင် ကန်ထရိုက်တာမှ ဆက်လက်မဆောက်ဘဲ ရပ်နားသည့်
ပြဿနာများ၊ မြေရှင်နှင့် ကန်ထရိုက်ကြား စာချုပ်ဖောက်ဖျက်သည့်
ပြဿနာများ ရှိခြင်းကြောင့် မြေရှင်များသည် ကန်ထရိုက်တာ
အပြင် ဆောက်လုပ်မည့် အင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး
စသည့် အသိသက်သေများဖြင့် စာချုပ်ချုပ်ဆိုသင့်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ
ဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိတစ်ဦးက
ပြောကြားသည်။
“ဌာနဘက်အနေနဲ့ ကန်ထရိုက်ဘက်က ဆက်မဆောက်
တော့ဘဲ ရပ်နားထားရင် မြေရှင်က တိုင်ရင်အရေးယူပေးတယ်။
ဒါပေမဲ့ ဌာနမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ကန်ထရိုက်တွေ
ကိုပဲ အရေးယူ ဆောင်ရွက်လို့ ရတယ်။ တရားမဝင်
ကန်ထရိုက်တာမျိုးကျတော့ ဘာမှတင်ပြထားတာ မရှိတော့
အရေးယူလို့လည်း မရဘူး။ ဒါကတော့ မြေရှင်ဘက်က
တရားရုံးမှာ ကိုယ်တိုင်တရားမမှုနဲ့ အမှုဖွင့်ရမှာပါ” ဟု
၎င်းက ဆိုသည်။
လိုင်စင်မဲ့ ကန်ထရိုက်တာများမှာ မြေရှင်ကို ပြောင်းရွှေ့စရိတ်
အပိုငွေ ပိုပေးပြီး ဆောက်လုပ်ခြင်းမျိုး ရှိခြင်းကြောင့်
သက်ဆိုင်ရာ ကန်ထရိုက်တာ နာမည်၊ လိုင်စင်နံပါတ် နာမည်
ကိုယူပြီး ဌာနတွင် တိုက်စစ်သင့်ကြောင်းနှင့် စာချုပ် ချုပ်ဆိုသည့်
အခါ အဆောက်အအုံပြီးစီးမည့်နေ့ကို အတိအကျ ချုပ်ဆိုရမည်
ဖြစ်ပြီး သတ်မှတ်ရက်အတိုင်း မပြီးစီးပါက လျော်ကြေးရမည့်
ငွေပမာဏကိုလည်း တစ်ပါတည်း ထည့်ရေးရမည်
ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တိုက်မဆောက်ခင် လာဆောက်လုပ်မယ့် ကန်ထရိုက်ရဲ့
Profile ကို ကြည့် ရပါမယ်။ လိုင်စင်မဲ့ ကန်ထရိုက်တွေနဲ့
မဆောက်သင့်ပါဘူး။ စည်ပင်က လိုင်စင်ရ ကန်ထရိုက်တာ
အနေနဲ့ ဆောက်လုပ်နေစဉ် ရပ်နားတာတွေ၊ စာချုပ်ဖောက်
တာတွေဆို သူတို့က စည်ပင်မှာ Deposit တင်ထားတဲ့
အတွက် လျော်ကြေးရရှိမှာပါ” ဟု ဝေယံထွန်းလင်း
ဆောက်လုပ်ရေးကုမ္ပဏီမှ ကန်ထရိုက်တာ
ဦးထွန်းထွန်းက ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊
အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ လိုင်စင်ထုတ်ပေး
ထားသော လိုင်စင်ရ ကန်ထရိုက်တာ ၁၂ဝဝ ခန့် ရှိပြီး
ကန်ထရိုက်တာ လိုင်စင်ကြေးကို အကြီးတန်း
ကျပ်သိန်း ၅ဝဝ၊ အငယ်တန်း ကျပ်သိန်း ၂ဝဝ ဟု သတ်မှတ်
ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ
သိရှိရသည်။
ယခုလက်ရှိ ရန်ကုန်မြို့တွင် တရားစွဲဆို ခံထားရသည့်
ခွင့်ပြုချက်မဲ့ အဆောက်အအုံ အလုံး ၂ဝဝဝ ကျော် ရှိနေ
ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီထံမှ သိရသည်။
***
၃။ "ကန်ထရိုက်ပေးတော့မယ်ဆိုရင်"
အခုခေတ်ကတော့ မြေကွက်တွေရှိတယ်ဆိုရင်
ကန်ထရိုက်ပေးထားတာကတော့တော်တော်လေးခေတ်စား
လာတယ်။
ပေးတော့မယ်ဆိုရင်လည်း ကိုယ်ကန်ထရိုက်ပေးမယ့်
ကုမ္မဏီက ဘယ်လို ကုမ္မဏီမျိုးလဲဆိုတာကိုလည်း
သေသေချာချာ လေ့လာထားသင့်တယ်။
ဆောက်နေတုန်းမပြီးသေးဘဲ ကန်ထရိုက်ထွက်ပြေးသွားရင်
ကိုယ်ပဲနစ်နာမှာ၊ ပြီးတော့တခြားကန်ထရိုက်တွေကလည်း
ပြန်ဆောက်ပေးမှာမဟုတ်ဘူးဆိုတော့ မဆောက်ခင်
စုံစမ်းထားတာ အကောင်းဆုံးဖြစ်ပါတယ်။
မြေကွက်ကို ကန်ထရိုက်ကတော့ပေးလိုက်ပါပြီ။
ဆောက်နေတုန်းအတောအတွင်းမှာ ကိုယ်ကဘယ်မှာ
သွားနေရမယ် ဆိုတာတွေ၊ အဲဒါတွေကို တချို့ကန်ထရိုက်
တွေကနေဖို့ကို ရှာပေးတာရှိတယ်။
တချို့ကျတော့ ကန်ထရိုက် တာတွေက စရိတ်ပေးတာလည်း
ရှိပါတယ်။
ပြီးတော့ဆောက်ပြီးရင် ကိုယ်ကဘယ်နှခန်းရမယ်၊
ငွေကြေးဘယ်လောက်ရမယ်ဆိုတာကို သေချာမေးထား
သင့်ပါတယ်။
မြေကွက်တစ်ခုကို ကန်ထရိုက်ပေးတော့မယ်ဆိုရင်ကြိုပြီး
ပြင်ဆင်ထားသင့်ပါတယ်။
မြေပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းတွေ လိုမယ်။
အရေးကြီးတာကစည်ပင်ကို ဘယ်လောက်အခွန်ဆောင်
ရမလဲစတာတွေကိုပါသိထားရမယ်။
ခိုင်မာယုံကြည်ရတဲ့ ကန်ထရိုက်တာတွေနဲ့ဆောက်လုပ်
သင့်ပါတယ်။
(လိမ္မာ)
credit - Kumudra Journal & The Voice Myanmar
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:
Post a Comment