"ကွာရှင်းပြီး လင်မယားထံမှ အိမ်နှင့်မြေကို
ဝယ်မည်ဆိုလျှင်"
''ဒဂုံမြို့သစ်က မြေကွက်တစ် ကွက်သွားကြည့်ပြီး
ပြန်လာတာ''
စိတ်ပျက်နေသည့် ပုံစံဖြင့် ရုံးခန်းထဲသို့ ဝင်လာသော
သူငယ်ချင်း ၏ စကားကိုကြားလိုက်ရသည်။
''ဘယ်လိုဖြစ်လာရပြန်တာလဲ၊ မြေဝယ်ဖို့သွားတာလား၊
အဆောက်အအုံပါသေးလား''
စာရေးသူက မေးလိုက်ခြင်း ဖြစ်သည်။
''ပေ၄ဝ x ပေ၆ဝ အဆောက်အအုံလည်းပါတယ်။
ဝယ်မယ်လို့ သွားတော့မှ ကွာရှင်းထားတဲ့ မိန်းမ က
ကန့်ကွက်နေလို့ ခဏစောင့်ပါဦးဆိုပြီး ပြောလိုက်တယ်။
ကွာရှင်းပြီးမှ ကန့်ကွက်ပိုင်ခွင့် ရှိသေးလို့ လား။
အဲဒါ စိတ်ထဲမကျေမနပ်ဖြစ်နေလို့
သူငယ်ချင်း ဆီဝင်လာတာ''
''လင်မယား လက်ထက်ပွား ပစ္စည်းဖြစ်နေလို့
ဖြစ်မှာပေါ့''
''မဟုတ်ဘူးကွ၊
အမည်ပေါက်က ယောက်ျားအမည်ပေါက်နဲ့ဆိုတော့
အမွေခွဲစိတ်ပြီးဖြစ်မှာပေါ့''
''အသေပြောလို့တော့ မရဘူး။
* မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ
လင်မယားနှစ်ဦးပေါင်းသင်းနေစဉ် တိုးပွားရရှိလာတဲ့
ပစ္စည်းကို လက်ထက်ပွားပစ္စည်းလို့ခေါ်တယ်။
အဲဒီလက်ထက်ပွားပစ္စည်းဆိုရင် လင်မယားနှစ်ဦးလုံး
ပူးတွဲပိုင်ရှင်တွေဖြစ်တယ်။
တစ်ဦးတည်း သဘောနဲ့ ရောင်းပိုင်ခွင့်မရှိဘူး။
အရောင်းအဝယ်ပျက်ပြယ်တယ်လို့ ဆိုတယ် * ''
''အခုကိစ္စက ကွာရှင်းပြီးသားလို့ ပြောတာပဲ''
''အေး-အဲဒီအခြေအနေကို ဆက်ရှင်းပြမယ်။
ဆက်စပ်ပြီး နားလည်မှ သဘောပေါက်မှာ
သူငယ်ချင်း''
''ကောင်းပါပြီ၊ ဆက်ပါဦး''
'' * အချို့လင်မယားတွေက တစ်ဦးတည်းအမည်နဲ့
အိမ်မြေ ဝယ်ထားကြတာရှိတယ်။
အဲဒီလို တစ်ဦးတည်းအမည်ပေါက်ရုံနဲ့ တစ်ဦးတည်းပိုင်
ပစ္စည်းအဖြစ် ပြောင်းလဲမသွားဘူး သူငယ်ချင်း၊
နောက်ဆုံး လင်မယားကွာရှင်းပြီးသည့်တိုင်
လက်ထက်ပွား ပစ္စည်းဖြစ်ရင်
တစ်ဦးတည်း အမည်ပေါက်လည်း
နှစ်ဦးပိုင် ပစ္စည်းဖြစ်တယ်လို့
တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အမှုလည်း ရှိတယ် * ''
''လင်မယားကွာရှင်းပြီးရင်တော့ ပစ္စည်းပိုင်ဆိုင်မှု
မရှိတော့ဘူး မဟုတ်လား''
''ဒီလိုရှိတယ်သူငယ်ချင်း၊
* လင်မယားကွာရှင်းပြီးပေမယ့်
ပစ္စည်း မခွဲဝေရသေးရင် ကန့်ကွက်ခွင့်ရှိတယ်
သူငယ်ချင်း။
တစ်ခါ တစ်ရံမှာ လင်မယားကွာရှင်းမှု သက်သက်ပဲ
တရားရုံးမှာ လျှောက်ထားကြတာရှိတယ်။
တရားရုံးကလည်း ကွာရှင်းခွင့်ကိစ္စသာ အမိန့် ချပေးမှာ
ဖြစ်တယ်။
ပစ္စည်းခွဲဝေခွင့် ပူးတွဲမလျှောက်တဲ့အတွက် ပစ္စည်းခွဲဝေတဲ့
အမိန့်မပါဘဲ ဖြစ်တတ်တယ်။
အချို့က ကွာရှင်းမိန့်ရပြီးမှ ပစ္စည်းခွဲဝေခွင့်ကို ထပ်မံ
လျှောက်ထားတတ်ကြတယ်။
ဒါကြောင့် ကွာရှင်းရုံနဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်က
မခွဲဝေရသေးတဲ့အတွက် ပူးတွဲပိုင်ရှင်အဖြစ်ပဲ
ရှိနေတယ် * ''
''မယားက ဖောက်ပြန်ရင် အမွေဆုံးရှုံးတယ်လို့
ကြားဖူးတယ်''
''မှန်ပါတယ်၊
မယားဖြစ်သူက အခြားသော ယောက်ျားနဲ့ ဖောက်ပြန်တာ
မှန်ကန်တယ်ဆိုရင် လင်မယားနှစ်ဦးပိုင်ပစ္စည်းမှာ
မယားက အခွင့်အရေးဆုံးရှုံးတယ်လို့
ဥပဒေ အရ သတ်မှတ်ထားတယ်။
ဒါပေမယ့် ဒီကိစ္စက လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး
သူငယ်ချင်း။
လင်က မယားကို အခြားသူနဲ့ စွပ်စွဲရုံနဲ့
ဖောက်ပြန်ပါတယ်လို့ တရားရုံးက သတ်မှတ်မပေးဘူး။
အမှန် တကယ် ဖောက်ပြန်ကြောင်း ခိုင်လုံတဲ့
အထောက်အထားပြဖို့ လင် ယောက်ျားမှာ တာဝန်ရှိတယ်။
ကဲ-ထားပါတော့၊
သူငယ်ချင်းကိစ္စ ကို ဆက်ဆွေးနွေးကြရအောင်၊
လင်မယားကွာရှင်းတာက တရားဝင် စာချုပ်စာတမ်းနဲ့
တရားရုံးမှာ ကွာရှင်း ကြတာလား''
''သူပြောစကားအရတော့ တရားရုံးမှာ ကွာရှင်းပြီးသားလို့
ပြောတာပဲ''
''ပစ္စည်းခန်းခွဲဝေပြီး၊ မပြီး ဆိုတာရော မမေးမိဘူးလား''
''မြေကွက်က သူ့အမည် ပေါက်နေတယ်ဆိုတော့
ပစ္စည်းခန်း ခွဲဝေပြီး ဖြစ်တယ်လို့ ထင်တာပေါ့၊
အခုမှ မိန်းမက ကန့်ကွက်လာလို့ ခေတ္တ ဆိုင်းပါဦး
ဖြစ်တာ''
''ဒါကိုတော့ သူငယ်ချင်း သေချာပြန်မေးဖို့လိုလိမ့်မယ်။
ပစ္စည်း ခန်းမခွဲဝေရသေးဘူး။
ရောင်းမယ့် မြေနဲ့ အိမ်ကလည်း လင်မယားနှစ်ဦး
လက်ထပ်ပြီးမှ တိုးပွားလာတဲ့ ပစ္စည်းလား၊
လက်မထပ်မီကတည်း က လင်ရဲ့အမည်နဲ့ ဝယ်ထားတဲ့
ပစ္စည်းလား ဆိုတာကို သေချာ စုံစမ်းစေချင်တယ်။
ဒါမှ ရောင်းသူကို အကြံပေးနိုင်သလို၊
မိမိကိုယ်တိုင် ကလည်း ဝယ်သင့်၊ မဝယ်သင့်
ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်''
''သူငယ်ချင်းပြောလို့ သတိရ သွားတယ်''
''ကဲ-ပြောပါဦး''
''အခုရောင်းမယ့်အိမ်နဲ့ မြေ က သူနဲ့ အိမ်ထောင်မကျမီ
ဝယ်ထားတဲ့ ပစ္စည်းမို့ မဆိုင်ဘူးပြောတယ်''
''ဒါပေမယ့် အဲဒီအိမ်မှာပဲ အတူနေခဲ့ကြတာမဟုတ်လား။
လင်ယောက်ျားရဲ့ ပါရင်းပစ္စည်းဖြစ်သွားတယ်။
ဒါတွေရှင်းပြနေရင် သူငယ်ချင်း ရှုပ်ထွေးကုန်မယ်''
''အေး-ဥပဒေအကြောင်းအချက်တော့ မလိုအပ်ဘူး။
အခု သိချင်တာက လင်မယားတရားဝင် ကွာရှင်းပြီးရင်
လင်ပိုင်ပစ္စည်းကို ရောင်းတဲ့အခါကန့်ကွက်ခွင့်
ရှိ မရှိဆိုတာပဲ သိချင်တယ်''
''သူငယ်ချင်းကို ရှင်းအောင် ပြောရရင်
၁၉၆၅ ခုနှစ်ကတည်း က တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့
စီရင်ထုံးတစ်ခုရှိတယ်၊
ယခုတိုင်လည်း အဲဒီဆုံးဖြတ်ချက်ကို လိုက်နာဆဲဖြစ်တယ်။
မောင်ထွန်းလင်းနဲ့ မမယ်ခင်
၁၉၆၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး
စာမျက် နှာ ၃၇၄ မှာ
* ကွာရှင်းပြီး လင်မယားဖြစ်သော်လည်း အချင်းဖြစ် ပစ္စည်းကို
ခွဲဝေခြင်းမပြုရသေးသဖြင့် မယားတွင် ပိုင်ဆိုင်ခွင့် ရှိသည် * ''
လို့ ဆုံးဖြတ်ခဲ့တယ်။
ဒါကြောင့် လင်မယားပိုင်ဆိုင် တဲ့ ပစ္စည်းရှိခဲ့ရင်
တရားဝင် ကွာရှင်းပြီးပေမယ့် ပစ္စည်းခန်း မခွဲဝေရသေးက
အဲဒီပစ္စည်းဟာ လင်မယားနှစ်ဦးပိုင်ပစ္စည်းအဖြစ်
တည်ရှိနေမှာပဲ သူငယ်ချင်း၊
ရောင်းမယ်၊ ပေါင်မယ် လွှဲပြောင်းပေးမယ်ဆိုရင်
ကျန်တဲ့သူက ကန့်ကွက်ခွင့်ရှိမှာဖြစ်တယ်''
''ဒါဆိုရင် အခုရောင်းမယ့် မြေနဲ့အိမ်ဟာ
ပစ္စည်းခန်းခွဲဝေပြီးတဲ့ စာရင်းထဲ ပါ၊ မပါ စုံစမ်းရမှာပေါ့''
''မှန်ပါတယ်။
ပစ္စည်းခန်း ခွဲဝေပြီးလို့ လင်ယောက်ျားပိုင် ပစ္စည်းအဖြစ်
ခွဲဝေထားတယ်ဆိုရင် အမြန်သာ ပြေးဝယ်လိုက်တော့
သူငယ်ချင်း''ဟု အကြံပြုရင်း
ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
credit - ဈေးကွက် ဂျာနယ်
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment