Sunday, July 30, 2017

“လက်ရှိ အိမ်ခြံမြေဈေးကွက် အခြေအနေ”

“လက်ရှိ အိမ်ခြံမြေဈေးကွက် အခြေအနေ”

၁။ "မြေကွက်စံနှုန်း သတ်မှတ်ချက်လျှော့ချထား၍
အိမ်ခြံမြေဈေးကွက် အနည်းငယ် ဖြစ်ထွန်းလာ"

ယခု ၂ဝ၁၇-၂ဝ၁၈ စည်းကြပ်နှစ်အတွက် ရန်ကုန်တိုင်း
ဒေသကြီးအတွင်း မြေဈေးနှုန်းတန်ဖိုးကို အခွန်စည်းကြပ်
ပေးရာတွင် ဈေးနှုန်းများအား ယခင်နှစ်ကထက် လျှော့ချ
ထားသောကြောင့် အိမ်ခြံမြေဈေးကွက် အတွင်း
အရောင်းအဝယ် အနည်းငယ်ဦးမော့လာကြောင်း
အိမ်ခြံမြေ အကျိုးဆောင်များထံမှ  သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ ကာလ တန်ဖိုး စိစစ်
သတ်မှတ်ရေးအဖွဲ့အနေဖြင့် ဈေးနှုန်းအမြင့်ဆုံးအဖြစ်
ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းတစ်လျှောက်တွင်
တစ်စတုရန်း ပေကို ကျပ် ၄ဝဝ,ဝဝဝ သတ်မှတ်ခဲ့ခြင်း
ဖြစ်ပြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း မရမ်းကုန်း
မြို့နယ် ပြည်လမ်း၊ စမ်းချောင်း၊ လှိုင်၊ ကမာရွတ်မြို့နယ်
များ၏ ပြည်လမ်းများတွင် တစ်စတုရန်းပေကို
ကျပ်လေးသိန်းအမြင့်ဆုံး စည်းကြပ်ရန်
သတ်မှတ်ထားသည်။

ယင်းအပြင် စက်မှုဇုန်များတွင် ရွှေလင်ပန်း စက်မှုဇုန်၌
တစ်ဧက ကျပ်သိန်း ၁၉ဝဝ ဖြင့် အမြင့်ဆုံးသတ်မှတ်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

''အိမ်ခြံမြေဈေးနှုန်းမြင့်တာကို အခွန်ကောက်ပြီး ထိန်းချုပ်
လို့ ရမှာမဟုတ်ဘူး။
အခုကတော့ အိမ်ခြံမြေတွေရဲ့ ပြောင်းလဲလာတဲ့ဈေးနှုန်းနဲ့
ကိုက်ညီမှုရှိပြီး ထိန်းချုပ်မှုရှိအောင်၊ နောက်အခွန်ရရှိဖို့
အတွက် သတ်မှတ်တာ ဖြစ်နိုင်တယ်။
ဈေးကွက်မှာ စံနှုန်းကို စောင့်ကြည့်နေတဲ့သူတွေ
အမှန်တကယ်နေဖို့ ဝယ်မယ့်သူတွေ မေးမြန်းလာတာ
တွေ့ရတယ်။ ချက်ချင်းကြီးတော့ ဈေးကွက်ပြန်ကောင်း
မလာနိုင်သေးဘူး'' ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု
အသင်း(ဗဟို) ဒုဥက္ကဋ္ဌ (၁) ဦးသန်းဦးက ပြောသည်။

အိမ်ခြံမြေ အရောင်းအဝယ်အတွက်တစ်ပေ ပတ်လည်
စံနှုန်းထားများအား သတ်မှတ်သည်မှာ အရောင်းအဝယ်
ပြုလုပ်သည့်အခါ ဝင်ငွေခွန်ပေးဆောင်ရန် သတ်မှတ်ခြင်း
ဖြစ်ပြီး ယင်းသတ်မှတ်ထားသည့် စံနှုန်းအတိုင်း ဝင်ငွေခွန်
ကို ပေးဆောင်ရခြင်း ဖြစ်သည်။

ထို့ကြောင့် စံနှုန်းသတ်မှတ်ထားချက်များက ဈေးကွက်ကို
ထိခိုက်မှုမရှိသော်လည်း နေရန်အတွက် ဝယ်သူများ၊
ဝင်ငွေခွန် အမှန်ဆောင်သူများအတွက် လိုအပ်လျက်
ရှိကြောင်း သိရသည်။

ဈေးကွက်အတွင်း အသုံးပြုနေသည့် အိမ် ခြံ မြေ တစ်ပေ
ပတ်လည် စံနှုန်းများသည် ပြီးခဲ့သည့် နှစ်နှစ်ကတည်းက
သတ်မှတ်ထားသည့် စံနှုန်းများဖြစ်ပြီး ပြင်ပပေါက်ဈေးနှင့်
တွက်ချက်ပါက မြင့်မားသော နှုန်းထားများ ဖြစ်နေကာ
ယခုထုတ်ပြန်လိုက်သော နှုန်းထားမှာ လျှော့ချပေးထားခြင်း
ဖြစ်သောကြောင့် အမည်ပေါက် ပြောင်းလိုသူများ အတွက်
လည်း အဆင်ပြေကြောင်း
ဝါရင့်အိမ်ခြံမြေအကျိုး ဆောင် ဦးချစ်က ပြောသည်။

(မိုးဆက်ကို)

*****

၂။ "မြို့ကြီးများတွင် အိမ်ခြံမြေ အရောင်းအ၀ယ်ပြန်ဖြစ်နေ"

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်
ကျပ်သိန်း ထောင်ကျော်တန်ဖိုးရှိ အိမ်ခြံမြေ အများစု ပြန်လည်
အရောင်းအဝယ် ဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်
များထံမှ သတင်းရရှိသည်။

အထူးသဖြင့်
နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများက စီးပွားရေးလုပ်ငန်းများ
အတွက် ရုံးခန်းများဖွင့်လှစ်ရန် အဓိကအရောင်းအဝယ်
ဖြစ်နေသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။

‘‘အခြေအနေက ရွှေဈေး တက်၊ ဒေါ်လာဈေးတက်၊ ကားဈေး
တွေပါ တက်တဲ့အတွက် အိမ်ခြံမြေဘက်ကို ပိုစိတ်ဝင်စား
လာကြပါတယ်။
အရောင်းအဝယ်အဖြစ်များတဲ့ ဈေးနှုန်းတွေကတော့
ကျပ်သိန်း တစ်သောင်းအောက် ပေါ့။
သိန်းသုံးထောင်ကနေပြီး သိန်းခြောက်ထောင်နဲ့ ရှစ်ထောင်
ကြားတန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေ အဝယ်လိုက် နေပါတယ်။
အရောင်းအဝယ်အဖြစ်များတဲ့နေရာတွေကတော့
မြို့အနောက်ပိုင်းက လွဲပြီး ၇၈ လမ်းနဲ့ ၆၂ လမ်းကြား၊
၁၉ လမ်းနဲ့ မနော်ဟရီလမ်းဘက်တွေမှာ အရောင်းအဝယ်
အဖြစ် များနေပါတယ်’’ဟု မန္တလေးမြို့ အခြေစိုက်
ဟိန်းထက်စိုး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်
က ပြောသည်။

၂၀၁၆ တွင် ကာလကြာရှည် အရောင်းအဝယ် အေးနေ
သော အိမ်ခြံမြေဈေးကွက်မှာ နှစ်သစ်၌ စီးပွားရေး လုပ်ငန်း
များအတွက် ကုမ္ပဏီများ ဖွင့်လှစ်ရန်၊ ရုံးခန်းများဖွင့်လှစ်ရန်
လိုက်လံငှားရမ်းခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်နေကြောင်း
ရန်ကုန် အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်
တစ်ဦးကဆိုသည်။

အထူးသဖြင့် ဆောက်လုပ်ဆဲကွန်ဒိုများ အရောင်းအဝယ်
ကျဆင်းနေရာမှ လျှော့ဈေးအချို့ ဖြင့် ရောင်းချခြင်း၊ အရစ်ကျ
ဖြင့် ရောင်းချခြင်းတို့ကြောင့် အရောင်းအဝယ်ပြန်ဖြစ်
နေရသည်ဟု ဆိုသည်။

ယခု ရက်ပိုင်းအတွင်း ထူးခြားမှုအဖြစ် နေပြည်တော်
အိမ်ခြံမြေဈေးကွက်မှာ ပိုမိုလှုပ်ရှားနေကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များက ဆိုသည်။

(နေးရှင်းမြန်မာ)

*****

"မန်း အိမ်ခြံမြေ ကျပ်သိန်း ၁၀ဝ၀ အောက်တွေ
အရောင်းအဝယ် ပြန်လိုက်စပြု"

မန္တလေးအိမ်ခြံမြေဈေးကွက်မှာ နေရာအချက်အချာကျ
တန်ဖိုးကြီးမြေကွက်တွေထက် ကျပ်သိန်း ၁၀ဝ၀ အောက်
တန်ဖိုးရှိ မြေကွက်တွေ အရောင်းအဝယ်ရှိတယ်လို့
အကျိုးဆောင်အချို့က ဆိုပါတယ်။

စံချိန်တင်အရောင်းအဝယ် ကျဆင်းနေတဲ့ မန္တလေး
အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်ရဲ့ ယခုနှစ်အရောင်း
အဝယ်ရာသီမှာ ကျပ်သိန်း ၅၀ဝ၀ အထက်တန်ဖိုးရှိ မြေ
အရောင်းအဝယ်မဖြစ်သလောက်နည်းပါးနေပြီး
မြို့သစ်ရပ်ကွက်တွေနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေရှိ
ကျပ်သိန်း ၁၀ဝ၀ အောက် မြေကွက်အချို့
အရောင်းအဝယ် ပြန်လိုက်စ ပြုတယ် လို့
အကျိုးဆောင်အချို့က ဆိုပါတယ်။

လက်ရှိအရောင်းအဝယ်ဖြစ်နေတယ်ဆိုပေမဲ့ ယခင်နှစ်
ကထက်စာရင် မြေဈေးနှုန်းဟာ ၁၀ ရာခိုင်နှုန်းကနေ
၃၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းတယ်။ ပြီးခဲ့တဲ့ နှစ်က
ကျပ်သိန်း ၉၀ဝ ခန့် ဈေးခေါ်ထားတဲ့ မြေကို သည်နှစ်မှာ
ကျပ်သိန်း ၆၀ဝ ဝန်းကျင်နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်။

ရင်းနှီးမြှုပ်နှံဖို့အတွက် မဟုတ်ဘဲ အမှန်တကယ်နေထိုင်ဖို့၊
လုပ်ငန်းလုပ်ကိုင် အသုံးချဖို့အတွက်သာ မြေကို ဝယ်ကြတဲ့
အပိုင်းတွေပဲ ရှိလာတဲ့အတွက် တန်ဖိုးကြီး  မြေဈေးကွက်
ငြိမ်နေချိန်မှာ တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံသူ
(တန်ဖိုးနည်းမြေဈေးကွက်ပိုက်ထားသူ) ရောင်းလက်အချို့
က ဈေးလျှော့ရောင်းလာတယ်။

ဝယ်သူအားသာ
။။။။။။။။။။။။။။။။။။

လတ်တလော အိမ်ခြံမြေအရောင်းအဝယ် အခြေအနေ
ဟာ ဝယ်ရောင်း ဈေးကစားဖို့ ဝယ်တဲ့ပုံစံမျိုး မဟုတ်ဘဲ
အမှန်တကယ် နေထိုင်အသုံးချဖို့အတွက် ဝယ်တဲ့ဈေးကွက်
ဖြစ်တယ်။ ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ အနေအထားနဲ့
ဈေးနှုန်းတည်ငြိမ်တဲ့ အရောင်းအဝယ်ဈေးကွက်သို့
ပြောင်းလဲဖို့ ဦးတည်နေတာဖြစ်လို့  ဝယ်သူဘက်က
အားသာချက်တွေရှိတယ်။

ဒါကြောင့်လည်း ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက်ညှိနှိုင်းရ
အဆင်ပြေတဲ့ မြေကွက်အရောင်းအဝယ်ဖြစ်တာ လို့
အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင်က ဆိုပါတယ်။

ဝါရင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်အချို့က
မန္တလေး အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ဟာ
လာမယ့်လပိုင်းတွေအတွင်း အကောင်းဘက်ကို
ပြောင်းလဲလာမယ်လို့ ခန့်မှန်းပါတယ်။

ဇွန်လဆန်းကနေ ဒီဇင်ဘာလအထိ ကာလဟာ 
မန္တလေး အိမ်ခြံမြေရောင်းဝယ်ငှား ဈေးကွက်ရဲ့ ရာသီ
ဖြစ်ပြီး ရာသီအစမှာပင် ယခင်နှစ်ကထက်စာရင်
အိမ်ခြံမြေ အရောင်းအဝယ်သွက်တယ်။

ဒါက အေးစက်ကျဆင်းနေတဲ့ မန္တ လေး အိမ်ခြံမြေ
ဈေးကွက်အတွက် အရောင်းအဝယ်ပြန်လည်ကောင်းမွန်ဖို့
မျှော်လင့်စရာ အလားအလာကောင်း ဖြစ်တယ်။

မြို့မြေဈေးကွက်ဟာ မကြာခင်အချိန်အတွင်း ပုံမှန်
အနေအထား အရောင်းအဝယ် ဖြစ်လာလိမ့်မယ်လို့
မြို့ခံ ဝါရင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်အချို့က
ခန့်မှန်းပြောဆိုပါတယ်။

ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင်
ဦးဝဏ္ဏစိုး က
“အရောင်းအဝယ်က ဝယ်ရောင်းရင်းနှီးမြှုပ်နှံဖို့အတွက်
ဖြစ်တာမဟုတ်ဘူး၊ နေချင်တဲ့သူအလုပ်လုပ်ချင်တဲ့သူက
ဝယ်တာ၊ ဆိုလိုတာက ဈေးကွက်သဘောက အရင်လို
ဟော့ ဟော့ ရမ်းရမ်းကြီး မဖြစ်ဘဲနဲ့ တည်တည် ငြိမ်ငြိမ်လေး
နဲ့ အရောင်းအဝယ်ကောင်းလာမယ်”လို့ ပြောပါတယ်။

(မိုးမြင့်ထွန်း)

credit - Yangon Times Journal / iMyanmar House
& Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment