Sunday, August 5, 2018

“ယနေ့ နိုင်ငံစီးပွားရေး အခြေအနေ”

“ယနေ့ နိုင်ငံစီးပွားရေး အခြေအနေ”

၁။"ဒေါ်လာဈေး ဆက်တက်အုံးမယ်လို့ ခန့်မှန်းကြပြီ"

မြန်မာနိုင်ငံမှာ ဇူလိုင်လ ၂၀ ရက်မှာ မြန်မာငွေနဲ့ ဒေါ်လာ
လဲနှုန်းက တစ်ဒေါ်လာကို ၁၄၂၉ကျပ် ဖြစ်နေပါပြီ။

သင်္ကြန် ကာလ ကတည်းက တရိပ်ရပ်နဲ့ တက်လာခဲ့တဲ့
ဒေါ်လာဈေးက ပြီးခဲ့တဲ့ ဇွန်လက စပြီး ပိုအတက်ကြမ်းလာ
ခဲ့ရာမှာ အခုလပိုင်းမှာ ၁၄၀၀ ကျပ် အထက်ကို
ရောက်လာတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေး အရမ်းကျနေပြီး
စီးပွားရေး လုပ်ငန်းတွေ အခက်အခဲတွေ ရှိနေကြောင်း ၊
လူတွေ လက်ထဲ ငွေမရှိတော့ဘူး ပြောနေသံတွေ
ကြားနေရသလို ၊ တိုင်းပြည်မှာက ထွက်ကုန် ဆိုတာလည်း
ဘာမှ တိတိပပ မရှိတဲ့ အတွက် ဒီ ဒေါ်လာဈေးဟာ
ရှေ့လျှောက် ထပ်တက်နေအုံးမှာ ဖြစ်တယ်လို့
ခန့်မှန်းမှုတွေ ရှိနေပါတယ်။

ဒီကြားထဲ
အမေရိကန် နဲ့ တခြား ကုန်သွယ်ဖက်တွေ ဖြစ်တဲ့
ဥရောပ သမဂ္ဂ ၊ တရုတ်တို့နဲ့ ကုန်သွယ်ရေး စစ်ခင်းကြတဲ့
အတွက် ဒေါ်လာဈေးတက်လာတာ ဖြစ်သလို ၊
တလောကလည်း ဘိန်းစိုက်ခင်းတွေကို တရားဝင်
တားမြစ်တာတွေ ၊ မူးယစ်ဆေးနဲ့ ပတ်သက်လို့ ဖမ်းဆီးမှု
တွေလုပ်လာတဲ့ အတွက် ဘိန်းမထွက်တော့တာကြောင့်
ဒေါ်လာလဲ အရောင်းအဝယ် သိပ်မရှိတော့တာ ဖြစ်နိုင်
တယ်လို့ Tour D မြန်မာ ခရီးသွားလုပ်ငန်း ရဲ့
ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်လှဒါလီခင် က
ပြောပါတယ်။

အခုလို ဒေါ်လာဈေးတက်တဲ့ အတွက်
သွင်းကုန်ကို အားထားနေရတဲ့ မြန်မာနိုင်ငံမှာ အားလုံး
ထိခိုက်လာရကြောင်း ၊
သွင်းကုန် ဆိုတာက ဒေါ်လာဈေးပေါ်မှာ မူတည်နေတဲ့
အတွက် ဒေါ်လာဈေးတက်ရင် သွင်းလာတဲ့ ပစ္စည်း
မှန်သမျှ ဈေးအကုန် ခုန်တက်တော့ တပြည်လုံး ထိခိုက်
ရတယ်လို့ ပြောနိုင်ကြောင်း ၊
တိုင်းပြည်မှာ ကုန်ထုတ် စွမ်းအားကလည်း ဘာမှမရှိ
ရှိသမျှကို တိုင်းပြည်က ပစ္စည်း အကုန်လုံးက Import မှာဘဲ
အားကိုး နေရတဲ့ အတွက် ဒီလို ဒေါ်လာဈေးတက်မှုဟာ
အကုန်လုံးကို ရိုက်ခတ်စေတယ်လို့ သူက ဆိုပါတယ်။

သူတို့ အနေနဲ့က ခရီးသွားလုပ်ငန်း လုပ်ကိုင်နေတာ ဖြစ်တဲ့
အတွက် စားဝတ်နေရေး နဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့်
လူတွေကလည်း ပိုက်ဆံ ရှိမှ ခရီးသွားနိုင်မှာ ဖြစ်တဲ့အတွက်
အနည်းနဲ့ အများ ထိခိုက်မှု ရှိသလို ၊ ပြည်ပ ခရီးစဉ်ပိုင်းကို
အဓိကထား လုပ်ကိုင်တာကြောင့် လူတွေက ပိုက်ဆံမရှိ ၊
ဈေးတွေ တက်တော့ ခရီးသွားဖို့ တွက်နေရတဲ့
အနေအထားမျိုး ရှိလာတယ်လို့
မလှဒါလီခင်က ထောက်ပြခဲ့ပါတယ်။

နှစ်စဉ် ဒီလို မိုးတွင်းရာသီမှာ ဒေါ်လာဈေးတက်လေ့ရှိပြီး
နိုဝင်ဘာ ဒီဇင်ဘာ အချိန်တွေမှာ ပြန်ကျသွားတက်လေ့
ရှိပေမယ့် ဒီနှစ် တက်တာမျိုးတော့ တခါမှ မကြုံဖူးဘူးလို့
သူက ဆိုပါတယ်။

ဒီပြဿနာကိုကိုင်တွယ် ဖြေရှင်းရာမှာ ဗဟိုဘဏ်က
စည်းမျဉ်း စည်းကမ်းနဲ့ ကိုင်တွယ်ရမှာ ဖြစ်သလို စီးပွားရေး
ကဏ္ဍကိုလည်း အလေးထား လုပ်ဖို့ လိုမယ်ထင်ကြောင်း ၊
အစိုးရသစ်တက်လာတာမို့ အစောပိုင်းမှာ စီးပွားရေးဘက်
ကို ခေါင်းမလှည့်နိုင်တာကို နားလည်ကြောင်း ၊
ဒီလို ဒေါ်လာဈေးတက်တာကလည်း တဉီးတယောက်ထဲ
ဖြေရှင်းလို့ မရတဲ့ ပြဿနာ ဖြစ်ကြောင်း ၊
အခုချိန်ကျမှ ချက်ချင်း ထဖြေရှင်းလို့ ရတာမျိုး မဟုတ်ဘဲ
ကြိုတင် ကိုင်တွယ် ဖြေရှင်းထားသင့်ကြောင်း
သူက ပြောပါတယ်။

စီးပွားရေး အရမ်းကျဆင်းနေပြီး အဆိုးဆုံး အနေအထား
ရောက်နေသလို ထုတ်ကုန်ဆိုတာကလည်း မရှိတာကြောင့်
ဒေါ်လာဈေး ဆက်တက်မယ်လို့ ခန့်မှန်းနိုင်ကြောင်း
သူက သုံးသပ် ပြောကြား သွားခဲ့ပါတယ်။

လက်ရှိ အစိုးရ စတင် တာဝန်ယူချိန် ၂၀၁၆ နှစ်ဆန်းပိုင်းမှာ
ဒေါ်လာဈေးဟာ ၁၃၀၀ ကျပ် ပတ်ဝန်းကျင်သာ ရှိခဲ့ရာက
အစိုးရသက်တမ်း တ၀က်ကျော်လာချိန်မှာ ၁၄၀၀ကျပ်
အထက်ကို တဟုန်ထိုး တက်လာတာ ဖြစ်ပါတယ်။

*****

၂။ "ရန်ကုန်တိုင်းအတွင်း စက်ရုံလုပ်ငန်းများတိုးတက်
လာသည် ဆိုသည့်အပေါ် ဒေါ်စန္ဒာမင်း မေးခွန်းထုတ်"

ရန်ကုန်တိုင်းအတွင်း စက်ရုံလုပ်ငန်းများ တိုးလာသည်ဟု
ပြောဆိုခဲ့သော တိုင်းအစိုးရအား လှိုင်သာယာစက်မှုဇုန်ရှိ
ပိတ်သိမ်းခဲ့သော စက်ရုံ ၁၄ ခုစာရင်းပြသ၍ ဆိပ်ကြီး
ခနောင်တိုမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မေးခွန်းထုတ်လိုက်သည်။

ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌနှင့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တာဝန်ကို
ယူထားရသည့် ဒေါ်စန္ဒာမင်းက ဇူလိုင်လ ၂၀ ရက်က ၄င်း၏
လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရသို့ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

"ကျွန်မဆီကိုရောက်ရှိလာသော ထပ်မံပိတ်သိမ်းမည့်
စက်ရုံစာရင်းတွေကို ကြည့်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ
ကစက်ရုံလုပ်ငန်းပေါင်း ခြောက်ရာလောက်တိုးလာတယ်လို့
ပြောလို့ ဘယ်ကိန်းဂဏန်းကို အခြေခံပြီးများ ပြောတာ
ပါလိမ့်လို့ စဉ်းစားနေမိတယ်" ဟု ဒေါ်စန္ဒာမင်း က
ရေးသားထားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုတစ်ပတ်
အတွင်း ပြုလုပ်ခဲ့သည့် ဘီဘီစီ သတင်းဌာနနှင့် အင်တာဗျုး
တွင် ၄င်းတို့အစိုးရလက်ထက်၌ အထည်ချုပ်လုပ်ငန်း
၂၀၀ ၀န်းကျင်မှ ၆၀၀ ၀န်းကျင်အထိ တိုးတက်လာကြောင်း
ပြောကြားထားသည်။

မေလ ၇ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ရန်ကုန်တိုင်း
အတွင်း ပိတ်သိမ်းခဲ့သည့် စက်ရုံ၁၄ ခု စာရင်းတွင်
အထည်ချုပ်စက်ရုံ ၄ ခု၊ လူသုံးကုန်ပစ္စည်းလုပ်ငန်းများ၊
အစားအသောက်လုပ်ငန်းများ ပါဝင်နေပြီး နာမည်ကြီး
အမှတ်တံဆိပ်များထဲမှ ၀ါးဟားဟား ရေခဲမုန့်၊
Beauty Palace၊ မြို့မ ဆင်ဖြူတော် ပဲဆီသန့် စသည့်
လုပ်ငန်းများလည်း ပါဝင်နေသည်။

"အကြောင်းအမျိုးမျိုးဖြစ်နိုင်ပါတယ်။
မရပ်တည်နိုင်တာတွေလည်းဖြစ်နိုင်သလို အလုပ်သမား
ပြဿနာတွေရော၊ သူတို့ရဲ့ဈေးကွက်ရဲ့အနေအထားတွေ
လည်း ဖြစ်နိုင်တာပေါ့။
ဘာဖြစ်လို့လဲဆိုတော့ ဒါသဘာဝပဲလေ။
ဖွင့်ပြီးရင် တစ်သက်လုံးဖွင့်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။
အဓိကကတော့ ကိုယ့်ရဲ့ အားနည်းချက်၊ကုန်ကြမ်းဝယ်ယူမှု၊
ကုန်ချောထုတ်မှု အလုပ်သမားရှားပါးမှု အမျိုးစုံပေါ့ ။
အမျိုးစုံပေါ့" ဟု ရွှေလင်ဗန်းစက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦး
က သုံးသပ်ပြောသည်။

အဆိုပါ ပိတ်သိမ်းမည့် စက်ရုံများတွင် ကျား ၅၈၉ ဦး၊
မ ၃၁၅၀ ဦး စုစုပေါင်း အလုပ်သမား ၃၇၃၉ ဦး လုပ်ကိုင်နေ
သည်ဟု စာရင်းများအရ သိရသည်။

"စက်ရုံပိတ်တယ်ဆိုရင်တော့ လျော်ကြေးပေးပြီးမှပိတ်တာ
တွေပါ။
လုပ်ထုံးလုပ်နည်းအရတော့ သက်ဆိုင်ရာစက်ရုံတွေက
ဒီတိုင်း ဘလိုင်းကြီးတော့ ပိတ်တာတော့မဟုတ်ပါဘူး။
သူတို့လျော်ကြေး ပေးစရာရှိတာလျော်ကြေးပေးမယ်။
တချို့စက်ရုံကျတော့လည်း တခြားရုံကိုပေါင်းလိုက်တာမျိုး
တွေ ရှိမယ်။
ဆိုရရင် သူတို့တခြားရုံတွေကိုရွေ့တယ်ပေါ့နော်၊
ရွေ့ရင် လိုက်ချင်တဲ့အလုပ်သမားက လိုက်သွားပါလိမ့်မယ်"
ဟု ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး စီမံကိန်းနှင့်
စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက
မဇ္ဈိမကို ပြောသည်။

NLD အစိုးရလက်ထက်တွင် ယခုလပိုင်းအတွင်း
လေကြောင်းလိုင်းများ ၊
ဟိုတယ်လုပ်ငန်းများ ၊
စက်ရုံ အလုပ်ရုံများ လုပ်ငန်းရပ်နားခြင်းတို့ကို ဆက်တိုက်
ပြုလုပ်လျှက်ရှိနေကြောင်း
ပြည်တွင်းရှိ သတင်းမီဒီယာများတွင် ဖော်ပြလျှက်ရှိသည်။

(မျိုးပြည့်သင်း)

credit - BBC Burmese & Mizzima burmese

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း
သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ 
ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment