Sunday, May 28, 2017

"ကန်ထရိုက်တွေရဲ့ ဂယက် ငြိမ်သက်သွားပြီလား"

"ကန်ထရိုက်တွေရဲ့ ဂယက် ငြိမ်သက်သွားပြီလား"

ယခုလပိုင်းအတွင်း မြေရှင်(အိမ်ရှင်) များမှ
ကန်ထရိုက် အချို့အားတရားစွဲဆိုခြင်း၊ အကျိုးတူလုပ်ဆောင်
ထားသည့် လုပ်ငန်းများ ရပ်ဆိုင်းခြင်းကို သတင်းစာကြော်ငြာ
ကဏ္ဍများအတွင်း ထည့်သွင်းကြော်ငြာ လာသည်ကို
တွေ့ရသည်။

အကြောင်းကမူ မြေရှင်များက ကန်ထရိုက်အချို့နှင့် သဘောတူ
စာချုပ် ချုပ်ဆိုထားသည့် အချိန်ထက် ကျော်လွန် လာသည့်တိုင်
အိမ်ရာများ ဆောက်လုပ် မပြီးဘဲ ဖောင်ဒေးရှင်းဆောက်လုပ်
သည့် အဆင့်ပင် မဆောင်ရွက်နိုင်သေးခြင်း၊ ဆောက်လုပ်မှုများ
မပြီးစီးသေးခြင်း တို့ ကြောင့် အိမ်ရှင်များက နစ်နာမှုများ
အတွက် ကန့်ကွက်ကြေညာကြခြင်းပဲ ဖြစ်သည်။

''ကျွန်တော်တို့ဆိုရင် ကန်ထရိုက်နဲ့ စာချုပ်တစ်နှစ်ချုပ်ထားတယ်။
တစ်နှစ်အတွင်းမှာ အပြီးဆောက်မယ်ဆိုတယ်။
ဒါပေမဲ့ တစ်လလာလဲ အကြောင်း အမျိုးမျိုးပြပြီး ဟိုရွှေ့ဒီရွှေ့
လုပ်နေတာနဲ့တင် တစ်နှစ်က ပြည့်နေပြီ။
ခုထိ တိုက်က ဘာမှန်းတောင် မသိဘူး''ဟု တောင်ဥက္ကပမြို့နယ်
ရှိ အိမ်ရှင်တစ်ဦးဖြစ်သူ ကိုမင်းသူက ပြောသည်။

အိမ်တစ်လုံးအား ကန်ထရိုက်စနစ်ပေးကာ တစ်ခြမ်းပေး
တစ်ခြမ်းယူ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် စနစ် ဖြင့်
ဆောက်လုပ်ရာတွင် သတ်မှတ်ထား သော ကာလအတွင်းမှာ
အိမ်ရှင်ထံသို့ ဆောက်လုပ်ပြီး အခန်းများကို အပ်နှံရန် အတွက်
စာချုပ် ချုပ်ဆိုလေ့ ရှိသည်။

ထိုအတွက် ပြောင်းရွှေ့ကြေးအဖြစ် နေရာ ဒေသပေါ် မူတည်
ကာ ကျပ်သိန်း ၅ဝ မှ သိန်း ၂ဝဝ ဝန်းကျင်အထိ အိမ်ရှင်ထံသို့
ပေးရကြောင်း သိရသည်။

အိမ်ရှင်အများစုသည် ထိုမှရရှိသည့် ငွေကြေးဖြင့် အခြားနေရာ
များတွင် ပြန်လည်ငှားယူ နေထိုင်ရသည်များလည်း ရှိကြောင်း
သိရသည်။ သို့သော် သတ်မှတ်ကာလအတိုင်း ဆောက်လုပ်
ပြီးစီးမှု မရှိခြင်းကြောင့် အခက်အခဲဖြစ်ပေါ်ခဲ့ရသည့်
အိမ်ရှင်များ ရှိလာခဲ့သည်။

''အန်တီတို့ အိမ်ကတော့ အ ကြမ်းထည်တော့ ပြီးနေပြီ။
ဒါပေမဲ့ လူနေလို့ မရသေးဘူး။
စာချုပ်သက်တမ်း က ကျော်နေပြီ။ ဒါပေမဲ့ လူများတွေလို
လုံးဝ မဆောက်သေးတာနဲ့ စာရင်တော့ ကံကောင်းတယ်
ပြောရမှာပဲ''ဟု  သုဝဏ္ဏ မြို့နယ်တွင် ကန်ထရိုက်စနစ်
ဆောက်လုပ်နေသည့် အိမ်ရှင်တစ်ဦးဖြစ်သည့်
ဒေါ်သက်ထားက ပြောသည်။

ကန်ထရိုက်စနစ် ပြန်လည် အသက်ဝင်ချိန် ကနဦးကာလ
များတွင် သုံးထပ်အမြင့်ရှိ လူနေတိုက်ခန်းများ၊ ထို့ နောက်
သုံးထပ်ခွဲ၊ ခြောက်ထပ်အမြင့် စသည့် ဆောက်လုပ်မှုသည်
များပြားခဲ့ ကြောင်း သိရသည်။

ထိုကဲ့သို့ ဆောက်လုပ်မှုတွင် သင်္ဃန်းကျွန်းမြို့နယ်သည်
အကျိုးတူ ကန်ထရိုက်စနစ်ဖြင့် တိုက်ခန်း ဆောက်လုပ်မှုမှာ
အများဆုံးဖြစ်ပြီး ထို့ နောက်တွင်မူ လှိုင်၊ သာကေတ၊
တောင် ဥက္ကလာပနှင့် မြောက် ဥက္ကလာပ စသည့် မြို့နယ်
များတွင် ဆောက်လုပ်မှု များပြားခဲ့ ကြောင်း သိရသည်။

အခန်းပေး အခန်းယူစနစ်ဖြင့် ဆောက်လုပ်မှု များပြားခဲ့သည့်
ကနဦး ကာလများတွင် တရားမဝင်ဆောက်လုပ်မှုများ၊
ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်မှုများ ရာခိုင်နှုန်း များပြား
ခဲ့ခြင်းကြောင့် ကန်ထရိုက်တာများအား အရေးယူခြင်း အပြင်၊
အမည်ပျက်စာရင်း ထည့်သွင်းခြင်းများကို ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီမှ အရေးယူဆောင် ရွက်
ခြင်းများ ပြုလုပ်ခဲ့ရသည်အထိ ရှိခဲ့ သည်။

အချို့ ဆောက်လုပ်ပြီး တိုက်ခန်းများအနေဖြင့် ဆောက်လုပ်မှု
ပြီးစီးသော်လည်း လူနေထိုင်ခွင့် လျှောက်ထား ခွင့်၊
မီးသုံးစွဲခွင့်နှင့် မီတာဘောက်များ တပ်ဆင်ခွင့်၊ ရေသုံးစွဲခွင့်၊
မီးဘေး အန္တ ရာယ်စစ်ဆေးမှု စသည့်အခြေအနေများ
ကျန်ရှိနေသေးကာ ကြန့်ကြာနေလျက်ရှိ ကြောင်း သိရသည်။

''အိမ်ကတော့ အားလုံးပြီးသွား တယ်။ ဒါပေမဲ့ လူနေထိုင်ခွင့်
လျှောက်တဲ့ နေရာမှာ ကန်ထရိုက်က ပိုက်ဆံထပ် မ လိုက်နိုင်
သေးတာကြောင့် ကြာနေတာ တွေလဲ ရှိတယ်။ တချို့ဆိုရင်
ကန်ထရိုက် ပြေးသွားလို့ ဆောက်လက်စတိုက်တွေ မှာ
ဒီအတိုင်းကို တက်နေနေတာတွေ ရှိတယ်'' ဟု
အိမ်ရှင်တစ်ဦးက မှတ်ချက်ပြု ပြောသည်။

ထို့ပြင် ဆောက်လုပ်နေစဉ် ကာလများအတွင်း
ကန်ထရိုက်တာများ မှ ကြိုပွိုင့်စနစ်များကို အရစ်ကျပေးချေ
ပုံစံဖြင့် ရောင်းချခြင်းအပြင် ငွေအကြေ ချေသည့် ပုံစံဖြင့်
ရောင်းချခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။

ထိုအချိန်ကာလများအတွင်း ကြိုပွိုင့်စနစ်ကြောင့် နစ်နာခဲ့
သူများ ရှိသကဲ့သို့ ထိုစနစ်ကြောင့်ပင် ဈေးနှုန်းသက်သာစွာဖြင့်
အခန်းအချို့ ပိုင်ဆိုင်ခဲ့သူများလည်း ရှိကြောင်း သိရသည်။

''ကြိုပွိုင့်စနစ်နဲ့ ဝယ်ဖူးတယ်။ နည်းနည်းတော့ လန့်ရတယ်။
ဒါကလဲ ကန်ထရိုက်ရဲ့ အခြေအနေကို စုံစမ်းရသေးတယ်။
အချို့ကန်ထရိုက်တွေက ကြိုပွိုင့် တွေယူပြီးရင် မဆောက်နိုင်ဘဲ
ထွက်ပြေး ကြလို့ အမှုဖြစ်တာတွေ အများကြီးရှိတယ်'' ဟု
သင်္ဃန်းကျွန်းမြို့နယ်မှ ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူခဲ့သူတစ်ဦးက
ပြောသည်။

သို့သော် ယခုကာလအတွင်း ရန်ကုန်ရှိ မြို့နယ်အချို့တို့တွင်
အသစ် ဆောက်လုပ်ပြီးသည့် ကန်ထရိုက်တိုက်ခန်းများ၏
အရောင်းအဝယ် ဈေးကွက်များသည် ငြိမ်သက်လျက်
ရှိသကဲ့သို့ ကြို ပွိုင့်စနစ် ရောင်းချမှု ဈေးကွက်သည်လည်း
ကျဆင်းလျက်ရှိကြောင်း သိရသည်။

''အဓိကတော့ လုပ်ငန်းလည်ပတ်မှုတွေကြောင့်လဲ ပါတယ်။
ဒီတော့ တချို့ကန်ထရိုက်တွေက တစ်ဖက်မှာ ဆောက်လုပ်
ပြီးစ တိုက်ခန်းတွေ ရှိနေပေမယ့် ရောင်းမထွက်တာမျိုးတွေ
ကြုံနေရ တယ်။ ဒီတော့ နောက်ထပ်တာဝန်ယူထား တဲ့
တိုက်ခန်းတွေကို ဆက်ပြီးမဆောက်နိုင်တဲ့ အခြေအနေမျိုး
တွေနဲ့ ကြုံတာမျိုး တွေရှိတယ်'' ဟု ကန်ထရိုက်လုပ်ငန်း
လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။

ထို့ပြင် ဆောက်လုပ်ပြီး ကန်ထရိုက်တိုက်များအနေဖြင့်
- အခန်းဖွဲ့ စည်းပုံကျဉ်းခြင်း(ပေ)၊
- ပြတင်းပေါက် စနစ်များ စနစ်တကျပါဝင်မှု မရှိခြင်း၊
- လေဝင်လေထွက်စနစ် မရှိခြင်း၊
- ဆောက်လုပ်ထားသည့် အရည်အသွေးပိုင်း အားနည်းခြင်း
နှင့်အတူ ရပ်ကွက်အတွင်း မိမိ တို့နေရာပိုင်ဆိုင်မှုပေါ်
မူတည်ကာ ဆောက်လုပ်ရခြင်း စသည့်အခြေအနေများကြောင့်
အရည်အသွေးပိုင်းတွင် အားနည်းလျက်ရှိကြောင်း ကန်ထရိုက်
တိုက်ခန်းတွင် နေထိုင်သူအချို့က ပြော သည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အနေဖြင့်
လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေများအရ
အဆောက်အအုံအသေးစား ပြင်ဆင်ခြင်းအပါအဝင်
အဆောက်အအုံ အကြီးစားပြင်ဆင်ခြင်း၊ တိုးချဲ့ဆောက်လုပ်
ခြင်း၊ အသစ်ဆောက်လုပ်ခြင်း၊ ဖြို ချခြင်း၊ နေထိုင်အသုံးပြုခြင်း
များ အပြင် အဆောက်အအုံ ဆောက်လုပ်ခွင့်များ
လျှောက်ထားခြင်း၊ ခွင့်ပြုခြင်းများအတွက် ခွင့်ပြုဆောင်ရွက်
ပေးနေသော် လည်း ဆောက်လုပ်ပြီး အဆောက်အအုံ များနှင့်
ပတ်သက်၍ မြေပြင်အခြေအနေ တွင် စစ်ဆေးမှုများ
အားနည်းလျက် ရှိနေသည်။

ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံဆောက်လုပ်ခွင့်ကို
ကန့်သတ်လိုက်ပြီးနောက်ပိုင်း ကန်ထရိုက် လုပ်ငန်းအများစု
အနေဖြင့်လည်း လုပ်ငန်းများဆိုင်းငံ့နေရခြင်းနှင့်အတူ
လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်နေခြင်း ကြောင့်
ဆောက်လုပ်ရေးလုပ်သားများ အနေဖြင့် အခက်အခဲဖြစ်ပေါ်
စေခဲ့ ကြောင်း ယခုနှစ်အစောပိုင်းက ပြောကြသည်။

''အစပိုင်းကတော့ အရောင်း တွေသွက်ခဲ့တယ်။
ရောင်းလို့ရတဲ့ထဲက နောက်ထပ် ဆောက်နေတဲ့ ဆိုက်အတွက်
ကို ပြန်ဖြည့်လို့ရတယ်။ ခုနောက်ပိုင်း ကျတော့ အရောင်းအဝယ်
လဲ ပါးလာတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တောင် အလုံး
အသစ်တွေ လက်မခံဖြစ်တော့ဘူး။ လက်ခံပြီးသား အလုံးတွေ
ကို အရင်ပြီးအောင် လုပ်နေရတယ်''ဟု
ကန်ထရိုက်တာတစ်ဦးက ပြောသည်။

သို့သော် အခြေခံ ပြည်သူများ အတွက် အကျိုးတူ ကန်ထရိုက်
စနစ် ကြောင့် အဆင်ပြေစွာ နေထိုင်ခဲ့ရသူများ ရှိသကဲ့သို့
အဆိုပါ ဂယက်ကြောင့်ပင် ယခု လက်ရှိအချိန်အထိ ဒုက္ခ
ပေါင်းစုံ ကြုံ တွေ့ကာ အခက်အခဲဖြစ်နေသည့်
မိသားစု ပေါင်း များစွာလည်း ရှိနေကြောင်း သိရ သည်။   
       
(မင်းဗညား)

credit - Yangon Media Group

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment