Sunday, July 16, 2017

“ရွှေအခွန်နှင့် ဈေးကွက်သတင်းများ”

“ရွှေအခွန်နှင့် ဈေးကွက်သတင်းများ”

၁။ "ရွှေတုံးများမှ အခွန်ငါးရာခိုင်နှုန်း မကောက်ရန်
သမ္မတရုံးသို့ တင်ပြ"

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ရွှေတုံးများ
ရောင်းချခြင်းအပေါ်မှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း
မကောက်ခံရန် ဆုံးဖြတ်ထားသည့်အတွက် ယင်းဥပဒေကို
ပြင်ဆင်နိုင်ရန် ဇူလိုင်လ ဒုတိယပတ်အတွင်း၌
နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း
ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ထိုမှတစ်ဆင့် ယင်းကုန်သွယ်ခွန် ငါးရာခိုင်နှုန်းကို
ပယ်ဖျက်ရန် ဆက်လက်၍ လွှတ်တော်သို့ တင်ပြမည်
ဖြစ်သော်လည်း ရွှေထည်များ ရောင်းချခြင်းအပေါ်မှ
ကုန်သွယ်ခွန် တစ်ရာခိုင်နှုန်း ကောက်ခံခြင်းကိုမူ ပယ်ဖျက်
မည် မဟုတ်ကြောင်း ယင်းဌာနထံမှ သိရသည်။

၂၀၁၇ အခွန်အကောက် ဥပဒေတွင်
- ရွှေဆိုင်များ၌ ရွှေတုံးစရောင်းဝယ်ပါက အခွန်ငါးရာခိုင်နှုန်းနှင့်
- ရွှေထည်များ ရောင်းဝယ်ခြင်းမှ ကုန်သွယ်ခွန် တစ်ရာခိုင်နှုန်း
ပေးဆောင်ရန် ထည့်သွင်းထားသည်ကို ပြည်တွင်းအခွန်များ
ဦးစီးဌာနက ရွှေတုံးများအပေါ်မှ အခွန်မကောက်ရန်
လွှတ်တော်သို့ ပြန်လည် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်
ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“အခုတော့ ဝန်ကြီးရုံးနဲ့ သမ္မတရုံးကို တင်ပြီးပြီ။
သမ္မတရုံးကို ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက်လောက်က တင်ထား
တာ။ အဲဒီကနေမှတစ်ဆင့် လွှတ်တော်ကို သဝဏ်လွှာ
အနေနဲ့ တင်မှာပါ။ သူတို့က မကောက်ဖို့ ဆုံးဖြတ်တယ်ဆို
မကောက်ရတော့ဘူးပေါ့”ဟု ပြည်တွင်း အခွန်များဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ရှင်းပြသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနက ၂၀၁၇ အခွန်ဥပဒေကြမ်း
ကို ရေးဆွဲစဉ်က ရွှေတုံးများပေါ်တွင် အခွန်ကောက်ရန်
ထည့်သွင်းရေးဆွဲထားခြင်း မရှိသော်လည်း ယင်းဥပဒေကြမ်း
ကို လွှတ်တော်၌ ဆွေးနွေးစဉ် ရွှေတုံးများအပေါ်မှ အခွန်
ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရွှေတုံးများအပေါ်မှ အခွန်ငါးရာခိုင်နှုန်း ကောက်ခံခြင်းကြောင့်
ရွှေတုံး အရောင်းအဝယ် အေးစက်ခဲ့ပြီး ထိုသို့ အခွန်မကောက်
ခံတော့ပါက ရွှေတုံး အရောင်းအဝယ် ပြန်လည် ဖြစ်ပေါ်
လာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။

*****

၂။ "အခွန်တံဆိပ်ခေါင်းမကပ်သော မန္တလေးမှ ရွှေဆိုင်များကို
ဒဏ်ငွေရိုက်ခြင်းအပြင် နိုင်ငံပိုင်သတင်းစာများ၌ နာမည်နှင့်
တကွ ထည့်သွင်းကြေညာမည်"

မန္တလေးတိုင်းရှိ ရွှေဆိုင်များတွင် လက်ဝတ်ရတနာများ
ရောင်းချရာ၌ အခွန်တံဆိပ်ခေါင်းများ ကပ်ခြင်းမရှိပါက
ဒဏ်ငွေရိုက်ကာ အရေးယူခြင်းအပြင် ဆိုင်နာမည်နှင့်တကွ
နိုင်ငံပိုင် သတင်းစာများ၌ ထည့်သွင်းကာ ကြေညာချက်
ထုတ်ပြန်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန
(မန္တလေး)မှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

‘‘ဒီလ ၂ ရက်နေ့က ရွှေဆိုင် တွေအားလုံးကိုခေါ်ပြီး
အစည်းအဝေးလုပ်ထားတယ်။ အခွန်တံဆိပ်ခေါင်း မကပ်ရင်
မြန်မာ့အလင်းနဲ့ရတနာပုံသတင်းစာထဲမှာ ဆိုင်နာမည်ကအစ
အကုန်ဖော်ပြပြီးတော့ ကြေညာသွားမယ်။ ဘယ် ဆိုင်တွေက
အခွန်ပျက်ကွက်တဲ့ အတွက် ဒဏ်တပ်ရိုက်လိုက်တယ် ဆိုပြီး
ဖော်ပြသွားမှာ ဖြစ်ပါတယ်’’ဟု အထက်ပါပုဂ္ဂိုလ် က
ပြောသည်။

ပြည်တွင်းအခွန်များဦးစီး ဌာနသည် ယခုနှစ် ဇွန်လကစ၍
ရွှေဝယ်သူများထံမှ ကုန်သွယ် လုပ်ငန်းခွန် ၁ ရာခိုင်နှုန်း
ကောက်ခံရန် မန္တလေးတိုင်းရှိ ရွှေဆိုင်များ ကို အခွန်တံဆိပ်
ခေါင်းများ ထုတ်ပေးထားပြီး လက်ရှိတွင် ရွှေရောင်းအား
ကျဆင်းနေသည့် ကာလဖြစ်၍ ရွှေဆိုင်များ၌ အခွန်တံဆိပ်
ခေါင်းကပ်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ကာ
အရေးယူမည်ဖြစ်သည်။

‘‘လက်ရှိမှာ အခွန်တံဆိပ် ခေါင်းမကပ်တဲ့ ဆိုင်တွေလည်း
ရှိနေတာ တွေ့တဲ့အတွက် ကွက်ကျားမိုးရွာသလိုမဟုတ်ဘဲ
အမှန်တကယ်ပဲ အခွန်တံဆိပ်ခေါင်း မကပ်တဲ့ဆိုင်တွေကို
ထိထိရောက်ရောက် အရေးယူပေး ရမယ်။
အဲဒီ လိုမှမဟုတ်ရင် ဖောက်သည်အပျက်ခံပြီး တံဆိပ်ခေါင်း
ကပ် ရောင်းနေတဲ့ဆိုင်တွေလည်း မိုးခါးရေသောက်သွားမယ်
ဆိုရင် နိုင်ငံတော်အတွက် ရသင့်တဲ့အခွန်တွေ ပိုပြီး
နစ်နာနိုင်ပါတယ်’’ဟု မြန်မာ နိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း
ဒုဥက္ကဋ္ဌ (၂)နှင့် အောင်သမာဓိရွှေဆိုင် လုပ်ငန်းပိုင်ရှင်
ဦးအောင်ဆန်းဝင်းက ပြောသည်။

လက်ရှိတွင် အောင်သမာဓိ ရွှေဆိုင်လုပ်ငန်းသည် ရွှေဆိုင်များ
မှ တစ်လအတွင်း အခွန်တံဆိပ် ခေါင်းကပ်၍ ရွှေရောင်းချခြင်း
မှ ရရှိသည့် အခွန်ငွေ ကျပ်သိန်း တစ်ထောင်ခန့်ကို နိုင်ငံသို့
ပေးသွင်းပြီးဖြစ်ပြီး ရွှေဆိုင်များအားလုံးတွင် အခွန်တံဆိပ်
ခေါင်းများ ကပ်၍ ရောင်းချခြင်းကို တစ်ပြေးညီဖြစ်စေရန်
အခွန်ဦးစီးဌာနမှ ထိရောက်စွာ ဆောင်ရွက်ပေးဖို့ရန်
လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘တစ်လအတွင်းမှာ ကျပ် သိန်းတစ်ထောင်နီးပါးဆိုတာ
အရင်က ခြောက်လစာလောက် အခွန်ဆောင်ရတဲ့ ငွေနဲ့
တောင် သွားပြီး ညီမျှပါတယ်။ အခွန်ကောက်တဲ့အပေါ်မှာ
ဝယ်သူတွေက အရမ်းကြီးမဆောင်ချင်တာမျိုး မတွေ့ပေမယ့်
အရင်ကထက် ၂၅ ရာခိုင်နှုန်းလောက်တော့ ရောင်းအား
ကျသွားပါတယ်။
ဝယ်သူတွေကို ဒီထက်အခွန်ပိုဆောင်ဖို့ အတွက်ဆိုရင်
အခွန်ကောက်တဲ့နှုန်း ကို ၀ ဒသမ ၅ ရာခိုင်နှုန်း ထားပေး
တာပဲဖြစ်ဖြစ်၊ ပိဿာချိန်များများ ဝယ်တဲ့ လူတွေကို ရာခိုင်နှုန်း
လျှော့ပေးတာမျိုး လုပ်မယ်ဆိုရင်တော့ အခွန်ပိုပြီးဆောင်
လာပြီး ဆိုင်တွေလည်း အဆင်ပြေလာနိုင်ပါ တယ်’’ဟု
ဦးအောင်ဆန်းဝင်းက ပြောသည်။

(နိုင်လင်းအောင်)

*****

၃။ "ယခုလအတွင်း အခေါက်ရွှေဈေး နှစ်သောင်းခွဲကျော်
ကျဆင်း"

ယခုလအတွင်း ပြည်တွင်းအခေါက်ရွှေဈေးသည်
တစ် ကျပ်သားလျှင် ကျပ်နှစ်သောင်းခွဲ ကျော်ကျဆင်းပြီး
အရောင်းအဝယ် နည်းပါးနေကြောင်း
ရွှေလုပ်ငန်းရှင်များက ပြောသည်။

ပြည်တွင်းရွှေဈေး ကျဆင်းခြင်းသည် ကမ္ဘာ့ရွှေဈေးကျခြင်း
ကြောင့်ဖြစ်ပြီး ယခုလအတွင်း အကျဘက်သို့ စတင်လာ
ကြောင်း မန္တလေးမြို့ အောင်သမာဓိ ရွှေဆိုင်
အထွေထွေမန်နေဂျာ ဦးမော်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လက အခေါက်ရွှေ တစ်ကျပ်သားလျှင်
အမြင့်ဆုံး ၉၁၄,၀၀၀ ကျပ် ပေါက် ဈေးရှိခဲ့သော်လည်း
ဇူလိုင်လဆန်းတွင် အနိမ့်ဆုံး ၈၈၆,၀၀၀ ကျော် အထိ
ပြန်လည်ကျဆင်းလာ သည်။

ကမ္ဘာ့ရွှေဈေးသည် ဇွန်လ အတွင်း တစ်အောင်စလျှင်
ကန်ဒေါ်လာ ၁,၂၄၀ အထိရှိခဲ့သော်လည်း ဇူလိုင်လဆန်း
တွင် ၁,၂၀၄ ဒေါ်လာအထိ ကျဆင်းခဲ့သည်။

ဇူလိုင် ၁၄ ရက်တွင် ပြည်တွင်းငွေလဲနှုန်း ပြန်လည်
မြင့် တက်လာ၍ အခေါက်ရွှေ တစ် ကျပ်သားလျှင်
ကျပ် ၈၉၀,၀၀၀ ကျော် ဈေးပြန်ရောက်ခဲ့ကြောင်း
ဈေးကွက်မှ သိရသည်။

(ထွန်းထွန်းမင်း)

credit - The Voice & 7day Daily

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment