“ဖော်ဆောင်ရန်ရှိသည့် စီမံကိန်း update သတင်းများ”
၁။ "ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကွမ်းခြံကုန်းတွင်
လေဆိပ်သစ်တစ်ခု တည်ဆောက်ရန် မျှော်မှန်းထားဟု
ဝန်ကြီးချုပ်ပြော၊ ရန်ကုန် အနောက်ဘက်ကမ်းတွင် မြို့သစ်
စီမံကိန်းတစ်ခု တည်ဆောက်နိုင်ရေး အတွက် တိုင်းဒေသကြီး
အစိုးရ ကြိုးပမ်းလျက် ရှိ"
ရန်ကုန်တိုင်း ဒေသကြီးတွင် လေဆိပ်သစ်တစ်ခု တည်ဆောက်
နိုင်ရန် မျှော်မှန်းထား ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက ပြောသည်။
ဇူလိုင် ၂ ရက်က Sky Star ဟိုတယ်တွင်ပြုလုပ်သည့်
''မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း(MLCA)
အသင်းသား စုံညီ အထူးအစည်းအဝေး'' သို့ တက်ရောက်
အမှာစကားပြောကြားစဉ် ဝန်ကြီးချုပ် က အထက်ပါအတိုင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။
''ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကြီးကိုလည်း ဒီထက်ပိုပြီးကောင်းမွန်
လာအောင် ပြုပြင်မှုတွေဆောင်ရွက်နေသလို လေဆိပ်သစ်
တစ်ခုကိုလည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ
တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ မျှော်မှန်းထား
ပါတယ်'' ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
အဆိုပါလေဆိပ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကော့မှူး၊
ကွမ်းခြံကုန်းဘက်တွင် တည်ဆောက်နိုင်ရန်မျှော်မှန်းထားပြီး
လေယာဉ်ကွင်းတည်ဆောက်ရေးဆိုင်ရာ လေ့လာဆန်းစစ်မှု
များ ပြုလုပ်ရေးအတွက် အမေရိကန်နိုင်ငံ၏ အကူအညီကို
လည်း ရယူသွားရန် မျှော်မှန်းထားကြောင်း
၎င်းကဆက်လက်ပြောသည်။
ယခင်ရှိပြီးသား ဟံသာဝတီ လေဆိပ်စီမံကိန်းမှာ ဆက်လက်
တည်ရှိနေမည် ဖြစ်ကြောင်း သိရသည်။
''တစ်ချိန်တုန်းမှာ ဟံသာဝတီ လေယာဉ်ကွင်းတည်ဆောက်
မယ်ဆိုတဲ့ စီမံကိန်းရှိခဲ့ပါတယ်။ အခုလည်း အဲဒီစီမံကိန်းဟာ
ရှိနေပါတယ်။ သို့ သော် ရန်ကုန်တိုင်းဒေသကြီးအတွင်းကနေ
မိုင် ၄ဝ ကျော်လောက်ဝေးတဲ့ လေယာဉ်ကွင်းတစ်ခုကို ရန်ကုန်
အနေနဲ့တည်ဆောက်သင့်သလားဆိုတဲ့ အခြေအနေတစ်ခုကို
ကျွန်တော်တို့ ပြန်လည်လေ့လာ ဆန်းစစ်နေပါတယ်။
ရန်ကုန်မြို့ဟာ တဖြည်းဖြည်း ပင်လယ်ပြင်ဘက်ကို ရွေ့သွား
သင့်ပါတယ်။ နိုင်ငံတကာမှာကြည့်မယ်ဆိုရင် ပင်လယ်ဟာ
အကောင်းဆုံး အသုံးချနိုင်တဲ့နေရာ ဖြစ်ပါတယ်'' ဟု
ဦးဖြိုးမင်းသိန်းကပြောသည်။
ယင်းအပြင် လက်ရှိအချိန်၌ ရန်ကုန်-ဒလ မြစ်ကူးတံတား
စီမံကိန်း စတင်ရန်ပြင်ဆင်နေပြီဖြစ်ပြီး ဒလဘက်အခြမ်းတွင်
လည်း အထူးစီးပွားရေးဇုန် တစ်ခုတည်ဆောက်နိုင်ရေးကို
လည်း လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း
သိရသည်။
''ဒီဆောက်လုပ်ရေးပြင်ဆင်မှုတွေဟာ တစ်ချိန်မှာ ဒလဘက်ရဲ့
ဖွံ့ဖြိုးတိုးတက်မှုတွေကို အများကြီး အထောက်အကူဖြစ်စေမှာ
ဖြစ်ပါတယ်။ ဒလမြို့ရဲ့တစ်ဖက်ကမ်းကို အထူးစီးပွားရေးဇုန်
တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ အကြို လေ့လာ
ဆန်းစစ်မှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။
တကယ်လို့ ရန်ကုန်မြစ်ရဲ့တစ်ဖက်ကမ်း ဒလဘက် အခြမ်းမှာ
ရန်ကုန် အထူးစီးပွားရေးဇုန်ကို တည်ဆောက်နိုင်မယ်ဆိုရင်
ကျွန်တော်တို့ပြည်ထောင်စုလွှတ်တော်ကိုတင်ပြဖို့
ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုတင်ပြတယ်ဆိုတဲ့ ရည်ရွယ်ချက်
ကတော့ အထူးစီးပွားရေးဇုန်ကို ပြည်ထောင်စုလွှတ်တော်ကို
ပဲတင်ပြရမှာ ဖြစ်ပါတယ်။ တကယ်လို့သာ အထူး စီးပွားရေး
ဇုန်ကြီးတည်ဆောက်နိုင်မယ်ဆိုရင် သီလဝါ တစ်ဖက်ကမ်းရဲ့
တစ်ဖက်မှာ ရန်ကုန်အထူးစီးပွားရေး ဇုန်ကြီးပေါ်ထွန်းလာဖို့
ရှိပါတယ်''ဟု ဦးဖြိုးမင်းသိန်းကပြောသည်။
ယင်းအပြင် ရန်ကုန်၏အနောက်ဘက်ကမ်းတွင် မြို့သစ်စီမံကိန်း
တစ်ခု တည်ဆောက်နိုင်ရေးအတွက်လည်း တိုင်းဒေသကြီး
အစိုးရမှကြိုးပမ်းလျက်ရှိကြောင်း ရန်ကုန်မြစ်ဝတွင် ဆိပ်ကမ်း
တစ်ခုတည်ဆောက်သွားနိုင်ရန်လည်း မျှော်မှန်းထားကြောင်း
၎င်းကဆက်လက်ပြောသည်။
ယင်းအပြင် လက်ရှိရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
တည်ဆောက်ရေးလုပ်ငန်းများကို မိုးရာသီကုန်ဆုံးချိန်တွင်
စတင်မည် ဖြစ်ပြီး သမိုင်းကျန်ရစ်မည့်အဆောက် အအုံများ
ကျန်ရှိနေစေရေးအတွက် ကန်ထရိုက်တာများအနေဖြင့်
ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်
အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်း(MLCA)
ဥက္ကဋ္ဌ ဦးကျော်ဝင်းကပြောသည်။
''ကျွန်တော်တို့အသင်းအနေနဲ့လည်း ဆက်လက်ပြီးတော့
နိုင်ငံတော် အစိုးရနဲ့လက်တွဲပြီးတော့မှ ရန်ကုန်တိုင်းဒေသကြီး
ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ တတ်နိုင်သလောက် ပါဝင်
ပြီးတော့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်'' ဟု
ဦးကျော်ဝင်းက ပြောသည်။
(HWA)
*****
၂။ "ဂျပန်မှ ချေးငွေရသည်နှင့် ဟံသာဝတီလေဆိပ်စီမံကိန်း
စတင်မည်ဟု ဝန်ကြီးပြော"
ဟံသာဝတီ လေဆိပ်စီမံကိန်း စတင်နိုင်ရန် ဂျပန်နိုင်ငံမှ
ပင်လယ်ရပ်ခြားဖွံ့ဖြိုးတိုးတက်မှု အကူအညီ ODA ချေးငွေ
ရရှိရန် စီမံကိန်း ကုန်ကျစရိတ် အသေးစိတ်တွက်ချက်ပြီး
ချေးငွေ ရရှိသည်နှင့် စတင်နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေး
နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသန့်စင်မောင်က 7Day Daily သတင်းစာနှင့် သီးသန့်
တွေ့ဆုံစဉ်ပြောကြားသည်။
ဟံသာဝတီ လေဆိပ်စီမံကိန်းကို ကိုရီးယား-စင်ကာပူဖက်စပ်
ကုမ္ပဏီဖြစ်သည့် GC-Yangnam-Changi Airport
International Consortium က တင်ဒါ အောင်မြင်ထားပြီး
စီမံကိန်းကုန် ကျစရိတ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကို
၎င်းတို့ဘက်မှ စိုက်ထုတ်မည်ဖြစ်ပြီး ကျန်ကုန်ကျ စရိတ်ကို
မြန်မာအစိုးရက ၎င်းတို့ အတွက် ဂျပန်နိုင်ငံမှ ချေးငွေဖြင့်
ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်
ပြောကြားသည်။
GC-Yangnam-Changi Airport International
Consortium သည် လေဆိပ်ဖွင့်လှစ်ပြီးသည်နှင့် စီမံခန့်ခွဲ
မည် ဖြစ်ကာ လေဆိပ်မှ ရရှိသည့်ဝင်ငွေများဖြင့် ချေးငွေများ
ကို ပြန်လည်ပေးဆပ်မည် ဖြစ်သည်။
ဟံသာဝတီလေဆိပ် စီမံကိန်း၏ အားနည်းချက်သည်
ရန်ကုန်မြို့လယ်နှင့် ဝေးကွာနေခြင်းကြောင့် အချိန်ပေးရမည်
ဖြစ်၍ ကောင်းမွန်သည့် လမ်း ဖောက်လုပ်ရန် လိုအပ်ကြောင်း
ဦးသန့်စင်မောင်က ပြောသည်။
ဟံသာဝတီလေဆိပ် စီမံကိန်းကို မူလက ၂၀၁၆ တွင် စတင်ရန်
မျှော်မှန်းသော်လည်း ကုမ္ပဏီ ရွေးချယ်မှုပိုင်း၌ ကြန့်ကြာနေ၍
၂၀၁၇ မှသာ စတင်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
စီမံကိန်းကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က တင်ဒါ
ခေါ်ရာ တောင်ကိုရီးယား အင်ချွန်း နိုင်ငံတကာ ကုမ္ပဏီက
တင်ဒါ အောင်ခဲ့သော်လည်း အခြေအနေ အချို့ကြောင့်
သဘောတူညီမှု ပျက်ပြား၍
GC-Yangnam-Changi Airport International
Consortium ကို ဆက်လက်ရွေးချယ်ခဲ့သည်။
လေဆိပ်တည်ဆောက်ရေး ကို ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ဟံသာဝတီ
အပြည်ပြည် ဆိုင်ရာ လေဆိပ်တည်ဆောက်ရေးစီမံကိန်း
ဦးဆောင်ကော်မတီ တစ်ရပ်ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည်။
ပဲခူးမြို့ ကျောက်တိုင်ကန်ရွာ အနီးရှိ ယခင်ဒုတိယကမ္ဘာစစ်က
လေဆိပ်သဖွယ်အသုံးပြုခဲ့သော မြေဧက ၉၀ ကျော်တွင်
ဟံသာဝတီလေဆိပ်ကို အကောင်အထည် ဖော်ရန်
ရည်ရွယ်ထားသည်။
(မိုးညို၊ မင်းဟိန်းကျော်)
*****
၃။ "မြန်မာ-ကိုရီးယား စက်မှုဇုန်စီမံကိန်း စတင်"
မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူးပေါင်း ဆောက်လုပ်မည့် စက်မှုဇုန်
စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင် တည်ဆောက်သွားမည်
ဖြစ်ပြီး မြေပြင်ရှင်းလင်းရေး လုပ်ငန်းများ စတင်နေကြောင်း
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး
ဌာနထံမှ သိရသည်။
အဆိုပါ စက်မှုဇုန် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊
ညောင်နှစ်ပင်မြို့နယ်ရှိ မြေ ၅၇၀ ဧကပေါ်တွင် တည်ဆောက်
သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ
ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။
မြန်မာ-ကိုရီးယား စက်မှုဇုန် စီမံကိန်းတွင် လုပ်ကိုင်သည့်
အလုပ်သမားများအတွက် လုပ်ငန်းဆိုင်ရာ အလုပ်သမား
သင်တန်းကျောင်း (Traning Center) များ၊ ဝန်ထမ်းများ
နေထိုင်ရန် အဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်းနှင့်
ယင်းစီမံကိန်းကို ကိုရီးယားနိုင်ငံမှ အမေရိကန် ဒေါ်လာ
သန်း ၁၀ဝ ကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၎င်းက
ဆက်လက် ပြောကြားသည်။
“ကိုရီးယားနိုင်ငံမှာဆောက်တဲ့ စက်မှုဇုန်တွေအတိုင်း
စံချိန်စံညွှန်းအတိုင်း တည်ဆောက်မယ်။ အလုပ်အကိုင်
အခွင့်အလမ်းတွေ ပေါလာမယ်။ ကိုရီးယားနိုင်ငံက ဒီမှာ
စက်မှုဇုန် လာဆောက်ပြီး ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့
အတွက် ကိုရီးယားနိုင်ငံက နည်းပညာတွေရမယ်” ဟု
ဦးဝင်းနိုင်ကဆိုသည်။
ဒီဇိုင်း ဆွဲသည့်အပိုင်းနှင့် ကြီးကြပ်မှု တာဝန်ကို မြို့ပြနှင့်
အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူမည်ဖြစ်ပြီး
ကိုရီယားနိုင်ငံမှ အပြည့်အဝ ရင်းနှီးမြှုပ်နှံကာ အကောင်
အထည်ဖော် တည်ဆောက်မည် ဖြစ်ကြောင်း မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထံမှ သိရသည်။
စက်မှုဇုန်စီမံကိန်း တည်ဆောက်မှုအတွက် ကိုရီးယားနိုင်ငံ
Korea Land and Housing Corporation ကုမ္ပဏီမှ
၆၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရမှ ၄၀ ရာခိုင်နှုန်းဖြင့်
အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည်ဖြစ်သည်။
credit - Democracy Today / 7day Daily
& The Voice
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:
Post a Comment