Saturday, July 8, 2017

“ဖယ်ရှားခံ ကျူးကျော်များ၏ နောက်ဆက်တွဲ သတင်းများ”

“ဖယ်ရှားခံ ကျူးကျော်များ၏ နောက်ဆက်တွဲ သတင်းများ”

၁။ "လှည်းကူးမှ ဖယ်ရှားခံရသည့် ကျူးများက
မြေကွက်ရောင်းချခဲ့သူများကို အမှုဖွင့်"

လှည်းကူးမြို့နယ် အမြန်လမ်းမကြီးဘေး မိုင်တိုင် ၃ အနီးရှိ
ဖယ်ရှားခံရသော ကျူးကျော်များ က မြေကွက်များလိမ်လည်
ရောင်းချသူများကို အရေးယူပေးရန် လှည်းကူးမြို့နယ်
ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း မြောက်ပိုင်း
ခရိုင်ရဲတပ်ဖွဲ့မှူး ဒု ရဲမှူးကြီး ယုနိုင်ကပြောသည်။

‘‘ဟုတ်တယ်။
ကျူးကျော် သမားတွေက သူတို့ကို မြေလိမ် ရောင်းသွားတဲ့သူ
တွေကို လာပြီး အမှုဖွင့်ထားတယ်’’ ဟု ဒုရဲမှူးကြီး ယုနိုင်က
7Day Daily သတင်းစာ အား ပြောသည်။

‘‘အမှုက ၄၂၀၊ ၁၁၄ နဲ့ ဖွင့် ထားတယ်။
၄၂၀ က လိမ်လည်မှု ပေါ့။ ၁၁၄ က ပူးပေါင်းပါဝင်မှုပေါ့။
အမှုဖွင့်ခံထားတာတော့ လူ ကများတယ်ဗျ။ အဲဒါက အမှုစစ်ပဲ
သိမယ်။ အမှုဖွင့်တာတော့ ဖျက်ပြီး သုံးရက်လောက်ကြာ
ဖွင့်တာပဲ’’ ဟု လှည်းကူးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

ဖယ်ရှားခံရသော ကျူးကျော်၁၀၀ ကျော်က မြေကွက်များကို
လိမ်ရောင်းသော ကျေးရွာမြေ အသုံးပြုရေးကော်မတီ
ဆိုသည့် အဖွဲ့အစည်းတစ်ခုမှ ကိုမျိုးနှင့် ကိုကြည်လွင်ဆိုသူ
အပြင် ပါဝင်သူအားလုံး ကို အရေးယူပေးရန် အမှုဖွင့်
တိုင်ကြားထားခြင်းဖြစ်ကြောင်း တိုင်ကြားရာတွင်ပါဝင်သူ
ကိုမြင့်ထွေး က ပြောသည်။

‘‘အမှုဖွင့်တာက အဖွဲ့အစည်းတစ်ခုကို ဦးတည်ပြီးတော့
ဖွင့်တာတော့ မဟုတ်ဘူး။ မြေကွက်ကို တရားဝင်ရောင်းခွင့်
မရှိဘဲနဲ့ တရားဝင်နေထိုင်ခွင့်ရှိတယ် ဆိုပြီး လိမ်လည်ပြီး
ရောင်းတဲ့သူတွေကို တိုင်တာပေါ့။ ကိုမျိုးတို့၊ ကိုကြည်လွင်
တို့ကို ဦးတည်ပြီး တိုင်တာပဲ။ သူတို့ပြောတာက ဒီ မြေကွက်
တွေက တရားဝင်နေလို့ ရတယ်တဲ့။ ပိုင်ရှင်တွေက သူတို့ကို
တစ်ဧက သိန်း ၄၀ နဲ့ ရောင်းထားတာ။ အဲဒါ သူတို့က
ကျေးရွာသစ်ဖော်ဆောင်ရေးဆိုပြီး ကျွန်တော်တို့ကို
၁၅ သိန်းနဲ့ ပြန်ရောင်းတာ’’ဟု ၎င်းကပြောသည်။

ကျေးရွာမြေ အသုံးပြုရေး ကော်မတီဆိုသည့် အဖွဲ့အစည်း
တစ်ခုက ပေ ၄၀×၆၀ မြေကွက် တစ်ကွက်ကို ၂ သိန်းမှ
၁၅ သိန်း အထိ ရောင်းချခြင်းဖြစ်ကြောင်း ဖယ်ရှားခံ
ကျူးကျော်များက ပြောသည်။

ကျူးကျော်များသည် အိုးအိမ်ဌာနပိုင်မြေဧက ၁,၄၀၀ကျော်
အတွင်း စိမ်းလန်း၊ ဂန့်ဂေါ်ကျွန်း၊ အောင်ရတနာ၊
ရတနာအောင်နှင့် အောင်သုခကျေးရွာသစ်ဟု
အမည်ပေးထားပြီး နေထိုင်နေခြင်း ဖြစ်သည်။

လက်ရှိ ဖယ်ရှားနေသော ကျူးကျော်တဲများကို
KNU/KNLA(PC) စီးပွားရေးတာဝန်ခံများက ဆင်းရဲနွမ်းပါးမှု
လျှော့ချရေးလုပ်ငန်းစဉ် ဆိုကာ ပေ ၄၀×၆၀ မြေကွက်များကို
၂၀၁၄ က စတင်ရောင်းချခြင်းဖြစ်ကြောင်း ဖယ်ရှားခံ
ကျူးကျော်များ က ပြော သည်။

ရတနာအောင်ကျေးရွာသစ် စီမံကိန်းသည် ၂၀၁၄ က
KNU/KNLA(PC)စစ်ထောက်ချုပ် မဲလှဒေသ မဲလှမြို့တော်
တပ်ဖွဲ့တာဝန်ခံ ဗိုလ်မှူးစောသာဂေး(စီးပွားစီမံ) က
အကောင်အထည်ဖော်တည်ဆောက်မည့် ကျေးရွာသစ်
ဆိုင်းဘုတ်နှင့်အတူ လမ်းများ၊ ဆေးခန်းနှင့် မူလတန်း
ကျောင်းများ ဆောက်လုပ်ကာ မြေကွက်များ
စတင်ရောင်းချခဲ့သည်။

၂၀၁၅ ဒီဇင်ဘာ ၁၇ ရက်က ယင်းနေရာများရှိ ကျူးကျော်တဲများ
ကို ရန်ကုန်တိုင်းအစိုးရက ဘူဒိုဇာဖြင့်ထိုး၍ ဖယ်ရှားခဲ့သော်
လည်း ရှင်းလင်းမသွားဘဲ ယင်းနှစ်တွင်ပင် ပြန်လည်
ဝင်ရောက် ကျူးကျော်နေထိုင်ခြင်းဖြစ်သည်။

၂၀၁၅ က ကျူးကျော်တဲ၂,၀၀၀ ခန့်သာရှိသော်လည်း လက်ရှိ
တွင် ကျူးကျော်တဲ ၆,၀၀၀ကျော် အထိတိုးလာခြင်းဖြစ်သည်။

အမြန်လမ်းမကြီးဘေးရှိ မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင်
မြေနေရာအတွင်း ဝင်ရောက် ကျူးကျော်နေသော ကျူးကျော်တဲ
၆,၀၀၀ ကျော်ကို ဇွန်လ ၁၂ ရက်က ရဲတပ်ဖွဲ့ဝင်များနှင့်
ကျေးရွာများမှ ခေါ်ယူထားသော ရွာသား များအပါအဝင်
အင်အား ၂,၀၀၀ ကျော်ဖြင့် ဖယ်ရှားခြင်း ဖြစ်သည်။

ဇွန်လ ၁၂ ရက်မှ ၂၂ ရက် အတွင်း ကျူးကျော်အိမ် ၆,၀၀၀ ခန့်
ရှင်းလင်းပြီးဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးယုခိုင်က Myanmar Now သတင်းဌာန
အား ပြောကြားထားသည်။

(ငြိမ်းချမ်း)

*****

၂။ "လှည်းကူးက ကျူးကျော်တဲ အလုံးရေ ၅ ထောင်ခန့်
ဖယ်ရှားပြီးဖြစ်"

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ၊ စခမ်းကြီးကျေးရွာ
အုပ်စု အမြန်လမ်းက ကျူးကျော်တဲတွေကို တိုင်းဒေသကြီး
အစိုးရအဖွဲ့က အခုလ ၁၂ ရက်နေ့ ကစတင်ပြီး ရှင်းလင်း
နေရာမှာ ဒီနေ့အထိ ကျူးကျော်တဲ အလုံးရေ ၅၀၀၀ ခန့်
ရှင်းလင်းပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်း မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။

လာမယ့် တရက်၊ နှစ်ရက်အတွင်း အားလုံးရှင်းလင်းပြီး
ဖြစ်မယ့်အနေအထားရှိတယ်လို့ ညွှန်ကြားရေးမှူး ဦးယုခိုင်
က ပြောပါတယ်။

" ဒီနေ့ထိဆို ၅၀၀၀ ကျော်ကျော်လောက်ထိ ဖြစ်သွားပြီ။
ဒီတစ်ရက်နှစ်ရက်အတွင်းတော့ ပြီးလောက်အောင်
လျာထားတယ်။
သို့သော်လည်း ဒီဘက်က လက်ရှိအနေအထားအရ
လုပ်ငန်းသဘာဝအရ နည်းနည်း နှောက်နှေး နေတာ
လေးတွေလည်း ရှိတာပေါ့ ။
လုပ်တော့ လုပ်နေတယ် ကျနော်တို့ မပြီးသေးဘူးပေါ့။
နောက်ထပ် ကျန်လည်း နည်းနည်းပေါ့။
နည်းနည်းပဲ ကျန်တော့မှာ။
အရင်မှန်းတာတော့ လေးထောင်လောက်ပေါ့။
အခုလုပ်ရင်းကိုင်ရင်းနဲ့ ငါးထောင်ကျော်လောက်ဖြစ်လာ
တာပေါ့"

ကျူးကျော်တဲတွေကို ရှင်းလင်းရာမှာ ကန့်ကွက်ဆန္ဒပြတဲ့
အနေနဲ့ အမြန်လမ်းပေါ်တက်ပြီး အိပ်နေသူ ၅ ဦးကို
ဝတ္တရားနှောက်ယှက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

ဒါ့အပြင် ကျူးကျော်တဲတွေကို ငွေပေးချေပြီး ဝယ်ယူခဲ့သူများ
က ရောင်းချခဲ့သူတွေကို လှည်ကူးရဲစခန်းမှာ လိမ်လည်မှုနဲ့
အမှုဖွင့်ထားတာရှိပြီး လိမ်လည်ရောင်းချခဲ့သူတွေကို
ထိထိရောက်ရောက်အရေးယူနိုင်ရေးအတွက်
ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးယုခိုင်က ပြောပါတယ်။

လာရောက်တိုင်တန်းသူတွေရဲ့ ပြောပြချက်တွေအရ
ရောင်းချသူတွေဟာ အုပ်စုဖွဲ့ပြီးလိမ်လည် ရောင်းချခဲ့ကြတဲ့
အနေအထားရှိတယ်လို့ သိရပါတယ်။

စခမ်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေးက ကျူးကျော်တဲ
၆၀၀၀ ဝန်းကျင်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စီးပွားဖြစ်
ကျူးတွေအဖြစ်သာ သတ်မှတ်ထား တာ ဖြစ်ပါတယ်။

credit - 7day Daily & RFA Burmese

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment