Sunday, January 15, 2017

“စီးပွားဖြစ် ကျူးများ … သတိ”

“စီးပွားဖြစ် ကျူးများ … သတိ”

၁။ "ကျူးကျော်ဟု လိမ်လည်စာရင်းပေးသူများကို
စိစစ်အရေးယူမည်"

ကျူးကျော်နေထိုင်သူများစာရင်းအားလုံးကောက်ယူပြီး ပါက
- အခွင့်အရေးပေးမည့် ကျူးကျော်များနှင့်
- အရေးယူရမည့်ကျူးကျော်များဟူ၍ အမျိုးအစားနှစ်ခု
ခွဲခြားမည်ဖြစ်ကြောင်း
ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သ တင်းရရှိသည်။

ကျူးကျော် နေထိုင်သူများ စာရင်းကောက်ယူခြင်း ရှေ့ပြေး
စီမံချက်အဖြစ် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၃ ခုတွင်
ဆောင်ရွက်လျက်ရှိရာ ယင်းစီမံချက်ပြီးစီးပါက ကောက်ယူ
ထားသည့် အချက်အလက်များ မှန်ကန်မှုရှိ၊ မရှိကို စစ်ဆေး
မည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ အထက်ပါ အမျိုးအစားနှစ်ခု
ခွဲခြားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့
ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်ကိုက ပြောသည်။

‘‘မှန်ကန်မှုရှိ၊ မရှိကို ပြန်စိစစ်မယ့် အဖွဲ့တစ်ဖွဲ့ ဖွဲ့မယ်။
Third Party(တတိယအဖွဲ့အစည်း) တစ်ခုပါမယ်။ 
NGO လည်း ဖြစ် ချင်ဖြစ်မယ်။ နိုင်ငံရေးပါတီလည်း ဖြစ်ချင်
ဖြစ်မယ်’’ဟု ၎င်းက ဆို သည်။

အမှန်တကယ်နေစရာမရှိ၍ အလုပ်လုပ်ချင်စိတ်ရှိသည့်
ကျူးကျော်များကို အခွင့်အရေးပေးမည့် ကျူးကျော်များ
အဖြစ် သတ်မှတ်၍ ၎င်းတို့သည် နေစရာနှင့်အလုပ်အကိုင်
များရရှိနိုင်ကြောင်း နှင့် စီးပွားဖြစ်ကျူးကျော်(သို့မဟုတ်)
လိမ်လည်သူများကို သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူ
သွားမည်ဟု ဦးထွန်းနိုင်ကိုက ရှင်းပြသည်။

ရှေ့ပြေးစီမံချက်အဖြစ် မြို့နယ် ၁၃ ခုထဲမှ ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်တွင် စာရင်းကောက်ယူပြီးစီးနေပြီး
လက်ရှိ၌ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ကောက်ယူ
နေကြောင်းနှင့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်
(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မြောက်ဥက္ကလာပ၊
သာကေတ၊ မရမ်းကုန်း၊ အလုံ၊ ကျောက်တန်း၊ သန်လျင်၊
ဒလမြို့နယ်များ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်း၏ ညွှန်ကြားချက်အတိုင်း ဆက်လက်
လုပ်ဆောင်မည်ဟု ဆိုသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အခြေခံကျူးကျော်စာရင်း
ကောက်ယူရာ၌ အမှန်တကယ်နေထိုင်စရာမရှိသည့်
ကျူးကျော်များသာမက အိမ်ငှားစားသည့် အိမ်ရှင်များကို
လည်း စလစ်ထုတ်ပေးမှုများ ဖြစ်ပေါ်၍ ခန့်မှန်းထားသည့်
ကျူးကျော်စာရင်းထက် ပိုမိုများပြားနေကြောင်း
ယင်းမြို့နယ်၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာဖြူဖြူခိုင်က ပြောသည်။

‘‘အိမ်ရှင်တွေကို စလစ်တွေ ပေးထားမိတာ ရှိတယ်။
ဆင်းရဲ ချမ်းသာမရွေး ပေးရမယ်ဆိုပြီး မကျေမနပ်ဖြစ်တာ
တွေရှိတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့ပေါ်လစီက အမှန်တကယ်
နေစရာမရှိတဲ့သူတွေပဲ စာရင်းသွင်းခိုင်းပြီး သက်သေခံ
ကတ်ပြားထုတ်ပေးနေတာ။ လောလောဆယ်တော့ မူလ
စာရင်းထက် ဖောင်းပွလာတဲ့သဘောရှိတယ်။ ပြဿနာတွေ
ကတော့ အများကြီးပဲ’’ဟု ၎င်းက ဆိုသည်။

အဆိုပါမြို့နယ်တွင် ကျူး ကျော်အိမ်ခြေ တစ်သောင်း
ခြောက်ထောင်ကျော်ရှိသည်ဟု ခန့်မှန်း ထားပြီး လက်ရှိတွင်
တစ်သောင်း ကျော်ပြီးစီးနေပြီဖြစ်ကာ လာမည့် ငါးရက်
အတွင်း ပြီးစီးနိုင်ဖွယ်ရှိကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့
ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်ကို က ပြောသည်။

ယင်းမြို့နယ်အတွင်း ကျူးကျော်စာရင်းကောက်ယူခြင်းကို
အဖွဲ့သုံးဖွဲ့ခွဲ၍ ဆောင်ရွက်နေသည်။ ဦးဖြိုးမင်းသိန်းက
ကျူးကျော်စာရင်းပေးသွင်းရုံဖြင့် နေထိုင်စရာရရှိမည်မဟုတ်
ဘဲ အလုပ်လုပ်ကိုင်ရန်လိုကြောင်းနှင့် အလုပ်ရှိလျှင်
အစိုးရက နေထိုင်စရာ စီမံပေးနိုင်ကြောင်း
သတိပေး ပြောကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကျူးကျော်
နေထိုင် သူများအတွက် တန်ဖိုးနည်း တိုက်ခန်း
၁၀,၀၀၀ ကျော် စီစဉ်လျက်ရှိကြောင်း လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက
နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် တိုင်းဒေသကြီး
လွှတ်တော်၌ ပြောကြားခဲ့သည်။

ဆက်လက်၍ နယ်လုံဝန်ကြီး က ရန်ကုန်တိုင်းဒေသကြီး
အစိုးရ အဖွဲ့အနေဖြင့် အစစ်အမှန်ကျူးကျော်သူများအား
နောက်ပိုင်းတွင်နေရာချထားပေးချိန်၌ ဦးစားပေး အဖြစ်
စဉ်းစားမည်ဖြစ်ကြောင်း နှင့် စီးပွားဖြစ် ကျူးကျော်များကို
ဥပဒေအတိုင်း အရေးယူဆောင်ရွက်မည်ဟု
ပြောကြားထားသည်။

ကျူးကျော်နေထိုင်သူ ခန့် မှန်းစာရင်းတွင် ရန်ကုန်တိုင်း
ဒေသကြီး ခရိုင်လေးခု၌
- ကျူးကျော်အိမ်ခြေ တစ်သိန်းတစ်သောင်းငါးထောင်ကျော်၊
- အိမ်ထောင်စု တစ်သိန်းခြောက်သောင်းခုနစ်ထောင်ကျော်
နှင့်
- လူဦးရေ လေးသိန်းသုံးသောင်းကျော်ရှိနေကြောင်း
အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

(ထက်အာကာကျော်)

***

၂။ "စီးပွားဖြစ်ကျူးတွေ ကျူးတဲ့မြေအလိုက် အရေးယူမည်"

ရန်ကုန်တိုင်းအတွင်း စီးပွားဖြစ်ကျူးကျော်နေထိုင်သူတွေ
ကို သူတို့ကျူးထားတဲ့ သတ်မှတ်မြေအလိုက် ဥပဒေအရ
အရေးယူမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးလုံခြုံရေး   
နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာပြောတာပါ။

ကျူးကျော်နေထိုင်သူစာရင်းကို ရန်ကုန်တိုင်း ဒေသကြီး
ဝန်ကြီးချုပ်ရဲ့ အစီအစဉ်နဲ့ စက်တင်ဘာလ ၂ ရက်နေ့က
စပြီး တောင်ဒဂုံမြို့နယ်မှာ စတင်ကောက်ခံနေတာပါ။

"ဒီကနဦးကောက်ခံမှုတွေအရ စီးပွားဖြစ်ကျူးကျော်တွေကို
တွေ့ရှိခဲ့တယ်" လို့ ဗိုလ်မှူးကြီး တင်အောင်ထွန်းက
ပြောပါတယ်။

စီးပွားဖြစ်ကျူးကျော်နေထိုင်သူတွေက ပိုင်ရှင်ဆိုပြီးပြောတဲ့
သူဆီကနေဝယ်ပြီး နောက်ထပ်ရောက်လာတဲ့ကျူးကျော်
တွေကို တစ်ဆင့်ပြန်ရောင်းချတာ၊ မိမိကိုယ်တိုင် ကျူးကျော်
ထားတဲ့နေရာကို တစ်ဆင့်ပြန်ရောင်းတာ၊ အငှားချတာနဲ့
မိမိမြေကွက်နေရာနားမှာ အဖီထုတ်အခန်းဖွဲ့ပြီး ရောင်းချ၊
ငှားရမ်းကြတာဖြစ်ပါတယ်။

နောက်ထပ်ကျူးကျော်တစ်မျိုးက ရပ်ကွက်ထဲမှာနေစရာ
အိမ်ရှိတယ်။ နီးစပ်ရာလမ်းတွေ ပေါ်ထွက်ပြီးကျူးကျော်
တဲတွေ၊ ဈေးဆိုင်ခန်းတွေဆောက်ပြီး စက်ဘီးဆိုင်၊
မုန့်ဟင်းခါး၊ အသုပ်စတဲ့ ဈေးဆိုင်တွေရောင်းချကြတာ
ဖြစ်ပါ တယ်။

လယ်ယာမြေတွေကို ပိုင်ရှင်တွေက စိတ်ပိုင်းရောင်းချပြီး
ဝယ်တဲ့သူတွေကအိမ်ဆောက်ပြီး ကျူးကျော်ကြတာလည်း
ရှိပါတယ်။ သည်ကျူးကျော်တွေအားလုံးကနေစရာမရှိလို့
မဟုတ်ဘူး၊ စီးပွားရေးအရ ကျူးကျော်တာဖြစ်လို့
ကိုယ်ကျူးထားတဲ့မြေပေါ်မူတည်ပြီး ဥပဒေအရ
အရေးယူခံရမှာဖြစ်ပါတယ်။

ဥပဒေပုဒ်မ
------------

မြေသတ်မှတ်ချက်အလိုက် ဥပဒေအရ အရေးယူခံရမယ့်
ပုဒ်မတွေက
- စားကျက်မြေပေါ်မှာ ကျူးကျော်ရင် ၁၈၇၆
အောက် မြန်မာနိုင်ငံမြေနှင့် အခွန်ဥပဒေ၊
- ဌာနဆိုင်ရာ အဆောက်အအုံမြေပေါ်မှာ ကျူးကျော်ရင်
၁၉၅၅ အစိုးရ အိမ် ဥပစာနှင်ထုတ်ခြင်းဥပဒေ၊
- လယ်ယာမြေပေါ်မှာ ကျူးကျော်ရင် ၂၀၁၂ လယ်ယာမြေ
ဥပဒေ၊
- သစ်တောကြိုးဝိုင်းမြေပေါ် ကျူးကျော်ရင် သစ်တော
ဥပဒေနဲ့အရေးယူမှာဖြစ်ပါတယ်။

- ကြိုတင်ကာကွယ်တောမြေပေါ်မှာ ကျူးကျော်ရင်
သစ်တော နည်းဥပဒေ၊
- လယ်ဦးစီး ဌာနမြေပေါ်မှာ ကျူးကျော်ရင်လမ်းမကြီးများ
နည်းဥပဒေနဲ့ အရေးယူမှာဖြစ်ပြီး    
- ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေပေါ်မှာ ကျူးကျော်ရင်
ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး
ဥပဒေနဲ့ အရေးယူမယ်လို့သိရပါတယ်။

- သဘာဝနယ်မြေပေါ်မှာ ကျူးကျော်တဲ့သူတွေကို
၁၉၉၄ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ
ကာကွယ်ရေးဥပဒေနဲ့ သဘာဝနယ်မြေထိန်းသိမ်းရေး
ဥပဒေနဲ့ အရေးယူသွား မှာဖြစ်ပါတယ်။

- မြစ်၊ ချောင်း၊ ကမ်းခြေ၊ သတ္ထုတွင်းမြေတွေပေါ်မှာ
ကျူးကျော်ရင်တော့ ၂၀ဝ၆ ခုနှစ် ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေနဲ့ ၁၉၉၄ မြန်မာ့
သတ္ထုတွင်းဥပဒေတို့နဲ့ အရေးယူခံရမှာဖြစ်ပါတယ်။

ကျူးကျော်စာရင်းတွေက မူလကောက်ယူထားတဲ့စာရင်း
တွေထက် ပိုများနေတာတွေ့ရပါတယ်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ မူလကောက်ခံထားတဲ့
စာရင်းတွေက ကျူးကျော်နေထိုင်သူဦးရေ ၁၈,၆၉၆ ဦး
ဖြစ်ပြီး တိုင်းဒေသကြီးအစီအစဉ်နဲ့ကောက်ယူတဲ့ စာရင်း
အရ ကျူးကျော်နေထိုင်သူဦးရေ ၂၂,၃၂၆ ရှိတာကြောင့်
လူဦးရေ ၃၆၃၀ ပိုများနေပါတယ်။

ကျူးကျော်စာရင်းကောက်ခံတဲ့ပုံ
---------------------------------
ကျူးကျော်စာရင်းကို နည်းပညာနဲ့ လက်ဗွေရာကို
စကန်ဖတ်၊ ဓာတ်ပုံမှတ်တမ်းယူပြီး ကောက်ခံနေတာ
ဖြစ်ပါတယ်။

အုပ်ချုပ်ရေးပိုင်းက ကျူးကျော်တွေကိုစုပေး ပြီး စာရင်း
ကောက်ခံတဲ့အဖွဲ့က လက်ဗွေရာစစ်ဆေးပြီးအသိအမှတ်
ပြုသက်သေခံ လက်မှတ်ထုတ်ပေးတာဖြစ်ပါတယ်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်
ကိုယ်စားလှယ် ဦးညီညီက အုပ်ချုပ်ရေးပိုင်းကနေပြီးတော့
ပေးတဲ့ လူဦးရေစာရင်းပေါ်မူတည် ပြီးတော့ကျွန်တော်တို့က
ကောက်ရတာပါ၊ လွှတ်တော်ကိုယ်စား လှယ်တွေကလိုက်ပြီး
ဝန်းရံတဲ့သဘောပါပဲလို့  ပြောပါတယ်။

ကျူးကျော်စာရင်းတွေကို စာရင်းကောက်သူ ၃၀ ဦး၊
ကွန်ပျူတာပညာရှင် ၁၈ ဦးနဲ့  ဝန်းရံအင်အား ၃၀၊ 
စုစုပေါင်း ၇၈ ဦးနဲ့ကောက်ခံနေတာဖြစ်ပါတယ်။

ကျူးကျော်နေထိုင်သူတွေဖြစ်ကြောင်း အသိအမှတ်ပြု
လက်မှတ်ကို တစ်ဆင့်ရောင်းချလို့မရပါဘူး။

သည်လက်မှတ်တွေက လက်ဗွေရာပါပြီးသား ဖြစ်လို့
လက်ဗွေရာကွဲလွဲ နေရင် ဥပဒေကြောင်းအရ
အရေးယူခံရမှာပါ။

(ပို့ပို့မြင့်မွန်)

credit - 7day Daily & Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment