Sunday, May 28, 2017

“ဘီအိုတီဆို သတိထား” (SV)

“ဘီအိုတီဆို သတိထား” (SV)

၁။ "ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်
လာစေရန် သုံးစွဲသူဗဟုသုတများ ဖွံ့ဖြိုးတိုးတက်ရန် လို"

"- ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာ
စေရန်အတွက် Customer Knowledge များ ဖွံ့ဖြိုးတိုးတက်
ရန် လိုအပ်သကဲ့သို့
- ကွန်ဒိုမီနီယံနည်းဥပဒေ အမြန်ထွက်သင့်ပြီး
- မကြာမီပြဋ္ဌာန်းမည့် ကွန်ဒိုမီနီယံ နည်းဥပဒေ၌လည်း
ကွန်ဒိုမီနီယံဥပဒေနှင့် ဆန့်ကျင်နေသည့်
Build Operate Transfer-BOT စနစ်အား မထည့်သွင်း
သင့်ကြောင်းနှင့်
- ကွန်ဒိုမီနီယံ ဥပဒေသဘောသဘာဝအရ အိမ်ခန်းဝယ်ယူ
သည့်ပြည်သူမှာ အချိုးကျမြေပိုင်ဆိုင်ခွင့်ရှိသောကြောင့်
BOT စနစ်ဖြင့် ဆောက်လုပ်သည့် မြေအငှားများအတွက်
BOTစနစ်အား မထည့်သွင်းသင့်ကြောင်း၊
- BOT စနစ်ဖြင့် ဆောက်လုပ်သူများမှာ ဌာနဆိုင်ရာ
မြေများအား ငှားရမ်းပြီး အဆောက်အအုံများ ဆောက်လုပ်
ကာ ရင်းနှီးမြှုပ်နှံနေကြခြင်းဖြစ်ကြောင်း။

- ယနေ့ လက်ရှိအနေအထားအရ ကွဲလွဲမှုများရှိနေပြီး
ရင်းနှီး မြှုပ်နှံထားသည့် တိုက်ခန်းများကို ရောင်းချနေမှုများ
ရှိနေကြောင်း၊
- ထိုကဲ့သို့ ရောင်းချပိုင်ခွင့်မရှိသည့် တိုက်ခန်းများကို ရောင်းချ
နေခြင်းအတွက် အဖွဲ့အစည်းများ ဖြစ်ကြသော အစိုးရ
တာဝန်ရှိ အဖွဲ့အစည်းများ၊ စားသုံးသူ ကာကွယ်ရေးအသင်း
များနှင့် ရှေ့နေများကွန်ရက်တို့မှလည်း နိုင်ငံတော်အစိုးရအား
ထောက်ပြသင့်ကြောင်း၊
- အဆိုပါ BOT စနစ်ဖြင့် ဆောက်လုပ်သည့် တိုက်ခန်းများမှာ
ယခင်ကတည်းက ဈေးပေါပေါဖြင့် ငှားရမ်းခွင့် ရရှိပြီး
ဆောက်လုပ်မည့် တိုက်ခန်းပစ္စည်းများအတွက် အခွန်
ကင်းလွတ်ခွင့်ရရှိကြသဖြင့်
- မိမိတို့ကဲ့သို့သော မြေပိုင်ရှင်နှင့် သာမန်အကျိုးတူ ပူးပေါင်း
ဆောက်လုပ်သည့် ကုမ္ပဏီများ၊ ကိုယ်ပိုင်မြေနေရာဝယ်ယူပြီး
ဆောက်လုပ်သည့် ကုမ္ပဏီများအတွက် များစွာနစ်နာ
ရကြောင်း၊
- BOT စနစ်ဖြင့် ဆောက်လုပ်သည့် တိုက်ခန်းများမှာ
အနာဂတ်ကာလ၌ သားစဉ်မြေးဆက်ပိုင်ဆိုင်ခွင့်
မရှိသောကြောင့် အိမ်ခန်းဝယ်ယူပြည်သူများအတွက်
ပြဿနာတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း"
အထပ်မြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

''အိမ်ခန်းဝယ်ယူတဲ့ ပြည်သူတွေအနေနဲ့ ထိုက်တန်တဲ့
ဈေးနှုန်းရှိနေတယ် ဆိုတာကို သိသင့်ပါတယ်။
စီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ကတော့ ပြည်သူတွေ
အသိဥာဏ် ဗဟုသုတနဲ့လည်း သက်ဆိုင်နေပါတယ်။
အိမ်ခန်းဝယ်ယူတဲ့ ပြည်သူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှု
သေချာမယ့် အိမ်ခန်း များကိုသာ တွက်ချက်ဝယ်ယူသင့်
ပါတယ်။
နိုင်ငံတော် အစိုးရအနေနဲ့လည်း
Build Operate Transfer-BOT စနစ်ကို စာချုပ်ပါအတိုင်း
အကောင်အထည်ဖော်ဆောင် ရွက်စေချင်ပါတယ်။
ပြီးတော့ ဒီ BOT စနစ်ဆိုတာက အခွန်ဆောင်စရာမလိုဘူး။
မြေရှင်နှင့် အကျိုးတူပူးပေါင်း ဆောက်လုပ်သည့် ကုမ္ပဏီတွေ
အတွက် နစ်နာရပါတယ်။
တည်ဆောက်စရိတ် အတူတူဆိုပေမယ့် ပစ္စည်းတင်သွင်း
တဲ့အခါမှာ သူတို့က အခွန်ကင်းလွတ်ခွင့် ရရှိကြပါတယ်။
အိမ်ခန်းဝယ်ယူမယ့် ပြည်သူတွေအနေနဲ့ ဒီလိုအိမ်ခန်းကို
ဝယ်ယူလို့ မသင့်ပါဘူး။
BOT စနစ်နဲ့ ဆောက်လုပ်တဲ့ အိမ်ခန်းတွေက အငှားအိမ်ခန်း
တွေ ဖြစ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဝယ်ယူမိမယ်
ဆိုရင် ပြည်သူတွေကို လှည့်ဖြားနေသလို ဖြစ်နေမှာပါ၊
အမှန်တော့ BOT စနစ်နဲ့ ဆောက်လုပ်တဲ့အိမ်ခန်းတွေဟာ
ငှားရမ်းထားခြင်းဖြစ်လို့ ရောင်းပိုင်ခွင့် မရှိပါဘူး။
တစ်ချိန်မှာနှစ် ၇ဝ ပြည့်ပြီး စာချုပ်သက်တမ်းပြည့်သွားပြီ
ဆိုရင် အစိုးရကို ဒီအဆောက်အအုံတွေ အပ်နှံရမှာ
ဖြစ်ပါတယ်။
ခေတ္တရင်းနှီးမြှုပ်နှံတဲ့သူတို့ သဘောနဲ့ အစိုးရကို မအပ်နှံဘဲ
ရောင်းပြီးထွက်သွားလို့ မရပါဘူး။
ဒါတွေကို အိမ်ခန်းဝယ်ယူသူ ပြည်သူတွေအနေနဲ့
သိသင့်တယ်ထင်လို့ ရှင်းပြတာပါ'' ဟု အိမ်ခြံမြေလုပ်ငန်းရှင်
တစ်ဦးက ပြောသည်။

၂ဝ၁၇ ခုနှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး
တိုးတက်လာနိုင်သဖြင့် ဈေးကွက်အနေအထား ကောင်းမွန်
လာနိုင်စရာရှိကြောင်းနှင့် ရန်ကုန်မြို့တွင်း ဆောက်လုပ်ရေး
လုပ်ငန်းလုပ်ကိုင်နေကြသော နိုင်ငံ့ဝန်ထမ်းနှင့် ကုမ္ပဏီ
ဝန်ထမ်း လူဦးရေ စုစုပေါင်း တစ်သန်းနီးပါး ရှိကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

(စိုးဝင်း-MLA)

**********

(ပြီးခဲ့သော နှစ်နှစ်ခန့် က တင်ပေးခဲ့ဘူးသော
အောက်ပါ post အား ဗဟုသုတဖြစ်ဖွယ် ဆက်လက်
ဖတ်ရှုစေလိုပါသည်။
“အိမ်ခြံမြေ လမ်းဆုံ” )

၂။ "ဘီအိုတီအဆောက်အအုံများတွင် လူနေတိုက်ခန်းများ
ဝယ်ယူပါက၀ယ်သူများ နစ်နာနိုင်"

တပ်မတော်ပိုင်မြေများ၊ ဌာနဆိုင်ရာပိုင်မြေများ နှင့်စည်ပင်
သာယာရေးကော်မတီပိုင်မြေများပေါ်တွင် ပြည်တွင်းပြည်ပ
လုပ်ငန်းရှင်များက BOTစနစ်
(Build - Operate and Transfer) စနစ်ဖြင့်
တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း ခြင်းဖြင့်
နှစ်အပိုင်းအခြားအလိုက် ငှားရမ်း လုပ်ကိုင်နေသော
အဆောက်အအုံများတွင် ဟိုတယ်များ၊ ဆေးရုံများ
တည်ဆောက်ခြင်းမှာ ပြဿနာမရှိနိုင်သော်လည်း
လူနေအိမ်ခန်းများကိုပါ ထည့်သွင်းရောင်းချလာခြင်းမှာ
ရေရှည်တွင် ပိုင်ဆိုင်မှုဆိုင်ရာပြဿနာများ
ရှုပ်ထွေးလာစေနိုင်သည့်အပြင် ၀ယ်သူများအတွက်
နစ်နာဆုံးရှုံးစေနိုင်ကြောင်းအိမ်ခြံမြေကျွမ်းကျင်သူများက
ပြောသည်။

"ဘီအိုတီစနစ်နဲ့ဆောက်တဲ့ ကွန်ဒိုတွေဆိုရင်
ရောင်းတဲ့လူတွေက သေချာပြောပြဖို့ လိုပါတယ်။
မြန်မာအလေ့အထအရ အခန်း တစ်ခန်းဝယ်လိုက်ရင်
ဘိုးစဉ်ဘောင်ဆက် ပိုင်လိမ့်မယ်လို့ ထင်ပေမယ့်
ဘီအိုတီအခန်း တွေက ဘိုးစဉ်ဘောင်ဆက်ပိုင်လို့
မရပါဘူး" ဟု မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှု အသင်းမှ
ဒေါ်မို့မို့အောင်က ပြောသည်။

*** ဘီအိုတီစနစ်အရ အစိုးရပိုင်မြေများပေါ်တွင်
ဆောက်လုပ်သည့် အဆောက်အအုံများ၏ကုန်ကျစရိတ်ကို
မြေငှားရမ်းသည့် ကုမ္ပဏီများက ကျခံတည်ဆောက်ရပြီး
သတ်မှတ်မြေငှားရမ်းသည့် နှစ်အပိုင်းအခြားတစ်ခု
အတွင်းသာ ငှားရမ်းသူက လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့်ရှိပြီး
သက်တမ်းကုန်းဆုံးပါက ငှားရမ်းထားသူမှ
မြေပိုင်ရှင်ဖြစ်သည့် ၀န်ကြီးဌာနသို့မြေနှင့်
အဆောက်အအုံကို ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။ ***

နိုင်ငံတကာတွင်ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသော်လည်း
မြန်မာနိုင်ငံတွင် မကျယ်ပြန့်သေးသည့် ထိုစနစ်အရ
မြေငှား ရမ်းထားသည့် ကာလအတွင်း မြေငှားရမ်းခနှင့်
အကျိုးအမြတ်များကိုလည်း နှစ်ဦး နှစ်ဖက်
သဘောတူညီမှုများဖြင့် ညှိနှိုင်း ဆောင်ရွက်ရသည်။

မြန်မာနိုင်ငံတွင် ဘီအိုတီစနစ်ဖြင့် ဆောက်လုပ်ထားသည့်
အဆောက်အအုံများ၏သက်တမ်းမှာ
အစိုးရအဆက်ဆက်၏ မူဝါဒနှင့် လုပ်ဆောင်မည့်
လုပ်ငန်းများ၏သဘောသဘာဝများအရ ကွာခြားမှုရှိပြီး
- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ
လက်ထက်တွင် ကနဦး နှစ် ၃၀ ဖြင့်
ထပ်တိုး ၁၀ နှစ် နှစ်ကြိမ်ဖြင့် စုစုပေါင်း နှစ် ၅၀ သက်တမ်း
ဖြင့်စာချုပ်ချုပ်ဆို လုပ်ကိုင် ခဲ့သော်လည်း
- ဒီမိုကရေစီအစိုးရလက်ထက်တွင် ကနဦး နှစ် ၅၀
ထပ်တိုး ၁၀ နှစ်နှစ်ကြိမ်စီဖြင့် စုစုပေါင်း နှစ်
၇၀ လုပ်ကိုင်ခြင်းကို ခွင့်ပြုပေးသည်။

ဈေးကွက်အတွင်း ဘိုးဘွားပိုင်မြေများ၊ ဂရန်မြေများပေါ်တွင်
ဆောက်လုပ်ထားသည့် ကွန်ဒိုဈေးများ နည်းတူ
ဘီအိုတီကွန်ဒိုများ၏ တစ်ပေပတ်လည်ရောင်းဈေးမှာ
ကွာဟမှုမရှိဘဲ တစ်ပေပတ်လည်လျှင်
အမေရိကန်ဒေါ်လာ ၃၀၀ မှ ဒေါ်လာ ၅၀၀ ကျော် အထိ
ရောင်းချလာသည့်အတွက် အချို့သော ကွန်ဒိုတိုက်ခန်းများ
မှာ တစ်ခန်းလျှင် မြန်မာကျပ်ငွေ
သိန်း ၅,၀၀၀ ကျော်အထိ ပေါက်ဈေးရှိသည်။

"ဘီအိုတီစနစ်နဲ့လုပ်ထားတဲ့ အခန်းတွေဆိုရင်
နှစ်အပိုင်းအခြားအလိုက်ပဲ အငှားချထားလို့ရတယ်။
ရောင်းခွင့်မရှိဘူး။
ဘီအိုတီ ကို စာချုပ်ချုပ်ပြီး အရောင်းအ၀ယ်လုပ်ရင်ကိုပဲ
ဥပဒေကြောင်းအရ အထမမြောက်ဘူး။
ငှားတာသက်တမ်းပြည့်ရင် ပြန်အပ်ရမယ်။
ရောင်းချင်တယ်ဆိုရင်လည်းမြေရှင်ကိုအသိပေးရမယ်။
ဥပမာ အိမ်ငှားက အိမ်ကိုရောင်းလို့ မရသလိုဘဲ။
ဖြစ်နိုင်ရင်တော့ဘီအိုတီကို မ၀ယ်ကြပါနဲ့" ဟု
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ
ကော်မတီဝင်ဦးခင်လှိုင်က ပြောသည်။

(ဇေယျာလင်း)

credit - The Mirror Daily & The Myanmar Times

(စာကြွင်း)

ဘီအိုတီဟု အများခေါ်ကြသည့်
တည်ဆောက်၊ လည်ပတ်၊ အပ်နှံ
(Build - Operate - Transfer) စနစ်မှာ
မြေကို အစိုးရထံက ငှားယူပြီး
စီမံကိန်းဆောက်ရွက်ကာ သတ်မှတ်ကာလ ပြည့်ပါက
မြေအပါအ၀င် စီမံကိန်းကိုပါ အစိုးရထံသို့
ပြန်လည်အပ်နှံရသည့်စနစ် ဖြစ်သည်။

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment