“ကြိုဆိုရမည့် Apartment Law”
၁။ "ပိုင်ဆိုင်မှုတွေ ခိုင်မာစေမယ့် တိုက်ခန်း၊ အိမ်ရာ
အဆောက်အအုံဆိုင်ရာ ဥပဒေဆိုတာ ဘာလဲ"
တိုက်ခန်းပိုင်ဆိုင်မှု ပိုမိုခိုင်မာစေတဲ့ တိုက်ခန်း၊ အိမ်ရာ
အဆောက်အအုံဆိုင်ရာ ဥပဒေ အဆိုပြုမှုကြမ်းကို
ပြည်သူ့လွှတ်တော်မှာ တင်ပြထားတယ်လို့ မြန်မာနိုင်ငံ
လိုင်စင်ရ ကန်ထရိုက်တာများအသင်း (MCLA) က
သိရပါတယ်။
လက်ရှိမှာ တိုက်ခန်းနဲ့ ပက်သက်ပြီး လွှဲပြောင်းရောင်းချတဲ့
အခါ ဝယ်သူ၊ ရောင်းသူတွေရဲ့ ပိုင်ဆိုင်မှု၊ ဆောက်လုပ်မှု
တွေမှာ သတ်မှတ်တဲ့ ပြဋ္ဌာန်းချက်တွေ မရှိတဲ့အတွက်
ဥပဒေတစ်ခု အမှန်တကယ် လိုအပ်နေတာ ဖြစ်ပါတယ်။
အခုလို ပြဿနာတွေကို ပြေလည်စေဖို့အတွက် တိုက်ခန်း၊
အိမ်ရာ အဆာက်အအုံဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့
ကြိုးစားနေကြပါတယ်။
' ပြည်သူက ရေးဆွဲတဲ့ဥပဒေတစ်ခုဖြစ်တယ်၊
အောက်ခြေကနေ အပေါ်ထိတင်တဲ့ ဥပဒေဖြစ်တယ်၊
အဲဒီကနေ ပြည်သူ့လွှတ်တော်ရေးရာကော်မတီတွေက
အဆင့်ဆင့်ကြားနာလိမ့်မယ်၊
လိုတာတွေပြင်မယ်၊ ဖြည့်မယ်၊ ဖြုတ်မယ်၊
အဲဒါတွေ ပြီးရင် ဥပဒေကြမ်းကော်မတီကို တင်မယ်၊
ဥပဒေကြမ်းကော်မတီက ကြားနာပြီးပြီဆိုရင်
အမျိုးသားလွှတ်တော်တို့ ပြည်သူ့လွှတ်တော်တို့ကို
တင်မယ် ' လို့ Apartment Law ကို ဦးဆောင်ရေးဆွဲ
နေတဲ့ MLCA နာယကဖြစ်သူ တရားလွှတ်တော်ရှေ့နေ
ဦးအုန်းမောင်က ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပြု ဥပဒေ မူကြမ်းကို ပြည်သူ့
လွှတ်တော်တွင် တင်ပြထားပြီး တိုက်ခန်း၊ အိမ်ရာ
အဆောက်အအုံဆိုင်ရာ ဥပဒေထွက်ရှိလာဖို့အချိန်
(၆)လခန့် ကြာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
”အဆိုပြုဥပဒေမူကြမ်းမှာ ဘာတွေပါသလဲ”
ပြည်သူ့လွှတ်တော်မှာ တင်ပြထားတဲ့ တိုက်ခန်း၊ အိမ်ရာ
အဆောက်အအုံဆိုင်ရာ ဥပဒေအဆိုပြုမူကြမ်းဟာ
တတိယအကြိမ်ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ရေးဆွဲ
ထားတာ ဖြစ်ပါတယ်။
အခန်းပေါင်း (၁၂)ခန်း ပါဝင်ပြီး ပုဒ်မခွဲ (၃၅)ခု ပါဝင်
ပါတယ်။
”ဗဟိုကော်မတီ”
တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ အဆိုပြု
ဥပဒေမှာ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက
ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုအဆင့်
ဒုတိယဝန်ကြီးတွေပါဝင်တဲ့ ဗဟိုကော်မတီ ဖွဲ့စည်းရမှာ
ဖြစ်ပါတယ်။
သည်ကော်မတီဟာ ပြည်ထောင်စုအစိုးရရဲ့ သဘောတူ
ညီချက်နဲ့ မူဝါဒများ ချမှတ်တာ၊ မူဝါဒတွေကို အကောင်
အထည်ဖော်မှုကို သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီကို
တင်ပြတာ၊ တိုက်ခန်း၊ အိမ်ရာအကောင်အထည်ဖော်မှု
တွေကို စစ်ဆေးတာစတဲ့ တာဝန်တွေကို ဆောင်ရွက်
နိုင်တာ ဖြစ်ပါတယ်။
”စီမံခန့်ခွဲရေးကော်မတီ”
စီမံခန့်ခွဲရေးကော်မတီမှာ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့
ပြည်နယ်ဝန်ကြီးတစ်ဦးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး
တိုင်းဒေသကြီးအဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊
ပြည်တွင်းအခွန်ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားပေးရေးဌာန၊
မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာ
များအသင်း၊ စည်ပင်သာယာရေးကော်မတီ စတဲ့ဌာန၊
အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တစ်ဦးစီ
ပါဝင်မှာ ဖြစ်ပါတယ်။
စီမံခန့်ခွဲရေးကော်မတီဟာ ဒေသအသီးသီးမှာရှိတဲ့
- အသေးစား၊ အလတ်စား အိမ်ရာကဏ္ဍတိုးတက်ရေး၊
- တိုက်ခန်း၊ အိမ်ရာဆောက်လုပ်ရေးတွေကို မူဝါဒနဲ့
အညီ ခွင့်ပြုချက်လက်မှတ်ထုတ်ပေးတာ၊
- ပိုင်ဆိုင်မှုလွှဲပြောင်းဖို့အတွက် ထောက်ခံချက်ထုတ်
ပေးတာ၊
- မှတ်ပုံတင်စာချုပ်တွေကို စိစစ်ပြီး ပိုင်ဆိုင်မှုလက်မှတ်
ထုတ်ပေးတာ၊
- ကြီးကြပ်မှုကော်မတီက တင်ပြလာတဲ့ တာဝန်နဲ့ လုပ်ပိုင်
ခွင့်တွေကို သတ်မှတ်ပေးတာ၊
- ဆောင်ရွက်ချက်တွေကို စီမံခန့်ခွဲရေး နည်းလမ်းတွေ
အရဆောင်ရွက်ပေးတာ၊
- တိုက်ခန်း၊ အိမ်ရာအဆောက်အအုံ စီမံကိန်းတွေ ဖွံ့ဖြိုး
တိုးတက်ဖို့ စီစဉ်ဆောင်ရွက်တာ၊
- လိုအပ်တဲ့ကြီးကြပ်မှုကော်မတီနဲ့ အိမ်ရာကော်မတီတွေ
ကို ဖွဲ့စည်းရမယ့် တာဝန်တွေရှိပါတယ်။
”ကြီးကြပ်မှုကော်မတီ”
ကြီးကြပ်မှုကော်မတီဟာ
- တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံပိုင်ဆိုင်ကြောင်း
မှတ်ပုံတင်ရရှိသူများဖြင့် သက်ဆိုင်ရာ အိမ်ရာကော်မတီ
တွေဖွဲ့စည်းတာ၊
- စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေး ရန်ပုံငွေနဲ့ ဝန်ဆောင်ခ
တွေကို ကြီးကြပ်ဆောင်ရွက်တာ၊
- အိမ်ရာကော်မတီရဲ့ ရန်ပုံငွေတွေကို လိုအပ်သလို
စစ်ဆေးနိုင်တာ
- အငြင်းပွားမှုဖြစ်ပွားပါက ညှိုနှိုင်းဖျန်ဖြေပေးရန်၊
- တည်ဆဲဥပဒေများနဲ့ မဆန့်ကျင်စေရေး ထိန်းကျောင်း
ပေးတာ၊
- ဥပဒေပါ အချက်တွေကို လိုက်နာဖို့ ပျက်ကွက်ပါက
အရေးယူဆောင်ရွက်ပေးဖို့ စီမံခန့်ခွဲရေးကော်မတီကို
တင်ပြတာ၊
- စီမံခန့်ခွဲရေကော်မတီမှ တာဝန်ပေးအပ်ပါက ကြီးကြပ်မှု
ကော်မတီမှ အဖွဲ့ဝင်တစ်ဦးဦးကတရားလိုပြုလုပ်ပြီး
တရားစွဲဆိုတာတွေ ပြုလုပ်ဖို့ တာဝန်ရှိတာ ဖြစ်ပါတယ်။
”ဥပဒေမှာပါတဲ့ တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံ
ဆောက်လုပ်ရမယ့် သတ်မှတ်ချက်များ”
တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံ ဆောက်လုပ်တဲ့
မြေကွက်ဟာ တည်ဆဲဥပဒေနဲ့အညီ လူနေအိမ်ရာ
ဆောက်လုပ်ခွင့်နဲ့ လွှဲပြောင်းနိုင်တဲ့ မြေအမျိုးအစား
ဖြစ်တာ၊
မြေကွက်ဟာ ပိုင်ရှင်အမည်ပေါက်ဖြစ်တာ၊ ပိုင်ဆိုင်သူ၊
မ, တည်ငွေထည့်ဝင် ရင်းနှီးမြှုပ်နှံသူ၊ အဆောက်အအုံ
လုပ်မယ့် ကန်ထရိုက်တာတို့ဟာ သဘောတူစာချုပ်ကို
သက်ဆိုင်ရာစာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်
ပြီးတာ၊ ဆောက်လုပ်ရေးဆိုင်ရာခွင့်ပြုချက် လက်မှတ်
ရရှိတာ စတဲ့အချက်တွေနဲ့ ကိုက်ညီရမှာ ဖြစ်ပါတယ်။
”ဆောက်လုပ်ခွင့်မှတ်ပုံတင်လိုတဲ့ အဆောက်အအုံ
တွေဟာ”
တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆောက်လုပ်လိုသူ
တွေဟာ ဆောက်လုပ်ခွင့် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။
ဆောက်လုပ်ခွင့်မှတ်ပုံတင်ဖို့အတွက် ပိုင်ဆိုင်သူများက
အချိုးအစားအလိုက် ပါဝင်ရမယ့် အများသုံးပစ္စည်း
ပါဝင်ခြင်း၊ သတ်မှတ်ချက် စံချိန်စံညွန်းတွေနဲ့ ကိုက်ညီခြင်း၊
ဆောက်လုပ်မယ့် မြေနေရာ အကျယ်အဝန်းဟာ
ဥပဒေအရ ပြဋ္ဌာန်းထားတဲ့အမိန့်ကြေညာချက်တွေနဲ့
ကိုက်ညီရမှာ ဖြစ်ပါတယ်။
ဆောက်လုပ်ခွင့် မှတ်ပုံတင်လက်မှတ်ရရှိပါက
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို (၃၅)ရာခိုင်နှုန်းထက်
မပိုဘဲ လွှဲပြောင်းနိုင်တယ်လို့ သိရပါတယ်။
”ဖြိုဖျက်မယ်ဆိုရင်ဓ
တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံကို ဖြိုဖျက်မယ်ဆိုရင်
တိုက်ခန်းပိုင်ရှင်အများစုပါဝင်တဲ့ အထူးအစည်းအဝေးမှာ
တက်ရောက်သူ (၇၅)ရာခိုင်နှုန်းက သဘောတူ
ဆုံးဖြတ်ချက်နဲ့ ဖြိုဖျက်ခွင့် ရှိတာပါ။
”ပြစ်မှု၊ ပြစ်ဒဏ်”
ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်သည့်အမိန့်၊
ညွှန်ကြားချက်တွေကို မလိုက်နာပါက အနည်းဆုံး
ကျပ် (၁၀)သိန်းမှ ငွေကျပ် သိန်း (၃၀)ထက် မပိုတဲ့
ငွေဒဏ်ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။
ပြစ်မှုအတွက် စီရင်မှုခံရပြီး သည်ပြစ်မှုကို ဆက်လက်
ကျူးလွန်ပါက အများဆုံးချမှတ်ထားတဲ့ ငွေဒဏ်ရဲ့
(၁၀)ရာခိုင်နှုန်းကို ထပ်မံတိုးမြှင့်ချမှတ်မှာ ဖြစ်ပါတယ်။
ထပ်မံပြီး ပြစ်မှုဆက်လက်ကျူးလွန်ပါက ကြီးကြပ်ရေး
ကော်မတီအဖွဲ့ဝင်တစ်ဦးက တရားလိုပြုလုပ်ကာ
တရားစွဲဆိုမှာ ဖြစ်ပါတယ်။
' လတ်တလောက ဆောက်လုပ်ရေးလုပ်ငန်းကြီး
တစ်ခုလုံး ပြိုလဲနေတယ်၊
ငွေအရင်းအနှီးမြှုပ်နှံထားသူတွေ၊ မြေစိုက်ထားတဲ့သူ၊
တိုက်ခန်းဝယ်ထားတဲ့သူ အားလုံး အရောင်းအဝယ်
တွေ မရှိဘူး၊ လူထုကလဲ မဝယ်ရဲဘူး၊ ဝယ်ပြီးပြီဆိုရင်လဲ
လှောင်ထားရတယ်၊ တချို့က ထုတ်ရောင်းကြတယ်၊
အရှုံးတွေ ပေါ်ကြတယ်၊ အဲဒီတော့ နစ်နာမှုတွေ
အများကြီးရှိတယ် ' လို့ Apartment Law ကို ဦးဆောင်
ရေးဆွဲနေတဲ့ MLCA နာယကဖြစ်သူ
တရားလွှတ်တော်ရှေ့နေဦးအုန်းမောင်က ပြောပါတယ်။
တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဥပဒေ
(Apartment Law) ပြဋ္ဌာန်းနိုင်ပါက ဥပဒေအရ မှတ်ပုံတင်
ပြုလုပ်ရတဲ့အတွက် ပိုင်ဆိုင်မှုတွေ ခိုင်မာလာမှာ
ဖြစ်ပါတယ်။
အာမခံချက်ရှိတဲ့ ပိုင်ဆိုင်မှုဖြစ်တာကြောင့် ဘဏ်တွေ၊
ငွေကြေးအဖွဲ့အစည်းတွေမှာ ပေါင်နှံတာ၊ ငွေချေးတာတွေ
ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
(မန်းသူ)
*****
၂။ "တိုက်ခန်းဆိုင်ရာဥပဒေ ပေါ်ထွက်လာပါက
အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာနိုင်"
တိုက်ခန်းနဲ့ အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း
Apartment Law ထွက်ပေါ်လာပါက နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုနှင့် တိုက်ခန်းပိုင်ဆိုင်မှု ခိုင်မာလာမည်ဖြစ်သော
ကြောင့် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် ပြန်လည်
ကောင်း မွန်လာနိုင်ကြောင်း မြန်မာနိုင်ငံ လိုင်စင်ရ
ကန်ထရိုက်တာများအသင်း၏ တာဝန်ရှိသူများက
ပြောသည်။
ယင်းဥပဒေအဆိုပြုမူကြမ်းကို တိုက်ခန်းပိုင်ဆိုင်မှုများ
ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံလိုင်စင်ရ
ကန်ထရိုက်တာများအသင်းက ဦးဆောင်ရေးဆွဲထားခြင်း
ဖြစ်ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော်သို့ တင်ပြထား
ကာ ကြားနာရန်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း
အဆိုပြုမူကြမ်းကို ဦးဆောင်ရေးဆွဲသူအသင်း၏
နာယက၊ တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က
ယခုလ ၁၂ ရက်က ပြောသည်။
"ပြည်သူ့လွှတ်တော်မှာ ကြားနာမယ်၊ လိုတာပြင်မယ်၊
ဖြုတ်မယ်။ ပြီးရင် ဥပဒေကြမ်းကော်မတီကိုတင်မယ်။
အဲဒီကနေ အမျိုးသားလွှတ်တော်တင်ပြီးရင် ဥပဒေကြမ်း
ထွက်လာမယ်။ လွှတ်တော်နှစ်ရပ် သဘောထား
မကွဲရင်တော့ သမ္မတလက်မှတ်ထိုးပြီးတာနဲ့ ဥပဒေ
ထွက်လာမယ်။ အများဆုံး ခြောက်လလောက်ကြာမယ်
ထင်တယ်"ဟု ဦးအုန်းမောင်က ပြောသည်။
အဆိုပြုဥပဒေကြမ်းတွင် အခန်းပေါင်း ၁၂ ခန်းနှင့်
ပုဒ်မ ၁၃၅ ခုပါဝင်သည်။
ဥပဒေကြမ်းကို
- မြို့ပြဆိုင်ရာဖွံ့ဖြိုးရေးစီမံကိန်းများကို အထောက်အကူ
ပြုစေရန်၊
- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန်၊
- လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊
- စာချုပ်စာတမ်းမှတ်ပုံတင်ပြီး အာမခံချက်ရရှိရန်၊
- နိုင်ငံတော်အနေနှင့်ရသင့်ရထိုက်သော အခွန်အခများ
ရရှိရန်၊
- ပစ္စည်းလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များ ပိုမိုခိုင်မာ
လာစေရန်နှင့်
- ဆောက်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်
ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။
"မြေပိုင်ရှင်တွေအတွက်လည်း အကျိုးရှိမယ်။
မြေနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေလည်း ပြေလည်မှု
ရှိသွားမယ်။
နောက်တစ်ခုက ငွေအရင်းအနှီးထည့်ဆောက်လုပ်မယ့်
သူတွေ၊ ကန်ထရိုက်တာတွေနဲ့ အခန်းဝယ်ယူသူတွေ
အတွက်လည်း အကျိုးရှိသွားမယ်"ဟု ဦးအုန်းမောင်က
ပြောသည်။
ဥပဒေပေါ်ပေါက်လာပါက တိုက်ခန်းရောင်းဝယ်ခြင်း၊
ပေါင်နှံခြင်းကိစ္စရပ်များကို စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း
များကြောင့် နိုင်ငံတော်အနေဖြင့်လည်း အခွန်ငွေ
တိုးမြှင့်ရရှိနိုင်ကြောင်း ကန်ထရိုက်တာများက
ဆိုကြသည်။
"တိုင်းပြည် တိုးတက်ဖို့ဆိုတာကလည်း ဥပဒေတွေ
ပြင်သင့်သလောက်ပြင်မှ ပြောင်းလို့ရမှာပေါ့။
ဥပဒေထွက်လာရင် ရင်းနှီးမြုပ်နှံသူတွေရော၊ နေတဲ့သူ
တွေရော၊ ဥပဒေနဲ့ အကာအကွယ်ဖြစ်နိုင်တာပေါ့"ဟု
ပြည်သူ့လွှတ်တော်၊ သယ်ယူပို့ဆောင်ရေး၊
ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးတင်မောင်ဝင်းက ပြောသည်။
အိမ်ရှင်နှင့် ကန်ထရိုက်တာများကြား ဖြစ်ပွားနေသည့်
ပဋိပက္ခများ၊ မြေရှင်နှင့် ဝယ်ယူသူများကြား ဖြစ်ပေါ်
နေသည့် ပိုင်ဆိုင်မှုဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မည်
ဟု ကန်ထရိုက်တာများက မျှော်လင့်နေကြသည်။
"မြေပိုင်ဆိုင်မှုတွေနဲ့ တိုက်ခန်းပိုင်ဆိုင်မှုတွေက
သိပ်ခိုင်မာလှတာမဟုတ်ဘူး။
ဥပဒေထွက်လာရင်တော့ အချိုးကျ ခွဲဝေမှုတွေ ပိုခိုင်မာ
လာလိမ့်မယ်။
ရောင်းသူဝယ်သူကြား တော်တော်ကြီးကို အဆင်ပြေ
သွားလိမ့်မယ်"ဟု မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာ
များအသင်း(မန္တလေး)မှ အတွင်းရေးမှု·း
ဒေါက်တာအောင်ငြိမ်းချမ်းက ပြောသည်။
ထို့ပြင် စာချုပ်စာတမ်းခိုင်မာမှုများကြောင့် ရောင်းသူ၊
ဝယ်သူများအနေဖြင့် ဘဏ်များ၏ချေးငွေရရှိမှု ပိုမို
ကောင်းမွန် လာလိမ့်မည်ဟု မျှော်လင့်ကြောင်း
၎င်းကပြောသည်။
လက်ရှိအခြေအနေတွင် ဆောက်လုပ်ရေးလုပ်ငန်းများ
ယိုင်နဲ့နေပြီး အရောင်းအဝယ်ဈေးကွက် အေးစက်နေသည့်
အပြင် ငွေကြေးဈေးကွက်မတည်ငြိမ်ခြင်း၊ ဆောက်လုပ်ရေး
လုပ်ငန်းသုံးပစ္စည်းများ ဈေးကြီးမြင့်နေခြင်း၊ ဘဏ်များမှ
ချေးငွေရရှိမှု အားနည်းနေခြင်း အခက်အခဲပေါင်းစုံဖြင့်
ရင်ဆိုင်နေကြရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
က ပြောသည်။
(ကျော်ကိုကို)
credit - Kumudra News
& The Myanmar Times
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment