Sunday, January 15, 2017
“အိမ်ခြံမြေနှင့်ပတ်သက်သည့် အခွန်ဆိုင်ရာ သတင်းများ”
“အိမ်ခြံမြေနှင့်ပတ်သက်သည့် အခွန်ဆိုင်ရာ သတင်းများ”
၁။ "ပိုင်ဆိုင်မှုဆိုင်ရာ အခွန်ကောက်ဥပဒေ
လွှတ်တော်တင်နိုင်ရေး စီစဉ်နေဟုဆို"
အိမ်မြေတိုက်ခန်းများ ၀ယ်ယူရင်းနှီးမြှုပ်နှံပြီး ဈေးကစားမှုများ
တားဆီးနိုင်ရေး ပိုင်ဆိုင်မှုဆိုင်ရာ အခွန်ကောက်ခံမည့်ဥပဒေ
ကို ရေးဆွဲထားပြီး လာမည့်လွှတ်တော်သို့တင်နိုင်ရန်
စီစဉ်နေကြောင်း သတင်းရရှိသည်။
အိမ်မြေတိုက်ခန်းများ ဈေး ကစားပြီး ဈေးနှုန်းဖောင်းပွမှုကို
လျှော့ချနိုင်ရန် ရည်ရွယ်ကာ အ ဆိုပါဥပဒေကို ဥပဒေရေးရာ
နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး
ကော်မရှင်ဥက္ကဋ္ဌ  က တွန်းအားပေးရေးဆွဲစေခြင်း
ဖြစ်သည်ဟု ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ မန္တလေးတိုင်း
ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသား လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းကပြောသည်။
* မြန်မာနိုင်ငံတွင် အစိုးရစီမံကိန်းများကို အကြောင်းပြုပြီး
အိမ်မြေတိုက်ခန်းများကို ကုန်ပစ္စည်းတစ်ခုကဲ့သို့ ဈေးနှုန်း
ကစားကာ အရောင်းအ၀ယ်ပြုလုပ်ခြင်းကြောင့်
အရှေ့တောင် အာရှတွင် မြေဈေးအကြီးဆုံး နိုင်ငံတစ်ခုဖြစ်ခဲ့
ရကြောင်း စီးပွားရေးလုပ်ငန်းရှင်များကပြောကြားသည်။ *
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင်လည်း
နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ၏ တောင်းဆိုမှုသည်
လျှပ်စစ်ကဏ္ဍ ပြီးလျှင် မြေဈေးကြီးမှုက အဓိက ပြဿနာ
တစ်ခုဖြစ်သည်ဟု မြန် မာနိုင်ငံ ကုန်သည်များနှင့် စက်မှု
လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ
ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။
၂၀၀၇ ကစတင်၍ ၀င်ငွေရလမ်း မဖော်ပြနိုင်လျှင်
အခွန် ၁၅ ရာခိုင်နှုန်းပေးဆောင်ပါက တရားဝင်အိမ်ခြံမြေ
ရောင်းဝယ်ခွင့်ပေးသည့် ဖြေလျှော့မှုကြောင့် မြန်မာနိုင်ငံ
အိမ်ခြံမြေဈေး တစ်ဟုန်ထိုး မြင့်တက်ခဲ့ပြီး စီးပွားရေး
လုပ်ငန်းများ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရန် အခက်အခဲဖြစ်ခဲ့
ရသည်ဟု လှိုင်သာယာစက်မှုဇုန်မှ ထုတ်ကုန် လုပ်ငန်းရှင်
တစ်ဦးက ပြောသည်။
ယခင် အစိုးရလက်ထက်ကလည်းအိမ်မြေဈေးနှုန်းကြီးမား
လာမှု လျော့ကျစေရန် အခွန် အကောက်ဥပဒေများဖြင့်
ကြိုးစားခဲ့သည်။
အိမ်ခြံမြေနှင့်ပတ်သက် ၍ ရောင်းဝယ်ရာတွင် ပေးဆောင်
ရသည့် ၀င်ငွေခွန်ကို နှစ်စဉ် နှုန်းထားပြောင်းလဲကောက်ခံ
ခြင်း၊ မြို့နယ်များအလိုက် အိမ်မြေ တိုက်ခန်းဈေးနှုန်း
သတ်မှတ်ချက်များ ထုတ်ပြန်ခြင်းတို့ ပြုလုပ်သည်။
ထို့အပြင် တရုတ်နိုင်ငံမှ တရားမ၀င်ငွေစီးဆင်းမှုကိုလည်း
တရုတ်အစိုးရက ထိန်းလိုက်ခြင်းကြောင့် အိမ်မြေ
ရောင်းဝယ်ခြင်းဖြင့် ဈေးကစားမှုသည် ၂၀၁၄ မှ စတင်
လျော့ကျခဲ့သည်ဟု အိမ်ခြံမြေအကျိုးဆောင်အချို့က
ဆိုသည်။
‘‘ဒီဥပဒေ ပြဋ္ဌာန်းပြီးရင် ရောင်းသူတွေ အရမ်းများလာမယ်။
ဈေးနှုန်းတွေလည်း ထပ်ကျလာနိုင်တယ်’’ဟု
မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ
မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးကပြောကြားသည်။
* ဥပဒေစတင်ပြဋ္ဌာန်းချိန်တွင် အိမ်ခြံမြေဈေးကွက်သည်
ရောင်းလိုအားများခြင်းကြောင့် ပြန်လည် လှုပ်ခတ်လာနိုင်ပြီး
နောက်ပိုင်းတွင် ပေါ်ပင်စီးပွားရေးအခြေအနေမျိုးမှ
တည်ငြိမ်သည့်ဈေးကွက် တစ်ခုဖြစ်လာနိုင်သည် * ဟု
ဦးသန်းဦးက ခန့်မှန်းပြောသည်။
ပိုင်ဆိုင်မှုဆိုင်ရာ အခွန်ကောက်ခံမှုသည် နိုင်ငံခြား
တိုင်းပြည်များတွင် လူတစ်ဦးကနေထိုင်ရန် အိမ်တစ်လုံး
ထက်ပိုမို ပိုင်ဆိုင်ပါက ကောက်ခံသည့် အခွန်မျိုးဖြစ်
ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ကပြောသည်။
လက်ရှိတွင် တန်ဖိုးကြီး အိမ်မြေများအပါအ၀င် အိမ်ခြံမြေ၌
ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေး အင်အား ချမ်းသာသူများ
သာ အများစုဖြစ်နေခြင်းကြောင့် အစိုးရအနေဖြင့် ဥပဒေ
ကို အတိအကျ အကောင်အထည်ဖော်နိုင်မည့် အခြေအနေ
ကိုလည်း စီးပွားရေး လုပ်ငန်းရှင်အချို့က
မျှော်လင့်နေကြသည်။
(ပြည်သိမ်း)
***
၂။ "တန်ဖိုးနည်းအိမ်ရာများ အရောင်းအဝယ်ပြုရာတွင်
အခွန်ကင်းလွတ်ခွင့်ပြုမည်"
တန်ဖိုးနည်းအိမ်ရာများ အရောင်းအဝယ် ပြုလုပ်ရာ၌
ဝယ်သူဘက်က ပေးဆောင်ရသည့် အိမ်ခြံမြေအခွန်ကို
ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်းက ပြောဆိုသည်။
ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်
များ  အသင်းချုပ် (UMFCCI) ၌ ပြုလုပ်သည့် နိုင်ငံတော်
ဒုသမ္မတ (၁) က ဦးဆောင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စီးပွားရေး လုပ်ငန်းရှင်
များ တွေ့ဆုံသည့် ဆွေးနွေးပွဲတွင် ဝန်ကြီးဦးကျော်ဝင်းက
ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အခွန်ကင်းလွတ်ခွင့်ရမည့် တန်ဖိုးနည်းအိမ်ရာဟု
ဆိုရာတွင် စတုရန်းပေ ၆၀၀ အောက် တိုက်ခန်းများဖြစ်ပြီး၊
တန်ဖိုးငွေ ပမာဏအားဖြင့် ကျပ်သိန်း ၁၅၀ ဝန်းကျင်ဖြင့်
ရောင်းချသည့် တိုက်ခန်းများဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ
ဦးသာဌေးက ပြောသည်။
“တန်ဖိုးနည်း အိမ်ရာတွေကို အခွန်ကင်းလွတ်ခွင့်ပေးဖို့
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်းများ အသင်းက
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်းကို ဖြေလျော့ပေးဖို့ တောင်းဆိုခဲ့တာ
ဖြစ်တယ်” ဟု ဦးသာဌေးက ဆိုသည်။
* တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူရာတွင် အခွန်ကင်းလွတ်
ပြုလုပ်သွားမည် ဖြစ်သော်လည်း အိမ်အရောင်းအဝယ်
ပြုလုပ်ရန် စာချုပ်ချုပ်ဆိုရာ၌ ပိုင်ဆိုင်ခွင့်အတွက်
ပေးဆောင်ရသည့် တံဆိပ်ခေါင်းအခွန်ကို ဆက်လက်
ကောက်ခံသွားမည်ဟု သိရသည်။ *
လက်ရှိကာလတွင် ဆောက်လုပ်ရေး လုပ်ငန်းများက
ပေးဆောင်နေရသည့် အခွန်ပမာဏ များပြားနေပြီး
ကျပ်သိန်း ၁,၀၀၀ ခန့် ရှိသည့် တိုက်ခန်းတခန်း ဝယ်ယူရာ
တွင် ပေးဆောင်ရသည့် အခွန်တန်ဖိုးမှာ တိုက်ခန်း
တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရသည့်အတွက်
ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ပြောသည်။
“အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် အေးနေတဲ့အချိန်မှာ
ဒီလိုအခွန်ကောက်ခံတာတွေက ဝန်ထုတ်ဝန်ပိုး ဖြစ်နေ
တယ်။ အခွန်ကြောင့် မဝယ်နိုင်ကြတော့ မရောင်းရဘူး။
မရောင်းရတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေလည်း
မဆောက်နိုင်တော့ဘူး။ ဆောက်လုပ်ရေး လုပ်ငန်းသုံး
ပစ္စည်ရောင်းသူတွေလည်း မရောင်းရတော့ဘူး”ဟု
ဦးသာဌေးက ပြောသည်။
တန်ဖိုးနည်း အိမ်ရာများကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး
လုပ်ငန်းရှင်များ အသင်းက ဆောက်လုပ်သွားရန် အစီအစဉ်
ရှိကြောင်း၊ ထိုသို့ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာ
စီမံကိန်းအတွက် အစိုးရထံမှ မြေတောင်းခံထားပြီး၊
ဘဏ်ချေးငွေဖြင့် တည်ဆောက်ရန် စီစဉ်ထားကြောင်းနှင့်
အိမ်ရာများကို တပေပတ်လည်လျှင် ကျပ် ၂၃,၀၀၀ ခန့်ဖြင့်
ရောင်ချပေးမည်ဟု သိရသည်။
(မေစိုးစံ)
credit - 7day Daily & Irrawaddy Publishing Group
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
"မျှော်လင့်ချက်များစွာနဲ့ ၂၀၁၇ အိမ်၊ ခြံ၊ မြေ"
"မျှော်လင့်ချက်များစွာနဲ့  ၂၀၁၇ အိမ်၊ ခြံ၊ မြေ"
၁။ "အိမ်ခြံမြေလုပ်ငန်းတွေ ပြန်ကောင်းလာဖို့
မျှော်လင့်ထားကြတဲ့ ၂၀၁၇"
၂၀၁၆ ခုနှစ်သည် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကဏ္ဍ
အတွက် အဆိုးရွားဆုံးနှစ် ဖြစ်ခဲ့သည့်အတွက်ယခု ၂၀၁၇
ခုနှစ်တွင် လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာမည်ဟု
ပြည်တွင်းလုပ်ငန်းရှင်များက မျှော်မှန်းထားကြသည်။
လက်ရှိတွင် ရန်ကုန်မြို့အတွင်းရှိ စီမံကိန်းနေရာများတွင်
အိမ်ခြံမြေ အရောင်းအ၀ယ်များ အနည်းငယ် ဖြစ်ပေါ်လာ
ပြီး ကွန်ဒို၊ တိုက်ခန်းအရောင်းနှင့် အငှားများလည်း
လှုပ်လာကြောင်း ရန်ကုန်မြို့အခြေစိုက်အိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။
အိမ်ခြံမြေလုပ်ငန်းသည် နှစ် ၂၀ အတွင်း အရောင်းအ၀ယ်
လုပ်ငန်းများ ဆက်တိုက်ကောင်းမွန်ခဲ့သော်လည်း ၂၀၁၆
ခုနှစ်သည် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများအပြင်
အခွန်နှုန်းထား ကြီးမြင့်မှုများကြောင့် အဆိုးဆုံး
နှစ်တစ်နှစ် ဖြစ်ခဲ့သည်။
သို့သော် ယခု ၂၀၁၇ နှစ်လယ်ပိုင်းခန့်တွင် အရောင်း
အ၀ယ်များ ပြန်ကောင်းမွန်လာမည်ဟုမျှော်လင့်ကြောင်း
မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း(ဗဟို)မှ
အထွေထွေအတွင်းရေးမှူးဒေါ်မို့မို့အောင်က
မြန်မာတိုင်း(မ်)ကို ပြောသည်။
"၂၀၁၄ နှစ်ကုန်လောက်ကစပြီး အေးသွားတာ ၂၀၁၅ မှာ
လည်း ရွေးကောက်ပွဲရှိတော့ အိမ်ခြံမြေကအေးနေ
ပြန်တယ်။ ၂၀၁၅ ကုန်ခါနီးမှာ ကောင်းလာသလိုရှိပေမဲ့
အခွန်တွေ တက်သွားတဲ့အတွက် ပြန်ပြီးတော့ အေးသွား
တယ်။ ဟို ၂၀၁၆ ကတော့ နှစ်ပေါင်း ၂၀ အတွင်း
အိမ်ခြံမြေ သက်တမ်းတစ်လျှောက်မှာ အဆိုးဆုံး ကာလ
ပါပဲ။ အခု ၂၀၁၇ နှစ်လယ်လောက်ကတော့အိမ်ခြံမြေက
ပြန်ကောင်းလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်"ဟု
၎င်းက ပြောသည်။
၂၀၁၇ ခုနှစ်တွင် အိမ်ခြံမြေလုပ်ငန်းများအတွက် ခိုင်မာမှု
ရှိရန် အထောက်အပံ့ပေးနိုင်မည့် အိမ်ခြံမြေ၀န်ဆောင်မှု
ဥပဒေ ထွက်လာပါက အိမ်ခြံမြေအရောင်းအ၀ယ်များ
လုပ်ကိုင်ရာတွင်လည်းပိုမိုခိုင်မာမှုများ ရှိလာနိုင်ပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုဝင်ရောက်လာနိုင်
ကြောင်း ၎င်းက ပြောသည်။
"အိမ်ခြံမြေ ၀န်ဆောင်မှုဥပဒေလည်း ထွက်လာတော့မယ်
ဆိုပိုပြီးခိုင်ခိုင်မာမာနဲ့ လုပ်ငန်းတွေ ပြန်ကောင်းလာမယ်လို့
ထင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ရောက်လာရင်
အိမ်ခြံမြေ ပြန်ကောင်းလာမယ်လို့ မျှော်လင့်တယ်။
အခုက ၂၀၁၇ အစပဲရှိတော့ အရောင်းအ၀ယ်တွေက
အရမ်းကောင်းတဲ့ အနေအထားတော့ မဟုတ်သေးဘူး။
အဲဒါကြောင့် နှစ်လယ်လောက်ကို ပြန်ဦးမော့ဖို့
မျှော်မှန်းထားတယ်"ဟု ဒေါ်မို့မို့အောင်က ပြောသည်။
ရန်ကုန်မြို့၏ အိမ်ခြံမြေသည် ပြီးခဲ့သည့် ဒီဇင်ဘာလမှ
စတင်၍ အရောင်းအ၀ယ် လုပ်ငန်းအချို့ဖြစ်ပေါ်မှုဖြင့်
ဈေးကွက်လှုပ်ခတ်လာခဲ့သည်။
ယခင် အိမ်ခြံမြေလုပ်ငန်း ကောင်းမွန်ခဲ့သည့်အချိန်များနှင့်
ယှဉ်ပါက ဈေးကွက်အလွန်ကောင်းမွန်သည့်အနေအထား
မဟုတ်သော်လည်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း
ဒီဇင်ဘာလသည်လုပ်ငန်း ပြန်ကောင်းမွန်လာသည့်
အနေအထားဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက
ပြောသည်။
"လုပ်ငန်းတော်တော်များများလည်း ပြန်ဖြစ်နေတဲ့သဘော
ရှိပါတယ်။ စီမံကိန်းရှိတဲ့ နေရာတွေအိမ်ခြံမြေအရောင်း
အ၀ယ်တွေ ဖြစ်လာတယ်။ ဒလတို့၊ တွံတေးတို့ဆို စီမံကိန်း
တွေ ရှိတယ်ဆိုပြီးအသံတွေကြားရတယ်။ ရန်ကုန်မြို့တွင်း
ဧရိယာတွေလည်း စီမံကိန်းလုပ်မယ်ဆိုတဲ့ သတင်းတွေ
ရှိနေတော့ အဲဒီလိုနေရာတွေမှာ ပြန်လှုပ်လာတာဆိုတော့
အိမ်ခြံမြေက ပြန်ဦးမော့လာမယ့်အနေအထားရှိပါတယ်"
ဟု ရွှေကံမြေ အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းမှ
ဦးခင်မောင်အေးကပြောသည်။
မြေကွက်အရောင်းအ၀ယ်များတွင် ကျပ်သိန်း တစ်သောင်းခွဲ
တန်ဖိုးရှိသည့် မြေကွက်များအရောင်းအ၀ယ်သွက်လျက်ရှိ
ကြောင်း သိရပြီး မြေဈေးနှုန်း၊ အိမ်ဈေးနှုန်းများက
သိသိသာသာအပြောင်းအလဲမဖြစ်ပေါ်ကြောင်း
၎င်းက ပြောသည်။
"ဒီဇင်ဘာနဲ့ ဇန်န၀ါရီလထဲမှာ မြေကွက် တစ်သောင်း၊
တစ်သောင်းခွဲတန်လေးတွေ အရောင်းအ၀ယ် ပြန်လိုက်
လာပါတယ်။ ဈေးနှုန်းတွေကတော့ သိပ်အပြောင်းအလဲ
မရှိပါဘူး။ အရင်တုန်းကလိုစီမံကိန်းရှိတဲ့နေရာတွေဆို
ဈေးတွေ အဆမတန်ခုန်တက်တာမျိုးတွေမဖြစ်ဘဲ ပုံမှန်
အရင်ဈေးနဲ့ပဲအရောင်းအ၀ယ်တွေရှိလာတယ်။
ဈေးထိုးကျ သွားတာမျိုးလည်း မရှိဘူး"ဟု
ဦးခင်မောင်အေးက ပြောသည်။
ထို့ပြင် ယခင်က အစိုးရအပြောင်းအလဲအချိန်တွင် စီးပွားရေး
လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုများကိုစောင့်ကြည့်သည့်
အခြေအနေများကြောင့် အိမ်ခြံမြေလုပ်ငန်းတွင်လည်း ရင်းနှီး
မြှုပ်နှံမှုနှေးကာ အရောင်းအ၀ယ်အေးခြင်းများ ဖြစ်ခဲ့ရသည်။
ယခု ၂၀၁၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုကို စောင့်ကြည့်သူများ
လည်း ဈေးကွက်အတွင်း ပြန်ဝင်ရောက်လာသည့်
အခြေအနေများ ရှိလာမည်ဖြစ်ကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။
"အရင်က ရင်းနှီးမြှုပ်နှံမှုကို ဘာမှ ၀င်မလုပ်သေးဘဲ
စောင့်ကြည့်နေကြတဲ့သူတွေလည်းအခု မဖြစ်မနေ
အခြေအနေတွေ ရှိလာတော့ ပြန်ဝယ်လာကြတယ်။
စီးပွားရေးလုပ်မယ့်သူဆိုလည်း အဲဒီအတွက် မြေ၀ယ်တာ
တွေရှိလာတယ်။ ရုံးခန်း၊ ဆိုင်ခန်းတွေဝယ်လာကြတယ်။
နေမယ့်သူတွေလည်း နေထိုင်ဖို့အတွက် ၀ယ်လာကြတယ်။
အဲဒါကြောင့် ဈေးကွက်ထဲမှာအရောင်းအ၀ယ် ပြန်စီးဆင်း
လာတာ"ဟု ဦးခင်မောင်အေးက ပြောသည်။
ယခင်က ငွေမည်းမှ ငွေဖြူဖော်ဆောင်မှုများကို အိမ်ခြံမြေ
လုပ်ငန်းများတွင် အကြီးအကျယ်လုပ်ကိုင်မှုများ ရှိခဲ့ပြီး
နိုင်ငံစီးပွားရေး နှေးကွေးသွားသည့်အချိန်တွင် အိမ်ခြံမြေ
လုပ်ငန်းတွင်ငွေမြှုပ်နှံမှုများ လျော့နည်းလာခဲ့သည်။
ယင်းအချက်မှာလည်း အိမ်ခြံမြေလုပ်ငန်းကို အေးစက်
စေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်နောက်ပိုင်းများတွင်အိမ်ခြံမြေ
လုပ်ငန်းတွင် ငွေဖြူငွေမည်း လုပ်ဆောင်မှုများ လျော့နည်း
လာနိုင်မည်ဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက
သုံးသပ်သည်။
ဟိုနှစ်ပိုင်းတွေကတော့ ရှိပါတယ်။ အခုနောက်ပိုင်းကတော့
နေထိုင်မှုအတွက် လိုအပ်လို့မဖြစ်မနေ၀ယ်တဲ့ အခြေအနေ
တွေကိုလည်း တွေ့ရပါတယ်။ စီးပွားရေး မဖြစ်မနေလုပ်ဖို့
လိုအပ်ချက်ကြောင့် ၀ယ်တဲ့ အခြေအနေလည်း ရှိတယ်။
အဲဒါကြောင့် အရောင်းအ၀ယ်တွေ ပြန်ဖြစ်လာပြီး ပိုပြီး
တိုးတက်လာမယ်လို့ မျှော်လင့်တာပါ။
ထို့ပြင် ၂၀၁၆ ခုနှစ်တွင် အခွန်နှုန်း သုံးဆခန့်မြင့်တက်သွား
သည့်အတွက် အိမ်ခြံမြေအခွန်နှုန်းများကိုသတ်မှတ်ရာတွင်
လည်း အစိုးရအနေဖြင့် တစ်ကြိမ်သာ ၀ယ်ယူသူများကို
အခွန်နှုန်းများလျှော့ပေါ့ စဉ်းစား ပေးသင့်ကြောင်း
ဒေါ်မို့မို့အောင်က ပြောသည်။
"အခု အခွန်နှုန်းက မြင့်နေတော့ အိမ်၊မြေကို တစ်ကြိမ်ပဲ
မဖြစ်မနေ နေထိုင်ဖို့ဝယ်တဲ့လူတွေအတွက်ကြတော့
အရမ်းကိုများနေတယ်။ အဲဒီလိုပြည်သူတွေအတွက်ကျတော့
အခွန်ဆောင်ရတာ ခက်ခဲတာပေါ့။ အိမ်၊ မြေ နှစ်လုံး၊ သုံးလုံး
ဝယ်တဲ့လူတွေကျတော့နှုန်းထားတစ်မျိုး ပြန်သတ်မှတ်တာမျိုး
အဲဒီလိုမျိုး လုပ်ပေးသင့်တယ်လို့ ကျွန်မတို့ကအကြံပြုချင်
ပါတယ်" ဟု ၎င်းက ပြောသည်။
"အခု ၂၀၁၇ ခုနှစ် နှစ်လယ်လောက်ကတော့ အိမ်ခြံမြေက
ပြန်ကောင်းလာ နိုင်ပါတယ်။အိမ်ခြံမြေ၀န်ဆောင်မှုဥပဒေ
လည်းထွက်လာတော့မယ်ဆို ပိုပြီးခိုင်ခိုင်မာမာနဲ့ လုပ်ငန်း
တွေ ပြန်ကောင်းလာမယ်လို့ ထင်ပါတယ်"ဟု
ဒေါ်မို့မို့အောင်က ပြောသည်။
(မြတ်ငြိမ်းအေး)
***
၂။ "ရန်ကုန်၊ မန္တလေးမြို့ အပါအ၀င် နေပြည်တော်
အိမ်ခြံမြေဈေးကွက်ပါ လှုပ်ရှားလာပြီး ၂၀၁၇ ခုနှစ်အတွင်း
ပိုမိုကောင်းမွန်လာဖွယ်ရှိကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူများ
သုံးသပ်"
၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်၊ မန္တလေး အပါအ၀င်
နေပြည်တော် အိမ်ခြံမြေ ဈေးကွက်များပါ လှုပ်ရှားလာကြောင်း
နှင့် ၂၀၁၇ ခုနှစ်အတွင်း ပိုမိုကောင်းမွန်လာဖွယ် ရှိကြောင်း
အိမ်ခြံမြေ ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်ဟု
House com mm က ဇန်န၀ါရီ ၅ ရက်စွဲဖြင့် သတင်း
ထုတ်ပြန်ထားသည်။
မန္တလေး အိမ်ခြံမြေဈေးကွက်တွင် တစ်မြို့လုံး အတိုင်းအတာ
အရ အေးနေခဲ့သော်လည်း အချို့နေရာများတွင်မူ အရောင်း
အငှား ဖြစ်ပေါ်နေပြီး အထူးသဖြင့် နိုင်ငံခြား စီးပွားရေး လုပ်ငန်း
များအတွက် အဆင်ပြေသော အချက်အချာကျ နေရာများတွင်
ကုမ္ပဏီနှင့် ရုံးခန်းများအတွက် သင့်တော်သည်များနှင့်
လုံလောက်သော အကျယ်အ၀န်းရှိသည့် မြေကွက်များတွင်
စီးပွားရေး လုပ်ငန်းသုံးများအဖြစ် အထူးသဖြင့် အငှားပိုင်း ပိုမို
ဖြစ်ပေါ်နေကြောင်း၊ မန္တလေး အိမ်ခြံမြေဈေးကွက်၌ အရောင်း
ထက် အငှားက ပိုမိုဖြစ်ပေါ်နေပြီး မြို့တွင်းအချက်အချာကျ
သည့် နေရာများတွင် လုပ်ငန်းလုပ်ကိုင်ရန် နေရာငှားရမ်းမှုများ
တိုးတက်ဖြစ်ပေါ်နေကြောင်း မန္တလေး အိမ်ခြံမြေ
အကျိုးဆောင်များထံမှ သိရသည်။
မန္တလေး အိမ်ခြံမြေဈေးကွက် အခြေအနေမှာ ရန်ကုန်နှင့်
နေပြည်တော်ကဲ့သို့ ရောင်းဝယ်ငှားရမ်းမှုများ ဖြစ်ပေါ်နေပြီး
၂၀၁၇ ခုနှစ်အတွင်း ပိုမိုကောင်းမွန်လာဖွယ် ရှိနေကြောင်း
အိမ်ခြံမြေ ကျွမ်းကျင်သူ အချို့က သုံးသပ်ခဲ့ကြသည်။
လက်ရှိ မန္တလေး အိမ်ခြံမြေဈေးကွက်နှင့် ပတ်သက်ပြီး
“အခြေအနေက ရွှေဈေးတက်၊ ဒေါ်လာဈေးတက်၊ ကားဈေး
တွေပါ တက်တဲ့အတွက် အိမ်ခြံမြေဘက်ကို ပိုစိတ်ဝင်စားလာ
ကြပါတယ်။ အရောင်းအ၀ယ် အဖြစ်များတဲ့ ဈေးနှုန်းတွေ
ကတော့ ကျပ်သိန်း ၁၀၀၀၀ အောက်ပေါ့။ ကျပ်သိန်း ၃၀၀၀
ကနေပြီး ကျပ်သိန်း ၆၀၀၀ နဲ့ ၈၀၀၀ ကြား တန်ဖိုးရှိတဲ့
အိမ်ခြံမြေတွေ အ၀ယ်လိုက်နေပါတယ်။ အရောင်းအ၀ယ်
အဖြစ်များတဲ့ နေရာတွေကတော့ မြို့အနောက်ပိုင်းမှ လွဲပြီး
၇၈ လမ်းနဲ့ ၆၂ လမ်းကြား ၁၉ လမ်းနဲ့ မနော်ဟရီလမ်းဘက်
တွေမှာ အရောင်းအ၀ယ် အဖြစ်များနေပါတယ်။ မန္တလေး
အိမ်ခြံမြေ ဈေးနှုန်းတွေကို ၂၀၁၇ အစောပိုင်း ကာလတွေ
မှာပေါ့ သုံးလပိုင်းလောက် အတွင်းမှာပဲ လက်ရှိ ဖြစ်ပေါ်
နေတဲ့ ဈေးနှုန်းတွေထက် ၁၀ ရာခိုင်နှုန်းလောက်အထိ
တက်ဖို့ ရှိတယ်လို့ ခန့်မှန်းပါတယ်” ဟု ဟိန်းထက်စိုး
အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီပိုင်ရှင်မှ House com mm
သို့ ပြောကြားခဲ့ကြောင်း သိရသည်။
ကာလတစ်ခု ကြာသည့်တိုင် အရောင်းအ၀ယ် အေးနေသည့်
နေပြည်တော်၏ အိမ်ခြံမြေဈေးကွက် အခြေအနေသည်လည်း
ရန်ကုန်၊ မန္တလေးတို့နည်းတူ ပြန်လည် လှုပ်ရှားလာနေပြီ
ဖြစ်ကြောင်း သိရသည်။
နေပြည်တော် အိမ်ခြံမြေ ဈေးနှုန်းများနှင့် ပတ်သက်ပြီး
“ရေရှည်မှာတော့ တက်မှာပဲ” ဟု အိမ်ခြံမြေ အကျိုးဆောင်
တစ်ဦးက ပြောကြားခဲ့ပြီး တည်နေရာကောင်းပြီး ဖွံ့ဖြိုးသည့်
နေရာများတွင် အိမ်ခြံမြေ ဈေးနှုန်းများ တိုးတက်လာနိုင်
ကြောင်း သုံးသပ် ပြောကြားခဲ့သည်။
နေပြည်တော်၏ အိမ်ခြံမြေဈေးကွက် အခြေအနေများအတွက်
နေပြည်တော်ရှိ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတစ်ခု
ဖြစ်သည့် အိမ်ဆည်းလည်း အကျိုးဆောင်မှ ဒေါ်နီလာလွင်က
“အရောင်းအငှား အဖြစ်များတာကတော့ ဇမ္ဗူသီရိမြို့နယ်
မြို့မဈေးနဲ့ သပြေကုန်းဈေး ဆိုင်ခန်း ပွဲရုံတန်းတွေက
အရောင်းထက် အငှား ပိုဖြစ်ပါတယ်” ဟုပြောကြားသည်။
၂၀၁၆ ခုနှစ်အတွင်း နေပြည်တော် အိမ်ခြံမြေဈေးနှုန်းများ
သည် အတက်အကျ မရှိဘဲ ပုံမှန်အတိုင်း ရောင်းဝယ်ငှားရမ်း
မှုများ ဖြစ်ပေါ်နေခဲ့ပြီး နေထိုင်ရန်နှင့် စီးပွားရေး လုပ်ငန်းများ
အတွက် ၀ယ်ယူမှုများ ရှိနေသော်လည်း ရောင်းလိုအားနှင့်
ယှဉ်ပါက ၀ယ်လိုအား နည်းနေသေးကြောင်းနှင့် ၂၀၁၇ ခုနှစ်
အစောပိုင်းတွင် အရောင်းအ၀ယ်များ ဆက်လက်ဖြစ်ပေါ်
နေနိုင်သော်လည်း ဈေးနှုန်းမှာ ပုံမှန်အတိုင်း ဆက်လက်
ဖြစ်ပေါ်နိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက
သုံးသပ်သည်။
(နီလာ)
credit - The Myanmar Times & Eleven Media Group
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
--------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
"စီမံကိန်းများကို အကြိုရင်ခွဲ စစ်ဆေးဖို့လိုသည်"
"စီမံကိန်းများကို အကြိုရင်ခွဲ စစ်ဆေးဖို့လိုသည်"
မဟာရန်ကုန်မြို့ပြစီမံကိန်း မဟာဗျူဟာ ၂၀၄၀ ကို
အစိုးရသစ်လက်ထက်မှာ ပြန်လည်ပြုပြင်ရေးဆွဲခိုင်းကြောင်း
သိရှိရပါတယ်။ ယခင်အစိုးရလက်ထက်က မြို့သစ်ခုနစ်မြို့
တည်ဆောက်ရန် အစီအစဉ်များ ပါဝင်ခဲ့တဲ့ စီမံကိန်းတစ်ရပ်
ဖြစ်ပြီး ယခုလို ပြန်လည်စိစစ် ရေးဆွဲစေခြင်းဟာ အလွန်
ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ စီမံကိန်းတို့ မည်သည်
ဘက်ပေါင်းစုံမှ အထပ်ထပ်စစ်ဆေးလေ ပိုကောင်းလေပါပဲ။
အနာဂတ်ကာလမှာ ဖြစ်ပေါ်ရင်ဆိုင်ရမယ့် လူ့ပယောဂ၊
သဘာဝဘေး အန္တရာယ်ပယောဂ၊ ငွေကြေး ပယောဂတွေကို
ကြိုတင်မျှော်မှန်း ရေးဆွဲရတာ လွယ်ကူတဲ့အလုပ်
မဟုတ်ပါဘူး။
လူအများပါဝင်ရေးဆွဲထားတဲ့ စီမံကိန်းတစ်ရပ်ကို မဆိုထားနဲ့
စာရေးသူတို့ လူတစ်ဦးချင်းအနေနဲ့ ဘယ်အချိန်မှာ ဘာလုပ်
မယ်ဆိုတဲ့ အစီအစဉ်ဇယားတစ်ခု ရေးဆွဲတာပင် မလွယ်ကူ
ပါဘူး။ လုပ်ချင်တာတွေ သိပ်များပြီး တကယ်တမ်းမလုပ်
နိုင်တာ၊ မလုပ်ဖြစ်တာ၊ လုပ်လို့မရတာတွေနဲ့ အများကြီး
ကြုံတွေ့ရပါတယ်။
ကျောင်းသားဘဝက စာကြည့်စားပွဲရှေ့မှာ စာကျက်ရမယ့်
အချိန်ဇယားကို နှစ်စကပင် ရေးဆွဲဖော်ပြထားတာ မှတ်မိပါ
သေးတယ်။ ဇယားကို ကြည့်ပြီး အဖေနဲ့အမေက
‘‘ဒါမှ ငါ့သား။ ဒီနှစ်တော့ စာမေးပွဲကို အလွယ်လေးနဲ့
အောင်မှာ’’လို့ အားပေးကြပါတယ်။
လက်တွေ့မှာတော့ အချိန်ဇယားဟာ အချိန်များစွာ နံရံမှာ
အထီးကျန်ခဲ့တာများပြီး စာမေးပွဲကြီးနီးမှ နေ့မအိပ် ညမအိပ်
အသေအလဲဖတ်ရ၊ ကျက်ရတော့တာပါပဲ။
ဒီနေရာမှာ ကနေဒါနိုင်ငံက စိတ်ပညာရှင် Roger Buehler ရဲ့
သုတေသနတွေ့ရှိချက်တစ်ရပ်ကို ဖော်ပြလိုပါတယ်။ သူဟာ
စာတမ်းတင်ကြရမယ့် နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသား
တစ်ဦးချင်းကို စာတမ်းပြုစုရမယ့် လုပ်ငန်းအတိုင်းအတာနဲ့
မိမိတို့ စွမ်းရည်ကို ချင့်ချိန်ပြီး အမှန်တကယ်ပြီးစီးမည့်
နေ့ရက်နဲ့ ဆိုးရွားသော အခက်အခဲများ ကြုံရခြင်းကြောင့်
နောက်အကျဆုံးပြီးစီးမည့် နေ့ရက်ဆိုပြီး နှစ်မျိုးခွဲတင်ပြ
ခိုင်းပါတယ်။
အဲဒီနောက် စာတမ်းပြုစုကြတဲ့အခါ ၃၀ ရာခိုင်နှုန်းသော
ကျောင်းသားများသာလျှင် အမှန်တကယ်ပြီးစီးပါမယ်ဆိုတဲ့
နေ့ရက်မှာ ပြီးစီးကြောင်း သိရှိ ရပါတယ်။
ပျမ်းမျှအားဖြင့် ၅၀ ရာခိုင်နှုန်းသော ကျောင်းသားတွေသာ
မိမိစီစဉ်ထားတဲ့အတိုင်း ပြီးစီးလေ့ရှိပြီး ကျန်ကျောင်းသားတွေ
ဟာ ဆိုးရွားသော အခက်အခဲများကြောင့် နောက်အကျဆုံး
ဖြစ်မယ်လို့ ခန့်မှန်းတဲ့ရက်ထက် ရက်သတ္တတစ်ပတ် ပိုပြီး
နောက်ကျခဲ့သေးတာ တွေ့ရှိရကြောင်း သိရပါတယ်။
အဲဒီ စစ်ဆေးတွေ့ရှိချက်က ဘာကိုပြသလဲဆိုရင် လူဆိုတာ
မိမိအမှန်တကယ်လုပ်နိုင်မယ့် စွမ်းအားကို ပိုပြီးခန့်မှန်းလေ့
ရှိတယ်ဆိုတဲ့ အချက်ပါပဲ။
ဒီအတိုင်းပါပဲ စီမံကိန်းတွေမှာ လုပ်နိုင်တာထက် ပိုမိုခန့်မှန်းပြီး
ဖြစ်ချင်တာတွေအားလုံး ရှေ့တန်းတင်တဲ့အတွက် လက်တွေ့
ဘဝနဲ့ အလွဲလွဲအချော်ချော် ဖြစ်လေ့ရှိတာ တွေ့မြင်နိုင်ပါ
တယ်။
ဩစတြေးလျနိုင်ငံရဲ့ အော်ပရာကပွဲရုံကြီးကို ၁၉၅၇ ခုနှစ်က
စီမံကိန်းရေးဆွဲခဲ့ပါတယ်။ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ
ခုနစ်သန်းနဲ့ ၁၉၆၃ ခုနှစ်မှာ ပြီးစီးမယ်လို့ စီမံကိန်း
သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါဟာ ပညာရှင်ပေါင်းများစွာ စုဝေးဆောင်ရွက်တဲ့ စီမံကိန်း
ပါပဲ။ လက်တွေ့မှာ ၁၀ နှစ်နောက်ကျပြီး ၁၉၇၃ ခုနှစ်ကျမှ
ပြီးစီးခဲ့ပါတယ်။ ကုန်ကျစရိတ်မှာလည်း ဒေါ်လာ ၁၀၂ သန်း
အထိရှိခဲ့ပြီး မူလခန့်မှန်းငွေထက် ၁၄ ဆတိတိ ပိုမိုကုန်ကျ
ခဲ့ရပါတယ်။
အဲဒီလို စီမံကိန်းအမှားများကို Planning Fallacy လို့
ခေါ်ဆိုပါတယ်။ မြန်မာတွေက ‘တွက်ရေးတော့ စက်သူဌေး၊
တွက်ကြည့်တော့ စက်မရှိ’ တဲ့ စီမံကိန်းလို့ ဆိုလေ့ရှိကြ
ပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလိုဖြစ်ခဲ့တဲ့ စီမံကိန်းတွေ
အများကြီးရှိခဲ့ပါတယ်။
အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင်း အချက်နှစ်ချက်ကို
တွေ့ရှိနိုင်ပါတယ်။
- ပထမအချက်က စီမံကိန်းနဲ့ပတ်သက်ပြီး အဆုံးအဖြတ်
ပေးနိုင်သူတွေအကြိုက် လိုက်ရေးတာ (သို့မဟုတ်)
အဆုံးအဖြတ်ပေးနိုင်သူတွေဟာ မိမိတို့ စိတ်အလိုရှိတဲ့
အတိုင်း ပြီးမြောက် ပြည့်စုံစေလိုသော ဆန္ဒလွန်ကဲမှု၊
တစ်နည်းအားဖြင့် လောဘကြီးမှုကြောင့် ဖြစ်ပါတယ်။
ဥပမာပြရရင် မြစ်ဆုံစီမံကိန်းပဲ ဖြစ်ပါတယ်။
- ဒုတိယအချက်ကတော့ စီမံကိန်းရဲ့ အဇ္ဈတ္တကို အထူး
အာရုံစိုက်ပြီး ဗဟိဒ္ဓကို မေ့ထားလေ့ရှိခြင်းဖြစ်ပါ တယ်။
ပြင်ပလောကမှာရှိတဲ့ မတူခြားနားတဲ့ အမြင်များ၊ ပယောဂများ၊
သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးအခြေအနေများ၊ အလားတူ
သာဓကများကို လေ့လာသုံးသပ်မှု အားနည်းကြတာလည်း
ဖြစ်ပါတယ်။
ဖဆပလခေတ်က ပြည်တော်သာစီမံကိန်းဟာ ဗဟိဒ္ဓ
အခြေအနေကို တွက်ချက်ရာမှာ အားနည်းလို့ အောင်မြင်မှု
မရရှိခဲ့တာ ဖြစ်ပါတယ်။
ကိုရီးယားစစ်ပွဲကာလ ဆန်လိုအပ်ချက်မြင့်မားမှုအရ
မြန်မာနိုင်ငံက တင်ပို့ရာမှာ ရရှိမယ့် ဝင်ငွေကိုအားပြုပြီး
‘လူတစ်ကိုယ်၊ တိုက်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေရှစ်ရာ’ လို့
ကြွေးကြော်ခဲ့ပါတယ်။ ကိုရီးယားစစ်ပွဲ အမြန်ပြီးသွားလို့
ဆန်မရောင်းရတော့ဘဲ ဝင်ငွေကျဆင်းသွားပြီး စီမံကိန်း
အသုံးစရိတ်တွေကို ဆက်လက်မကျခံနိုင်တော့ကြောင်း
သိရှိခဲ့ရပါတယ်။
အထက်ပါအချက်နှစ်ချက် အခြေခံပြီး Planning Fallacy နဲ့
မကြုံရအောင် ဆွစ်လူမျိုး စာရေးဆရာ စီးပွားရေးဒဿန
ပညာရှင် ဒေါက်တာရော့ဖ်ဒိုဘဲလီ (Rolf Dobelli)ရဲ့
အဆိုအမိန့်တစ်ရပ်ကို ပြောပြချင်ပါတယ်။
သူ့ရဲ့အဆိုအရ အရေးကြီးသော လိုအပ်ချက်တစ်ရပ်အဖြစ်
စီမံကိန်းနဲ့ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်ခြင်း မပြုမီ
‘အကြိုရင်ခွဲစစ်ဆေးခြင်း’ (Premortem) ပြုလုပ်သင့်
တယ်လို့ ဆိုပါတယ်။
စီမံကိန်းတစ်ရပ်ကိုတော့ နောက်ဆုံးအတည်မဖြစ်ခင်မှာ
ဘယ်နေရာတွေမှာ အားနည်းချက်တွေ ရှိနေသေးလဲ
ဆိုတာကို ကြို တင်စစ်ဆေးမှု အသေးစိတ်လုပ်သင့်
ကြောင်းနဲ့ ဒါကို ‘အကြိုရင်ခွဲ စစ်ဆေးခြင်း’ လို့ သုံးနှုန်းတာ
ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
အဆိုးဆုံးအတွက် အကောင်းဆုံးပြင်ဆင်ဖို့ အဓိက
ဦးတည်ခြင်းလည်း ဖြစ်ပါတယ်။
-----
မဟာရန်ကုန်မြို့ပြစီမံကိန်းမဟာဗျူဟာ ၂၀၄၀ ကို ပြန်လည်
စစ်ဆေးခြင်းဟာ အထက်ပါအတိုင်း ‘အကြိုရင်ခွဲစစ်ဆေးမှု’
ပြုလုပ်ခြင်းလို့ ယူဆမိပါတယ်။ စာရေးသူအနေနဲ့ မိမိရဲ့
ဉာဏ်အားနဲ့ အလှမ်းမီသမျှ ခွဲစိတ်ကြည့်ခဲ့ဖူးပါတယ်။
အဲဒီအခါမှာတော့ မြို့သစ်ခုနစ်မြို့ဆိုတာ အလွန်များပြား
လွန်းနေတာ တွေ့ရပါတယ်။ ရန်ကုန်မြို့ဟာ လူဦးရေ
၁၀ သန်းရှိတဲ့ မီဂါစီးတီးဖြစ်လာရင် အိမ်ရာလိုအပ်ချက်တွေ
ပိုမိုလာမှာဖြစ်လို့ အိမ်ရာတွေ တိုးချဲ့ရမယ်ဆိုတာ လက်ခံ
ပါတယ်။
မြို့သစ်မတိုးချဲ့ဘဲ အိမ်ရာတိုးချဲ့နိုင်တဲ့ နည်းလမ်းတွေ
မြန်မာပြည်မှာ ရှိပါတယ်။ ရန်ကုန်မြို့မှာ အဲဒီနည်းလမ်းကို
အဓိကနည်းလမ်းတစ်ရပ်အဖြစ် တံခါးဖွင့်ထားတာ
ဆယ်စုနှစ်များစွာ ကြာညောင်းခဲ့တာလည်း
တွေ့ရှိနိုင်ပါတယ်။
* နှစ်ပေါင်း ၄၀ အတွင်း ရန်ကုန်ရဲ့ လူဦးရေးတိုးနှုန်းနဲ့
မြေတိုးပွားမှုနှုန်းကို နှိုင်းယှဉ်ကြည့်ရင် မြေဧရိယာ
အကျယ်အဝန်း တိုးပွားမှုနှုန်းက ပိုမိုမြင့်မားနေတာကို
တွေ့ရှိရပြန်ပါတယ်။
- ၁၉၇၃ ခုနှစ်က ရန်ကုန်လူဦးရေဟာ ၂ ဒသမ ၃ သန်း
ရှိပြီး ရန်ကုန်စည်ပင်သာယာရဲ့ မြေဧရိယာဟာ
၈၁ စတုရန်းမိုင်ရှိပါတယ်။
- ၂၀၁၄ ခုနှစ်မှာ လူဦးရေ ၅ ဒသမ ၂ သန်းရှိလာပြီး
မြေဧရိယာဟာ ၃၀၆ စတုရန်းမိုင် ရှိလာတာ တွေ့ရှိနိုင်
ပါတယ်။
လူဦးရေက နှစ်ဆကျော်သာ တိုးပွားပေမယ့် မြေဧရိယာ
တိုးပွားမှုက လေးဆနီးပါး တိုးပွားလာတာ တွေ့ရှိနိုင်ပါ
တယ်။ *
ဒါကြောင့် မြေအလုံအလောက်ရှိနေတယ်။ ကွက်လပ်တွေ
လည်း ရှိနေတယ်။ ပြန့်ကျဲမှု (Sprawl) လည်း ရှိနေတယ်။
လူနေသိပ်သည်းမှုကို မြှင့်တင်ရန် ဖိတ်ခေါ်နေတယ်ဆိုတာ
ထင်ရှားပါတယ်။
* လူနေသိပ်သည်းမှုကို ဘယ်လောက်အထိ မြှင့်တင်
နိုင်မှာလဲလို့မေးရင် ဘန်ကောက်နဲ့ နှိုင်းယှဉ် ပြချင်ပါတယ်။
လက်ရှိ ရန်ကုန်ရဲ့ လူဦးရေသိပ်သည်းမှုဟာ တစ်စတုရန်း
ကီလိုမီတာမှာ ပျမ်းမျှ ၄,၅၉၈ ဦးရှိပြီး လူဦးရေ ၁၀ သန်း
ရှိတဲ့ ဘန်ကောက်မြို့မှာ တစ်စတုရန်းကီလိုမီတာကို
၉,၅၁၀ ဦးရှိတာတွေ့ရှိပါတယ်။ ရန်ကုန်ထက် နှစ်ဆကျော်
ပိုမိုပါတယ်။ ဒါကြောင့် လက်ရှိ ရန်ကုန်လူဦးရေဟာ
နောက်ထပ် နှစ်ဆတိုးပြီး ၁၀ သန်း ဖြစ်လာရင်တောင်
တစ်စတုရန်း ကီလိုမီတာကို ၉,၁၉၆ ဦးပဲရှိလာပြီး
ဘန်ကောက်ရဲ့ ၉,၅၁၀ ဦးထက် ၃၁၄ ဦး
လျော့နည်းနေဦးမှာ ဖြစ်ပါတယ်။ *
နောက်ပြီး မြို့သစ်တည်ခြင်းဟာလည်း လောလောဆယ်
၁ ဒသမ ၅ သိန်းခန့်ရှိနေတဲ့ ကျူးကျော်အပါအဝင်
အိမ်ရာမဲ့တို့အတွက် အရေးကြီးဆုံးစီမံကိန်းတစ်ရပ်
ဖြစ်ပါတယ်။
ရှိတဲ့ကျူးကို နေရာချထားရေး ဆောင်ရွက်ပေးရင်း
အနာဂတ်လူဦးရေ တိုးပွားမှုအတွက်ပါ ရည်ရွယ်ပြီး
မြို့သစ်တည် မှာလား၊ အနာဂတ်ကို ဦးစားပေးပြီး ပစ္စုပ္ပန်
အိမ်ရာမဲ့ကို အကျုံးဝင်စေမှာလားဆိုတဲ့ အတွေးအခေါ်
နှစ်ရပ်ရဲ့ ခြားနားမှုဟာ မတူညီတဲ့ စီမံကိန်းပုံစံကို မွေးဖွား
ပေးမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မော်ရိုကိုရဲ့ ၂၀၀၇ ခုနှစ် အခြေအနေနဲ့ လက်ရှိ
ရန်ကုန်မြို့ရဲ့ အနေအထား တူညီမှုရှိပုံကို နှိုင်းယှဉ်ဖော်ပြ
လိုပါတယ်။
မော်ရိုကိုမှာ ကျူးကျော်ရပ်ကွက် ၁,၀၀၀ ရှိပြီး လူဦးရေ
၁ ဒသမ ၇ သန်းရှိခဲ့ပါတယ်။ မြို့သစ်တည်ခြင်းကို ပထမ
မျိုးဆက်မြို့ (First Generation City)နဲ့ မြို့တိုးချဲ့ခြင်းကို
ဒုတိယမျိုးဆက်မြို့ (Second Generation City)လို့
အမျိုးအစားနှစ်မျိုးခွဲခြားပြီး နေရာချထားပေးခဲ့ပါတယ်။
အနာဂတ်တိုးပွားမယ့် အိမ်ရာလိုအပ်ချက်ကိုပါ ထည့်သွင်း
တွက်ချက်ပြီး အဆင့်နိမ့်အိမ်ရာ ကင်းမဲ့သောမြို့များ
(Cities Without Slums)လို့ စီမံကိန်းချမှတ်တည်ဆောက်
ခဲ့ကြောင်း သိရှိရပါတယ်။
ဒါဟာ မှန်ကန်တဲ့ စီမံကိန်းအစီအစဉ်လည်း ဖြစ်ပါတယ်။
အနာဂတ်လူဦးရေကိုသာ ဦးစားပေးပြီး အိမ်ရာမဲ့နဲ့
ကျူးကျော်နေရာချထားရေး ကိစ္စကို အစိတ်အပိုင်းအဖြစ်
ထည့်သွင်းဆောင်ရွက်ရင် နားရွက်ကို နောက်ပြန်ဆွဲသလို
ပါပဲလို့ ပြောချင်ပါတယ်။
ဆက်လက်ပြီး မြို့သစ်မည်မျှတည်ရန် လိုအပ်မည်နည်းဆိုတဲ့
မေးခွန်းကို ဖြေကြားဖို့ လိုအပ်လာပါတယ်။
လက်ရှိ ကျူးကျော်နဲ့ အိမ်ရာမဲ့အိမ်ထောင်စု ၁ ဒသမ ၅ သိန်း
ခန့်အပြင် ၂၀၄၀ မှာ အနာဂတ်လူဦးရေ ၁၀ သန်းအထိ
ဖြစ်လာရင် တိုးပွားမယ့် လူဦးရေ ၄ ဒသမ ၈ သန်းအတွက်
တွက်ချက်ရပါမယ်။
လူဦးရေ ၄ ဒသမ ၈ သန်းအတွက် ပျမ်းမျှတစ်အိမ်ထောင်လျှင်
လူဦးရေ ၄ ဒသမ ၈ ဦးနှုန်းအရ အိမ်ခြေတစ်သန်းလိုအပ်ပြီး
ကျူးကျော်နဲ့ အိမ်ရာမဲ့အတွက် ၁ ဒသမ ၅ သိန်းအပါအဝင်
စုစုပေါင်းအိမ်ရာ ၁ ဒသမ ၁၅ သန်းခန့် လိုအပ်ပါမယ်။
- တိုးပွားလာတဲ့ လူဦးရေမှာ မူလမိသားစုနဲ့ ပူးပေါင်းနေထိုင်
မည့်သူများ ပါဝင်ခြင်း၊
- အထက်မှာဖော်ပြခဲ့သလို အထပ်မြင့်အိမ်ရာများနဲ့
လူဦးရေသိပ်သည်းဆမြှင့်တင်ပေးခြင်း၊
- မင်းဓမ္မ နဲ့ ရန်ကင်း စတဲ့ Sub-Centreများ တည်ဆောက်ခြင်း၊
- အစိုးရအိမ်ရာများ ပြန်လည်ဖွံ့ဖြိုးရေး (Redevelopment)
ဆောင်ရွက် ခြင်း စတဲ့အကျိုးဆက်ကြောင့် အိမ်ရာလိုအပ်ချက်
လေးပုံသုံးပုံ (သို့ မဟုတ်) အိမ်ရာကိုးသိန်းခန့်ကို နှစ်ပေါင်း
၂၀ ကျော်ကာလအတွင်း ဖြည့်ဆည်းပေးနိုင်မှာ
သေချာပါတယ်။
ကျန်ရှိတဲ့ အိမ်ရာလိုအပ်ချက် နှစ်သိန်းကျော်အတွက်သာ
မြို့သစ်တည်ဆောက်ပေးရန် လိုအပ်မှာ ဖြစ်ပါတယ်။
အိမ်ရာတစ်သိန်းခန့်ရှိတဲ့ လှိုင်သာယာကို စံပြု ပြီး
မြို့သစ်သုံးမြို့တည်ရင် လုံလောက်နိုင်ကြောင်း
တွေ့ရှိရပါတယ်။
ဦးစားပေးမြို့တည်သင့်တဲ့ နေရာမှာ ပထမဦးစားပေးအဖြစ်
ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်ဖြစ်ပါတယ်။ ဒါကို သီးခြား
ဆောင်းပါးများရေးသားခဲ့ပြီးလို့ အကျယ်မရေးတော့ပါဘူး။
အဲဒီမှာ ရန်ကုန်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းကျူးတွေကို နေရာချ
ထားရန်လည်း အဆင်ပြေပါတယ်။
* ဒုတိယဦးစားပေးအဖြစ် ရန်ကုန်အနောက်ပိုင်းက
လှိုင်သာယာနဲ့ ထန်းတပင်အကြားမှာ တည်ဆောက်သင့်
ပါတယ်။ ဒါဟာ မည်သည့် တံတားမျှ ထပ်မံတည်ဆောက်ရန်
မလိုတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုရှိရုံမျှမက
လက်ရှိလှိုင်သာယာမှာ အများဆုံးရှိတဲ့ အိမ်ရာမဲ့နဲ့
ကျူးအိမ်ရာများ ပြန်လည်နေရာချထားရေးကို ဆောင်ရွက်ရန်
အဆင်ပြေဆုံးနေရာဖြစ်တာ တွေ့ရှိရပါတယ်။ *
တတိယ မြို့အနေနဲ့ ဒလကို ညွှန်းလိုပါတယ်။
ဒီနေရာမှာ ဒလမြို့သစ်စီမံကိန်းလို့ သုံးနှုန်းနေတာ လုံးဝ
မှားယွင်းနေကြောင်း ပြောချင်ပါတယ်။ဒလဟာ သမိုင်းဝင်
မြို့ဟောင်းတစ်ခုဖြစ်ပြီး မြို့သစ်တည်ဖို့ မလိုပါဘူး။
မြို့ကိုတိုးချဲ့ပြီး အဆင့်မြှင့်တင်ခြင်းစီမံကိန်း
(Ugrading and Extention)အဖြစ် ဆောင်ရွက်ရန်သာ
ဖြစ်ပါတယ်။
နောက်ထပ် ပဏာမအဆင့်အဖြစ် ‘အကြိုရင်ခွဲစစ်ဆေးခြင်း’
ပြုလုပ်သင့်တာကတော့ ၂၀၁၈ မှာ စတင်မယ်လို့ သတင်း
ထွက်ပေါ်လာတဲ့ ရန်ကုန်တောင်ပိုင်းအထူးစီးပွားရေးဇုန်
စီမံကိန်းဖြစ်ပါတယ်။
ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နဲ့ နိုင်ငံတကာ လေဆိပ်ပါဝင်
မယ်လို့ သိရပါတယ်။ မုတ်ကျွန်းဒေသကို အခြေခံတဲ့အတွက်
‘မုတ်ကျွန်းစီးပွားရေးဇုန်’ လို့ အမည်ပေးသင့်တယ်လို့
ယူဆပါတယ်။
အဲဒီ ရေနက်ဆိပ်ကမ်းဟာ တရုတ်ပြည် ကုန်းတွင်းပိုင်းဖြစ်တဲ့
ယူနန်ပြည်နယ်သို့ ကုန်စည်တင်ပို့ရေး အလားအလာ
ကောင်းများကို မျှော်မှန်းထားကြောင်း သိရှိရပါတယ်။ 
ဗဟိဒ္ဓမှာ အလားတူဖြစ်ထွန်းလာနိုင်တဲ့ ထိုင်းနိုင်ငံရဲ့
ကရားတူးမြောင်းပေါ်ပေါက်လာရင် မြောက်ပိုင်းကိုဖြတ်ပြီး
တရုတ်ပြည်ကို တင်ပို့နိုင်တဲ့ လမ်းကြောင်းတစ်ခု အပြိုင်
အဆိုင် ဖြစ်ထွန်းလာနိုင်တယ်ဆိုတဲ့ ယူဆချက်များကိုလည်း
ထည့်သွင်းစဉ်းစားဖို့ အကြံပြုလိုပါတယ်။
နောက်ဆုံးတစ်ချက်က အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း
ကိစ္စပါပဲ။ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်
တည်ဆောက်ရေးစီမံကိန်းကို ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင်တည်ဆောက်ရေးကော်မတီ
ဥက္ကဋ္ဌ တာဝန်ယူပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံတော်စီမံကိန်းတစ်ရပ်အဖြစ်
ဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။ အဲဒီ
လေဆိပ်ပေါ်ပေါက်လာရင် လက်ရှိ မင်္ဂလာဒုံလေယာဉ်ကွင်း
ဟာ ပြည်တွင်းခရီးစဉ်များအတွက်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ
နှစ်ဌာန ပြည့်စုံနေပါပြီ။
ဆင်းရဲတဲ့နိုင်ငံမှာ နောက်ထပ်အပြည်ပြည်ဆိုင်ရာ လေဆိပ်
လိုအပ်ပါဦးမလားဆိုတာ စဉ်းစားသင့်ပြီး တည်ဆောက်မယ်
ဆိုရင် Planning Fallacy ဖြစ်နိုင်တဲ့အကြောင်း အချက်
နှစ်ရပ်စလုံး အကျုံးဝင်နေမည်ကို စိုးရိမ်မိပါသည်။
* ဒီနေရာမှာ ဗိုလ်မြတ်ထွန်းတံတားအနီး ၅ မိုင်ခန့်အတွင်းမှာ
နောက်ထပ် ဧရာဝတီမြစ်ကူးတံတားတစ်စင်းကို ရထားလမ်း
ထည့်ပြီး တည်ဆောက်ခဲ့တဲ့အမှားကို သုံးသပ်ကြည့်ကြ
စေချင်ပါတယ်။
လက်တစ်ဖက်တည်းမှာ လက်ကောက်ကြီး နှစ်ကွင်းစွပ်ထား
သလိုပါပဲ။ ကားလမ်းနဲ့ ရေလမ်းကုန်စည်စီးဆင်းမှု အားကောင်း
နေတဲ့နေရာမှာ ရထားလည်း ခွက်ခွက်လန်အောင်ရှုံးလို့
ရပ်ဆိုင်းသွားရကြောင်း သိရှိရပြီး ကားတံတားပဲ ဖြစ်နေတာ
တွေ့မြင်နိုင်ပါတယ်။ *
တချို့က ဟံသာဝတီလေဆိပ်ဟာ ရန်ကုန် Down Town နဲ့
ဝေးလို့ တောင်ပိုင်းမှာ နောက်ထပ်လိုအပ်တယ်လို့ ပြောတဲ့
အသံထွက်လာပါသေးတယ်။
ဘယ်နိုင်ငံမှာမှ Down Town အတွက် လေဆိပ်သီးခြား
မရှိပါဘူး။ မိုင် ၅၀ ကျော်မျှသာ ကွာဝေးတဲ့နေရာအတွင်း
နောက်ထပ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု မရှိသင့်
ပါဘူး။
၂၀၁၈ ဆိုတာ နီးကပ်နေပါပြီ။
တာဝန်ရှိသူများက အဲဒီစီမံကိန်းကို အထူးအာရုံစိုက်ပြီး
‘အကြိုရင်ခွဲစစ်ဆေးမှု’ပြုလုပ်ပေးကြပါဦးလို့ ပန်ကြားရင်း
နိဂုံးချုပ်လိုက်ပါတယ်။
(မြင့်မိုရ်ဆွေ)
credit - 7day Daily
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
“စီးပွားဖြစ် ကျူးများ … သတိ”
“စီးပွားဖြစ် ကျူးများ … သတိ”
၁။ "ကျူးကျော်ဟု လိမ်လည်စာရင်းပေးသူများကို
စိစစ်အရေးယူမည်"
ကျူးကျော်နေထိုင်သူများစာရင်းအားလုံးကောက်ယူပြီး ပါက
- အခွင့်အရေးပေးမည့် ကျူးကျော်များနှင့်
- အရေးယူရမည့်ကျူးကျော်များဟူ၍ အမျိုးအစားနှစ်ခု
ခွဲခြားမည်ဖြစ်ကြောင်း
ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သ တင်းရရှိသည်။
ကျူးကျော် နေထိုင်သူများ စာရင်းကောက်ယူခြင်း ရှေ့ပြေး
စီမံချက်အဖြစ် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၃ ခုတွင်
ဆောင်ရွက်လျက်ရှိရာ ယင်းစီမံချက်ပြီးစီးပါက ကောက်ယူ
ထားသည့် အချက်အလက်များ မှန်ကန်မှုရှိ၊ မရှိကို စစ်ဆေး
မည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ အထက်ပါ အမျိုးအစားနှစ်ခု
ခွဲခြားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့
ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်ကိုက ပြောသည်။
‘‘မှန်ကန်မှုရှိ၊ မရှိကို ပြန်စိစစ်မယ့် အဖွဲ့တစ်ဖွဲ့ ဖွဲ့မယ်။
Third Party(တတိယအဖွဲ့အစည်း) တစ်ခုပါမယ်။ 
NGO လည်း ဖြစ် ချင်ဖြစ်မယ်။ နိုင်ငံရေးပါတီလည်း ဖြစ်ချင်
ဖြစ်မယ်’’ဟု ၎င်းက ဆို သည်။
အမှန်တကယ်နေစရာမရှိ၍ အလုပ်လုပ်ချင်စိတ်ရှိသည့်
ကျူးကျော်များကို အခွင့်အရေးပေးမည့် ကျူးကျော်များ
အဖြစ် သတ်မှတ်၍ ၎င်းတို့သည် နေစရာနှင့်အလုပ်အကိုင်
များရရှိနိုင်ကြောင်း နှင့် စီးပွားဖြစ်ကျူးကျော်(သို့မဟုတ်)
လိမ်လည်သူများကို သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူ
သွားမည်ဟု ဦးထွန်းနိုင်ကိုက ရှင်းပြသည်။
ရှေ့ပြေးစီမံချက်အဖြစ် မြို့နယ် ၁၃ ခုထဲမှ ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်တွင် စာရင်းကောက်ယူပြီးစီးနေပြီး
လက်ရှိ၌ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ကောက်ယူ
နေကြောင်းနှင့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်
(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မြောက်ဥက္ကလာပ၊
သာကေတ၊ မရမ်းကုန်း၊ အလုံ၊ ကျောက်တန်း၊ သန်လျင်၊
ဒလမြို့နယ်များ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်း၏ ညွှန်ကြားချက်အတိုင်း ဆက်လက်
လုပ်ဆောင်မည်ဟု ဆိုသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အခြေခံကျူးကျော်စာရင်း
ကောက်ယူရာ၌ အမှန်တကယ်နေထိုင်စရာမရှိသည့်
ကျူးကျော်များသာမက အိမ်ငှားစားသည့် အိမ်ရှင်များကို
လည်း စလစ်ထုတ်ပေးမှုများ ဖြစ်ပေါ်၍ ခန့်မှန်းထားသည့်
ကျူးကျော်စာရင်းထက် ပိုမိုများပြားနေကြောင်း
ယင်းမြို့နယ်၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာဖြူဖြူခိုင်က ပြောသည်။
‘‘အိမ်ရှင်တွေကို စလစ်တွေ ပေးထားမိတာ ရှိတယ်။
ဆင်းရဲ ချမ်းသာမရွေး ပေးရမယ်ဆိုပြီး မကျေမနပ်ဖြစ်တာ
တွေရှိတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့ပေါ်လစီက အမှန်တကယ်
နေစရာမရှိတဲ့သူတွေပဲ စာရင်းသွင်းခိုင်းပြီး သက်သေခံ
ကတ်ပြားထုတ်ပေးနေတာ။ လောလောဆယ်တော့ မူလ
စာရင်းထက် ဖောင်းပွလာတဲ့သဘောရှိတယ်။ ပြဿနာတွေ
ကတော့ အများကြီးပဲ’’ဟု ၎င်းက ဆိုသည်။
အဆိုပါမြို့နယ်တွင် ကျူး ကျော်အိမ်ခြေ တစ်သောင်း
ခြောက်ထောင်ကျော်ရှိသည်ဟု ခန့်မှန်း ထားပြီး လက်ရှိတွင်
တစ်သောင်း ကျော်ပြီးစီးနေပြီဖြစ်ကာ လာမည့် ငါးရက်
အတွင်း ပြီးစီးနိုင်ဖွယ်ရှိကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့
ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်ကို က ပြောသည်။
ယင်းမြို့နယ်အတွင်း ကျူးကျော်စာရင်းကောက်ယူခြင်းကို
အဖွဲ့သုံးဖွဲ့ခွဲ၍ ဆောင်ရွက်နေသည်။ ဦးဖြိုးမင်းသိန်းက
ကျူးကျော်စာရင်းပေးသွင်းရုံဖြင့် နေထိုင်စရာရရှိမည်မဟုတ်
ဘဲ အလုပ်လုပ်ကိုင်ရန်လိုကြောင်းနှင့် အလုပ်ရှိလျှင်
အစိုးရက နေထိုင်စရာ စီမံပေးနိုင်ကြောင်း
သတိပေး ပြောကြားထားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကျူးကျော်
နေထိုင် သူများအတွက် တန်ဖိုးနည်း တိုက်ခန်း
၁၀,၀၀၀ ကျော် စီစဉ်လျက်ရှိကြောင်း လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက
နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် တိုင်းဒေသကြီး
လွှတ်တော်၌ ပြောကြားခဲ့သည်။
ဆက်လက်၍ နယ်လုံဝန်ကြီး က ရန်ကုန်တိုင်းဒေသကြီး
အစိုးရ အဖွဲ့အနေဖြင့် အစစ်အမှန်ကျူးကျော်သူများအား
နောက်ပိုင်းတွင်နေရာချထားပေးချိန်၌ ဦးစားပေး အဖြစ်
စဉ်းစားမည်ဖြစ်ကြောင်း နှင့် စီးပွားဖြစ် ကျူးကျော်များကို
ဥပဒေအတိုင်း အရေးယူဆောင်ရွက်မည်ဟု
ပြောကြားထားသည်။
ကျူးကျော်နေထိုင်သူ ခန့် မှန်းစာရင်းတွင် ရန်ကုန်တိုင်း
ဒေသကြီး ခရိုင်လေးခု၌
- ကျူးကျော်အိမ်ခြေ တစ်သိန်းတစ်သောင်းငါးထောင်ကျော်၊
- အိမ်ထောင်စု တစ်သိန်းခြောက်သောင်းခုနစ်ထောင်ကျော်
နှင့်
- လူဦးရေ လေးသိန်းသုံးသောင်းကျော်ရှိနေကြောင်း
အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
(ထက်အာကာကျော်)
***
၂။ "စီးပွားဖြစ်ကျူးတွေ ကျူးတဲ့မြေအလိုက် အရေးယူမည်"
ရန်ကုန်တိုင်းအတွင်း စီးပွားဖြစ်ကျူးကျော်နေထိုင်သူတွေ
ကို သူတို့ကျူးထားတဲ့ သတ်မှတ်မြေအလိုက် ဥပဒေအရ
အရေးယူမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးလုံခြုံရေး   
နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာပြောတာပါ။
ကျူးကျော်နေထိုင်သူစာရင်းကို ရန်ကုန်တိုင်း ဒေသကြီး
ဝန်ကြီးချုပ်ရဲ့ အစီအစဉ်နဲ့ စက်တင်ဘာလ ၂ ရက်နေ့က
စပြီး တောင်ဒဂုံမြို့နယ်မှာ စတင်ကောက်ခံနေတာပါ။
"ဒီကနဦးကောက်ခံမှုတွေအရ စီးပွားဖြစ်ကျူးကျော်တွေကို
တွေ့ရှိခဲ့တယ်" လို့ ဗိုလ်မှူးကြီး တင်အောင်ထွန်းက
ပြောပါတယ်။
စီးပွားဖြစ်ကျူးကျော်နေထိုင်သူတွေက ပိုင်ရှင်ဆိုပြီးပြောတဲ့
သူဆီကနေဝယ်ပြီး နောက်ထပ်ရောက်လာတဲ့ကျူးကျော်
တွေကို တစ်ဆင့်ပြန်ရောင်းချတာ၊ မိမိကိုယ်တိုင် ကျူးကျော်
ထားတဲ့နေရာကို တစ်ဆင့်ပြန်ရောင်းတာ၊ အငှားချတာနဲ့
မိမိမြေကွက်နေရာနားမှာ အဖီထုတ်အခန်းဖွဲ့ပြီး ရောင်းချ၊
ငှားရမ်းကြတာဖြစ်ပါတယ်။
နောက်ထပ်ကျူးကျော်တစ်မျိုးက ရပ်ကွက်ထဲမှာနေစရာ
အိမ်ရှိတယ်။ နီးစပ်ရာလမ်းတွေ ပေါ်ထွက်ပြီးကျူးကျော်
တဲတွေ၊ ဈေးဆိုင်ခန်းတွေဆောက်ပြီး စက်ဘီးဆိုင်၊
မုန့်ဟင်းခါး၊ အသုပ်စတဲ့ ဈေးဆိုင်တွေရောင်းချကြတာ
ဖြစ်ပါ တယ်။
လယ်ယာမြေတွေကို ပိုင်ရှင်တွေက စိတ်ပိုင်းရောင်းချပြီး
ဝယ်တဲ့သူတွေကအိမ်ဆောက်ပြီး ကျူးကျော်ကြတာလည်း
ရှိပါတယ်။ သည်ကျူးကျော်တွေအားလုံးကနေစရာမရှိလို့
မဟုတ်ဘူး၊ စီးပွားရေးအရ ကျူးကျော်တာဖြစ်လို့
ကိုယ်ကျူးထားတဲ့မြေပေါ်မူတည်ပြီး ဥပဒေအရ
အရေးယူခံရမှာဖြစ်ပါတယ်။
ဥပဒေပုဒ်မ
------------
မြေသတ်မှတ်ချက်အလိုက် ဥပဒေအရ အရေးယူခံရမယ့်
ပုဒ်မတွေက
- စားကျက်မြေပေါ်မှာ ကျူးကျော်ရင် ၁၈၇၆
အောက် မြန်မာနိုင်ငံမြေနှင့် အခွန်ဥပဒေ၊
- ဌာနဆိုင်ရာ အဆောက်အအုံမြေပေါ်မှာ ကျူးကျော်ရင်
၁၉၅၅ အစိုးရ အိမ် ဥပစာနှင်ထုတ်ခြင်းဥပဒေ၊
- လယ်ယာမြေပေါ်မှာ ကျူးကျော်ရင် ၂၀၁၂ လယ်ယာမြေ
ဥပဒေ၊
- သစ်တောကြိုးဝိုင်းမြေပေါ် ကျူးကျော်ရင် သစ်တော
ဥပဒေနဲ့အရေးယူမှာဖြစ်ပါတယ်။
- ကြိုတင်ကာကွယ်တောမြေပေါ်မှာ ကျူးကျော်ရင်
သစ်တော နည်းဥပဒေ၊
- လယ်ဦးစီး ဌာနမြေပေါ်မှာ ကျူးကျော်ရင်လမ်းမကြီးများ
နည်းဥပဒေနဲ့ အရေးယူမှာဖြစ်ပြီး    
- ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေပေါ်မှာ ကျူးကျော်ရင်
ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး
ဥပဒေနဲ့ အရေးယူမယ်လို့သိရပါတယ်။
- သဘာဝနယ်မြေပေါ်မှာ ကျူးကျော်တဲ့သူတွေကို
၁၉၉၄ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ
ကာကွယ်ရေးဥပဒေနဲ့ သဘာဝနယ်မြေထိန်းသိမ်းရေး
ဥပဒေနဲ့ အရေးယူသွား မှာဖြစ်ပါတယ်။
- မြစ်၊ ချောင်း၊ ကမ်းခြေ၊ သတ္ထုတွင်းမြေတွေပေါ်မှာ
ကျူးကျော်ရင်တော့ ၂၀ဝ၆ ခုနှစ် ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေနဲ့ ၁၉၉၄ မြန်မာ့
သတ္ထုတွင်းဥပဒေတို့နဲ့ အရေးယူခံရမှာဖြစ်ပါတယ်။
ကျူးကျော်စာရင်းတွေက မူလကောက်ယူထားတဲ့စာရင်း
တွေထက် ပိုများနေတာတွေ့ရပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ မူလကောက်ခံထားတဲ့
စာရင်းတွေက ကျူးကျော်နေထိုင်သူဦးရေ ၁၈,၆၉၆ ဦး
ဖြစ်ပြီး တိုင်းဒေသကြီးအစီအစဉ်နဲ့ကောက်ယူတဲ့ စာရင်း
အရ ကျူးကျော်နေထိုင်သူဦးရေ ၂၂,၃၂၆ ရှိတာကြောင့်
လူဦးရေ ၃၆၃၀ ပိုများနေပါတယ်။
ကျူးကျော်စာရင်းကောက်ခံတဲ့ပုံ
---------------------------------
ကျူးကျော်စာရင်းကို နည်းပညာနဲ့ လက်ဗွေရာကို
စကန်ဖတ်၊ ဓာတ်ပုံမှတ်တမ်းယူပြီး ကောက်ခံနေတာ
ဖြစ်ပါတယ်။
အုပ်ချုပ်ရေးပိုင်းက ကျူးကျော်တွေကိုစုပေး ပြီး စာရင်း
ကောက်ခံတဲ့အဖွဲ့က လက်ဗွေရာစစ်ဆေးပြီးအသိအမှတ်
ပြုသက်သေခံ လက်မှတ်ထုတ်ပေးတာဖြစ်ပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်
ကိုယ်စားလှယ် ဦးညီညီက အုပ်ချုပ်ရေးပိုင်းကနေပြီးတော့
ပေးတဲ့ လူဦးရေစာရင်းပေါ်မူတည် ပြီးတော့ကျွန်တော်တို့က
ကောက်ရတာပါ၊ လွှတ်တော်ကိုယ်စား လှယ်တွေကလိုက်ပြီး
ဝန်းရံတဲ့သဘောပါပဲလို့  ပြောပါတယ်။
ကျူးကျော်စာရင်းတွေကို စာရင်းကောက်သူ ၃၀ ဦး၊
ကွန်ပျူတာပညာရှင် ၁၈ ဦးနဲ့  ဝန်းရံအင်အား ၃၀၊ 
စုစုပေါင်း ၇၈ ဦးနဲ့ကောက်ခံနေတာဖြစ်ပါတယ်။
ကျူးကျော်နေထိုင်သူတွေဖြစ်ကြောင်း အသိအမှတ်ပြု
လက်မှတ်ကို တစ်ဆင့်ရောင်းချလို့မရပါဘူး။
သည်လက်မှတ်တွေက လက်ဗွေရာပါပြီးသား ဖြစ်လို့
လက်ဗွေရာကွဲလွဲ နေရင် ဥပဒေကြောင်းအရ
အရေးယူခံရမှာပါ။
(ပို့ပို့မြင့်မွန်)
credit - 7day Daily & Kumudra Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
"ကွာရှင်းပြီး လင်မယားထံမှ အိမ်နှင့်မြေကို ၀ယ်မည်ဆိုလျှင်"
"ကွာရှင်းပြီး လင်မယားထံမှ အိမ်နှင့်မြေကို
ဝယ်မည်ဆိုလျှင်"
''ဒဂုံမြို့သစ်က မြေကွက်တစ် ကွက်သွားကြည့်ပြီး
ပြန်လာတာ''          
စိတ်ပျက်နေသည့် ပုံစံဖြင့် ရုံးခန်းထဲသို့ ဝင်လာသော
သူငယ်ချင်း ၏ စကားကိုကြားလိုက်ရသည်။
''ဘယ်လိုဖြစ်လာရပြန်တာလဲ၊ မြေဝယ်ဖို့သွားတာလား၊
အဆောက်အအုံပါသေးလား''
စာရေးသူက မေးလိုက်ခြင်း ဖြစ်သည်။
''ပေ၄ဝ x ပေ၆ဝ အဆောက်အအုံလည်းပါတယ်။
ဝယ်မယ်လို့ သွားတော့မှ ကွာရှင်းထားတဲ့ မိန်းမ က
ကန့်ကွက်နေလို့ ခဏစောင့်ပါဦးဆိုပြီး ပြောလိုက်တယ်။
ကွာရှင်းပြီးမှ ကန့်ကွက်ပိုင်ခွင့် ရှိသေးလို့ လား။
အဲဒါ စိတ်ထဲမကျေမနပ်ဖြစ်နေလို့
သူငယ်ချင်း ဆီဝင်လာတာ''
''လင်မယား လက်ထက်ပွား ပစ္စည်းဖြစ်နေလို့
ဖြစ်မှာပေါ့''
''မဟုတ်ဘူးကွ၊
အမည်ပေါက်က ယောက်ျားအမည်ပေါက်နဲ့ဆိုတော့
အမွေခွဲစိတ်ပြီးဖြစ်မှာပေါ့''
''အသေပြောလို့တော့ မရဘူး။
* မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ
လင်မယားနှစ်ဦးပေါင်းသင်းနေစဉ် တိုးပွားရရှိလာတဲ့
ပစ္စည်းကို လက်ထက်ပွားပစ္စည်းလို့ခေါ်တယ်။
အဲဒီလက်ထက်ပွားပစ္စည်းဆိုရင် လင်မယားနှစ်ဦးလုံး
ပူးတွဲပိုင်ရှင်တွေဖြစ်တယ်။
တစ်ဦးတည်း သဘောနဲ့ ရောင်းပိုင်ခွင့်မရှိဘူး။
အရောင်းအဝယ်ပျက်ပြယ်တယ်လို့ ဆိုတယ် * ''
''အခုကိစ္စက ကွာရှင်းပြီးသားလို့ ပြောတာပဲ''
''အေး-အဲဒီအခြေအနေကို ဆက်ရှင်းပြမယ်။
ဆက်စပ်ပြီး နားလည်မှ သဘောပေါက်မှာ
သူငယ်ချင်း''
''ကောင်းပါပြီ၊ ဆက်ပါဦး''
'' * အချို့လင်မယားတွေက တစ်ဦးတည်းအမည်နဲ့
အိမ်မြေ ဝယ်ထားကြတာရှိတယ်။
အဲဒီလို တစ်ဦးတည်းအမည်ပေါက်ရုံနဲ့ တစ်ဦးတည်းပိုင်
ပစ္စည်းအဖြစ် ပြောင်းလဲမသွားဘူး သူငယ်ချင်း၊
နောက်ဆုံး လင်မယားကွာရှင်းပြီးသည့်တိုင်
လက်ထက်ပွား ပစ္စည်းဖြစ်ရင်
တစ်ဦးတည်း အမည်ပေါက်လည်း
နှစ်ဦးပိုင် ပစ္စည်းဖြစ်တယ်လို့
တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အမှုလည်း ရှိတယ် * ''
''လင်မယားကွာရှင်းပြီးရင်တော့ ပစ္စည်းပိုင်ဆိုင်မှု
မရှိတော့ဘူး မဟုတ်လား''
''ဒီလိုရှိတယ်သူငယ်ချင်း၊
* လင်မယားကွာရှင်းပြီးပေမယ့်
ပစ္စည်း မခွဲဝေရသေးရင် ကန့်ကွက်ခွင့်ရှိတယ်
သူငယ်ချင်း။
တစ်ခါ တစ်ရံမှာ လင်မယားကွာရှင်းမှု သက်သက်ပဲ
တရားရုံးမှာ လျှောက်ထားကြတာရှိတယ်။
တရားရုံးကလည်း ကွာရှင်းခွင့်ကိစ္စသာ အမိန့် ချပေးမှာ
ဖြစ်တယ်။
ပစ္စည်းခွဲဝေခွင့် ပူးတွဲမလျှောက်တဲ့အတွက် ပစ္စည်းခွဲဝေတဲ့
အမိန့်မပါဘဲ ဖြစ်တတ်တယ်။
အချို့က ကွာရှင်းမိန့်ရပြီးမှ ပစ္စည်းခွဲဝေခွင့်ကို ထပ်မံ
လျှောက်ထားတတ်ကြတယ်။
ဒါကြောင့် ကွာရှင်းရုံနဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်က
မခွဲဝေရသေးတဲ့အတွက် ပူးတွဲပိုင်ရှင်အဖြစ်ပဲ
ရှိနေတယ် * ''
''မယားက ဖောက်ပြန်ရင် အမွေဆုံးရှုံးတယ်လို့
ကြားဖူးတယ်''
''မှန်ပါတယ်၊
မယားဖြစ်သူက အခြားသော ယောက်ျားနဲ့ ဖောက်ပြန်တာ
မှန်ကန်တယ်ဆိုရင် လင်မယားနှစ်ဦးပိုင်ပစ္စည်းမှာ
မယားက အခွင့်အရေးဆုံးရှုံးတယ်လို့
ဥပဒေ အရ သတ်မှတ်ထားတယ်။
ဒါပေမယ့် ဒီကိစ္စက လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး
သူငယ်ချင်း။
လင်က မယားကို အခြားသူနဲ့ စွပ်စွဲရုံနဲ့
ဖောက်ပြန်ပါတယ်လို့ တရားရုံးက သတ်မှတ်မပေးဘူး။
အမှန် တကယ် ဖောက်ပြန်ကြောင်း ခိုင်လုံတဲ့
အထောက်အထားပြဖို့ လင် ယောက်ျားမှာ တာဝန်ရှိတယ်။
ကဲ-ထားပါတော့၊
သူငယ်ချင်းကိစ္စ ကို ဆက်ဆွေးနွေးကြရအောင်၊
လင်မယားကွာရှင်းတာက တရားဝင် စာချုပ်စာတမ်းနဲ့
တရားရုံးမှာ ကွာရှင်း ကြတာလား''
''သူပြောစကားအရတော့ တရားရုံးမှာ ကွာရှင်းပြီးသားလို့
ပြောတာပဲ''
''ပစ္စည်းခန်းခွဲဝေပြီး၊ မပြီး ဆိုတာရော မမေးမိဘူးလား''
''မြေကွက်က သူ့အမည် ပေါက်နေတယ်ဆိုတော့
ပစ္စည်းခန်း ခွဲဝေပြီး ဖြစ်တယ်လို့ ထင်တာပေါ့၊
အခုမှ မိန်းမက ကန့်ကွက်လာလို့ ခေတ္တ ဆိုင်းပါဦး
ဖြစ်တာ''
''ဒါကိုတော့ သူငယ်ချင်း သေချာပြန်မေးဖို့လိုလိမ့်မယ်။
ပစ္စည်း ခန်းမခွဲဝေရသေးဘူး။
ရောင်းမယ့် မြေနဲ့ အိမ်ကလည်း လင်မယားနှစ်ဦး
လက်ထပ်ပြီးမှ တိုးပွားလာတဲ့ ပစ္စည်းလား၊
လက်မထပ်မီကတည်း က လင်ရဲ့အမည်နဲ့ ဝယ်ထားတဲ့
ပစ္စည်းလား ဆိုတာကို သေချာ စုံစမ်းစေချင်တယ်။
ဒါမှ ရောင်းသူကို အကြံပေးနိုင်သလို၊
မိမိကိုယ်တိုင် ကလည်း ဝယ်သင့်၊ မဝယ်သင့်
ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်''
''သူငယ်ချင်းပြောလို့ သတိရ သွားတယ်''
''ကဲ-ပြောပါဦး''
''အခုရောင်းမယ့်အိမ်နဲ့ မြေ က သူနဲ့ အိမ်ထောင်မကျမီ
ဝယ်ထားတဲ့ ပစ္စည်းမို့ မဆိုင်ဘူးပြောတယ်''
''ဒါပေမယ့် အဲဒီအိမ်မှာပဲ အတူနေခဲ့ကြတာမဟုတ်လား။
လင်ယောက်ျားရဲ့ ပါရင်းပစ္စည်းဖြစ်သွားတယ်။
ဒါတွေရှင်းပြနေရင် သူငယ်ချင်း ရှုပ်ထွေးကုန်မယ်''
''အေး-ဥပဒေအကြောင်းအချက်တော့ မလိုအပ်ဘူး။
အခု သိချင်တာက လင်မယားတရားဝင် ကွာရှင်းပြီးရင်
လင်ပိုင်ပစ္စည်းကို ရောင်းတဲ့အခါကန့်ကွက်ခွင့်
ရှိ မရှိဆိုတာပဲ သိချင်တယ်''
''သူငယ်ချင်းကို ရှင်းအောင် ပြောရရင်
၁၉၆၅ ခုနှစ်ကတည်း က တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့
စီရင်ထုံးတစ်ခုရှိတယ်၊
ယခုတိုင်လည်း အဲဒီဆုံးဖြတ်ချက်ကို လိုက်နာဆဲဖြစ်တယ်။
မောင်ထွန်းလင်းနဲ့ မမယ်ခင်
၁၉၆၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး
စာမျက် နှာ ၃၇၄ မှာ
* ကွာရှင်းပြီး လင်မယားဖြစ်သော်လည်း အချင်းဖြစ် ပစ္စည်းကို
ခွဲဝေခြင်းမပြုရသေးသဖြင့် မယားတွင် ပိုင်ဆိုင်ခွင့် ရှိသည် * ''
လို့ ဆုံးဖြတ်ခဲ့တယ်။
ဒါကြောင့် လင်မယားပိုင်ဆိုင် တဲ့ ပစ္စည်းရှိခဲ့ရင်
တရားဝင် ကွာရှင်းပြီးပေမယ့် ပစ္စည်းခန်း မခွဲဝေရသေးက
အဲဒီပစ္စည်းဟာ လင်မယားနှစ်ဦးပိုင်ပစ္စည်းအဖြစ်
တည်ရှိနေမှာပဲ သူငယ်ချင်း၊
ရောင်းမယ်၊ ပေါင်မယ် လွှဲပြောင်းပေးမယ်ဆိုရင်
ကျန်တဲ့သူက ကန့်ကွက်ခွင့်ရှိမှာဖြစ်တယ်''
''ဒါဆိုရင် အခုရောင်းမယ့် မြေနဲ့အိမ်ဟာ
ပစ္စည်းခန်းခွဲဝေပြီးတဲ့ စာရင်းထဲ ပါ၊ မပါ စုံစမ်းရမှာပေါ့''
''မှန်ပါတယ်။
ပစ္စည်းခန်း ခွဲဝေပြီးလို့ လင်ယောက်ျားပိုင် ပစ္စည်းအဖြစ်
ခွဲဝေထားတယ်ဆိုရင် အမြန်သာ ပြေးဝယ်လိုက်တော့
သူငယ်ချင်း''ဟု အကြံပြုရင်း
ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
credit - ဈေးကွက် ဂျာနယ်
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
“လှုပ်ရှားလာသော အိမ်ခြံမြေဈေးကွက်နှင့် ရှေ့အလားအလာ”
“လှုပ်ရှားလာသော အိမ်ခြံမြေဈေးကွက်နှင့်
ရှေ့အလားအလာ”
၁။ "ရန်ကုန် အိမ်ခြံမြေဈေးကွက် အနည်းငယ်
ပြန်လှုပ်လာ"
ဟံသာဝတီလေဆိပ်စီမံကိန်း စတင်ရန် ပြင်ဆင်မှုနှင့်
ဒေါ်လာ၊ ရွှေ၊ ကား ဈေးကွက်များ ခိုင်မာမှုအားနည်းလာခြင်း
ကြောင့် အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှု အနည်းငယ် ပြန်လည်
ပြုလုပ်လာသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က
ပြောသည်။
ရန်ကုန် အိမ်ခြံမြေဈေးကွက်သည် ၂ နှစ်ကျော်အတွင်း
အရောင်းအဝယ် အေးစက်ခဲ့ပြီးနောက် ၂၀၁၆ နှစ်ကုန်တွင်
အရောင်းအဝယ်အချို့ ပြန်ရှိလာသည်ဟု အိမ်ခြံမြေ
အကျိုးဆောင်များက ပြောကြားသည်။
မြေတန်ဖိုး ကျပ်သိန်းလေးထောင်မှ ငါးထောင်ကြားရှိသည့်
တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း စသောမြို့နယ်များမှ
အိမ်မြေအချို့ ယခု ရက်ပိုင်းအတွင်း အရောင်းအဝယ်
ဖြစ်သည်ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ
ဦးသန်းဦးက ပြောသည်။
လက်ရှိ အိမ်ခြံမြေအရောင်းအဝယ်များသည် မူလ ခေါ်ဈေး
တန်ဖိုးထက် ၂၀ မှ ၃၀ ရာခိုင်နှုန်း ကြား ဈေးနှုန်းလျှော့ချ
ရောင်းမှသာ အရောင်းအဝယ်ဖြစ်သည်ဟု ပို့ကုန်၊ သွင်းကုန်
လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခင်က အရောင်းအဝယ်ကောင်းခဲ့သည့် ဒဂုံအရှေ့၊
ဒဂုံဆိပ်ကမ်းတို့မှ ပါမစ်မြေကွက်များသည်လည်း
အောက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း
ဦးသန်းဦးက ပြောသည်။
* ၂၀၁၇ တွင် နိုင်ငံ့စီးပွားရေး အခြေအနေ အလားအလာ
ကောင်းလာနိုင်ခြေရှိခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
အဝင်များလာမည့်အခြေအနေများကို မျှော်မှန်းနိုင်ခြင်း
ကြောင့် အိမ်ခြံမြေဈေးကွက် အနည်းငယ် ပြန်ကောင်း
လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က
ခန့်မှန်းနေသည်။ *
အိမ်ခြံမြေ ဈေးကွက်တွင် မျှော်လင့်ချက်များ ရှိလာနိုင်
သော်လည်း တိုက်ခန်းဈေးကွက်မှာ အစိုးရ၏တန်ဖိုးနည်း
အိမ်ရာစီမံကိန်းများကြောင့် လက်ရှိအခြေအနေအတိုင်း
ရှိနိုင်သည်ဟု Three Friend ဆောက်လုပ်ရေးဒါရိုက်တာ
ဦးကိုကိုလေးက ပြောသည်။
ရန်ကုန်မြို့မှ တန်ဖိုးနည်း အိမ်ရာသုံးခုရှိ အခန်း ၂,၂၀၀
ကျော်ကို ၂၀၁၇ နှစ်ဆန်းတွင် စတင်ရောင်းချမည်ဟု
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန တာဝန်ရှိသူများက
ပြောသည်။
မြေကိုယူပြီး အခန်းတည်ဆောက်မှု ပြုလုပ်မည့်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် လက်ရှိတွင်
ရှောင်ကြဉ်ရန်တိုက်တွန်းကြောင်း မြန်မာနိုင်ငံကုန်သည်များ   
နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ပြုလုပ်သော
ဒုတိယသမ္မတနှင့် စီးပွားရေးကဏ္ဍအလိုက် ပါဝင်နေသည့်
လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က
ပြောကြားခဲ့သည်။
(ပြည်သိမ်း)
***
၂။ "မန်း အိမ်ခြံမြေ ဈေးကွက်ရင်းနှီးမြှုပ်နှံလိုသူအချို့
ပြန်လည်ဝင်ရောက်လာ"
အခုနှစ်ကုန်ပိုင်းမှာ မန္တလေး အိမ်ခြံမြေဈေးကွက်ကို ရင်းနှီး
မြှုပ်နှံလိုသူ အချို့ ပြန်လည်ဝင်ရောက်လာတာကြောင့်
အရင်ကထက် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းတွေ
ပြန်သွက်နေတယ်လို့ မန္တလေးမြို့က အကျိုးဆောင်အချို့
က ပြောပါတယ်။
ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုဝဏ္ဏစိုးက
“အခုလတ်တလောမှာ စီးပွားရေး မတည်ငြိမ်တာနဲ့ ကျပ်ငွေ
တန်ဖိုးကျဆင်းနေတာဆိုတော့ ကျပ်ငွေမကိုင်လိုတဲ့သူတွေ
အိမ်ခြံမြေဈေးကွက်ဘက် လှည့်လာတာဖြစ်မယ်၊
အရင်ကလို ရုတ်ရုတ်သဲသဲ ဖြစ်အောင်တော့
ဝင်မလာနိုင်ဘူး” လို့ ပြောပါတယ်။
မြေကွက်တွေကို ရင်းနှီးမြှုပ်နှံလိုသူတွေ ဝင်ရောက်လာပေမဲ့
လည်း လတ်တလောဈေးတက်လာဖို့ အခြေအနေ မရှိသေး
သလို အရင်လို မြေဈေးလည်း ရုတ်တရက် ထိုးတက်သွား
တာမျိုး မရှိနိုင်တော့ဘဲ ပုံမှန်ဈေးတန်းအတိုင်း သာ
အရောင်းအဝယ် ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။
“အခြားစီးပွားရေးလုပ်ငန်းတွေက အဆင်မပြေတာရယ်၊
ငွေကြေးမတည်ငြိမ်တဲ့ အတွက် လှည့်လာတာဖြစ်မယ်၊
အရင်လို ကောက်ဝယ်တိုင်း မြတ်တယ်ဆိုတဲ့ ခေတ်မဟုတ်
တော့ဘူး၊ ဈေးတွေကလဲ ပုံမှန်မှာပဲရှိနေတယ်˘လို့
မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စားလှယ်များ
ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က
သုံးသပ်ပါတယ်။
အရင်ကတော့ ဝယ်ရောင်းကစားတဲ့အတွက် အရောင်းအဝယ်
က နေရာမျိုးစုံမှာဖြစ်ခဲ့ပြီး အခု နောက်ပိုင်း ၂၀၁၃ ခုနှစ်
အလွန်မှာတော့ နေဖို့နဲ့ စီးပွားရေးလုပ်ကိုင်ဖို့ အတွက်
ဝယ်ယူတဲ့သူများတယ်လို့ မန္တလေးက အိမ်ခြံမြေ
အကျိုးဆောင်အချို့ထံက သိရပါတယ်။
မန္တလေး အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့
နေရာတွေက ထွန်တုံး၊ မြရည်နန္ဒာနဲ့ စက်မှုတို့ဖြစ်ပြီး
ကျပ်သိန်း ၅၀ဝ နဲ့ ၇၀ဝ အကြားတန်ဖိုးရှိတဲ့ မြေကွက်တွေ
အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
(ဘုန်းနေ)
***
၃။ "၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်း၌ အိမ်ခြံမြေအရောင်းအဝယ်
ဈေးကွက်များ ပိုမိုကောင်းမွန် သွက်လက်လာနိုင်ဖွယ်ရှိ"
၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းကာလ၌ ကိုယ်ပိုင်စီးပွားရေး
လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာနိုင်သော
ကြောင့် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်များ ပိုမို
ကောင်းမွန်သွက်လက်လာနိုင်စရာရှိကြောင်း မြန်မာနိုင်ငံ
အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ သိရသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေအရောင်းအဝယ်နှင့် အိမ်အငှား
ဈေးကွက်များမှာ ပြီးခဲ့သည့် ၁၉၉၇ ခုနှစ်နောက်ပိုင်း
အိမ်ခြံမြေပထမရွှေခေတ်ဖြစ်ခဲ့ပြီး တဖြည်းဖြည်းအတက်
အကျဖြစ်ခဲ့ကာ ၂ဝ၁၂ ခုနှစ်မှစတင်၍ ၂ဝ၁၄ ခုနှစ်ထိ
အိမ်ခြံမြေ ဒုတိယရွှေခေတ်ဖြစ်ခဲ့ကြောင်းနှင့် ဈေးကွက်
အရှိန်အဟုန်မြင့်ခဲ့ကြောင်း သိရသည်။
- ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကာလရှိခိုက်၌ အိမ်ခြံမြေ
အရောင်းအဝယ်နှင့် အိမ်အငှားဈေးကွက်များ အေးစက်ခဲ့ပြီး
နိုင်ငံတော်မှချမှတ်ထားသည့် ဥပဒေများရှိနေသော်လည်း
၂ဝ၁၆ ခုနှစ်တွင် အိမ်ခြံမြေအတွက် ခိုင်မာသည့် ဥပဒေ
မရှိသည့်အတွက် အိမ်ခြံမြေနှင့်ပတ်သက်သည့်
ရင်းနှီးမြှုပ်နှံမှုများ နည်းပါးနေသေးကြောင်း၊
- ကွန်ဒိုမီနီယံဥပဒေမှာလည်း မူကြမ်းထွက်ရှိနေသေးသော်
လည်း နည်းဥပဒေ မထွက်ပေါ်သေးသည့်အတွက်ကြောင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အခက်အခဲများရှိနေကြောင်း၊
- ထိုအတွက်ကြောင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု
အသင်း(ဗဟို)မှ အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာဥပဒေ
မူကြမ်းအား နိုင်ငံတော်သို့ တင်ပြထားကြောင်းနှင့်
- အဆိုပါအိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေမူကြမ်းအား
နိုင်ငံတော်မှ ဆက်လက်ရေးဆွဲ အတည်ပြုပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
- လက်ရှိအနေအထားအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌
အိမ်ခြံမြေအငှားဈေးကွက်များ အဆင်ပြေလျက်ရှိပြီး
- အစိုးရသစ်လက်ထက်၌ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်း
မည်ဟုဆိုထားသောကြောင့် ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်း
ဖြစ်သော အနာဂတ်ကာလ၌ အိမ်ခြံမြေဈေးကွက်များ ပိုမို
ကောင်းမွန်လာနိုင်ကြောင်း၊
- ပုံမှန်အရောင်းအဝယ်နှင့်အငှားဈေးကွက်များ
အောင်မြင်လာနိုင်ကြောင်း၊
- အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာဥပဒေ ထွက်ပေါ်လာပါက
နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပိုမိုလာနိုင်သောကြောင့်
အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေထွက်ပေါ်ရန် အရေးကြီး
ကြောင်းနှင့်
- အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ လိုင်စင်ရရှိရေး
အတွက်လည်း နိုင်ငံတော်သို့တင်ပြထားကြောင်း၊
- လိုင်စင်ရရှိပါက အိမ်ခြံမြေရောင်းမှား၊ ဝယ်မှားများ
လျော့နည်းလာမည်ဖြစ်ပြီး မှန်ကန်သောအရောင်း
အဝယ်များ ဖြစ်လာမည်ဖြစ်ရာတရားစွဲဆိုမှုများ
လျော့နည်းလာမည်ဖြစ်ကြောင်း၊
- နိုင်ငံတကာတွင်လည်း အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ
လိုင်စင်များဖြင့် လုပ်ကိုင်နေကြသဖြင့်  အာဆီယံအသင်းဝင်
ထားသော မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)
အတွက်လည်း အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ လိုင်စင်လိုအပ်
ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ
အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က
သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ
အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က
''ကျွန်မတို့နိုင်ငံမှာ ပါးစပ်ပါရင် လူတိုင်းပွဲစားဖြစ်နေကြတာမျိုး
တွေကို တွေ့နေရတယ်။ ကျွန်မတို့  အိမ်ခြံမြေဝန်ဆောင်မှု
အသင်းမှာ အသင်းဝင်တယ်ဆိုရင် (က)၊ (ခ)၊ (ဂ) အဆင့်
ဆိုပြီး အဆင့်သုံးဆင့်ခွဲထားပါတယ်။ အဲဒီအဆင့်သုံးဆင့်မှာ
ဝင်နေတဲ့ အသင်းသားများကို အိမ်ခြံမြေသင်တန်း ၁၆ နာရီ
ကြာ သင်တန်းပေးပါတယ်။ သင်တန်းပြီးဆုံးမှ ကျွန်မတို့က
smart ကတ်ပြားထုတ်ပေးတာပါ။
လုံးဝ ဘာမှမတတ်တာတဲ့စာရင် ၁၆ နာရီစာ အိမ်ခြံမြေအသိ
ပညာရရှိသွားတဲ့အတွက် ဘယ်လိုအရောင်းအဝယ်လုပ်ရမလဲ၊
စာချုပ်ချုပ်တဲ့အခါကျရင် ဘယ်လိုခိုင်မာမှုတွေနဲ့စာချုပ်ချုပ်ရ
မလဲ၊ မြေမဝယ်ခင်မှာလည်း သက်ဆိုင်ရာ ဌာနများကို
သွားရောက်စစ်ဆေးပြီး ခိုင်မာမှုရှိတော့မှ အရောင်းအဝယ်
ဘယ်လိုလုပ်ပေးရမလဲဆိုတာမျိုးကိုပါ ထည့်သွင်းသင်ကြား
ပို့ချပေးပါတယ်။ ပြီးတော့ customer နှင့်ပြောဆိုဆက်ဆံ
ရေးနည်းလမ်းများပါ သင်ကြားပို့ချပေးပါတယ်။
ပြီးတော့ မကြာမီကာလမှာ အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ
ဥပဒေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ထားပါတယ်'' ဟု
ဆိုသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှာ
နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်
ခရိုင်အသီးသီးတွင် ၂၂ ခု ဖွဲ့စည်းထားရှိပြီး ရန်ကုန်တိုင်း
ဒေသကြီးအတွင်းရှိ ၃၈ မြို့နယ်၌ မြို့နယ်အသင်းများ ဖွဲ့စည်း
ထားရှိကာ အသင်းသားပေါင်း ၂ဝဝဝ ကျော်ရှိကြောင်းနှင့်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အသင်းသားပေါင်း ၄၈ဝဝ
ကျော်ရှိကြောင်း၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း
(ဗဟို) တည်ထောင်ရန်အတွက် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်
ဒီဇင်ဘာ ၂၈ ရက်က နိုင်ငံတော်မှ တရားဝင်ခွင့်ပြုပေးခဲ့ခြင်း
ဖြစ်ပြီး UMFCCI နှင့် ၃၅ သင်းမြောက် ညီနောင်အသင်း
ဖြစ်ကြောင်း သိရသည်။
စိုးဝင်း(MLA)
credit - 7day Daily / Kumudra Journal
& The Mirror Daily
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
"၂ဝ၁၇ ခုနှစ် မြန်မာ့စီးပွားရေးအပေါ် စီးပွားရေးလုပ်ငန်းရှင်များ၏ သုံးသပ်ချက်"
"၂ဝ၁၇ ခုနှစ် မြန်မာ့စီးပွားရေးအပေါ်
စီးပွားရေးလုပ်ငန်းရှင်များ၏ သုံးသပ်ချက်"
နှစ်သစ်တွင် မြန်မာနိုင်ငံအတွက် တည်ငြိမ်အေးချမ်းရေး၊
ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး၊ မြန်မာ့စီးပွားရေး
ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အရေးကြီးလှသည်။
ထို့ပြင် ၂ဝ၁၇ခုနှစ် မြန်မာ့စီးပွားရေးအလားအလာများနှင့်
စပ်လျဉ်း၍ စီးပွားရေး လုပ်ငန်းရှင်အချို့၏ သုံးသပ်ချက်
သဘောထား အမြင်များကို မြန်မာ့ သတင်းစဉ်က
ကောက်နုတ်ဖော်ပြအပ်ပါသည်။
---
ဦးဝင်းအောင်
(ဥက္ကဋ္ဌ၊ ဒဂုံ အင်တာနေရှင်နယ် ကုမ္ပဏီလီိမိတက်)
၂ဝ၁၇ ခုနှစ်မှာ အင်မတန် စိတ်လှုပ်ရှားစရာကောင်းတဲ့
တိုးတက်မှုတွေရမယ်လို့ မျှော်လင့်ပါတယ်။
အားလုံးစိတ်ဝင်စားနေကြတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ဥပဒေအသစ်က တည်ရှိဆဲ ဥပဒေတွေနဲ့ ယှဉ်ရင်
နိုင်ငံသားတွေရော၊ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားသားတွေ
အတွက် ပိုပြီးကျယ်ပြန့်တဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ
ရှိတယ်။
လွှတ်တော်က ဥပဒေကိုအတည်ပြုပြီးပြီ။
ဒီဥပဒေကို ဖော်ဆောင်မယ့် နည်းဥပဒေလုပ်ထုံး လုပ်နည်း
တွေကလည်း ၂ဝ၁၇ နှစ်ဆန်းပိုင်းမှာ အတည်ပြုတော့မှာ
ဖြစ်တာကြောင့် ဒီဥပဒေပြီးပြီဆိုရင် ရင်းနှီးမြှုပ်နှံဖို့
စောင့်နေကြတဲ့ ပုဂ္ဂိုလ်တွေက ရင်းနှီး မြှုပ်နှံမှုကို
အင်နဲ့အားနဲ့ ဝင်လာမယ်လို့ မျှော်လင့်မိတယ်။
ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခုနစ်လတာ
ကာလအတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အနေအထားအရ
ငွေကြေး ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား အသုံးပြုရမယ့်
အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ နိုင်ငံတကာရဲ့
အကူအညီတွေ ရရှိခဲ့ပြီးဖြစ်တယ်။
ရရှိခဲ့တဲ့ အကူအညီတွေ ကို နေရာတကျအသုံးပြုရင်
ကျွန်တော်တို့ စီးပွားရေးအတွက် အထောက်အကူပြုစေမယ်။
ဒါ့ကြောင့် ရှေ့အလားအလာ အင်မတန်ကောင်းပါတယ်။
အထူးသဖြင့် အခြေခံအဆောက် အအုံတွေ ဖော်ဆောင်တဲ့
အခါ ပုဂ္ဂလိက က ဖော်ဆောင်မယ့်အပိုင်း၊ နိုင်ငံတော်က
ဖော်ဆောင်မယ့်အပိုင်း ဒါတွေကို စနစ်တကျခွဲခြားပြီး
အကောင်အထည် ဖော်သွားမယ်လို့ ယုံကြည်ပါတယ်။
အခြေခံ အဆောက်အအုံလို့ပြောရင် လျှပ်စစ်က အင်မတန်
အရေးကြီးပါတယ်။ လျှပ်စစ်က နှစ်စဉ်နဲ့အမျှ လိုအပ်ချက်တွေ
ရှိနေပါတယ်။ စီးပွားရေးကဏ္ဍတင် မဟုတ်ဘဲ လူမှုရေး၊
ပညာရေးတွေကိုလည်း အထောက်အကူပြုတယ်။
နိုင်ငံရဲ့ တစ်နံ တစ်လျားမှာ လိုအပ်နေတဲ့ လျှပ်စစ်ရရှိမှု
အနေအထားက စီးပွားရေး၊ လူမှုရေး အတွက် ဖော်ဆောင်
သွားမယ်လို့ ယုံကြည်တယ်။
ငွေကြေးတစ်ရပ်က တက်လိုက် ကျလိုက်မဖြစ်သင့်ဘူး။
မျှခြေရှိတဲ့ နှုန်းထားတွေ ထုတ်ကုန်ပစ္စည်းတစ်ခုကို အထောက်
အကူဖြစ်စေမယ့် နှုန်းထား တစ်ခုမှာ တည်ငြိမ်နေဖို့လိုပါတယ်။
ဒီလို တည်ငြိမ်ဖို့ကိုလည်း တာဝန်သိ တာဝန်ယူမှုရှိတဲ့
ပုဂ္ဂလိကလုပ်ငန်းရှင်တွေ တစ်ဦး တစ်ယောက်ချင်း
စီးပွားရေးလုပ်ငန်းရှင်တွေ ကုမ္ပဏီတွေအားလုံးက ငွေကြေးကို
ထိခိုက်စေမယ့်ကိစ္စမျိုးကို တာဝန်သိစွာ ရှောင်ရှားတတ်ဖို့
လိုပါတယ်။
---
ဦးသန်းလွင်
(အကြီးတန်း အကြံပေးအရာရှိ၊ ကမ္ဘောဇဘဏ်)
လွန်ခဲ့တဲ့ ငါးနှစ်ရဲ့စီးပွားရေးကို ပြန်ကြည့်ရင် တိုးတက်မှုနှုန်းက
ပျမ်းမျှတစ်နှစ်ကို ၇ ဒသမ ၈ ရာခိုင်နှုန်းရှိပါတယ်။
မြန်မာ့စီးပွားရေး က အောက်ခြေကနေ စတာပါ။
စီးပွားရေးတိုးတက်မှုနှုန်းက GDP အရဆိုရင် ထိုင်းကိုမမီဘူး။
နိုင်ငံတော်အတိုင်ပင်ခံက နှစ် ၂ဝ ကျော် တက်မယ်လို့
ပြောပါတယ်။ နှစ်တိုမဖြစ်နိုင်ဘူး။ နှစ်ရှည်နဲ့သွားမှရမယ်။
အားသာချက်အနေနဲ့ ဆိုရင် မြန်မာလူမျိုးတွေက ဥာဏ်ရည်
မြင့်တယ်။ သင်လွယ် တတ်လွယ်တယ်။ အလွှာအသီးသီးက
ပြည်ပကိုသွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေ
ရှိတယ်။
ဥပမာ တစ်ချိန်ကျရင် ပြည်တွင်းမှာ FDI နဲ့ လုပ်ငန်းကြီးတွေ
ဖြစ်လာမယ်ဆိုရင် ဒီပြည်ပရောက် လုပ်သားတွေကို ပြန်ခေါ်
လို့ရတယ်။ သင်တန်းပေးစရာ မလိုတော့ဘူး။
၂ဝ၁၇ ဧပြီမှာ အသက်ဝင်မယ့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ဥပဒေသစ်က အားနည်းချက် တွေကို ပြင်ထားတယ်။
ဆွဲဆောင်မှုတွေလည်းရှိတာကြောင့် ပြည်ပရင်းနှီး မြှုပ်နှံမှု
တွေဝင်လာစရာအကြောင်းရှိတယ်။
ခရီးသွားဝန်ဆောင်မှု အပိုင်းမှာဆိုရင်လည်း မြန်မာနိုင်ငံ
အတွင်း လှပတဲ့နေရာတွေ အများကြီးရှိတာကြောင့်
အစိုးရအနေနဲ့ စနစ်တကျဖွံ့ဖြိုးအောင် လုပ်နိုင်ဖို့လိုတယ်။
ငွေရေးကြေးရေးပိုင်း ဆိုရင်လည်း ပုဂ္ဂလိကဘဏ်တွေ
တိုးတက်နေတယ်။ ဒါ့ကြောင့် Sector အလိုက် ကျွမ်းကျင်တဲ့
သူတွေကို သူ့နေရာနဲ့သူ အသုံးချမယ်ဆိုရင် ဒါတွေကလည်း
အားသာချက်တွေပဲ။
ဒီလိုအားသာချက် အလားအလာတွေရှိသလို စိန်ခေါ်မှုတွေ
လည်း အများကြီးရှိတယ်။ FDI ဝင်လာလို့ ဘာမှအကျိုး
မရရင်တောင် လတ်တလောအလုပ်အကိုင်အခွင့်အလမ်း
တွေ ပွင့်လာမယ်။နည်းပညာတွေရမယ်။ ကျွမ်းကျင်မှုတွေ
ရတယ်။ အခြားနိုင်ငံတွေကလည်း FDI နဲ့ပဲ တိုးတက်လာ
ကြတာပဲ။ FDI Law က မပြည့်စုံသေးဘူး။
အသိÓဏ်နဲ့ မူပိုင်ခွင့် ပညာရပ်ဆိုင်ရာတွေ အပြီးမသတ်
သေးဘူး။ ကွန်ဒိုဥပဒေကလည်း မပြီးပြတ် သေးဘူး။
အခုရက်ပိုင်း လူဝင်မှုကြီးကြပ်ရေး က နိုင်ငံခြားသားနဲ့
ပတ်သက်ပြီး ဥပဒေ အဟောင်းတွေကို ပြန်လည်အသုံးချ
နေတာတွေ့ရတယ်။
ဒါတွေကလည်း ပြုပြင်ဖို့လိုတဲ့ အချက်တွေပဲ။
၂ဝ၁၇ ခုနှစ်မှာ တိုးတက်မယ့်အလား အလာတွေရှိသလို
စိန်ခေါ်မှုတွေလည်း ရှိနေတယ်။
စိန်ခေါ်မှုတွေကို ပြန်ကြည့်ရမယ်။ ဘာတွေမှားခဲ့သလဲ။
ဘာတွေသင်ခန်းစာယူရမလဲ။ သူများနိုင်ငံက မှားခဲ့တဲ့
သင်ခန်းစာတွေကို ယူရမယ်။ ကောင်းတဲ့ နမူနာတွေကို
လည်း ယူရမယ်။ ဒါဆိုရင် တိုးတက်မှုပိုမြန်မယ်။
လာမယ့် ၂ဝ၁၇ ခုနှစ်က စိန်ခေါ်ချက်တွေကို နိုင်နိုင်နင်းနင်း
နဲ့ သင်ခန်းစာယူနိုင်မယ်။ ဒါကိုအခြေခံပြီး တိုးတက်အောင်
ကြံဆောင်မယ်ဆိုရင် ၂ဝ၁၇ ခုနှစ်က အခြေခံနှစ်ဖြစ်သွားပြီ။
၂ဝ၁၇ ခုနှစ်က အင်မတန်အရေးကြီးတဲ့ နှစ်ဖြစ်တယ်။
တိုင်းပြည်မှာ လောလော ဆယ်ပဋိပက္ခတွေလည်း ရှိနေ
သေးတာကြောင့် တစ်ဦးနဲ့တစ်ဦးယုံကြည်မှု ပြန် ဖြစ်ထွန်း
အောင်လုပ်ဖို့လိုတယ်။
နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်နေတဲ့ ဒုတိယ ပင်လုံ၊
ဒါကအရေးကြီးတယ်။
မျိုးဆက်သစ်တွေအတွက် တိုင်းပြည်တိုးတက်တာကို
မြင်ချင်တယ်။
---
ဦးကိုကိုထွေး
(ဥက္ကဋ္ဌ၊ တော်ဝင်မိသားစု ကုမ္ပဏီလီမိတက်)
၂ဝ၁၇ခုနှစ်မှာ ၂ဝ၁၆ ခုနှစ်ထက် ပိုကောင်းလာနိုင်လိမ့်မယ်
လို့ယူဆပါတယ်။
ဒါဟာလည်း လုပ်တဲ့သူတွေပေါ်မှာ မူတည်လိမ့်မယ်။
ဥပမာ-မိသားစုတစ်စုမှာ စီးပွားရေးကောင်းအောင် မိသားစု
အကုန်လုံးက လုပ်မှရတာပါ။
အိမ်ထောင် ဦးစီးတစ်ယောက်တည်းက ကုန်းရုန်း ရှာပြီး
မိသားစုက ဝိုင်းဖြုန်းနေမယ် ဆိုရင်လည်း မဖြစ်နိုင်သလို
စီးပွားရေး လုပ်တယ်ဆိုတာ နိုင်ငံတစ်ခုလုံးကောင်းအောင်
လုပ်မှ ရတာပါ။
စီးပွားရေးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာဆိုတော့
ဥပမာ-ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကျသွားတယ်ဆိုရင်
အဲဒီလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့လုပ်ငန်းတွေ အကုန်လုံး
ကျသွားမယ်။
စိုက်ပျိုးရေးကျသွားရင် သူနဲ့ဆက်စပ်နေတဲ့အရာတွေလည်း
ကျသွားမယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အခုနိုင်ငံတော်က
အရင်တုန်းကထက် ကောင်းတဲ့စနစ်တွေနဲ့ လုပ်နေတယ်။
အရင်တုန်းကတော့ လုပ်ငန်းတစ်ခု၊ ပရောဂျက်တစ်ခု
လုပ်ချင်ရင် အာဏာရှိတဲ့သူကိုကပ်ပြီး
လုပ်ငန်းလုပ်ခွင့်တောင်း၊ တစ်ခုချင်း ချပေးနေတော့
လုပ်လို့တော့ တစ်ဖက်ကကောင်းတယ်။
ကိုယ့်ပရောဂျက်ရတာနဲ့ အဆင်ပြေအောင်မြင်သွားတယ်
ဆိုတာ ကိုယ့်စီးပွားရေးတော့ဖြစ်တယ်။
ဒါပေမယ့် ဒါတွေအားလုံးကို တချို့တွေက တစ်ဦးတည်း
လက်ဝါးကြီးအုပ် ထားတာ။
အခုကျတော့ အာဏာပိုင်အဖွဲ့အစည်းကို ကပ်စရာမလိုဘူး။
လုပ်ချင်တဲ့ စီးပွားရေးကို အများကြီး ချပေးလိုက်တယ်။
ဒါပေမယ့် ဘာပြဿနာတက်လာ သလဲဆိုတော့
ဥပမာ-ကားတွေကို ပါမစ် နည်းနည်းချင်းထုတ်ပေးတော့
ကားတွေ သူ့ဟာသူ အရောင်းအဝယ်ဖြစ်နေတယ်။
အခုပါမစ်တွေ အများကြီးထုတ်ပေး လိုက်တော့
ကားက ဝယ်မယ့်သူ မရှိတော့ဘူး။
အပိုလည်း ဝယ်မထားတော့ဘူး။ အဲဒီလိုမျိုးပေါ့။
စီးပွားရေးမှာလည်း လုပ်နည်း ကိုင်နည်းက တစ်ဖက်စွန်းစီ
ရောက်နေတယ်။ တစ်ဖက်က ညှစ်ထားတယ်။
အဲဒါ မကောင်းဘူး။ တစ်ဖက်ကျတော့ အကုန်လုံးဖွင့်ချ
ပေးလိုက်တယ်။ အဲဒါလည်း မကောင်းဘူး။
တစ်ပိုင်းချင်း၊ တစ်ပိုင်းချင်း ကောင်းလာအောင်လုပ်ရမယ်။
မျှတဲ့ စီးပွားရေး မဇ္ဈိမပဋိပဒါပဲ ကောင်းပါတယ်။
လူတွေအများစုမှာ ပြင်သင့်တာက ကိုယ်မလုပ်တတ်ဘဲနဲ့
လုပ်တတ်တယ်။ မသိဘဲနဲ့သိတယ် ထင်နေတာလေးတွေက
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးမှာ ဒုက္ခရောက်တာပဲ။
စီးပွားရေးမှာလည်း ဒီလိုပါပဲ။ အဓိက ကတော့ စီးပွားရေး
Guide Line မှန်ဖို့ လိုတာပေါ့။
---
ဦးရဲမင်းအောင်
(အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဆန်စပါး
အသင်းချုပ်)
၂ဝ၁၇ခုနှစ်မှာ သတင်းကောင်းတွေ ကြားဖို့ မျှော်လင့်ထား
သလို သတင်းဆိုးတွေအတွက်လည်း ပြင်ဆင်ထားသင့်
့ပါတယ်။
စီးပွားရေးက အမြဲတမ်း အတက် အကျ ရှိပါတယ်။
အတက်မကြမ်း၊ အဆင်း မကြမ်းဖို့သာ အရေးကြီးပါတယ်။
၂ဝ၁၇ ခုနှစ် စီးပွားရေးအလားအလာကတော့ ကမ္ဘာမှာရော
မြန်မာမှာပါ နိုင်ငံရေးက ယခင်ကထက် ပိုပြီးဦးဆောင်မယ့်
သဘော တွေ့ရပါတယ်။
ဒီနေ့နိုင်ငံတော် အစိုးရအနေနဲ့ စီးပွားရေး၊ ငြိမ်းချမ်းရေး၊
ပညာရေး၊ ကျန်းမာရေး ကဏ္ဍစုံကို ပြုပြင်ပြောင်းလဲ
တိုးတက်အောင် ဆောင်ရွက်နေချိန်မှာ ပြည်သူလူထု
တစ်ရပ်လုံးက ကျရာ ကဏ္ဍကနေ နားလည်မှုရှိရှိနဲ့
ပူးပေါင်း ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။
အဲဒီလို ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် ၂ဝ၁၇ခုနှစ်ဟာ
ထူးခြားတဲ့နှစ် ဖြစ်လာ နိုင်ပါတယ်။
အထူးသဖြင့် ၂ဝ၁၇ ဒုတိယ နှစ်ဝက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊
ကုန်သွယ်မှု နိုင်ငံတကာ အထောက်အပံ့ အကူအညီတွေ
ပိုမိုရရှိလာနိုင်ပြီး ၂ဝ၁၆ ခုနှစ်တစ်နှစ်လုံး အိပ်ပျော်နေတဲ့
မြန်မာ့ စီးပွားရေး ပြန်လည်နိုးထ လာနိုင်မယ် လို့
မျှော်လင့်ပါတယ်။
(တွေ့ဆုံမေးမြန်း - ၀င်းဝင်းမော်၊နန္ဒာဝင်း)
***
ဒေါက်တာ အောင်ထွန်းသက်
(စီးပွားရေး ပညာရှင်)
“အသွင်ကူးပြောင်းရေး ကာလမှာ စီးပွားရေး အရ စိန်ခေါ်မှု
တွေ ရှိတယ်။ဒါပေမယ့် အဲဒီ စိန်ခေါ်မှုတွေကို တာဝန်ရှိတဲ့သူ
တွေက ကိုင်တွယ်နေတာပဲလေ။
အဲဒီ ကိုင်တွယ်မှုကို အခြေခံပြီးတော့
အဖြေရလဒ်တွေကတော့ ၂၀၁၇ မှာတော့
တွေ့ ရမှာပဲ။”
 “၂၀၁၇ ခုနှစ်မှာ စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ပြီး
ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။
အမေရိကန် ပိတ်ဆို့ မှုတွေ ဖြေလျှော့တာတွေက
အခွင့်အလမ်းတွေပါ။
အဲလို အခွင့်အလမ်းတွေက ဒီနေ့  ဖြေလျော့လိုက်တာနဲ့ 
နောက်တနေ့ လုပ်နိုင်တဲ့ အနေအထား မရှိဘူး။
အချိန်အတိုင်းအတာ တစ်ခုတော့ ယူရမှာပဲလေ။
ဒါကြောင့် ၂၀၁၇ ကိုပဲ မျှော်လင့်ချက် ထားရမှာပဲ။
၂၀၁၆ မှာ ရလာတဲ့ အခွင့်အလမ်းတွေကို ယူဖို့ လိုတယ်။
ကမ္ဘာ့ စီးပွားရေး အနေအထားကိုလည်း အခွင့်အရေးယူဖို့ 
လိုတယ်။”
credit - MOI Webportal Myanmar
& Xinhua Myanmar
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
“၂၀၁၆ မြန်မာ့ စီးပွားရေး သုံးသပ်တင်ပြချက်များ (၂)”
“၂၀၁၆ မြန်မာ့ စီးပွားရေး သုံးသပ်တင်ပြချက်များ (၂)”
၁။ "ဈေးကွက်ပျက်ခဲ့သော အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး
လောက"
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မေလ ၂၀ ရက်တွင်
၁၃ ထပ်နှင့်အထက် ဆောက်လုပ်နေသော အထပ်မြင့်
အဆောက်အအုံများ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီခြင်း၊
ခွင့်ပြုချက်မရမီ တည်ဆောက်မှုများ ပြုလုပ်နေခြင်းတို့ကြောင့်
ဆောက်လုပ်မှုများ ရပ်ဆိုင်းထားရန် ထုတ်ပြန်ခဲ့သည်။
ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းခြင်းကြောင့်
ပြိုကျလုဆဲဆဲ ကြိုပွိုင့်တည်ဆောက်မှုများသည် ဈေးကွက်
ပျက်ခဲ့ပြီး ဆောက်လက်စ ကန်ထရိုက်တိုက်နှင့်
ဆောက်လုပ်ရန် ပြင်ဆင်ထားသောတိုက်များ
မဆောက်သဖြင့် ကန်ထရိုက်တာများကို မြေရှင်၏
တရားစွဲဆိုမှုများပင် ရှိခဲ့သည်။
‘‘ဓာတ်လှေကားတွေကအစ ပြည်ပကမှာပြီး ငွေကြိုချေထား
ရတယ်။ မူဝါဒတွေ မတည်ငြိမ်တဲ့အခါ Cancel ပြန်လုပ်ထား
ရတာတွေက ဒီနှစ်မှာ ဆိုးဆိုးရွားရွားခံလိုက်ရတယ်။
ပညာရှင်တွေကို စာချုပ်တွေချုပ်ပြီး လခတွေ ကြိုပေးထား
ရတယ်။ ဒီမှာ လုပ်ငန်းတွေ ရပ်ထားတော့ သူတို့လည်း
ပြန်သွား ကြတယ်’’ဟု ဆောက်လုပ်ရေး လုပ်ငန်းများတွင်
ကြုံတွေ့နေရ သော အခက်အခဲကို Resources  Group
of Companies မှ ကိုအန် ဒရူးက ပြောသည်။
ယင်းနှင့်ဆက်စပ်၍ အိမ်မြေ အရောင်းအ၀ယ်လည်း
အေးစက်ခဲ့သည်။ အရောင်းအ၀ယ်ပုံစံများလည်း ပြောင်းလဲပြီး
ယခင်ကဲ့သို့ အပြတ်ရောင်းချခြင်းမျိုးမဟုတ်ဘဲ ရောင်းပေါင်
စနစ်သို့ ပြောင်းလဲခဲ့ရကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်
ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြောကြားသည်။
(ပြည်သိမ်း၊ ထွန်းထွန်းမင်း)
(အစိုးရသစ် အောင်မှတ်မရသေးသော စီးပွားရေး -
ဆောင်းပါးမှ)
***
၂။ "ဂယောက်ဂယက် ချောက်အိပ်မက်မှ မနိုးထခဲ့သော
၂ဝ၁၆ မြန်မာ့စီးပွားရေး"
နှစ်ဟောင်း တစ်နှစ်ပြီး၍ နှစ်သစ် တစ်ခုသို့ ကူးပြောင်းပါက
အတိတ်များကို နှစ်ဟောင်းမှာ ထားလိုသူများ ရှိပေမည်။
သို့သော် တစ်နှစ်လုံးဖြစ်ပေါ်ခဲ့သော နိုင်ငံရေးနှင့် စီးပွားရေး
အခြေအနေများကမူ အရိပ်ကဲ့သို့ လိုက်ပါလာဦးမည်သာ
ဖြစ်သည်။
လတ်တလော အခြေအနေတွင် ဒေါ်လာဈေး မငြိမ်သက်မှု
သည် စီးပွားရေး လုပ်ငန်းရှင်များ သာမက သာမန်
လူတန်းစားများပါ စိတ်ဝင် စားလာရလောက်အောင် အထိ
အတက်အကျ အနိမ့်အမြင့်ကြမ်းလှသည်။
သို့သော်လည်း ယခင်နှစ် နှစ်စပိုင်းဖြစ်သော ဇန်နဝါရီလ
၁ရက်နေ့ ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲလှယ်နှုန်းသည်
တစ်ဒေါ်လာလျှင် ၁၃ဝဝ ကျပ် အထိ မြင့်တက်ထားသည်။
ထို့နောက် ကြားလများဖြစ်သော NLD အစိုးရ တက်လာခါစ
လများတွင် ဒေါ်လာဈေးများ ၁၁၆၈ကျပ်အထိ ကျဆင်းသွား
ခဲ့ပြီး တရိပ်ရိပ် ပြန်လည်မြင့်တက်လာနေရာမှ နောက်ဆုံး
၁၄ဝဝ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်ကို တွေ့ရသည်။
ဆောက်လုပ်ရေးကဏ္ဍ ဂယက်
-----------------------------------
အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏
ထုတ်ပြန်မှုတွင် မြန်မာ့စီးပွားရေး ပထမ ခြောက်လ နှေးကွေး
ရသည့် အကြောင်းရင်းများထဲတွင်  ဆောက်လုပ်ရေး
လုပ်ငန်းများ ရပ်ဆိုင်းခံခဲ့ရခြင်းက အဓိက အကြောင်းရင်း
တစ်ရပ်အဖြစ်ပါနေသည်ဟု ဆိုသည်။
ဧပြီလ ၁ ရက်တွင် NLD အစိုးရ တက်လာပြီး နောက်
မေလ ၁၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့
အသစ်၏ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကိုးထပ်နှင့် အထက်
အထပ်မြင့် အဆောက်အအုံ စီမံကိန်းအားလုံးကို ရပ်နားရန်
ညွှန်ကြားခဲ့သည်။
ယင်းကဲ့သို့ ဆောက်လုပ်ရေး စီမံကိန်းများ ရာနှင့်ချီ ရပ်နားခဲ့
ရသည့် အတွက် ငွေကြေးနစ်နာမှုများရှိခဲ့ပြီး ဆောက်လုပ်ရေး
လုပ်ငန်းခွင်များတွင် လုပ်ကိုင်သည့် အခြေခံ အလုပ်သမား
များအထိ နစ်နာမှုများ ဖြစ်ခဲ့ကြသည်။
သို့သော်လည်း နောက်ဆုံးတွင် ပြန်လည် ခွင့်ပြုခဲ့ရသည်သာ
ဖြစ်သည်။ မူဝါဒတစ်ခုအား ချမှတ်ပြီး မကြာခဏ အပြောင်း
အလဲ လုပ်တတ်သော သဘောကို တွေ့ရသည်။
မူဝါဒဆိုင်ရာ ဝေဝါးမှု
-----------------------
ယခု၂ဝ၁၆ ခုနှစ် တစ်နှစ်လုံး၏ စီးပွားရေး အခြေအနေများကို
သုံးသပ်မည် ဆိုပါက ၂ဝ၁၅ ခုနှစ် နိုဝင် ဘာလ ၈ ရက်နေ့ တွင်
ပြုလုပ်ခဲ့သော ရွေးကောက်ပွဲနှင့် ၄င်း မတိုင်ခင် အခြေအနေမှ
စတင်ရမည်ဖြစ်သည်။
အဘယ်ကြောင့် ဆိုသော် မြန်မာ့ စီးပွားရေး တုံ့နှေးမှု အစ
သည် ရွေးကောက်ပွဲ မတိုင်ခင်လများမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ယခင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် မြန်မာ့
စီးပွားရေးသည် ဖွံ့ဖြိုး တိုးတက်မှု အထိုက်အလျောက် ရှိခဲ့
သော်လည်း ရွေးကောက်ပွဲ နီးကပ်လာသည်နှင့် အမျှ
အစိုးရသစ် မည်သူ ဖြစ်လာမည်ကို စောင့်ကြည့်ခဲ့ကြသော
ကြောင့် စီးပွားရေး လုပ်ငန်းအချို့ နား ခဲ့ကြသည်။
အစိုးရသစ် ၏ မူဝါဒကို စောင့်ကြည့်ခဲ့ကြသည်။
သို့သော်လည်း အစိုးရသစ်သည် ၄င်းတို့၏ စီးပွားရေးမူဝါဒ
များကို လေးလအကြာ ဇူလိုင်လ ၂၉ရက် နေ့တွင် ထုတ်ပြန်
ခဲ့သည်။ သို့သော်လည်း စီးပွားရေး လုပ်ငန်းရှင် အများစုကမူ
အဆိုပါ မူဝါဒနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်
များကို ပိုမို သိရှိ လိုကြောင်း ဝေဖန်ခဲ့ကြသည်။
အစိုးရ အကူးအပြောင်းကာလများတွင် ရပ်ဆိုင်းခဲ့သော
စီးပွားရေး လုပ်ငန်းများမှာလည်း ဆက်လက်၍ ရပ်တန့်နေ
ဆဲပင် ဖြစ်ခဲ့သည်။
အစိုးရ၏ စီးပွားရေး ဆိုင်ရာ မူဝါဒများကို လေ့လာ ကြည့်ပါက
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သယံဇာတများ မှန်ကန်စွာ
ခွဲဝေ သုံးစွဲခွင့် စသော အချက်များ နှင့် အလုပ်အကိုင်
ဖန်တီးရေးကို ပိုမိုအားပေးထားသော မူဝါဒများကို တွေ့ရမည်
ဖြစ်သကဲ့သို့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ပိုမို အောင်မြင်
စေရန် ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ခြေ
ရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲ
လုပ်ဆောင်ခြင်းစသော ယခင်အစိုးရ လက်ထက်က
လုပ်ကိုင်ခဲ့သော မူဝါဒအတိုင်း ဆက်လက် လုပ်ဆောင်မှု
များကို လည်း မြင်တွေ့ရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ဆိုင်ရာ ပြဿနာများစွာ ရှိနေရာ
- တန်ဖိုးမြှင့် ထုတ်ကုန်များ မထုတ်လုပ်နိုင်ခြင်း၊
- ပြည်တွင်း အခြေခံ အဆောက်အအုံ အားနည်းခြင်း၊
- ကျွမ်းကျင် လုပ်သား ရှားပါးခြင်း၊
- ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ ခိုင်မာမှု မရှိခြင်း၊
- ဘဏ်လုပ်ငန်းများ အားနည်းခြင်း၊
- ငွေကြေးမူဝါဒ ဆိုင်ရာ ပြဿနာများ ရှိနေခြင်းစသော
ပြဿနာများနှင့်တကွ အခက်အခဲ များစွာရှိနေသည်မှာ
ငြင်းဆို၍ မရနိုင်ဖြစ်သည်။
အမေရိကန် စီးပွားရေး ပိတ်ဆို့မှုပြုသော်လည်း မြန်မာနိုင်ငံ၏
စီးပွားရေးပြဿနာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု
နည်းနေခြင်း အပြင် ငွေဖောင်းပွမှုနှုန်း၊ ပြည်တွင်းအသားတင်
ထုတ်လုပ်မှု တန်ဖိုး (GDP) နည်းပါးခြင်း၊ ဘဏ္ဍာရေးနှင့်
ကုန်သွယ်ရေး လိုငွေများ၊ ပြည်ပကိုဆပ်ရန် ကျန်ရှိသော
ကြွေးများ၊ ယခင် တပ်မတော် အစိုးရလက်ထက် တရုတ်နှင့်
လက်ခံထားခဲ့သော စီးပွားရေးဆိုင်ရာ ကိစ္စများသည်လည်း
အစိုးရ အတွက် ဖြေရှင်းရ ခက်နေပုံပေါ်သည်။
ထူးခြား ကောင်းမွန်သည့်အချက်မှာ အမေရိကန် နိုင်ငံ
အနေဖြင့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး
ပိတ်ဆို့မှု (Sanction) ရုပ်သိမ်းသော အမိန့် ကြေညာစာကို
အောက်တိုဘာ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း
ဖြစ်သည်။
နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏
အမေရိကန် ခရီးစဉ်နှင့် အတူ ကျောက်စိမ်း၊ ပတ္တမြားအပါ
အဝင် လက်ဝတ် ရတနာများ တားဆီးပိတ်ဆို့မှု၊ မြန်မာနိုင်ငံ
နှင့် ဘဏ်လုပ်ငန်း၊ ငွေကြေးလွှဲပြောင်းမှု လုပ်ငန်း ဆိုင်ရာ
ဒဏ်ခတ် ပိတ်ဆို့မှုများကိုပါ ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။
NLD ၏ စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနယ်လ်ကမူ
အစိုးရ အနေဖြင့် စီးပွားရေးဖွံ့ ဖြိုးရေး လုပ်ဆောင်ရာတွင်
ကိစ္စအတော် များများသည် ဖြေရှင်းရခက်နေပြီး မည်သည့်
အခြေအနေကစ၍ ဖြေရှင်းရမည် ဆိုသည်ကို မပြောနိုင်
လောက်အောင် ရှုပ်ထွေးနေသည်ဟု ပြောဆိုခဲ့ဖူးသည်။
နိုင်ငံတော်၏ မက်ခရို စီးပွားရေး အခြေအနေအရ စုစုပေါင်း
ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (ဂျီဒီပီ) သည်
ခန့်မှန်းထားသည်ထက် လျော့နည်းနိုင်ပြီး စီးပွား ရေး
တိုးတက်မှုနှုန်းသည်လည်း ခန့်မှန်းသည်ထက် လျော့နည်း
နိုင်၍ စိုးရိမ်မိကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က
ပြောဆိုသေးသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဘာကြောင့်နည်း
-----------------------------------------------
တစ်ဖန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဘက်ကို ကြည့်ပါက
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အတွင်း ဒီဇင်ဘာလလယ် အထိ
မြန်မာနိုင်ငံသို့ လာရောက် လုပ်ကိုင်သော နိုင်ငံခြား ရင်းနှီး
မြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၃ ဘီလျံကျော် ရှိခဲ့သော်
လည်း ကာလတူ နှိုင်းယှဉ် ပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
၁ ဒသမ ၃ ဘီလျံ လျော့နည်းခဲ့သည် ဟု မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ လယ်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်မှ ခွင့်ပြုပေးခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းပေါင်းမှာ ၇၈ ခုရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း
အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်
ဒေါ်လာ ၃ ဒသမ ၄၆ဝ ဘီလျံ ရှိခဲ့သည်။
သို့သော်လည်း ယခင်နှစ် ကာလတူအချိန်က စီးဝင်ခဲ့သော
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယခုထက် ပိုမိုများပြား
ခဲ့ပြီး ၄ ဒသမ ၉၆ ဘီလျံ ရှိခဲ့သောကြောင့် ယခင်နှစ်ထက်
၁ ဒသမ ၃ ဘီလျံ လျော့နည်းခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
လက်ရှိ အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဖွင့်ပေးထား
သည် ဟုသာ ပြောဆိုသည်။ ပြင်ပ ရင်းနှီးမြှုပ်နှံမှုများ ကို
တာဝန်ခံကာ ဖိတ်ခေါ်ခြင်းမျိုး အားနည်းနေသည်ဟု
စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုသည်။
ကုန်သွယ်ရေးလိုငွေ
-----------------------
ကုန်သွယ်ရေး အခြေအနေကို ကြည့်မည်ဆိုပါကလည်း
ပို့ကုန် လိုအပ်ချက် များပြားနေသည့် အပြင် အဓိက နယ်စပ်
ကုန်သွယ်ရေး စခန်းဖြစ်သော မူဆယ်ရှိ ၁ဝ၅ မိုင် ကုန်သွယ်ရေး
စခန်းကို နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက်ပိုင်းက လက်နက်ကိုင်
ပူးပေါင်းအဖွဲ့ တစ်ခုက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အတွက်
ကုန်သွယ်ရေး ရပ်ဆိုင်းလု နီးပါး ဖြစ်ခဲ့ရကာ ပြည်တွင်း
ပို့ကုန်များ သောင်တင်မှုများ ဖြစ်ခဲ့ သည်။
ပြည်ပ ပို့ကုန်ထက် ပြည်ပမှ တင်သွင်းသော သွင်းကုန်သည်
ပို၍ များပြားလာသည်နှင့် အမျှ ကုန်သွယ်ရေး လိုငွေပြမှုလည်း
များပြားလာပြီး ပြည်တွင်း ဒေါ်လာ လိုအပ်ချက် မြင့်မားလာ
သလို မြန်မာကျပ်ငွေ တန်ဖိုးသည်လည်း ဆက်လက်
ကျဆင်းခဲ့သည်။
အမှန်တကယ် တွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုသည်
အကြောင်းအရင်းပေါင်းစုံ၍ ဖြစ်လာသည်ဟု ဆိုနိုင်သော်လည်း
အဓိက အကြောင်းအရင်းမှာ လိုငွေများခြင်းနှင့် နိုင်ငံခြား
အရန်ငွေ နည်းပါးခြင်းသာလျှင်ဖြစ်သည်။
ဗဟိုဘဏ်နှင့် အစိုးရသည် ထိုသို့သော အခြေအနေတွင်
တိုက်ရိုက် ထိန်းကျောင်း၍ မရနိုင်သော်လည်း သွယ်ဝိုက်သော
နည်းလမ်းဖြင့် ထိန်းကျောင်းနိုင်သည်။ သို့သော်လည်း
ဖြေရှင်းရန် နောက်ကျမှုများကြောင့် စီး ပွားရေး လုပ်ငန်းရှင်များ
အကြား ဝေဖန်စရာ များစွာ ဖြစ်ပေါ်ခဲ့သည်။
တစ်နှစ်အတွင်းဖြစ်ပေါ်ခဲ့သော နိုင်ငံ့စီးပွားရေး အခြေအနေသည်
အတက်အကျ များ ဖြစ်ပေါ်ခဲ့သော်လည်း တစ်နှစ်လုံး
အနေအထား ကို ပြန်လည် ခြုံငုံ ကြည့်မည် ဆိုပါက
အကျဘက်တွင် ရှိနေသည်ဟုသာ အားမနာတမ်း
ပြောရမည် ဖြစ်သည်။
နိုင်ငံတော် အစိုးရ အနေဖြင့် မြန်မာနိုင်ငံကဲ့သို့ ရှုပ်ထွေးသော
နိုင်ငံရေး အခြေအနေ ရှိသည့် နိုင်ငံတွင် တိုင်းရင်းသား အရေး၊
ငြိမ်းချမ်းရေး စသဖြင့် များစွာ လုပ်ကိုင်နေရသည့်
အ နေအထားကို နိုင်ငံသားတိုင်း နားလည်ကြသည်။
သို့သော်လည်း ပြည့်ဝမ်းကို ပြည့်စေရန် အတွက်  စီးပွားရေး
ဘက်ကို အားစိုက် လုပ်ကိုင်ရန်လည်း လိုအပ်မည်ဖြစ်သည်။
ထို့အပြင် ‘ပြည့်ဝမ်းကိုလည်း မဖောက်ရာ’ ဟူသော စကား
ကဲ့သို့ပင် ပြည်တွင်း လုပ်ငန်းရှင်များ လုပ်ရကိုင်ရ ခက်ခဲ
စေရန် ရှုပ်ထွေးသော လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့်
မူဝါဒများကို  မကြာခဏပြောင်းလဲပစ်ခြင်း က
လုပ်ငန်းရှင်များကို လက်တွန့်စေမည်ဖြစ်သည်။
ထို့ကြောင့်  ယခု NLD အစိုးရလက်ထက် ပထမနှစ်တွင်
စီးပွားရေးနှင့် ပတ်သက်၍ များစွာ မဖြစ်ထွန်းခဲ့ကြောင်း
ထင်ရှားသည် ။
ပြည်သူ တင်မြှောက်သော ပြည်သူ့အစိုးရအနေဖြင့်
လာမည့်နှစ်များအတွင်း လက်တွေ့ကျကျ
တိုင်းပြည် စီးပွားရေး တိုးတက်အောင် လုပ်ဆောင်နိုင်ပါစေ
ဟုသာ ဆန္ဒပြုလိုက်ရပါသည်။
(မှူးအိမ်ဇော်)
credit - 7day Daily & Popular News
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
"2017 New Year Wish"
"2017 New Year Wish"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“အိမ်ခြံမြေ လမ်းဆုံ” ၏ မိတ်ဆွေအပေါင်း
ကိုယ် စိတ် နှစ်ပါး ကျန်းမာ၊ ချမ်းသာကြပြီး
ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်း ထပ်တူကျကာ
အလုပ်အကိုင်များအားလုံး
အဆင်ပြေပါစေကြောင်း
ဆုမွန်ကောင်း တောင်းပေးပါတယ် ...."
* Have A Brighter & Better Future
For You *
“အိမ်ခြံမြေ လမ်းဆုံ”
“၂၀၁၆ မြန်မာ့ စီးပွားရေး သုံးသပ်တင်ပြချက်များ (၁)”
“၂၀၁၆ မြန်မာ့ စီးပွားရေး သုံးသပ်တင်ပြချက်များ (၁)”
"အသွင် ကူးပြောင်းရေး ကာလ စိန်ခေါ်မှုများနှင့်
၂၀၁၆ မြန်မာ့စီးပွားရေး"
မြန်မာ့စီးပွားရေး ကဏ္ဍသည် ၂၀၁၆ ခုနှစ်တွင် အစိုးရသစ်
အပြောင်းအလဲများဖြင့် စိန်ခေါ်မှုများ ကြုံတွေ့ ခဲ့ရသော်လည်း
ယခုအချိန်သည် နိုင်ငံတကာ၏ စီးပွားရေး ပူးပေါင်း
ဆောင်ရွက်ရန် အကောင်းဆုံးအချိန် ဖြစ်ကြောင်း ပြည်တွင်း
စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။
စိန်ခေါ်မှု
----------
“အသွင်ကူးပြောင်းရေး ကာလမှာ စီးပွားရေး အရ စိန်ခေါ်မှု
တွေ ရှိတယ်။ဒါပေမယ့် အဲဒီ စိန်ခေါ်မှုတွေကို တာဝန်ရှိတဲ့သူ
တွေက ကိုင်တွယ်နေတာပဲလေ။အဲဒီ ကိုင်တွယ်မှုကို အခြေခံ
ပြီးတော့ အဖြေရလဒ်တွေကတော့ ၂၀၁၇ မှာတော့
တွေ့ ရမှာပဲ။” စီးပွားရေး ပညာရှင်
ဒေါက်တာ အောင်ထွန်းသက်က ဆင်ဟွာသို့ ပြောသည်။
စီးပွားရေး ကဏ္ဍ ပြုပြင် ပြောင်းလဲမှု
----------------------------------------
အစိုးရသစ် လက်ထက် စီးပွားရေး ကဏ္ဍတွင် သိသာ ထင်ရှား
သည့် ပြုပြင် ပြောင်းလဲမှုများ အဖြစ် စီးပွားရေး မူဝါဒများ
ချမှတ်ခြင်း ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေ အား
အတည်ပြု ပြဌာန်း နိုင်ခြင်း စသည့်တို့ အား ပြုလုပ်ခဲ့သည်။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု
--------------------------------------
“ဒီအချိန်က မြန်မာနိုင်ငံ အတွက်က နိုင်ငံတကာရဲ့ စီးပွားရေး
ပေါင်းစည်းမှုက အကောင်းဆုံးအချိန်ပဲ။ ဒေါ်အောင်ဆန်းစုကြည်
ဆိုရင် ကမ္ဘာက အားလုံးက အသိအမှတ် ပြုတာပဲလေ။
အများကြီး လာကြတာပေါ့။၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံရဲ့
စီးပွားရေးရော ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုရောက ပြန်တက်လာမယ့်
သဘောရှိတယ်။အဲဒါက သေချာတယ်။ဒီလို တက်လာမယ် ဆိုရင်
တွေက အများကြီး အခွင့်အရေးတွေ ဖြစ်လာမယ်လေ။”ဟု
ပြည်တွင်း စီးပွားရေး ပညာရှင် ဒေါက်တာ မောင်အောင်က
ဆင်ဟွာသို့ သုံးသပ် ပြောကြားခဲ့သည်။
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု
--------------------------
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာ လလယ် အထိ နိုင်ငံခြား
ရင်းနှီး မြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း
၂,၁၄၆.၉၄၃ အား ခွင့်ပြုပေးထားရာ ယခင်နှစ် အလားတူ
ကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၁ ဘီလီယံ
ကျော် လျှော့နည်း နေသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်
တစ်ခုလုံး အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  အမေရိကန်
ဒေါ်လာ ၆ ဘီလျံ ခန့်မှန်းထားကြောင်း သိရသည်။
စောင့်ကြည့်နေသည့် ရင်းနှီးမြှုပ်နှံသူများ
----------------------------------------------
ထိုကဲ့သို့ လျော့နည်းရခြင်း အကြောင်းရင်းမှာ အစိုးရသစ်၏
ရင်းနှီးမြှုပ်နှံမှု မူဝါဒများအား ရင်းနှီးမြှုပ်နှံသူများက
စောင့်ကြည့်နေသည့် အတွက် ဖြစ်သည်ဟု သုံးသပ်ကြသည်။
စတော့အိတ်ချိန်း
-------------------
မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်းဖြစ်သည့် ရန်ကုန်
စတော့ အိတ်ချိန်းတွင် အစုရှယ်ယာများအား ၂၀၁၆ ခုနှစ်
မတ်လတွင် စတင် အရောင်းအ၀ယ်ပြုလုပ်ခဲ့စဉ် FMI ကုမ္ပဏီ
တစ်ခုတည်းသာ ရှိခဲ့ရာမှ ယခု ဒီဇင်ဘာလ အထိ မြန်မာ
သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ နှင့်
မြန်မာနိုင်ငံသားများဘဏ်တို့ ပါဝင် အရောင်းအ၀ယ်
ပြုလုပ်ခဲ့သည်။
စတော့အိတ်ချိန်း ဈေးကွက်အတွင်း စတင် အရောင်းအ၀ယ်
ပြုလုပ်ချိန်တွင် စိတ်ဝင်စားမှု မြင့်တက်ခဲ့သော်လည်း ရင်းနှီး
မြှုပ်နှံသူတို့ ၏ စိတ်ပါဝင်စားမှု တဖြည်းဖြည်းဖြင့်
လျော့နည်းပါးခဲ့သည်။
ကုမ္ပဏီများ၏ အစုရှယ်ယာ အရောင်းအ၀ယ်များ ကျဆင်း
လာခဲ့ရာ စတင် အရောင်းအ၀ယ် ပြုလုပ်သည့် မတ်လအတွင်း
ငွေကျပ် ၂၄ ဘီလီယံကျော် အရောင်းအ၀ယ် ပြုလုပ်နိုင်ခဲ့
သော်လည်း နိုဝင်ဘာလကုန်တွင် ကျပ် ၂ ဘီလီယံကျော်သာ
အရောင်းအ၀ယ် ရှိခဲ့သည်။
စတော့ အိတ်ချိန်းတွင် အစုရှယ်ယာ အရောင်းအ၀ယ် ကျဆင်း
မှုများသည် ပြည်သူလူထု၏ ယုံကြည်မှု နှင့် သတင်းအချက်
အလက် အသိပညာ ရရှိမှု လျော့နည်းနေသေးသည့် အတွက်
ကြောင့် ဖြစ်ပြီး စိတ်ဝင်စားမှုနှင့် သတင်း အချက်အလက်
အသိပညာ ပေးမှု ပို၍ မြင့်တက်လာအောင် လုပ်ဆောင်သင့်
ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
စံချိန်တင် နိုင်ငံခြားငွေ လဲလှယ်နှုန်း
-----------------------------------------
မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ် အတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း
စံချိန်တင် မြင့်တက်ခြင်း ၊ မြန်မာ ငွေကြေး ဖောင်းပွခြင်း စသည့်
မတည်ငြိမ်မှုများကို ကြုံတွေ့ခဲ့ရပြီး နှစ်အဆက်ဆက် ဘတ်ဂျက်
လိုငွေ ပြမှု အပါအဝင် ကုန်ထုတ်လုပ်မှု ၊ စားသုံးမှု ၊ ဝယ်လိုအား ၊
ရောင်းလိုအား အခြေအနေများအရ ငွေဖောင်း ပွမှုနှုန်း
မြင့်မားခဲ့သည်။
ကျပ်ငွေ တန်ဖိုး
------------------
မြန်မာငွေကျပ် တန်ဖိုးသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ
ဒီဇင်ဘာလအတွင်း ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အဓိက အကြောင်းရင်း
--------------------------
ငွေလဲနှုန်းများမြင့်တက်နေခြင်းသည် မြန်မာ့ဈေးကွက်အတွင်း
နိုင်ငံခြားငွေ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟမှု မြင့်မား
နေခြင်းကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်လာကာ
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်း လာသောကြောင့် ဖြစ်ပြီး
အဓိက အကြောင်းရင်းများအားဖြင့် ကုန်သွယ်မှုလိုငွေ
မြင့်မားနေခြင်း၊ တရားမဝင် ငွေကြေးဈေးကွက် အားကောင်း
နေခြင်းနှင့် ဒေါ်လာဈေးကစားကြသူများကြောင့် ဖြစ်ကြောင်း
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ
အသင်းချုပ်(UMFCCI)မှ ဒီဇင်ဘာလကုန်ပိုင်းတွင်
သတင်း ထုတ်ပြန်ခဲ့သည်။
ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်
---------------------------------------
နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းများ မြင့်တက်နေခြင်း
အခြေအနေသည် မြန်မာ့စီးပွားရေးကဏ္ဍအပေါ် ထိခိုက်စေမှု
များ ဖြစ်ပေါ်စေလျက်ရှိပြီး ပြည်တွင်း အထွေထွေ
ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း UMFCCI ၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငွေလဲလှယ်နှုန်းများ တည်ငြိမ် လာစေရေး
-----------------------------------------------
နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံခြား ငွေလဲလှယ်နှုန်းများ
တည်ငြိမ် လာစေရေး အတွက် ငွေကြေး ဈေးကွက် ဆိုင်ရာ ၊
နိုင်ငံခြားငွေများ ပိုမိုရရှိလာစေရေး ၊ ကျပ်ငွေ ဝယ်လိုအား
မြှင့်တင်ရေး ၊ ပို့ကုန်-သွင်းကုန် ဆိုင်ရာနှင့် ရေရှည်
ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍
UMFCCI မှ အကြံပြု တိုက်တွန်းထားသည်။
ကဏ္ဍပေါင်းစုံ ဖြေလျော့
---------------------------
“မြန်မာနိုင်ငံမှာ အထိုက်အလျောက် တော့ တိုးတက်မှုတွေက
ဘက်စုံကနေ ဖြစ်လာတယ်။ ရွေ့ လာတယ်။ နှေးကွေးတာကို
တော်တော်များများက အားမလို အားမရ ဖြစ်နေတာပေါ့။
အခုတော့ ဖြေလျှော့မှုတွေကို ဘက်စုံ ကဏ္ဍစုံက လုပ်နေ
ကြတာပေါ့။ ဒါပေမယ့် ပေါင်းစည်း ညှိနှိုင်းမှု မရှိသေးတာတွေ
ရှိတယ်။”ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဋ္ဌ
ဒေါက်တာ မောင်မောင်လေးက ဆင်ဟွာသို့ ပြောသည်။
ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုနှင့် အတူ
------------------------------------------
ကမ္ဘာနှင့် တစ်ဝန်း စီးပွားရေး ကျဆင်းမှု ၊ ငွေကြေး ဖောင်းပွ
မှုများ ဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံ အနေဖြင့်
ထိုရိုက်ခတ်မှုများ ရှိမည် ဖြစ်ကြောင်း ၊ ၂၀၁၇ ခုနှစ်တွင်
အမေရိကန် ဗဟိုဘဏ်မှ ၂ ကြိမ်ခန့် အတိုးနှုန်း မြှင့်တင် ရန်
အလားအလာ ရှိသည့် အတွက် ရိုက်ခတ်မှုများ ဆက်လက်
မြင်တွေ့ ရအုံးမည် ဖြစ်ကြောင်း ၊ ထိုအတွက်ကြောင့် ပြင်ဆင်
ထားရန် လိုအပ်ပြီး မြန်မာငွေကြေး တန်ဖိုးကျဆင်းမှု အပေါ်
ကိုလည်း အခွင့်အရေး ယူတတ်ရန် လိုအပ်ကြောင်း နိုင်ငံ
ပို့ ကုန်ကဏ္ဍတွင် အခွင့်အရေး ယူတတ်ရန် လိုကြောင်း
၎င်းက သုံးသပ် ပြောကြားခဲ့သည်။
ကုန်သွယ်မှု လိုငွေ
---------------------
မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လိုငွေ စုစုပေါင်းမှာ ၂၀၁၆-၂၀၁၇
ဘဏ္ဍာနှစ်၏ ပထမ ၈ လပတ် အတွင်း အမေရိကန် ဒေါ်လာ
၃.၂၆၄ ဘီလီယံ ရှိပြီး ယခင်နှစ် အလားတူ ကာလတွင်
အမေရိကန် ဒေါ်လာ ၄.၉၈၈ ဘီလီယံ ရှိခဲ့သည်။
နိုင်ငံ စီးပွားရေးတွင် ကုန်သွယ်မှု လိုငွေ ကြီးမားစွာ ပြသရခြင်း
၏ အဓိက အကြောင်းအရာမှာ ငွေကြေး ဖောင်းပွခြင်း နှင့်
ပို့ ကုန် ကဏ္ဍ တိုးမြင့်ရန် လုပ်ဆောင်ချက်များကြောင့်
ဖြစ်သည်။
ရ/သုံး ငွေစာရင်း
-------------------
၂၀၁၆ - ၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အတွင်း
ပြည်ထောင်စု အစိုးရအဖွဲ့ ၏ ရငွေ သုံးငွေဆိုင်ရာ အကောင်
အထည် ဖော်နိုင်မှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်များနှင့် နှိုင်းယှဉ်ပါက
ရငွေသည် သုံးနှစ် အတွင်း အနည်းဆုံး ဖြစ်ပေါ်ခဲ့ကြောင်း
ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီက လွှတ်တော်သို့ 
အစီရင်ခံ တင်ပြခဲ့သည်။
မျှော်မှန်းသလောက်
-----------------------
အစိုးရသစ် လက်ထက် ပထမ ၆ လတွင် စီးပွားရေးဘက်တွင်
မျှော်မှန်းသလောက် မြန်မြန် ဆန်ဆန် တိုးတက်မှု မရှိခဲ့ကြောင်း
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
ဝန်ခံ ပြောဆိုထားခဲ့သည်။
၂၀၁၇ ခုနှစ် မျှော်မှန်းချက်
-------------------------------
“၂၀၁၇ ခုနှစ်မှာ စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ပြီး ပိုကောင်းလာ
မယ်လို့ မျှော်လင့်ပါတယ်။အမေရိကန် ပိတ်ဆို့ မှုတွေ ဖြေလျှော့
တာတွေက အခွင့်အလမ်းတွေပါ။ အဲလို အခွင့်အလမ်းတွေက
ဒီနေ့  ဖြေလျော့ လိုက်တာနဲ့ နောက်တနေ့ လုပ်နိုင်တဲ့
အနေအထား မရှိဘူး။ အချိန်အတိုင်းအတာ တစ်ခုတော့ ယူရ
မှာပဲလေ။ ဒါကြောင့် ၂၀၁၇ ကိုပဲ မျှော်လင့်ချက် ထားရမှာပဲ။
၂၀၁၆ မှာ ရလာတဲ့ အခွင့်အလမ်းတွေကို ယူဖို့ လိုတယ်။
ကမ္ဘာ့ စီးပွားရေး အနေအထားကိုလည်း အခွင့်အရေး ယူဖို့ 
လိုတယ်။”ဟု စီးပွားရေး ပညာရှင်
ဒေါက်တာ အောင်ထွန်းသက်က သုံးသပ်သည်။
“ရင်းနှီးမြုပ်နှံသူ အကြီးကြီးတွေက စောင့်ကြည့်တဲ့ ကာလလည်း
ဖြစ်တဲ့ အတွက် ၂၀၁၆ ခုနှစ်ရဲ့ စီးပွားရေးဟာ သိပ်ပြီး တိုးတက်
တာတော့ မတွေ့ ရဘူး။တစ်ခုရှိတာက ကမ္ဘာ့ စီးပွားရေးလည်း
၂၀၁၆ က အကောင်းကြီး မဟုတ်ဘူး။မြန်မာ့ စီးပွားရေးလဲ
ရိုက်ခတ်မှု ရှိတယ်လို့ ထင်တယ်။၂၀၁၇ ခုနှစ်ကတော့
၂၀၁၆ ခုနှစ်ထက်တော့ အများကြီး ကောင်းဖို့ ရှိပါတယ်။
အဲလို မျှော်လင့်တယ်။”ဟု စီးပွားရေး ပညာရှင်
ဒေါက်တာ မောင်အောင်က သုံးသပ်သည်။
စီးပွားရေး မူဝါဒ
------------------
အစိုးရသစ်မှ နိုင်ငံ၏ စီးပွားရေးမူဝါဒသည် ပြည်သူကို ဗဟိုပြု၍
အားလုံးပါဝင်နိုင်သော အစဉ်အဆက်မပြတ် တိုးတက်မှု
ရရှိစေရန် ရည်ရွယ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို
အထောက်အကူ ရရှိစေရန် ဦးတည်၍ သဘာဝ သယံဇာတ
အရင်း အမြစ်များကို ရေရှည် ထိန်းသိမ်းလျက် ပြည်နယ်နှင့်
တိုင်းဒေသကြီးများ အကြား မျှတ မှန်ကန်စွာ ခွဲဝေ
အသုံးချနိုင်မည့် စီးပွားရေးမူဘောင် ချမှတ် ဆောင်ရွက်ရန်
မျှော်မှန်းကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
credit - Xinhua Myanmar
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
“မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်နှင့် အတူ”
“မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်နှင့် အတူ”
၁။ "စီးပွားရေးလုပ်ငန်းများကို လာမည့် ဇန်န၀ါရီ ၁ ရက်မှ
စ၍ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ဖြင့် ခွင့်ပြုတော့မည်"
စီးပွားရေးလုပ်ကိုင်မှု အဆိုပြုလွှာ တင်သွင်းခြင်းကို
၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်မှစတင်ကာ အသစ်ထုတ်ပြန်
ထားသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ပါ
အချက်အလက်များဖြင့် အတည်ပြု လုပ်ဆောင်တော့မည်
ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု
ဦးစီးဌာနDICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက
ပြောသည်။
သို့ရာတွင် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေပါ ပြဋ္ဌာန်းချက်များဖြင့်
အဆိုပြုလွှာတင်သွင်းလိုသူများကို ယခု ၂၀၁၆ ခုနှစ်၊
ဒီဇင်ဘာ ၃၁ ရက်အထိ နောက်ဆုံးထား လက်ခံပေးသွားရန်
ဆောင်ရွက်ထားသည်ဟုလည်း ၎င်းက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA ရုံး
တွင် ဒီဇင်ဘာ ၁၉ ရက်ကသတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို
ပြုလုပ်ခဲ့ကာ ဦးအောင်နိုင်ဦးက ပြောခဲ့ခြင်းဖြစ်သည်။
"ဥပဒေဟောင်းနှစ်ခုပါ ပြဋ္ဌာန်းချက်တွေနဲ့ အဆိုတင်သွင်းမယ့်
ရင်းနှီးမြှုပ်နှံမှုတွေကို ဒီဇင်ဘာ ၃၁ ရက်အထိ လက်ခံပြီး စိစစ်
ပေးသွားမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်တွေကိုလည်း အဲဒီဥပဒေ
ဟောင်းနှစ်ခုပါ ပြဋ္ဌာန်းချက်တွေနဲ့ စိစစ်သွားမှာပါ။ ဒါပေမဲ့
ဇန်န၀ါရီ ၁ ရက်က စပြီး ဥပဒေဟောင်းနှစ်ခုနဲ့ တင်သွင်းတဲ့
အဆိုပြုလွှာတွေကို လက်ခံတော့မှာ မဟုတ်ပါဘူး။
ဥပဒေသစ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ ဆောင်ရွက်သွားတော့မှာ
ဖြစ်ပါတယ်"ဟု ဦးအောင်နိုင်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုတွင် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ပါက
မည်သည့်လုပ်ငန်းကိုမဆို ၀င်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ်
ခံစားခွင့်ပြုထားသည်။
ကုန်ထုတ်လုပ်ငန်းများဖြစ်ပါက ထုတ်လုပ်သည့် ကုန်စည်များ
ကို ပြည်ပသို့တင်ပို့ရာတွင် ရရှိသည့် အမြတ်ငွေအပေါ်တွင်
ဝင်ငွေခွန် ၅၀ ရာခိုင်နှုန်း ထပ်မံ ခံစားခွင့်နှင့် လုပ်ငန်းစတင်
လည်ပတ်ချိန်မှ ကနဦးသုံးနှစ်အတွင်း တင်သွင်းသည့်
ကုန်ကြမ်းပစ္စည်းများ အပေါ်တွင် အကောက်ခွန်နှင့်ပြည်တွင်း
အကောက်ခွန် နှစ်မျိုးစလုံးအား ကင်းလွတ်ခွင့် ပြုထားသည်။
ထို့ပြင် လုပ်ငန်းများသည် စတင် လည်ပတ်စဉ်မှာ
အမှန်တကယ် အရှုံးပေါ်ပေါက်ပါက၎င်း အရှုံးငွေများကို
သုံးနှစ်အထိ သယ်ယူခုနှိမ်ခွင့်များကိုလည်း ခွင့်ပြုထားသည်။
သို့ရာတွင် ၎င်းဥပဒေနှစ်ရပ်အား ပေါင်းစည်းကာ ဥပဒေတစ်ခု
တည်းအဖြစ် အသစ်ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံ ရင်းနှီး
မြှုပ်နှံမှု ဥပဒေတွင် သက်သာခံစားခွင့်များကို ပြင်ဆင်
ပြဋ္ဌာန်းထားသည်။
ထိုကဲ့သို့ ပြင်ဆင်ချက် အသစ်များအဖြစ် ၀င်ငွေခွန်ကင်းလွတ်
ခံစားခွင့်များကို
- ဇုန်(၁)အတွင်းပါဝင်သည့် လုပ်ငန်းများအား ခံစားခွင့်
ခုနစ်နှစ် ဆက်တိုက်၊
- ဇုန်(၂)အတွင်း ပါဝင်သည့်လုပ်ငန်းများအား ခံစားခွင့်
ငါးနှစ်ဆက်တိုက်နှင့်
- ဇုန် (၃)အတွင်းပါဝင်သည့် လုပ်ငန်းများအားခံစားခွင့်
သုံးနှစ်ဆက်တိုက်ဖြင့် ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
ထိုကဲ့သို့ ဇုန်အလိုက် ခံစားခွင့်ပြုရာတွင်လည်း ရင်းနှီးမြှုပ်နှံမှု
ကော်မရှင် DICA ကသီးခြား ထုတ်ပြန် သတ်မှတ်ထားသည့်
လုပ်ငန်းများတွင် ၀င်ရောက်မြှုပ်နှံသည့်လုပ်ငန်းကဏ္ဍကို
သာ ခံစားခွင့်ပေးရေးအတွက်လည်း ထည့်သွင်း
ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။
သို့ရာတွင် နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများကိုမူ လုပ်ငန်း
လုပ်ကိုင်သည့် ဒေသနှင့်စီးပွားရေးလုပ်ငန်း အမျိုးအစား
အလိုက် အထူး ကင်းလွတ်သက်သာခွင့်၊ သို့မဟုတ် ပိုမို
သာလွန်သည့် ကင်းလွတ် သက်သာခွင့်များအဖြစ် အစိုးရ
အဖွဲ့ ခွင့်ပြုပေးနိုင်ရန်အတွက်လည်း ပြဋ္ဌာန်းထားသည်။
ထို့အတူ လုပ်ငန်းအမျိုးအစားအလိုက် ကုန်ကြမ်းပစ္စည်း
တင်သွင်းမှုများတွင်လည်းလုပ်ငန်းအမျိုးအစားအလိုက်
အကောက်အခွန်ကင်းလွတ်ခွင့်၊ အကောက်ခွန်နှင့်
ပြည်တွင်းအခွန် နှစ်ရပ်စလုံး ကင်းလွတ်ခွင့်ရရှိရန်
ပြဋ္ဌာန်းထားသည်။
"ရင်းနှီးမြှုပ်နှံမှုဇုန် သတ်မှတ်တာနဲ့ အထောက်အပံ့ပေးမယ့်
စီးပွားရေးလုပ်ငန်းအမျိုးအစားသတ်မှတ်တာတွေကို လာမယ့်
၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလထဲမှာ ထုတ်ပြန်သွား ပေးမှာ
ဖြစ်ပါတယ်"ဟုဦးအောင်နိုင်ဦးက ဆက်လက်ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၌ ဥပဒေ
ဟောင်း နှစ်ရပ်ပါ ပြဋ္ဌာန်းချက်များဖြင့် ခွင့်ပြုပေးနိုင်ရန်
တင်သွင်းထားသည့်လုပ်ငန်းအဆိုပြုလွှာ ၅၂ စောင်ကျန်ရှိ
နေဆဲဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောသည်။
အဆိုပါ လုပ်ငန်းအဆိုပြုလွှာများအပြင် ဒီဇင်ဘာ ၃၁ ရက်
အတွင်း တင်ပြလာသည့်လုပ်ငန်းအဆိုပြုလွှာများ အားလုံး
ကိုလည်း ဥပဒေဟောင်းနှစ်ရပ်ပါ ပြဋ္ဌာန်းချက်များဖြင့် စိစစ်
ခွင့်ပြုပေးသွားမည် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
သို့ဖြစ်ရာ ၁၉၈၈ ခုနှစ်မှ လက်ရှိ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ
အထိတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေဖြင့် ခွင့်ပြုခဲ့သည့်
လုပ်ငန်း ပေါင်း ၁,၁၇၉ ခု ရှိခဲ့ပြီး ရင်းနှီးမြှပ်နှံမှုပမာဏ
၆၇ ဘီလျံ ရှိထားသည်။
ထို့အတူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေဖြင့် ခွင့်ပြုခဲ့
သည့်လုပ်ငန်းပေါင်း ၁,၂၂၃ ခု ရှိပြီး ကန်ဒေါ်လာ
၈ ဒသမ ၃၀၅ ဘီလျံနှင့် ကျပ်ငွေ
၁၂,၃၅၇ ဒသမ ၆၄၈ ဘီလျံကျော် ရှိသည်။
(ထင်လင်းအောင်)
***
၂။ "၂၀၁၇ မှာ ဘယ်နိုင်ငံတွေက ဘယ်လောက်လာပြီး
ရင်းနှီးမြှုပ်နှံကြမလဲ"
လာမယ့် ၂၀၁၇ ခုနှစ်ဟာ အရပ်သား အစိုးရအတွက် စီးပွားရေး
ပြုပြင်ပြောင်းလဲမှုကို အဓိကလုပ်ဆောင်ရမယ့် နှစ်လို့
ပညာရှင် အချို့က သုံးသပ်ကြပါတယ်။
အစိုးရဟာ လာမယ့်နှစ်ဆန်းပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကို
ပြဋ္ဌာန်းဖို့ ရှိနေပါတယ်။
ဒါကြောင့် လာမယ့်နှစ်မှာ ဘယ်နိုင်ငံတွေကနေ ဘယ်လိုရင်းနှီး
မြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုတာ ပညာရှင်အချို့ကို
မေးမြန်းထားပါတယ်။
ဂျပန်
------
ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးဝင်ရောက်လာမယ်လို့
စီးပွားရေးပညာရှင်အချို့က သုံးသပ်ပါတယ်။
အကြောင်းရင်းကတော့ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့
ဆက်စပ်နေတဲ့ လုပ်ငန်းတွေကြောင့်ပါ။
ဂျပန်နိုင်ငံက  အကြီးစားစက်ရုံတွေ တည်ဆောက်တဲ့ နေရာတွေ၊
အကြီးစား ဆိပ်ကမ်းတွေ၊ လမ်း၊ တံတားဆက်သွယ်ရေးတွေ
နေရာမှာ ရင်းနှီးမြှုပ်နှံမှု ပိုမို လုပ်လာမယ်လို့ ပညာရှင်တွေက
ခန့်မှန်းပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံနေတာက
စင်ကာပူဖြစ်ပြီး ဒုတိယအများဆုံးက တရုတ်နိုင်ငံဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံမှုဝင်ရောက်လာတဲ့အခါ မိမိ
နိုင်ငံအတွင်းမှ ကုန်ကြမ်းကို အသုံးပြုပြီး ကုန်ချောထုတ်မယ့်
ရင်းနှီးမြှုပ်နှံမှုမျိုးကို ပိုမိုမျှော်လင့်သင့်တယ်လို့ စီးပွားရေး
ပညာရှင်အချို့ က ပြောပါတယ်။
မြန်မာနိုင်ငံဟာ ပို့ကုန်ထက် သွင်းကုန်ပိုမို များပြားနေတဲ့
အတွက် စီးပွားရေးအခြေအနေ လျော့နည်းခဲ့ရပါတယ်။
မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာတဲ့ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း
တွေမှာလည်း သယံဇာတနဲ့ စက်ရုံလုပ်ငန်းမျိုးစုံ သာ
ဝင်ရောက်မှုများနေတယ်လို့ သုံးသပ်ကြပါတယ်။
ဂျပန်နိုင်ငံဟာ၂၀၁၆ ခုနှစ်မှာ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှု
ကတော့ သီလဝါအထူးစီးပွားရေးဇုန် ဖြစ်ပြီး အိမ်ခြံမြေကုမဏီ၊
စားသောက်ကုန်ကုမဏီတွေ၊ ငွေကြေးချေးငှားပေးတဲ့ကုမဏီ
တွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြု လုပ်ခဲ့တယ်လို့
သိရပါတယ်။
ဂျပန်နိုင်ငံဟာ ၂၀၁၅- ၂၀၁၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ
၂၁၉.၇၉၃ သန်း ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။
စင်ကာပူ
----------
၂၀၁၇ ခုနှစ်မှာ စင်ကာပူနိုင်ငံ က မြန်မာနိုင်ငံကို စက်ပစ္စည်းနဲ့
ပတ်သက်တဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကမ်းလွန် ရေနံတူးဖော်တဲ့စက်
တွေ ထုတ်လုပ်တဲ့စက်ရုံခွဲ လာရောက် ဖွင့်လှစ်နိုင်တယ်လို့
စီးပွားရေး ပညာရှင် ဦးလှမောင်က ပြောပါ တယ်။
မြန်မာနိုင်ငံမှာလည်း ကမ်းလွန်ရေနံတွင်းတွေရှိပေမဲ့ တူးဖော်
်တဲ့ပစ္စည်းတွေကိုတော့ တခြားနိုင်ငံက ဝယ်ယူသုံးစွဲ ကြရပါ
တယ်။ အဲသည်ရင်းနှီးမြှုပ်နှံမှုမျိုး ဝင်ရောက်လာရင်
မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံး အလုပ်အကိုင်ရှိလာနိုင်
တယ်လို့ သုံးသပ်ကြပါတယ်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်
ဒေါ်လာ လေးဘီလျံရှိပြီး ၂၀၁၆-၂၀၁၇ နိုဝင်ဘာလအထိ
အမေရိကန်ဒေါ်လာ နှစ်ဘီလျံ ရှိတယ်လို့ သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
ဒီဇင်ဘာ ပထမပတ်မှာ စင်ကာပူနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်
သွားရောက်ချိန်က စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေနဲ့
တွေ့ဆုံခဲ့ပါ တယ်။
စင်ကာပူနိုင်ငံကအိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ
အဓိကထားမြှုပ်နှံထားပေမဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ပိုမိုတိုးတက်ဖို့
ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို စောင့်ဆိုင်း
နေတယ်လို့ ပြော ဆိုထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့
တောင်းဆိုချက်အရ စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံမှာ
အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း
တွေ၊ မြန်မာလုပ်သားတွေအတွက် အရည်အသွေးမြှင့်တင်
ရေးဆိုင်ရာ သင်တန်းကျောင်းတွေအတွက် ရင်းနှီးမြှုပ်နှံ
လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။
တရုတ်နိုင်ငံ
--------------
၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံက သူ့ရဲ့ပိုးလမ်းမ မဟာဗျူဟာကျ
စီမံကိန်းကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်မှာဖြစ်လို့ မြန်မာ
နိုင်ငံဟာ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းတွေကို လက်ခံရရှိမှာ
ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
တရုတ်နိုင်ငံက ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေး
ဇုန်မှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ ပိုးလမ်း မဟာဗျူဟာအရ
လာမယ့်နှစ်မှာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ
ရင်းနှီးမြှုပ်နှံမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်
တော့မယ်လို့ ပညာရှင် အချို့က သုံးသပ်ထားပါတယ်။
မကြာသေးခင်ကပဲ ပိုးလမ်းမရဲ့စီမံကိန်းတစ်ခုဖြစ်တဲ့
ကျည်ဆန် ရထားစီမံကိန်းကို မြန်မာနိုင်ငံအတွင်းမှာ
လာမယ့်နှစ်မှာ အကောင်အထည်ဖော်ဖို့ရှိတယ်လို့ တရုတ်
သတင်းမီဒီယာတွေက ရေးသားထားပါတယ်။
ပိုးလမ်းမကြီးကို ဖောက်လုပ်ဖို့ အစီအစဉ်ရှိတဲ့အတွက်
မြန်မာနိုင်ငံက ကြားခံနိုင်ငံဖြစ်လာတဲ့အခါ ရင်းနှီးမြှုပ်နှံမှု
ပိုမိုရလာနိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးလှမောင်က
ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာဒုတိယအများဆုံး
ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရေနံနဲ့
သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အများဆုံး ရင်းနှီးမြှုပ်နှံ
ထားပါတယ်။
၂၀၁၇ မှာ တရုတ်နိုင်ငံက ဖုန်းဟန်းဆက်စက်ရုံတွေ
မြန်မာနိုင်ငံမှာ စက်ရုံခွဲဖွင့်ပြီး ရင်းနှီးမြှုပ်နှံလာနိုင်တယ်လို့
သုံးသပ်ကြပါတယ်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှု
ပမာဏက အမေရိကန်ဒေါ်လာ ၃.၃ ဘီလျံရှိတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (နိုဝင်ဘာလအထိ) ရင်းနှီးမြှုပ်နှံမှု
ပမာဏမှာ အမေရိကန် ဒေါ်လာ ဝ.၄ ဘီလျံရှိတယ်လို့
သိရပါတယ်။
လာမယ့်နှစ်မှာ တရုတ်နိုင်ငံဟာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့
အပြီးသတ်ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ အစိုးရကို တွန်းအား
ပေးနိုင်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ရှမ်းပြည်နယ် မြာက်ပိုင်း
တစ်ကြောက မြန်မာ- တရုတ်ရေနံပိုက်လိုင်း စီမံကိန်းရဲ့
လုံခြုံရေးအတွက်လည်း အစိုးရနဲ့ အထူးအလေးပေး
ဆွေးနွေးလုပ်ဆောင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
ထိုင်းနိုင်ငံ
-----------
မြန်မာနိုင်ငံမှာ လက်ရှိလုပ်ကိုင်နေတဲ့ ရင်းနှီးမြှုပ်နှံမှုက
သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုဖြစ် တယ်။ ၂၀၁၆-၂၀၁၇
(နိုဝင်ဘာလအထိ) ရင်းနှီးမြှုပ်နှံမှုတတိယအများဆုံးဖြစ်ပြီး
ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ဝ.၁ ဘီလျံရှိပါတယ်။
လာမယ့် ၂၀၁၇ ခုနှစ်မှာ လည်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု
ကိုသာ ဦးစားပေးလုပ်ဆောင်မှာဖြစ်တယ်လို့ ခန့်မှန်းထားကြပါ
တယ်။ ဒါ့အပြင် ထိုင်းနိုင်ငံက အလှကုန်ထုတ်လုပ်ရေး လုပ်ငန်း
တွေဟာ  အခုနှစ်မှာ ဈေးကွက်ကို စမ်းသပ်လေ့လာခဲ့ပြီး
လာမယ့် နှစ်ထဲမှာ အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုတွေ
ပြုလုပ်လိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။
အဝတ်အထည်လုပ်ငန်းတွေ၊ စားသောက်ကုန်လုပ်ငန်းတွေ
အပြင် ခရီးသွားလုပ်ငန်းတွေ မြှင့်တင်ရေးကုမဏီတွေလည်း
မြန်မာနိုင်ငံဘက်ကို ၂၀၁၇ခုနှစ်မှာ ခြေဦးချလာမယ်လို့
ထိုင်းသတင်းစာတွေက ရေးသားထားပါတယ်။
ဥရောပ
----------
ဖွံ့ဖြိုးစနိုင်ငံတွေဆီက စိုက်ပျိုးရေးထွက်ကုန်တွေကို ဥရာပနိုင်ငံ
တွေက အလေးပေး ဝယ်ယူလေ့ရှိတာကြောင့် လာမယ့်နှစ်မှာ
မြန်မာနိုင်ငံမှာ organic farming တွေ စိုက်ပျိုးနိုင်ဖို့ လာရောက်
ရင်းနှီးမြှုပ်နှံနိုင်တယ်လို့ ပညာရှင် အချို့က ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံကို ခပ်သွက်သွက် လာရောက်တာကတော့ ဗြိတိန်နဲ့
ဂျာမနီနိုင်ငံတွေဖြစ်ပြီး မြန်မာ့စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့ကို
လည်း ဂျာမနီနိုင်ငံက အကူအညီတွေ ပေးနေပါတယ်။
ဗြိတိန်နိုင်ငံကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကို မျက်စိ
ကျနေတယ်။ ၂၀၁၆ခုနှစ်အတွင်းမှာ နာမည်ကျော် ကုမဏီ
တွေက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပြီးဖြစ်လို့ ဝင်ရောက်လာမယ့်
ကဏ္ဍသစ်ကို ခန့်မှန်းရခက်နေဆဲ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံဟာ မြန်မာနိုင်ငံမှာ ၂၀၁၆-၂၀၁၇ (နိုဝင်ဘာလ)
အထိ အမေရိကန်ဒေါ်လာ ၁.၁၅၃ သန်း ရင်းနှီး
မြှုပ်နှံထားပါတယ်။
အမေရိကန်
--------------
အမေရိကန်နိုင်ငံဟာ လာမယ့်နှစ်မှာ စွမ်းအင်ကဏ္ဍနဲ့ ဥပဒေ
ဆိုင်ရာအကြံပေး လုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံ
လိမ့်မယ်လို့ US- Myanmar Investement အဖွဲ့က
ခန့်မှန်းထားပါတယ်။
အမေရိကန်နိုင်ငံဟာလည်း စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှား
လိုက်ကတည်းက ရင်းနှီးမြှုပ်နှံဖို့ စောင့်ကြည့်နေပြီး  နိုင်ငံခြား
ရင်းနှီး မြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ဥပဒေတွေ နည်းဥပဒေတွေကို
စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။
အမေရိကန်ကုန်သည်ကြီး များအဖွဲ့က လာမယ့်နှစ်မှာ
ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လုပ်ငန်းတွေမှာ 
အဓိကထား ရင်းနှီးမြှုပ်နှံလိမ့်မယ်လို့ ခန့်မှန်းထားပါ တယ်။
အမေရိကန်ရဲ့ပီဇာကုမဏီတွေ၊  အချိုရည်ကုမဏီတွေ၊
ကြက်ကြော်စတဲ့ စားသောက်ကုန် ကုမဏီတွေကတော့
၂၀၁၆ခုနှစ် မှာ အ များဆုံးဝင်ရောက်ခဲ့တယ်။
ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးတွေကတော့ ၂၀၁၇ ခုနှစ်မှာ
လာရောက် လိမ့်မယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ
၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်မှာ အမေရိကန်ဒေါ်လာ
၂.၆၁၀ဘီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယ
--------
အိန္ဒိယနိုင်ငံဟာ လာမယ့်နှစ်မှာ အိန္ဒိယ-ထိုင်း-မြန်မာ
သုံးနိုင်ငံ လမ်းမကြီး စတင်အသက်ဝင်ဖို့ ရှိတာကြောင့်
မြန်မာနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့
လုပ်ငန်းတွေ၊ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းတွေ၊ အခြေခံ
အဆောက် အအုံဆိုင်ရာ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု
ပြုလုပ်ပါလိမ့်မယ်။
အိန္ဒိယနိုင်ငံက လက်ရှိမှာ မြန် မာနိုင်ငံကို TATA
မော်တော်ကား ကုမဏီ ရင်းနှီးမြှုပ်နှံမှုသာရှိပြီး မြန်မာနိုင်ငံမှာ
လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလာတဲ့အခါ ရင်းနှီး
မြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာနိုင်တယ်လို့
ခန့်မှန်းထားပါတယ်။
တကယ်တော့ အိန္ဒိယနိုင်ငံရဲ့ စီမံကိန်းအကောင်အထည်
ဖော် တဲ့ လုပ်ငန်းစဉ်တွေဟာ ၂၀၁၆ ခုနှစ်မှာ ရပ်နားထား
ရပေမဲ့ တရုတ်နဲ့ အပြိုင် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ
စက်မှုဇုန်တစ်ခုဆောက်ဖို့ ရှိပါ တယ်။
ဒါ့အပြင် လာမယ့်နှစ်မှာ အိန္ဒိ ယရဲ့ မဟာဗျူဟာ စီမံကိန်း
ဖြစ်တဲ့ စက်မှုဇုန်လုပ်ငန်း အကောင်အထည်ဖော်မှာဖြစ်တဲ့
အပြင် အိန္ဒိ ယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေနံ ပိုက်လိုင်းစီမံကိန်း
က  မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ
ထောင်နဲ့ချီပြီး ဖန်တီးပေးနိုင် လိမ့်မယ်လို့
ပညာရှင်အချို့က ခန့် မှန်းထားပါတယ်။
အိန္ဒိယနိုင်ငံက ၂၀၁၅-၂၀၁၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ
၂၂၄ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
လုပ်ဆောင်ရမယ်
--------------------
မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတဲ့အခါ
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် လုပ်ဆောင်ရမှာ
ဖြစ်ပြီး ရုံးလုပ်ငန်းတွေ  ဆောင်ရွက်တဲ့အခါမှာလည်း
အလွယ်တကူ ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ဖို့ လိုအပ်
တယ်လို့ စီးပွားရေးပညာရှင်ဦးဇော်ဖေဝင်းက ပြောပါတယ်။
သူက
“နောက်တစ်ခုက တရားဥပဒေစိုးမိုးရေးကို အဓိက
လုပ်ဆောင်ရမယ်၊ တတ်နိုင်သလောက် မှုခင်းတွေ ကျဆင်း
အောင် လုပ်ရမယ်” လို့ ဆက်ပြောပါတယ်။
စီးပွားရေးပညာရှင် ဦးလှမောင်က
‘နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေဝင်ရောက်လာရင် မြန်မာနိုင်ငံမှာ
လျှပ်စစ်ဓာတ်အား လုံလောက်အောင် ထိန်းချုပ် နိုင်ဖို့၊
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ထိပ်ဆုံးဖြစ်နေတဲ့ အိမ်ခြံမြေ
ဈေးကွက်ကို ဈေးနှုန်းချဖို့ လိုအပ်ပါတယ်˘လို့ ပြောပါတယ်။
-----
"မြန်မာနိုင်ငံမှာ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်အတွက်
ရင်းနှီးမြှုပ်နှံမှုထိပ်တန်း ၁၃ နိုင်ငံ"
(အမေရိကန်ဒေါ်လာ)
- စင်ကာပူနိုင်ငံ ၄၂၄၆.၈၇၅ သန်း
- တရုတ်နိုင်ငံ ၃၃၂၃.၈၅၃ သန်း
- နယ်သာလန်နိုင်ငံ ၄၃၈.၈၂၅ သန်း
- မလေးရှားနိုင်ငံ ၂၅၇.၂၂၁ သန်း
- ထိုင်းနိုင်ငံ ၂၃၆.၁၇၄ သန်း
- ဟောင်ကောင် ၂၂၄.၆၆၅ သန်း
- အိန္ဒိယနိုင်ငံ ၂၂၄.၂၂၃ သန်း
- ဂျပန်နိုင်ငံ ၂၁၉.၇၉၃ သန်း
- တောင်ကိုရီးယားနိုင်ငံ ၁၂၈.ဝ၉၁ သန်း
- ဗြိတိန်နိုင်ငံ ၇၅.၃၁၀ သန်း
- ဩစတြေးလျားနိုင်ငံ ၂၉.၇၃၃ သန်း
- ဘရူနိုင်းဒါရူဆလန်နိုင်ငံ ၂၆.၄၈၃ သန်း
- အင်ဒိုနီးရှားနိုင်ငံ ၁၃.၁၉၀ သန်း
-----
"မြန်မာနိုင်ငံမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်
(နိုဝင်ဘာလအထိ) ရင်းနှီးမြှုပ်နှံမှု ထိပ်တန်း ၁၀ နိုင်ငံ"
(အမေရိကန်ဒေါ်လာ)
- စင်ကာပူနိုင်ငံ ၂၅၃၃.၃၇၈ သန်း
- တရုတ်နိုင်ငံ ၄၃၉.၅၂၃ သန်း
- ထိုင်းနိုင်ငံ ၁၀၆.၂၇၈ သန်း
- ဟောင်ကောင် ၉၇.ဝ၁၆ သန်း
- ဂျပန်နိုင်ငံ ၅၀.၅၆၉ သန်း
- တောင်ကိုရီးယားနိုင်ငံ ၁၆.၈၃၃ သန်း
- မလေးရှားနိုင်ငံ ၁၀.၁၈၄ သန်း
- ဘရူနိုင်းနိုင်ငံ ၉.၂၂၈ သန်း
- အင်ဒိုနီးရှားနိုင်ငံ ၉.ဝ၃၄ သန်း
- ထိုင်ဝမ် ၅.၇၁၀ သန်း
(မို့မို့သန္တာ)
credit - The Myanmar Times & Kumudra Journal
(မှတ်ချက်)
အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးဈေးကွက်ဆိုင်ရာ သတင်းများ
ဖြစ်နေပါသဖြင့် မိတ်ဆွေများ လေ့လာနိုင်ရန်
တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0