"ပြဿနာပေါင်းများစွာနဲ့ မန္တလေး အိမ်ခြံမြေဈေးကွက်"
မန္တလေး မြေဈေးကွက်တွင် ဝယ်လက် ပျောက်နေမှုကြောင့်
အရောင်းအဝယ် ကျဆင်းလာကာ ဈေးကွက် အေးစက်မှု
အချိန်ကြာလာသည်နှင့်အမျှ ဈေးကွက်အတွင်း၌ ပြဿနာ
ပေါင်းစုံဖြစ်ပေါ်နေပြီး အဆိုပါပြဿနာများပြေလည်နိုင်ဖို့
အတွက် ဖြေရှင်းရန် မြေကွက်များ အပေါင်ခံသည့်
ဈေးကွက်တခုလည်း ဖြစ်ပေါ်လာကြောင်း သိရသည်။
“ဈေးကွက်အေးတာ အချိန်ကြာလာတာနဲ့အမျှ
မြေဈေးကွက်မှာ မြတ်မလား အထင်နဲ့ ရှိစုမဲ့စုလေးနဲ့
ဝယ်ထားတဲ့ သူတွေလည်း ပိုက်ဘော မိနေကြတယ်။
မြေဝယ်ရောင်း သူဌေးကလည်း မြေကွက်ကို အပေါင်
ထားပြီး အခြားရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြတယ်၊
မြေ မရောင်းရတော့ ပြဿနာတွေ တက်လာရတာပေါ့။
ပြဿနာတွေဖြေရှင်းဖို့နဲ့ ငွေလည်ပတ်ဖို့အတွက်
အပေါင်ခံတဲ့ ဈေးကွက်ကြီး ဖြစ်ထွန်းလာတာ အခုဆို
တနှစ်ကျော်လောက်ရှိနေပြီ” ဟု အိမ်ခြံမြေ
အကျိုးတော်ဆောင် ဦးဌေးဌေးက ပြောသည်။
အိမ်ခြံမြေဈေးကွက်အတွင်း ငွေရှားပါးလာမှုနှင့်အတူ
ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ အခြားစီပွားရေး
လုပ်ငန်းများလည်း ကောင်းမွန်မှုမရှိခြင်းကြောင့် ငွေရေး
ကြေးရေး လိုအပ်ချက်ကို ဖြေရှင်းရန်အတွက် အပေါင်ခံ
ဈေးကွက် ဖြစ်ပေါ်လာရခြင်းဟု သိရသည်။
“ဈေးကွက်မှာ ရုတ်တရက် ဝယ်လက်တွေပျောက်ပြီး
အရောင်းအဝယ် မကောင်းတာ နှစ်နဲ့ချီ ကြာလာတော့
ဈေးကွက်ထဲမှာ ပြဿနာပေါင်းစုံ၊ အပူအပင်ပေါင်းစုံနဲ့
ငွေလည်ပတ်ဖို့အတွက် အပေါင်ခံတဲ့ဈေးကွက် ဖြစ်ထွန်း
ကြီးထွားလာတာ အခုဆို တနှစ်ခွဲလောက် ရှိနေပြီ၊
မြေတွေထဲမှာ သိန်းပေါင်းများစွာ မြုပ်နေတဲ့ ငွေကြေးတွေ
ကို ရတဲ့နည်းလမ်းတွေနဲ့ ပြန်ဖော်ကြတာပေါ့။
အဲဒီလိုကနေ အပေါင် ဈေးကွက်ဖြစ်ပေါ်လာရတာပါ” ဟု
ချမ်းမြသာစည်မြို့နယ်အတွင်းမှ အိမ်ခြံမြေ
အကျိုးတော်ဆောင် ဒေါ်ညိုညိုသင်းက ပြောသည်။
ထိုကဲ့သို့ အိမ်ခြံမြေ အပေါင်ထားရာ၌ ငွေရှင်များက
အပေါင်ခံသည့်အချိန်တွင် ဈေးကွက်ပေါက်ဈေး၏
ထက်ဝက် ပမာဏ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ အများဆုံး
ထုတ်ချေးပေးပြီး အရောင်းအဝယ် စာချုပ်ချုပ်ပေးရသလို
ငွေရှင်ထံသို့ ပိုင်ဆိုင်မှု စာရွက် စာတမ်းများနှင့်အတူ
လူဆင်း၊ သော့အပ်လုပ်ပေးရသည်အထိ မြေရှင်ဘက်
က လုပ်ပေးမှ လိုအပ်သည့် ငွေကြေးရရှိခြင်းဖြစ်ကြောင်း
သိရသည်။
“လက်ရှိ ဘဏ်စနစ်က ဘဏ်မှာ အိမ်ခြံမြေကို အပေါင်
ထားမယ်ဆိုရင် လူချမ်းသာတွေ၊ ကုမ္ပဏီပိုင်ရှင်တွေ
လောက်ပဲ အဆင်ပြေတယ်၊
လူလတ်တန်းစားတွေ၊ အခြေခံလူတန်းစားတွေအနေနဲ့
ငွေလိုရင် အပြင်က ငွေရှင်ဆီမှာပဲ အိမ်ဂရန်လေးပေး၊
ရောင်းပေါင်စာချုပ် ချုပ်ဆိုပြီး လုပ်နေကြရတယ်။
အဲဒီမှာ ရှိတာလေးပေါင်နှံပြီး လုပ်ထားတဲ့ တခြား
စီးပွားရေးကလည်း အဆင်မပြေတဲ့အခါ အတိုးပေါ်
အတိုးဆင့်ပြီး ဆုံးရှုံးကုန်ကြရတာတွေလည်း တော်တော်
များလာပြီ” ဟု ဒေါ်ညိုညိုသင်းက ဆက်လက်ပြောသည်။
မျှော်မှန်းသလို ဖြစ်မလာ
။။။။။။။။။။။။။။။။။။။။။။။။။။။။
မန္တလေး မြေဈေးကွက်ကို ၂၀၁၈ အစောပိုင်းကာလက
ဈေးကွက်အားကောင်းလာနိုင်သည်ဟု မျှော်မှန်းထားကြ
သော်လည်း ယနေ့ အချိန်အထိ အရောင်းအဝယ်
သိသိသာသာ ပြောင်းလဲခဲ့ခြင်းမျိုး မရှိဘဲ အမှန်တကယ်
အရောင်းအဝယ်ဖြစ်လိုလျှင် မြေခေါ်ဈေး၏ ၁၀ ရာခိုင်နှုန်း
မှ ၃၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းချမှ အရောင်း
အဝယ်ဖြစ်နေသည်ဟု မြေဈေးကွက်အတွင်းမှ သိရသည်။
“အိမ်ခြံမြေလုပ်ငန်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေအပါအဝင် အိမ်ခြံမြေနဲ့ ဆက်စပ်နေတဲ့
စီးပွားရေး လုပ်ငန်းတွေ တော်တော်များများက ဒီနှစ်လယ်
လောက်ကစပြီး အိမ်ခြံမြေဈေးကွက် သိသိသာသာ
ပြောင်းလဲသွားနိုင်တယ်လို့ မျှော်လင့်ထားကြပေမယ့်
ထင်သလောက်ဖြစ်လာတာ မတွေ့ရပါဘူး။
အရင်က မြေဝယ်မရှုံးဆိုတဲ့စကားက လက်ရှိ အချိန်မှာ
မမှန်တော့တဲ့ အခြေအနေပါပဲ။
အရင်က သိန်းဆယ်ကြီးပိုင်းလောက်နဲ့ ဝယ်ပြီးရင် မြေကွက်
အတိုင်း ပစ်ထားလိုက်၊ လေးငါးနှစ်အတွင်းမှာ ရာကြီးပိုင်း၊
ထောင်ပိုင်းအထိ ဈေးတက်ခဲ့တဲ့ မြေဈေးကွက်က လက်ရှိ
အချိန်မှာ ခေါ်ဈေးထက် ဈေးလျှော့ရောင်းမှ အရောင်းအဝယ်
ဖြစ်လာတဲ့အထိ ဖြစ်နေတယ်” ဟု အိမ်ခြံမြေအကျိုးဆောင်
ကိုအောင်ကိုဝင်းက ပြောသည်။
ယခုအခါ အိမ်ခြံမြေဈေးကွက်အတွင်း မြို့နယ်တိုင်း
ရောင်းချလိုမှု များနေပြီး အဝယ်နည်းနေကြောင်း၊ အဝယ်
နည်းလာရ ခြင်းမှာ အစိုးရ ကောက်ခံနေသည့် အခွန်နှုန်းများ
တိုးမြင့်လာခြင်းနှင့်အတူ ဈေးကွက်အတွင်း လုပ်ငန်းကြီး
သမားများ၏ ရင်းနှီးမြှုပ်နှံမှုများ လျော့ကျလာခြင်းများကြောင့်
အရောင်းအဝယ် အေးစက်နေရခြင်းဟု အိမ်ခြံမြေ
အကျိုးတော်ဆောင်များက ပြောသည်။
ထို့အပြင် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန်
အပေါ် အခွန်နှုန်းထားများ လျှော့ချမပေးခြင်းနှင့်လည်း
သက်ဆိုင်နေပြီး
၂၀၁၈ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်း
တွင် ဝင်ငွေရလမ်း မပြနိုင်သည့် ဝင်ငွေအပေါ် ဝင်ငွေခွန်
အဖြစ် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ကောက်ခံရန်
ဖော်ပြထားခဲ့သော်လည်း အဆိုပါ ဥပဒေကို ပြည်ထောင်စု
လွှတ်တော်က အခွန်သက်သာခွင့်အတွက် ပြင်ဆင်ချက်
မပါတော့ဘဲ ယခင်အတိုင်း စည်းကြပ်မှုမှ ကင်းလွတ်နေ
သည့် ဝင်ငွေအတွက် ပေးဆောင်ရမည့်အခွန်ကို
ကျပ်သိန်း ၃ဝဝ အောက် ၁၅ ရာခိုင်နှုန်း၊
ကျပ် ၃ဝ၁ သိန်းမှ ကျပ် ၁ဝဝ၁ သိန်းအထိ ၂၀ ရာခိုင်နှုန်း၊
ကျပ်သိန်း ၁ ထောင်အထက် ၃၀ ရာခိုင်နှုန်းဖြင့်သာ
အတည်ပြုခဲ့ကြောင်း၊
ယင်းကဲ့သို့ အတည်ပြုလိုက်ခြင်းကြောင့် အခွန်ဆောင်ရန်
အဆင်သင့်ကိုင်၍ စောင့်ကြည့်နေသူများ အနေဖြင့်
အိမ်ခြံမြေကဏ္ဍဘက် လှည့်မလာနိုင်တော့ရာ ထပ်မံ
စောင့်ကြည့်ရမည့် အခြေအနေတွင်ရှိနေကြောင်း
အိမ်ခြံမြေ အကျိုးတော်ဆောင် များက သုံးသပ်
ပြောပြသည်။
“မြတ်မလားအထင်နဲ့ ရှိစုမဲ့စုလေးနဲ့ ဝယ်ထားတဲ့သူတွေ
လည်း ပိုက်ဘောမိနေကြတယ်။
အမြတ်ကလေးရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှိတာလေးနဲ့
ဝယ်ထားကြတဲ့သူတွေ အထိပိုနာပါတယ်။
လက်ရှိက လက်ကြီးသမားတွေလည်း ဝယ်ဖို့ ရှောင်ထွက်
လာကြတာ များတယ်။
နှစ်ဆန်းပိုင်းက သိန်း ၁၅၀ လောက် ပေးတဲ့မြေကွက်က
အခုဆိုရင် သိန်း ၁၀၀ လောက် ခေါ်တာတောင် ဝယ်သူ
မရှိဘူး ဖြစ်နေပါတယ်” ဟု ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်
ကျေးရွာမှ ဒေသခံအကျိုးဆောင်တဦးက ပြောသည်။
ယခုနှစ်ဆန်းပိုင်းက ကျပ်သိန်း ၁၅၀ ခန့် ဈေးပေးဝယ်ယူမှု
ရှိခဲ့သည့် မြို့သစ်ပိုင်းများမှ ပေ ၄၀ ပတ်လည် မြေကွက်များ
မှာ ယခုအခါ သိန်း ၁၀၀ ခန့် ဈေးခေါ်ရောင်းချနေသော်
လည်း ဝယ်ယူမှုမရှိကြောင်း၊
အိမ်ခြံမြေဈေးကွက်အား ယနေ့ အချိန်အထိ စောင့်ကြည့်
နေမှုများ ရှိနေပြီး ၂၀၁၈ ခုနှစ် ဇွန်လကုန်ပိုင်းအထိ အငှား
ဈေးကွက် အားကောင်းနေဆဲဖြစ်ကာ အိမ်ခြံမြေဈေးကွက်
အရ ၇၅ ရာခိုင်နှုန်းအထိ ဦးဆောင်နေလျက်ရှိကြောင်း
သိရသည်။
အရောင်းထက် အငှားဈေးကွက်သွက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အိမ်ခြံမြေအရောင်းအဝယ် အေးနေသော်လည်း အငှား
ဈေးကွက် သွက်နေဆဲပင်ဖြစ်ပြီး ယခုလပိုင်းအတွင်း
စက်မှုဇုန်နှင့် မြို့သစ်ပိုင်း များရှိ ဂိုဒေါင်များကို နိုင်ငံခြားသား
လုပ်ငန်းရှင်များ ငှားရမ်းမှု များပြားလာကြောင်း သိရသည်။
“ဂိုဒေါင်တွေကို နိုင်ငံခြားသား (တရုတ်) တွေ ပိုပြီး အငှား
များတယ်၊
အများဆုံး ငှားရမ်းနေတာကတော့ ပြည်ပက စီးပွားရေး
လုပ်ငန်းတွေ၊ ပြည်ပကုမ္ပဏီနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့
ပြည်တွင်းစီးပွားရေး လုပ်ငန်းကုမ္ပဏီတွေ အများဆုံးပဲ။
ငှားလိုသူက များနေတယ်၊ ငှားမယ့်နေရာက နည်းနေတော့
ဈေးတွေ တက်ကုန်တယ်” ဟု အိမ်ခြံမြေအကျိုးဆောင်
ဦးဌေးဌေးက ပြောသည်။
ယခုအခါ စီပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုသူများသည်
လည်း မြေအပိုင် ဝယ်ယူခြင်းထက် နှစ်ရှည်ငှားရမ်းခြင်းကို
ပိုမို စိတ်ဝင်စားမှု များလာကြောင်း၊
ငှားရမ်းမှုများတွင် နေရာ၊ အကျယ်အဝန်းနှင့် အကွက်အကွင်း
ကောင်းသည့်အပေါ် မှုတည်၍ ကွာခြားချက်ရှိပြီး
တလ ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်းအထက်ထိ ဈေးရှိ
ကြောင်း သိရသည်။
အခြေခံလူတန်းစားများ အများဆုံးနေထိုင်ရာ ရပ်ကွက်များ
တွင်လည်း အိမ်အငှားသွက်နေပြီး ငှားရမ်းခ နှုန်းထားများ
ယခင် နှစ်ထက် မြင့်တက်နေပြီး ဆင်ခြေဖုံးရပ်ကွက်တွင်
လူနေထိုင်ရန်အတွက် ငှားရမ်းမှု ပိုများကြောင်း၊
ယခုအခါ အခြေခံလူတန်းစား အိမ်အငှား ဈေးကွက်သည်
မန္တလေးမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ပြောင်းရွှေ့
လာကြောင်း သိရသည်။
“အရင်က မန္တလေးမြို့တွင်း ဆင်ခြေဖုံး ရပ်ကွက်တွေမှာ
ဖြစ်တည်တဲ့ အနေအထားကနေ မန္တလေး-ပြင်ဦးလွင်သွား
ကားလမ်းဘေး ပုသိမ်ကြီးမြို့နယ်က ကျေးရွာတွေ၊
မန္တလေး-မတ္တရာသွား ကားလမ်းဘေး ကျေးရွာတွေဆီကို
အငှားဈေးကွက် ပြောင်းရွှေ့လာတယ်၊
မြို့တွင်း ဆင်ခြေဖုံးနေရာတွေဟာ အခုနောက်ပိုင်း
ဈေးတွေမြင့်တက်လာတယ်။
ဒါကြောင့် ငှားရမ်းမှု သက်သာတဲ့ ကျေးရွာတွေဘက်ကို
ဈေးကွက် ပြောင်းလဲလာတဲ့အခြေအနေပါ” ဟု
ကိုအောင်ကိုဝင်းက ဆက်လက် ပြောသည်။
အငှားဈေးကွက် ဖြစ်လာသည့် ကျေးရွာများမှာ
မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းဘက်တွင် သမ္မတော၊
ကုလားကြီးခြံ ကျေးရွာများ၊
မန္တလေး-မတ္တရာလမ်းဘက်တွင် ကျွဲရေကုန်း၊ နွယ်နီ၊
ဆင်ရွာကြီးကျေးရွာများ ဖြစ်ပြီး
မန္တလေးမြို့တွင်း ဆင်ခြေဖုံး ရပ်ကွက်များတွင် လုံးချင်းအိမ်
ငှားရမ်းခနှုန်းများမှာ တလ အနည်းဆုံး ကျပ် ၁ သိန်းခွဲခန့်
ရှိကာ မန္တလေးမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများ၌
အိမ်ငှားရမ်းခသည် တလ ကျပ် ၄ သောင်းမှ ၇ သောင်းခန့်
သာ ရှိကြောင်း သိရသည်။
ယခုအခါ မြို့သစ်ပိုင်း မြေကွက်များသည် ဈေးကွက်တခု
အဖြစ် ပြန်ဖြစ်လာနိုင်မည့် အလားအလာများ ရှိနေပြီး
အမြင့်ဈေးများဖြင့် ရပ်တည်နေသော မြေကွက်များမှာ
တင်းခံနေဆဲပင်ဖြစ်ကြောင်း၊
တိုက်ခန်းများတွင်လည်း အရစ်ကျ ရောင်းပေးသော
တိုက်ခန်းများကိုသာ စိတ်ဝင်စားမှုရှိပြီး ဈေးကွက်တခုလုံး
အနေဖြင့် အရောင်းအဝယ် အေးနေဆဲဟု သိရသည်။
ဈေးကွက်တောင်းဆိုမှုအရ စိတ်ဝင်စားမှုအမြင့်ဆုံး၊
ဈေးနှုန်းအသင့်အတင့်နှင့် လူနေထိုင်မှု များပြားလာသော
မြို့သစ် ရပ်ကွက်များ အရောင်းအဝယ် ဖြစ်မှုရှိနေပြီး
အိမ်ခြံမြေ ဈေးနှုန်းများအနေဖြင့်
မြို့သစ်ပိုင်းရှိ တတ၊ ထထ၊ ဒဒ အပိုင်းတွင်
ကျပ်သိန်း ၅၀၀ နှင့်အထက်၊
ထန်းကိုးပင်အနီး အကွက်များတွင် ကျပ်သိန်း ၈၀၀ မှ
၃၀၀၀ ခန့်၊
မြရည်နန္ဒာ မြို့သစ် အပိုင်းနှင့် (၅၀၊ ၅၁၊ ၅၂ လမ်း) လမ်း
အပိုင်းများရှိ မြေကွက်များမှာ ကျပ်သိန်း ၈၀၀ မှ ၁၅၀၀
အထက် ဈေးပေါက်လျက် ရှိကြောင်း အိမ်ခြံမြေ
ဝယ်/ ရောင်းများထံမှ သိရသည်။
အရောင်းအဝယ် ဖြစ်နေမှုများတွင် ကျူးကျော်နေထိုင်သူများ
မရှိသည့်နေရာများ၊ သွားလာရေးကောင်းမွန်နေသည့် နေရာ
များနှင့် မြေနေရာ ကျယ်ဝန်းပြီး လုံးချင်းပုံစံများကို အဓိက
ထား ဝယ်ယူကြကာ ကျပ်သိန်း ၂ ထောင်ကျော်ခန့်အထိ
အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေ မရှိသေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အိမ်ခြံမြေ ဈေးကွက်ကျဆင်းလာမှုကို နည်းလမ်းကျကျ
အမှန်တကယ် လက်တွေ့ဖြေရှင်းနိုင်မှသာ ဝယ်လိုအားနှင့်
ရောင်းလိုအား မျှတလာနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်
အိမ်ခြံမြေဈေးကွက်အတွင်း၌ ဝယ်ရောင်းဈေးကွက်သာ
ကြီးမားနေကြောင်း၊ အမှန်တကယ် နေထိုင်မည့်သူများ
ဝယ်ယူမှုဈေးကွက် အလွန်နည်းပါးကြောင်း သိရသည်။
ယခုအခါ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေ မရှိသဖြင့်
အကျိုးဆောင်နာမည်အောက်၌ လိမ်လည်မှုများလည်း
ရှိနေပြီး အဆိုပါ ဥပဒေ ပေါ်ထွက်လာမည်ဆိုလျှင်
အိမ်ခြံမြေ ဈေးကွက်ပြန်လည် ဦးမော့လာနိုင်သလို
လိမ်လည်မှု၊ အရှုပ်အရှင်း ပြဿနာများကို ထိန်းချုပ်လာ
နိုင်မည်ဖြစ်သည်။
“အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေ ရှိလာမယ်ဆိုရင် မြေဈေး
တည်ငြိမ်မှုကိုလည်း အထောက်အကူ ပြုနိုင်မှာဖြစ်သလို၊
ရောင်းသူ၊ ဝယ်သူနဲ့ အကျိုးဆောင်တွေအတွက်လည်း
အကာအကွယ် ရှိလာမှာဖြစ်တယ်။
ဥပဒေ ဘောင်အတွင်းက သွားရင် ပြည်သူတွေလည်း
အမှားအယွင်း ကင်းမယ်၊ လုပ်ထုံးလုပ်နည်းနဲ့အညီ
အကျိုးခံစားခွင့် ရှိလာကြမယ်။
နိုင်ငံတော်လည်း အခွန်မှန်မှန်ကန်ကန် ရလာမယ်” ဟု
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း
ဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။
ထို့ကြောင့် ယခုအခါ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်း
ကို စတင်ပြုစုရေးဆွဲနေလျက်ရှိပြီး ယခုနှစ်အတွင်း ပြည်သူ့
လွှတ်တော်သို့ တင်သွင်းနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း
သိရသည်။
ယခုအခါ အစိုးရက တည်ဆောက်ဖော်ဆောင်နေသည့်
တန်ဖိုးနည်းအိမ်ယာများတွင်လည်း ရောင်းချပေးသည့်
ပမာဏထက် ဝယ်ယူလိုသည့် ပမာဏက များနေပြီး
ဝယ်လိုအား မမျှသည့် အခြေအနေ ရှိနေကြောင်း၊
တန်ဖိုးနည်း အိမ်ယာဈေးနှုန်းများမှာ ကျပ်သိန်း ၁၅၀
ဝန်းကျင်သာ အများဆုံးဖြစ်ပြီး အပေါ်ဆုံးအလွှာများမှာ
ဈေးအသက်သာဆုံး ဖြစ်၍ ကျပ်သိန်း ၇၀ ဝန်းကျင်သာ
ရှိကြောင်း၊
ဝယ်ခွင့် ရသူများ၏ လစဉ်အနည်းဆုံး အိမ်ထောင်စုဝင်ငွေ
သတ်မှတ်ချက်မှာ ကျပ်သုံးသိန်း ဖြစ်သော်လည်း အဆိုပါ
သတ်မှတ်ချက်သည် ဝင်ငွေနည်း ပြည်သူများ အိမ်ယာ
ဝယ်ယူနိုင်ရန် အခွင့်အရေး အလှမ်းဝေးစေကြောင်း
အိမ်ခြံမြေအကျိုးတော်ဆောင်များက
သုံးသပ် ပြောဆိုနေကြသည်။
(ဒီလှိုင်းဝင်း)
credit - Irrawaddy Publishing Group
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment