Sunday, January 28, 2018

“ရန်ကုန်မြို့သစ် ဂုဏ်ပုဒ်ရ ဒလ အိမ်ခြံမြေ”

“ရန်ကုန်မြို့သစ် ဂုဏ်ပုဒ်ရ ဒလ အိမ်ခြံမြေ”

၁။ "အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ဒလမြို့နယ်သည်
ရန်ကုန်မြို့သစ်ဖြစ်လာနိုင်ကြောင်း ဦးဖြိုးမင်းသိန်းပြော"

အထူးစီးပွားရေးဇုန်နှင့် မြို့ပြစီမံကိန်းများကြောင့်
ဒလမြို့နယ်သည် နောင်တစ်ချိန်တွင် ရန်ကုန်မြို့သစ်
ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်
ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

ဝန်ကြီးချုပ်သည် ကော့မှူး မြို့နယ် သရက်တော
ရေနက် ဆိပ်ကမ်းတည်ဆောက်ရေးနှင့် ဒလ မြို့နယ်၌
အကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန်နှင့်
မြို့သစ်စီမံကိန်း တည်ဆောက်ရေး မြေပြင်အခြေအနေ
ကို ဇန်နဝါရီ ၂၀ ရက်တွင် ကွင်းဆင်းလေ့လာခဲ့ကြောင်း
တိုင်းအစိုးရက သတင်း ထုတ်ပြန်သည်။

လက်ရှိ ၎င်းတို့အစိုးရနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်း၍
စီမံကိန်းကြီးတစ်ခု ရေးဆွဲနေပြီး ပြည်ထောင်စုအဆင့်
အထိ တင်ပြကာ ဆက်လက် အကောင်အထည်ဖော်မည်
ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ထို့ပြင် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း
သည် ၎င်း၏ပါတီနှင့် အစိုးရအတွက် မဟုတ်ဘဲ ပြည်သူ
လူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ကြောင်း
ဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ကြောင့် ဒေသခံများကို အစိုးရ၊ လွှတ်တော်
ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ပေးရေး
တိုက်တွန်းပေးရန် ဓနုတ်ကျောင်းတိုက်ဆရာတော်ထံ
လျှောက်ထား ခဲ့သည်။

‘‘စီးပွားကူးသန်း ဒုဝန်ကြီး လာလို့ အကောင်အထည်
ဖော်မယ့် မြေပြင်အနေအထားကို လိုက်ပြ တာပါ။
ဒေသခံတွေနဲ့ တွေ့ဆုံတာမျိုးလည်း မလုပ်ခဲ့ပါဘူး။
ဒလစီမံကိန်းက အရင်ကတည်းက အကောင်အထည်
ဖော်ဖို့ စီစဉ်ထားတဲ့ စီမံကိန်းပါ’’ ဟု ရန်ကုန်တိုင်းဒေသကြီး
စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး
ဦးဟံထွန်းက ပြောသည်။

အဆိုပါ စီမံကိန်းအတွက် တိုင်းအစိုးရက ပထမဆုံးအကြိမ်
လာရောက် ကြည့်ရှုခြင်းဖြစ်ပြီး ဒေသခံများနှင့် လွှတ်တော်
ကိုယ်စားလှယ်များကို တစ်စုံတစ်ရာ ပြောကြားထားခြင်း
မရှိသေးကြောင်း ဒလမြို့နယ်တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးမြသိန်းက ပြောကြားသည်။

အစိုးရအနေဖြင့် စီမံကိန်းကို လေ့လာပြီးမှသာ လွှတ်တော်
ကိုယ်စားလှယ်များထံ ချပြမည်ဟု မျှော်လင့်ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဒလမြို့နယ်
တွင် အကောင်အထည်ဖော်မည့် ရန်ကုန်အထူးစီးပွားရေး
ဇုန် စီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်
အထူးစီးပွားရေးဇုန်ဆိုင် ရာ ဗဟိုအဖွဲ့သို့ ၂၀၁၇
ဒီဇင်ဘာ ၅ ရက်တွင် ပထမဆုံးတင်ပြခဲ့သည်။

ထိုတင်ပြချက်တွင် ယင်း အထူးစီးပွားရေးဇုန်တည်ထောင်
ပါက ရရှိမည့် အကျိုးကျေးဇူးများ နှင့် လုပ်ငန်းအစီအမံများ
ပါဝင်သည်။

ဝန်ကြီးချုပ် ဦးဆောင်၍ ဖော်ဆောင်မည့် ရန်ကုန်တိုင်း
ဒေသကြီး၏ ဒုတိယအထူးစီးပွားရေးဇုန် စီမံကိန်းကို
အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့က သဘောတူ
လက်ခံထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန အထူးစီးပွားရေးဇုန်များ တာဝန်ခံ
ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးကပြောသည်။

(ထွန်းထွန်းမင်း)

*****

၂။ "တံတားတည်ဆောက်ရန် ကျိန်းသေပြီဖြစ်သော်ငြား
ဒလအိမ်ခြံမြေ ဈေးကွက်ငြိမ်သက်နေဆဲ"

ကိုရီးယား မြန်မာချစ်ကြည်ရေးအဖြစ် တည်ဆောက်မည့်
ဒလတံတားဆောက်လုပ်ရေး စီမံကန်းသည် တရားဝင်
အတည်ပြုလိုက်ပြီဖြစ်သော်လည်း တံတားအနီး
ပတ်ဝန်းကျင်နှင့် ဒလမြို့နယ်ဘက်တွင် အိမ်ခြံမြေဈေးများ
လှုပ်လှုပ်ရှားရှားမရှိသေးကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များထံမှ သိရသည်။

ဒလဘက်ကမ်းဖြစ်သော ကွမ်းခြံကုန်းမြို့နယ်ဘက်တွင်
အိမ်ခြံမြေထက် လယ်ယာမြေဝယ်ယူသူများရှိနေကြောင်း၊
တံတားတည်ဆောက်မည့်နေရာနှင့် အနီးတစ်ဝိုက်ရှိ
လယ်မြေများကို ဝယ်ယူလိုသူများ ရှိနေကြောင်း မြန်မာနိုင်ငံ
အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေ
အတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ပြောသည်။

''တံတားတည်ဆောက်ဖို့ သေချာသွားပြီဆိုတော့
ရောင်းချင်တဲ့သူတွေကတော့ နဲနဲလှုပ်ချင်တယ်၊
ဒါပေမဲ့အဝယ်ကပါးနေတော့ သိပ်လှုပ်လှုပ်ခတ်ခတ်
မရှိသေးဘူး၊ ဝယ်မယ့်သူလည်းမရှိတော့ ဈေးအများကြီး
ခေါ်လို့မရဘူး'' ဟု ဒေါ်မို့မို့အောင်က ဆိုသည်။

၂ဝ၁၄ ခုနှစ်ခန့်က ဒလဘက်ကမ်း လမ်းမနှင့်နီးသော
နေရာရှိလယ်မြေများမှာ တစ်ဧကလျှင် ငွေကျပ်
သိန်း၁,ဝဝဝ ခန့်အထိ မြင့်တက်ခဲ့ကြောင်း၊
ယခုအချိန်တွင် ယင်းလယ်မြေများမှာ တစ်ဧကလျှင်
ငွေကျပ်သိန်း ၅ဝဝ ခန့်ခေါ်ဈေးရှိကြောင်း
လမ်းအတွင်းဘက် လယ်မြေများမှာ သိန်း ၁၅ဝမှ
၂ဝဝ ကြားရှိကြောင်း ၄င်းက ဆိုသည်။

တံတားတည်ဆောက်ပြီးစီးသွားပါက ရန်ကုန်မြို့ကို
အနီးဆုံးလာရောက်နိုင်မည်ဖြစ်သဖြင့် အထိုက်အလျောက်
ဈေးတက်ခြင်းများရှိနိုင်ကြောင်း၊
သို့သော် လူနေမှုစနစ်အတွက်အရေးကြီးသော ရေ၊ မီး
အဆင်ပြေမှ ဝယ်သူများ စိတ်ဝင်စားမည်ဖြစ်ကြောင်းလည်း
၎င်းက ဆိုသည်။

ယခင်က အစိုးရ၏ စီမံကိန်းတစ်ခုခု လုပ်မည်ဟု သတင်း
ထွက်သည်နှင့် မကြာမီမှာပင် အိမ်ခြံမြေဈေးများထိန်း၍
မရနိုင်လောက်အောင် ထိုးတက်ခဲ့သည်များ ရှိသော်လည်း
ယခုနောက်ပိုင်းတွင် ဈေးကွက်အခြေအနေ ငြိမ်သက်လျက်
ရှိကြောင်း ဒလအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ
အုပ်ချုပ်မှု ဒါရိုက်တာ ကိုဇော်က ပြောသည်။

''တံတားတည်ဆောက်ဖို့ သေချာသွားပေမဲ့
ဈေးကတော့ အရမ်းလှုပ်ခတ်နေတာ မရှိပါဘူး၊
နည်းနည်းတော့ ဈေးတက်လာတယ်၊
ဒါပေမဲ့ အရင်တုန်းကလိုတော့ ချက်ချင်းကြီး ထိုးတက်
လာတာမျိုးမရှိပါဘူး'' ဟု ကိုဇော်ကဆိုသည်။

ဈေးလှုပ်ခတ်မှု မရှိခြင်းမှာ အဝယ်အေးနေခြင်း က
တစ်ကြောင်း၊ အိမ်ခြံမြေဈေးကွက်မှာ ယခင်ကတည်းက
အေးစက်နေခြင်းကြောင့်တစ်ကြောင်း ဖြစ်နိုင်ကြောင်းလည်း
၎င်းက မှတ်ချက်ပေးသည်။

ယခင်က ငွေကျပ် သိန်း ၃ဝဝ ခန့်ရှိသော ပေ ၂ဝ ပေ ၆ဝ
ရှိသော မြေကွက်ကို ယခု သိန်း ၄ဝဝ နှင့် ၅ဝဝ ဝန်းကျင်ခန့်
ဈေးခေါ်မှုများရှိကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က
အိမ်ခြံမြေဈေးများ သုံးကြိမ်ခန့် ပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့
ပြီးနောက် အိမ်ခြံမြေဈေးများ ငြိမ်သက်သွားခဲ့ရာ
ယခုအချိန်ထိပင် ဖြစ်ကြောင်း ၄င်း၏ပြောပြချက်အရ
သိရသည်။

တံတားတည်ဆောက်ခြင်းကို ယခုလာမည့် ဧပြီလတွင်
စတင်မည်ဖြစ်သည့်အတွက် တံတားပတ်ဝန်းကျင်ရှိ မြေယာ
လျော်ကြေးပေးခဲ့ပြီးသော အဆောက်အအုံများမှာ ယခုလ
ကုန်တွင် အပြီးသတ်ရွှေ့ပြောင်းပေးရမည် ဖြစ်ကြောင်း
နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ထို့ပြင် တံတားစီမံကိန်းအူကြောင်း မီတာ ၄ဝ အတွင်း
မလွတ်ကင်းသည့် အဆောက်အအုံနှင့် မြေကွက်များအတွက်
မြေယာလျော်ကြေးများကိုလည်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း
သိရသည်။

ဒလမြစ်ကူးတံတား အမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတား
ဖြစ်ပြီး တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း ၇၅ တန်
ရှိကြောင်း၊
စုစုပေါင်းတံတားအရှည်မှာ ၆,၁၄၄ပေ ရှည်လျားပြီး
ပင်မတံတားအရှည်မှာ ၁,၉၃၆ ပေရှိကြောင်း၊
ရေလမ်းကင်းလွတ်အမြင့်မှာ ၄၉ မီတာရှိပြီး
အကျယ်မှာ ၃၂ဝ နှင့်
တန်ချိန်တစ်သောင်းခွဲ ပင်လယ်ကူးသင်္ဘောကြီးများအောက်မှ
ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း လမ်းတံတားဦးစီး
ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ တံတားကို ကိုရီးယားနိုင်ငံစီးပွားဖွံ့ဖြိုးမှု ပူးပေါင်း
ဆောင်ရွက်ရေး ရန်ပုံငွေမှ ချေးငွေ အမေရိကန်ဒေါ်လာ
၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရထည့်ဝင်ငွေ
အမေရိကန်ဒေါ်လာ ၃ဝ ဒသမ ၃၄၁ သန်း ကုန်ကျခံ
တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

တံတားကို ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်
ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းတို့ကို
ဆက်သွယ်တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း
သိရသည်။

(ရည်ရွယ်မြင့်)

credit - 7day Daily & The Myanmar Times

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment