Tuesday, July 17, 2018

"လာမှာလား၊ ကြာဦးမှာလား ဒလတံတား"

"လာမှာလား၊ ကြာဦးမှာလား ဒလတံတား"

ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတားကြီးကို အင်္ဂလိပ်အစိုးရ
၁၉၃၄ ခုနှစ်မှာ ဆောက်လုပ်ခဲ့စဉ်တုန်းက နန်းတော်ရှေ့
ဆရာတင်က “စစ်ကိုင်းတံတား”ဆိုတဲ့ သီချင်းထဲမှာ
“တံတားဆက်ပြီးပြီ… သွားမယ့် ခရီးသည် …ငှက်သမ္ဗန်
ကူးတို့ဆိပ်က အိပ်ရရှာပြီ … အခုများတလီ …
ဗမာလူမျိုးတွေ အလုပ်မရှိတော့ … တံတားကြီးကို
ကြည့်ကာငိုမိသည်…”ဆိုပြီး ငှက်မခတ်ရတော့တဲ့
သမ္ဗန်သမားတွေ အကြောင်း ထည့်သွင်း စပ်ဆိုခဲ့
ဖူးပါတယ်။

တံတားထိုးခြင်းကြောင့်ရရှိတဲ့ ကောင်းကျိုးတွေက
မနှိုင်းမယှဉ်နိုင်အောင် များပြားလေ့ရှိတတ်ပါတယ်။
ဒါပေမဲ့လို့ အမေရိကန်ဒေါ်လာ ၁၆၈ သန်းကျော် ကုန်ကျမယ့်
ရန်ကုန်မြစ်ကူး ဒလတံတား တည်ဆောက်ရေး မှာတော့
တံတားပြီးသွားမှာကို တွေးပြီး စိတ်မချမ်းမသာ ဖြစ်နေသူတွေ
ရှိများ ရှိနေခဲ့ရင်တောင်မှ အဲဒီ စိတ်မချမ်းမသာ ဖြစ်မယ့်သူ
တွေဟာ ရန်ကုန်မြစ်ကိုနေ့စဉ် သမ္ဗန်စီးပြီးဖြတ်သန်းသွား
လာနေကြတဲ့ ခရီးသည် ၆ဝ,ဝဝဝ ကို ကူးတို့ပို့ပေးနေကြတဲ့
သမ္ဗန်သမား ၅ဝဝ ကျော်တို့တော့ မဟုတ်နိုင်ပါဘူး။

၂ဝ၁၈ နှစ်ဆန်းမှာ စတင်ဆောက်လုပ်ဖို့ မူလက စီမံကိန်း
ဆွဲထားပြီးဖြစ်တဲ့ ဒလတံတားရဲ့ ဒီဇိုင်းအပေါ်မှာ ‘မြန်မာ့
ဆိပ်ကမ်းအာဏာပိုင်’လို့ခေါ်တဲ့ ပို့ဆောင်ဆက်သွယ်ရေး
ဝန်ကြီးဌာနလက်အောက်ခံ ဌာနတစ်ခုက ကန့်ကွက်ခဲ့
တာကြောင့် တည်ဆောက်ရေး မစတင်နိုင်သေးဘဲ
ကြန့်ကြာခဲ့ရပါတယ်။

ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းနဲ့ ဒလဘက်ခြမ်း
ဗိုလ်မင်းရောင် လမ်းတို့ကို ဆက်သွယ်ပေးမယ့် အဲဒီ
မြစ်ကူး တံတားကို တောင်ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု
ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) ချေးငွေ၊
မြန်မာအစိုးရ ထည့်ဝင်ငွေတို့နဲ့ တည်ဆောက်ဖို့
သမ္မတဦးသိန်းစိန် အစိုးရက ၂ဝ၁၂  အောက်တိုဘာမှာ
သဘောတူခဲ့ပါတယ်။ ကိုရီးယားနိုင်ငံ EXIM Bank ကနေ
ဒေါ်လာ ၁၃၈ သန်း ချေးယူမှာဖြစ်ပြီး မြန်မာဘက်က
ဒေါ်လာ သန်း ၃ဝ ခန့် ထည့်ဝင်မှာဖြစ်ပါတယ်။

ဒါပေမဲ့  သဘောတူညီအပြီး နှစ်လအကြာကတည်းက
တံတားဒီဇိုင်းနဲ့ပတ်သက်ပြီး အငြင်းပွားနေကြတာ
ဖြစ်ပါတယ်။

ဆိပ်ကမ်းအာဏာပိုင်အနေနဲ့ အစိုးရထုတ်ပြန်ထားတဲ့
တံတားရဲ့ရေလမ်းကင်းလွတ်အမြင့်နဲ့ တံတားတိုင်
နှစ်တိုင်ကြား အကွာအဝေးဟာ ဆိပ်ကမ်းတွေကိုကပ်
မယ့် သင်္ဘောကြီးတွေနဲ့မလွတ်ဘူးလို့ အကြောင်းပြပြီး
တံတားဒီဇိုင်းကို ကန့်ကွက်ခဲ့တာဖြစ်ပေမယ့် ဆိပ်ကမ်း
အာဏာပိုင်ဟာ တံတားပြီးသွားရင် အနည်းနဲ့ အများ
ထိခိုက်ဖွယ်ရှိတဲ့ ရန်ကုန်က ပုဂ္ဂလိကဆိပ်ကမ်းတွေဘက်
ကနေ ရပ်တည်ပြီး ကန့်ကွက်နေတာလို့ ဝေဖန်သံတွေ
လည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီဇိုင်းပုံစံ အငြင်းပွားမှု
။။။။။။။။။။။။။။။။။။။။။။။။။

တံတားတည်ဆောက်ရေး အတည်ဖြစ်သွားခဲ့ချိန်မှာပဲ
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က တံတားဒီဇိုင်းကို
အမြင့်မီတာ ၆ဝ(ပေ၂ဝဝနီးပါး) နဲ့ ရေထဲမှာ တိုင်မစိုက်တဲ့
ပုံစံ ဒါမှမဟုတ်  မြစ်အောက် ကြမ်းပြင်ကို ဖြတ်သန်းပြီး
ဥမင်လှိုဏ်ခေါင်း ပုံစံတည်ဆောက်ပေးဖို့ တောင်းဆို
ခဲ့ပါတယ်။

ဒါပေမဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက မြစ်အောက်ခြေ
မြေသားပျော့တာကြောင့် ကုန်ကျစရိတ် အဆမတန်
ကြီးနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥမင်လှိုဏ်ခေါင်း
တည်ဆောက်မယ့်အစီအစဉ်ကို ပယ်ချခဲ့ပါတယ်။

ဝန်ကြီးဌာနနှစ်ခုအကြား ဆွေးနွေးမှုတွေအကြိမ်ကြိမ်
လုပ်ခဲ့ကြပြီး ၂ဝ၁၃  ဩဂုတ်လမှာတော့ တံတားအမြင့်၊
တိုင်နှစ်တိုင်ကြား အကျယ်တို့နဲ့ ပတ်သက်တဲ့ သဘောတူ
ညီမှုရခဲ့ ကြပါတယ်။ 

Myanmar Now က ရရှိထားတဲ့ ဌာနနှစ်ခု သီးခြားစီ
ထုတ်ပြန်တဲ့အစီရင်ခံစာတွေမှာ တံတား အမြင့်ကို
၅၄ မီတာလို့ ဖော်ပြတာချင်းတူပေမဲ့ တိုင်နှစ်တိုင်ရဲ့
ရေလမ်းကင်းလွတ်အကျယ်ကိုတော့ ဆောက်လုပ်ရေး
ဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ မီတာ ၃ဝဝ၊  ဆိပ်ကမ်း
အာဏာပိုင်ရဲ့ အစီရင်ခံစာမှာတော့ မီတာ ၃၅ဝ လို့
ရေးသားထားပါတယ်။

နှစ်ဖက်အငြင်းအခုံတွေ အဆုံးမသတ်နိုင်ခင်မှာပဲ
ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်က ၂ဝ၁၄ ခုနှစ်
နှစ်လယ်ပိုင်းမှာ အမြင့် ၄၉ မီတာနဲ့ အကျယ် ၂၅၁ မီတာ
ရှိပြီး ရေလယ်မှာ တိုင်နှစ်တိုင်ပါတဲ့ တံတားဒီဇိုင်းကို
ထုတ်ပြန်ခဲ့ပါတယ်။

တံတားတိုင်နှစ်တိုင်ကြားထဲက ဘောလုံးကွင်း နှစ်ကွင်းခွဲ
စာနီးပါးအကျယ်ရှိတဲ့ ၂၅၁ မီတာဟာ အောက်ကနေ
ဖြတ်သန်းသွားမယ့် သင်္ဘောတွေအတွက် လုံလောက်တဲ့
အကျယ် မဟုတ်ဘူးလို့ ဆိပ်ကမ်းအာဏာပိုင်ဘက်က
ယူဆပြီး နောက်ထပ်ဘောလုံးကွင်း တစ်ဝက်နီးပါးစာ
ထပ်ချဲ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမြင့်ကိုလည်း
ငါးမီတာ ထပ်တိုးပေးဖို့တောင်းဆိုခဲ့ပါတယ်။

ဒီတိုင်တွေကြောင့် ဆိပ်ကမ်းတွေဆီ နေ့စဉ်ဝင်ထွက်နေတဲ့
ပင်လယ်ကူးသင်္ဘောတွေ ဝင်ရောက်မှု ရပ်တန့်သွားရင်
တိုင်းပြည် စီးပွားရေး ထိခိုက်လာမှာ၊ ဒါမှမဟုတ် သင်္ဘော
တစ်စင်းစင်းက တံတားတိုင်ကို ဝင်တိုက်ခဲ့ရင် ကြီးမားတဲ့
ဆုံးရှုံးမှုတွေ ဖြစ်လာမှာတွေကို စိုးရိမ်တယ်လို့
ဆိပ်ကမ်းအာဏာပိုင်ဘက်က ပြောပါတယ်။

“(တံတားဆောက်မှာကို) ကျွန်တော်တို့က ကန့်ကွက်တာ
မဟုတ်ဘူး၊ တစ်ချိန်မှာ သမိုင်းတရားခံ မဖြစ်အောင်
ကျွန်တော်တို့ အကြံပြုချက်ပေးခဲ့တာ” လို့ မြန်မာ့ဆိပ်ကမ်း
အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က
ဇွန် ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တံတားအလွန် ရန်ကုန်မြစ်ညာဘက်မှာ ဆိပ်ကမ်းပေါင်း
နှစ်ဒါဇင်လောက်ရှိပြီး အားလုံးနီးပါး ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်
ပေးထားတာပါ။ အဲဒီဆိပ်ကမ်းတွေဟာ မြန်မာ့ ပင်လယ်
ရေကြောင်း ကုန်စည်တင်ပို့တဲ့ လုပ်ငန်းအားလုံးရဲ့
၉ဝ ရာခိုင်နှုန်းလောက်ကို စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။

တံတားဒီဇိုင်းပြန်ပြင်ဖို့ မဖြစ်နိုင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တံတားဒီဇိုင်းကို လွှတ်တော်အသီးသီးမှာ အတည်ပြုပြီးတဲ့
အတွက် ပြင်ဆင်ဖို့ မဖြစ်နိုင်တော့ ဘူးလို့ ဆောက်လုပ်ရေး
ဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။

တန်ချိန် ၁၅,ဝဝဝ ရှိတဲ့သင်္ဘောတွေရဲ့ အများဆုံးအလျား
(အရှည်) က ၁၆၇ မီတာသာရှိပြီး ဒီအကျယ်ရဲ့ တစ်ဆခွဲ
ရှိတဲ့ ရေလမ်းကင်းလွတ်အကျယ် ၂၅၁ မီတာဟာ သင်္ဘော
တွေသွားလာဖို့ နည်းပညာဆိုင်ရာ ပုံသေနည်းတွေ အရ
လုံလောက်တဲ့ အကျယ်ဖြစ်တယ်လို့ ဒလတံတား
ဆောက်လုပ်ရေးတာဝန်ခံ ဦးကျော်ကောင်းချိုက
ပြောပါတယ်။

“ဒီအတိုင်းအတာကလည်း ကျွန်တော်တို့ တွက်နည်း
ချက်နည်းမဟုတ်ဘူး။ ဂျပန်ရဲ့ စံနှုန်းကော ကိုရီးယားရဲ့
စံနှုန်းကောက ဒီအတိုင်းပဲ” လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊
တံတားဦးစီးဌာန မြို့ပြအင်ဂျင်နီယာချုပ်လည်းဖြစ်တဲ့
ဦးကျော်ကောင်းချိုက ပြောပါတယ်။

ဒလတံတားဒီဇိုင်းဟာ တန်ချိန် ၁၅,ဝဝဝ ရှိတဲ့သင်္ဘောတွေ
ဝင်ထွက်လို့ရအောင်ဆွဲထားတာဖြစ်ပြီး အဲဒါထက်ကြီးမားတဲ့
သင်္ဘောတွေ ကမ်းကပ်ချင်ရင် ရန်ကုန်တောင်ဘက်ပိုင်းမှာ
ရှိတဲ့ သီလဝါဆိပ်ကမ်းကို အသုံးပြုဖို့ အစိုးရဘက်က
ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဆိပ်ကမ်းအာဏာပိုင်နဲ့ ဆိပ်ကမ်းတွေက
နောင်တစ်ချိန်မှာ တန်ချိန်၂ဝ,ဝဝဝ လောက် ရှိတဲ့ သင်္ဘောတွေ
မြစ်ထဲကို ဝင်ထွက်သွားလာဖို့အတွက်ပါ ထည့်စဉ်းစားဖို့
တောင်းဆိုနေတာဖြစ်ပါတယ်။

ကန့်ကွက်တာ ဘယ်သူ့အတွက်လဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒလမြို့နယ်ရဲ့ တိုင်းဒေသကြီး အမတ်တွေကတော့
ဆိပ်ကမ်းအာဏာပိုင်ဘက်က ဆင်ခြေပေးခြင်းဟာ ပုဂ္ဂလိက
ဆိပ်ကမ်းတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့
ကြိုးစားနေတာသာဖြစ်တယ်လို့ ယူဆကြပါတယ်။

“ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက အဲဒီ ခရိုနီတစ်စုရဲ့
စကားကို နားယောင်နေတဲ့အတွက်ကြောင့် လေနဲ့ဝမ်းနဲ့
မကွဲဖြစ်နေတာ” လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့
ဒလမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ကိုယ်စားလှယ်
ဦးထွန်းရင်က ပြစ်တင်ဝေဖန်ပါတယ်။

သူရည်ညွှန်းတဲ့ “ခရိုနီတစ်စု”ဆိုတာ တံတားတည်ဆောက်
ရေးအတွက် အစိုးရထံအကြိမ်ကြိမ် ညှိနှိုင်းဖို့ ကြိုးစားခဲ့တဲ့
ရန်ကုန်မြစ်ဘေးက ပုဂ္ဂလိကပိုင်ဆိပ်ကမ်းလေးခုဖြစ်တဲ့
MIP အမည်ရှိ မြန်မာ့စက်မှုဆိပ်ကမ်း၊
အေးရှားဝေါလ် (Asia World) ဆိပ်ကမ်း၊
မြန်မာစီးပွားရေး ကော်ပိုရေးရှင်းပိုင် MEC ဆိပ်ကမ်းနဲ့
Myanmar Now က စုံစမ်းလို့ မရသေးတဲ့
အခြားဆိပ်ကမ်းတစ်ခုတို့ဖြစ်ပါတယ်။

အေးရှားဝေါလ်ကတော့ ဒလတံတားစီမံကိန်းကို ဘယ်လို
ကန့်ကွက်မှုမျိုးမှ လုပ်မှာမဟုတ်ဘူးလို့ Myanmar Now က
စာရေးသားမေးမြန်းမှုကို အီးမေးလ်က တစ်ဆင့်ပြန်လည်
ဖြေကြားပါတယ်။

ဒီဆိပ်ကမ်းတွေထဲမှာ တံတားနဲ့အနီးကပ်ဆုံးမှာ တည်ရှိတဲ့
MIP ဆိပ်ကမ်းဟာ အပြင်းထန်ဆုံး ကန့်ကွက်ခဲ့တယ်လို့
လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

၂ဝဝ၃ ခုနှစ် ကတည်းက လည်ပတ်နေတဲ့ MIP ကို
မြန်မာ့အဏ္ဏဝါစွမ်းအားရှင်အုပ်စုက ပိုင်ဆိုင်တာဖြစ်ပြီး
သူတို့ဟာ သမ္မတဦးသိန်းစိန်လက်ထက် ၂ဝ၁၂ ခုနှစ်တုန်း
က ရန်ကုန်ကမ်းနားလမ်းပေါ်မှာရှိတဲ့ မြန်မာ့ဆိပ်ကမ်း
အာဏာပိုင် ပိုင်တဲ့မြေ ၁၇ ဧကကျော်ကိုလည်း နှစ် ၃ဝ
ငှားရမ်းခွင့် ရခဲ့ပါသေးတယ်။

အဲ့ဒီ ဆိပ်ကမ်းဟာ မေလ နှောင်းပိုင်းက မလေးရှားမှာ
စံချိန်တင်ဖမ်းမိခဲ့တဲ့  ဒေါ်လာ ၁၈သန်း နီးပါး တန်ကြေးရှိတဲ့
မူးယစ်ဆေး ၁ ဒသမ ၂ တန်ကို သင်္ဘောပေါ် တင်ပေး
လိုက်တဲ့ ဆိပ်ကမ်းအဖြစ် လူတွေ ပိုသတိထားမိ
လာခဲ့ပါတယ်။

တံတားဒီဇိုင်းကို ကန့်ကွက်တာနဲ့ မူးယစ်ဆေးတွေဘယ်လို
ထွက်သွားခဲ့လဲ ဆိုတာတွေကို မေးဖို့ Myanmar Now က
MIP ဘက်ကို ဇွန်လအတွင်းစာ၊ အီးမေးလ်နဲ့ ဖုန်းတို့ကနေ
၁၅ ကြိမ်ထက်မနည်းဆက်သွယ်ခဲ့ပေမဲ့
အကြောင်းမပြန်ပါဘူး။

မြန်မာ့ပင်လယ်ရေကြောင်းကနေ ကုန်သေတ္တာတင်ပို့မှု
အားလုံးရဲ့ ၄ဝ ရာခိုင်နှုန်း ဝေစုရထားတဲ့ MIP ဟာ
တံတားနဲ့အနီးဆုံးနေရာမှာတည်ရှိပြီး တံတားတိုင်တွေ
နေရာဟာ သူတို့ဆိပ်ကမ်းကိုဝင်မယ့် သင်္ဘောတွေ
နောက်ဆုတ်ထွက်ခွာတဲ့နေရာဖြစ်တာကြောင့် ကန့်ကွက်
ခဲ့တာလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကပြီးခဲ့တဲ့ နှစ်
ဩဂုတ်လတုန်းက ရေးသားထားတဲ့အစီရင်ခံစာ
တစ်စောင်မှာ ဖော်ပြထားပါတယ်။

MIP ဟာ တံတားဒီဇိုင်းကို ပြင်ဆင်ပေးဖို့ ၂ဝ၁၇ ခုနှစ်
အတွင်းမှာ တိုင်းနဲ့ ပြည်ထောင်စု အစိုးရတို့ထံ အကြောင်း
ကြားစာ ငါးကြိမ်ထက်မနည်းပို့ခဲ့တယ်လို့ ဒလ မြို့နယ်က
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေက
ပြောပါတယ်။

MIP ဟာ အဲဒီတုန်းက သမ္မတ၊   နိုင်ငံတော်အတိုင်ပင်ခံ
ပုဂ္ဂိုလ်တို့ သိသွားအောင်အကြောင်းကြား နိုင်ခဲ့တယ်၊ 
တံတား ပြဿနာကို တစ်ပတ်အတွင်း
ပြေလည်အောင်ညှိနှိုင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ပြီးခဲ့တဲ့နှစ်က
အကြောင်းကြားခဲ့တယ်လို့ အမတ်တွေက ပြောပါတယ်။

ဆိပ်ကမ်းအာဏာပိုင်ဦးဆောင်ပြီး ဆိပ်ကမ်းတွေဘက်က
အကြိမ်ကြိမ် ဆွေးနွေးမှုတွေဟာ အကျိုးစီးပွားပြဿနာ
အပြင် နိုင်ငံရေးပြဿနာပါ ပါနိုင်တယ်လို့လည်း
ယူဆနေကြပါတယ်။

ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်
ဦးထွန်းရင်က ခုလိုကန့်ကွက်နေတာတွေဟာ သွေးရိုး
သားရိုးမဟုတ်ဘဲ“နိုင်ငံရေး ပယောဂရှိတယ်” လို့
Myanmar Now ကိုပြောပါတယ်။

“(သူတို့ရည်ရွယ်ချက်က) ဒီအစိုးရလက်ထက်မှာ (တံတား)
မဖြစ်ရင်ပြီးပြီ” လို့ ပြောပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ လုပ်ပိုင်ခွင့်အများအပြားရ
ခဲ့တဲ့ ဆိပ်ကမ်းတွေဟာ တံတားဆောက်မယ့် အစီအစဉ်ကို
အဲဒီတုန်းက မကန့်ကွက်ခဲ့ဘဲ ခုမှကန့်ကွက်တာ ထူးဆန်း
တယ်လို့ သူတို့က ပြောပါတယ်။

“အရင်အစိုးရ ကတိကဝတ်ကို အကောင်အထည်ဖော်
တော့မယ်ဆိုမှ ဒီပြသနာက တက်လာတာ” လို့ ဒလမြို့နယ်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နောက်တစ်ဦး
ဖြစ်တဲ့ ဦးထွေးတင်က ပြောပါတယ်။

အကျိုးစီးပွားကြောင့်မဟုတ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဆိပ်ကမ်းအာဏာပိုင်ဘက်ကတော့ အမတ်တွေစွပ်စွဲချက်
ကို ငြင်းဆန်ပြီး သူတို့ဟာ “ရေလမ်းကြောင်း ဘေးအန္တရာယ်
ကင်းရှင်းရေး” အတွက် ဝင်ပြောနေရတာလို့တုံ့ပြန်ပါတယ်။

“ဖြစ်လာမယ့်အကျိုးဆက်ကိုဆွေးနွေးတာပဲ ရှိတယ်။
သူတို့ (ပုဂ္ဂလိက ဆိပ်ကမ်းတွေ) ကို ကာကွယ်စရာ
အကြောင်းမရှိဘူး” လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်  
ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးငြိမ်းအေးက Myanmar Now ကို
ဖုန်းနဲ့ပြောပါတယ်။

တံတားကို အမြန်ဆုံး တည်ဆောက်ဖို့ ဒေသခံအများအပြား
ကလည်း ဆန္ဒပြခဲ့ကြပါတယ်။

ကာလရှည်အငြင်းပွားမှုတွေ၊ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးတဲ့
နောက်မှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တံတား
ဒီဇိုင်းအသစ်ရေးပြီး ဒီနှစ်အတွင်း စဆောက်မယ်လို့
ဇွန်လ၂၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ
ကြေညာခဲ့ပါတယ်။

မူလတံတားဒီဇိုင်းကို ပြင်ဆင်မယ်၊
တံတားတိုင်တွေကို တစ်ဖက် ၂၅ မီတာစီ ချဲ့ပေးမယ်၊ 
တံတား အကျယ်  မီတာ ၃၇ဝ အထိ ပြင်ပေးမယ်လို့
ဒလတံတား ဆောက်လုပ်ရေး တာဝန်ခံ ဦးကျော်ကောင်းချို
က ပြောပါတယ်။

ဒီလို ပြောင်းလိုက်တဲ့အတွက်  ရေလမ်းကင်းလွတ်အကျယ်
၂၅၁ မီတာ သတ်မှတ်ချက်ဟာ ၃ဝ၁ မီတာအထိ ရှိလာမှာ
ဖြစ်ပါတယ်လို့ သူက  Myanmar Now ကို နေပြည်တော်
မှာ လက်ခံတွေ့ဆုံပြီး ပြောပါတယ်။

ဒီအစီအစဉ်ကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဘက်က
လက်ခံလိုက်ပြီလို့လည်း သူကပြောပါတယ်။

ပြောင်းလဲလိုက်တဲ့ တံတားဒီဇိုင်းကို နိုင်ငံတော်သမ္မတဆီ
ပို့ထားပြီး အတည်ပြုတဲ့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ
သိပ်မကြာခင်မှာ ထွက်လာဖို့မျှော်လင့်ရပါတယ်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြောရေးဆိုခွင့်ရှိသူ
ဦးမျိုးငြိမ်းအေးကတော့ ဒီအကြောင်းတွေကို သူတို့ မသိ
သေးဘူးလို့ ဇွန်လ ၂၇ ရက်နေ့က ပြောပါတယ်။

ဒီဇိုင်းပြောင်းရင် စရိတ်တက်မယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒေါ်လာ ၁၆၈ သန်း ကုန်ကျမယ်လို့ မူလ ခန့်မှန်းထားချက်ဟာ
တံတားဒီဇိုင်းပြောင်းလိုက်တဲ့အတွက် ပိုပြီး ကုန်ကျလာမှာ
ဖြစ်ပြီး “စီမံကိန်းတန်ဖိုးတစ်ခုတော့ တက်လာလိမ့်မယ်”လို့
ဆောက်လုပ်ရေး ဝန်ကြီးဌာနဘက်က ပြောပါတယ်။

ဒီဇိုင်းပြောင်းရင် ကုန်ကျစရိတ်က ကန်ဒေါ်လာ ၁၉ သန်း
ပိုလာမယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
ဦးထွန်းရင်က ပြောပါတယ်။

ဒါဆိုရင် တံတားအတွက်ကုန်ကျစရိတ်ဟာ ၁၈၇ သန်း အထိ
ရှိလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ ငွေကြေး
ပမာဏအတိအကျကိုတော့ မထုတ်ပြန်သေးပါဘူး။ ပိုလာမယ့်
ဒီငွေကြေး ဘယ်သူပေးမလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း
မသိရသေးပါဘူး။

ထပ်တိုးလာမယ့်ငွေကြေးကို စီမံခန့်ခွဲဖို့ သူတို့ဌာနအနေနဲ့
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ တံတားစီမံကိန်း အတွက်
ငွေချေးပေးမယ့် ကိုရီးယားနိုင်ငံက EXIM ဘဏ်တို့နဲ့
ဆက်လက်ဆွေးနွေးမယ်လို့ ဦးကျော်ကောင်းချိုက
ပြောပါတယ်။

မူလက တံတားတည်ဆောက်ရေးကာလကို
၃၉ လ (သုံးနှစ်ကျော်) သတ်မှတ်ထားပြီး ၂ဝ၂၁ မတ်လမှာ
ဖွင့်နိုင်မယ်လို့ ခန့်မှန်းထားပေးမဲ့ တည်ဆောက်ရေးကာလ
က နောက်ကျခဲ့တာကြောင့် အရင်ခန့်မှန်း ထားတာထက်
အချိန်နောက်ကျမှ တံတားပြီးမယ်လို့ သူကပြောပါတယ်။

မသေချာသေးတဲ့ တံတားဒီဇိုင်းကို စောင့်ဆိုင်းနေရင်း
ဆောက်လုပ်ရေးဘက်ကတော့ ချဉ်းကပ်လမ်းလိုမျိုး
သေချာတဲ့လုပ်ငန်း အပိုင်းတွေ စတင်လုပ်ဆောင်ဖို့
ပြင်ဆင်နေပါပြီ။

မျှော်နေတဲ့ ဒေသခံတွေ
။။။။။။။။။။။။။။။။။။။။။။။။။။။

ဒလတံတားနဲ့ပတ်သက်လို့ ဘယ်သူကဘယ်လိုပဲ ကန့်ကွက်
သည်ဖြစ်စေ တံတားတည်ဆောက်ဖို့ကို ရာနှုန်းပြည့်အလိုရှိ
နေကြသူတွေကတော့ ဒလအစရှိတဲ့ တောင်ပိုင်းခရိုင်
ဒေသသားတွေ ပါပဲ။

တံတားမရှိတဲ့ အတွက် မြစ်ကို လှေသမ္ဗန်တွေ၊ သင်္ဘောတွေ
နဲ့ ဖြတ်သန်းသွားလာရင်း ဆုံးရှုံးခဲ့တဲ့ အချိန်တွေ၊ အသက်
တွေကလည်း မနည်းခဲ့ပါဘူး။

ပြီးခဲ့တဲ့လက မြစ်ထဲ သမ္ဗန်တစ်စင်း တိမ်းမှောက်တဲ့အတွက်
သေဆုံးသူတချို့ ရှိခဲ့ပြီး အဲဒါဟာ မြို့နှစ်မြို့ကို ကူးသန်း
သွားလာရင်း မလေလွင့်သင့်ဘဲ လေလွင့်ခဲ့ရတဲ့လူ့အသက်
ပေါင်းများစွာအနက်က နောက်ဆုံး အသက်တွေပဲ
ဖြစ်ပါတယ်။

“ကျွန်တော်တို့မျက်စိရှေ့မှာ (မြစ်ကိုဖြတ်ရင်း)သေခဲ့တဲ့လူ
တွေဆိုတာ အများကြီး။ ဒါတွေဟာ ထပ်နေပြီ တစ်နှစ်ကို
သုံးကြိမ်၊ လေးကြိမ်အနည်းဆုံး။
တစ်ခါတလေထုံနေတဲ့သဘောမျိုးတောင် သက်ရောက်နေပြီ” 
လို့ ဒလမြို့နယ် ကမာကဆစ် ရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးသိန်းဟန်က ပြောပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်မှာ လူဦးရေတစ်သန်းခွဲနီးပါး
နေထိုင်ပြီး  တံတားဆောက်ပြီးရင် ရန်ကုန်ဘက်ကို
အန္တရာယ် ကင်းကင်း၊ အချိန်ကုန်သက်သာစွာ သွားလာနိုင်
မှာ ဖြစ်ရုံမက အခုထိ မဖြေရှင်းနိုင်သေးတဲ့ ဒလမြို့နယ်ရဲ့
နွေရာသီ ရေပြတ်လတ်တဲ့ ပြဿနာကိုပါ ဖြေရှင်းနိုင်မှာ
ဖြစ်ပါတယ်။ ရန်ကုန်ဘက်က ရေချိုကန်တွေကနေ ပိုက်နဲ့
တစ်ဆင့် ဒလဘက်ကိုရေပေးဝေဖို့ပါ ဒီဇိုင်း ဆွဲထား
တာကြောင့်ပါ။

တံတားတည်ဆောက်ဖြစ်ခဲ့ရင် အပျော်ဆုံးဖြစ်မယ့်သူတွေ
ဟာ မြစ်တစ်ဖက်ကမ်း မြို့နယ်တွေက ဒေသခံတွေ ဖြစ်မယ်
ဆိုပေမယ့် ဒလနဲ့သယ်ပို့ပေးနေတဲ့ ကူးတို့သမ္ဗန်သမားတွေ
ကလည်း သူတို့ အလုပ်မရှိတော့မယ့် အပေါ် စိတ်မကောင်း
မဖြစ်ပါဘူးလို့ ပြောပါတယ်။

“ဟိုးငယ်ငယ်ကတည်းကပဲ နစ်မြုပ်ပြီး လူရာချီသေတဲ့
သမိုင်းကြောင်းတွေ ရှိခဲ့တယ်။ 
ဆိပ်ကမ်း ၁၁ ခု ပေါင်းလို့ ဒါကို မှီခိုတဲ့လှေသမားမိသားစုက
အလွန်ဆုံးရှိ ၅ဝ,ဝဝဝ ပေါ့။
တံတားဆောက်ပြီး လူသိန်းချီ ကောင်းစားသွားမှာဖြစ်တဲ့
အတွက် ကျွန်တော်တို့က အကြွင်းမဲ့ထောက်ခံပါတယ်” လို့
ကမာကသွယ် ကူးတို့ သမဝါယမ အသင်းလီမိတက်
အတွင်းရေးမှူး ဦးမောင်မောင်မြင့်က Myanmar Now ကို
မကြာသေးခင်က ပြောပါတယ်။

နှစ် ၂ဝ ကြာ သမ္ဗန်မောင်းသက်ရှိတဲ့ ဦးထွန်းမြင့်ကလည်း
တံတားတည်ဆောက်တဲ့အတွက် လှေထိုးသားတွေနဲ့
သူတို့ကိုမှီခိုသူတွေ ဝင်ငွေနည်းပါးနိုင်ပေမဲ့ အန္တရာယ်များတဲ့
ရေလမ်းခရီးကြောင့် တံတား အမြန် ပြီးဖို့ကို မျှော်လင့်တယ်
လို့ ပြောပါတယ်။

ဒီတံတားကြီးဆောက်ဖြစ်သွားပြီးတဲ့နောက်မှာ ဒီတံတားကြီး
ကိုကြည့်ပြီး ငိုရမယ့်သူတွေဟာ ဘယ်သူတွေ ဖြစ်လာမလဲ
ဆိုတာကို မသိနိုင်သေးသလို နန်းတော်ရှေ့ဆရာတင်
ရှိသေးရင်လည်း သီချင်းအသစ်တစ်ပုဒ် ထွက်လာဦးမလား
လို့လည်း သိချင်စရာဖြစ်ပါတယ်။

(ထွန်းခိုင် နှင့် ဝင်းနန္ဒာ)

credit - Myanmar Now

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment