Sunday, September 23, 2018

“ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာမှ”


“ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာမှ”

၁။ "မြန်မာ့စီးပွားရေးဘဏ်ကို လုပ်ငန်းရှင်များ
ပြန်မဆပ်သည့်ငွေ ကျပ်သန်းပေါင်း ၂ သိန်းကျော်ရှိ"

မြန်မာ့စီးပွားရေးဘဏ်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို
ငွေချေးထားပြီး အရင်းရော အတိုးပါ မဆပ်ဘဲထားတာ
ကျပ်သန်းပေါင်း ၂ သိန်းကျော်ရှိတယ်လို့ ရန်ကုန်တိုင်း
စာရင်းစစ်ချုပ်က ပြောပါတယ်။

ရန်ကုန်တိုင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက
စက်တင်ဘာ ၁၄ ရက် ရန်ကုန်တိုင်းလွှတ်တော်မှာ
၂ဝ၁၆-၂၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်
အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့တာပါ။

ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင် ၂၃ ယောက်ကို
မြန်မာ့စီးပွားရေး ဘဏ်ခွဲတွေက ငွေချေးပေးထားပြီး
အရင်းရော အတိုးပါ မဆပ်ကြတာလို့ ဆိုပါတယ်။

ဘဏ်ခွဲ ၃ မှာ လုပ်ငန်းရှင် ၆ ယောက်က
ကျပ်သန်းပေါင်း ၅၅၁၁၄ ကျော်၊
ဘဏ်ခွဲ ၄ မှာ လုပ်ငန်းရှင် ၁၇ ယောက်က ၁၇၆၇၀၁
ကျော် ပေးဖို့ ကျန်နေတာပါ။

ဘဏ်ခွဲ ၃ ကတော့ လုပ်ငန်းရှင် ၆ ယောက်ကို
Non Performance Loan အဖြစ်သတ်မှတ်ပြီး
တချို့ကို တရားစွဲထားတယ်လို့ ဆိုပါတယ်။

ဘဏ်ခွဲ ၄ ကတော့ လုပ်ငန်းရှင်တွေကို ဆိုင်းငံ့ကာလ
ပေးထားပြီး ငွေချေးထားသူ တယောက်ရဲ့ အပေါင်
ပစ္စည်းကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်က
ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၁၄၃၇၅၀ နဲ့ လေလံတင်
ရောင်းချခဲ့ပေမယ့် ဝယ်မယ့်သူမရှိခဲ့ဘူးလို့လည်း
ဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းရှင်က လုပ်ခွင့်ရတဲ့ လုပ်ငန်းကို
ပေါင်ပြီး ငွေချေးထားပေမယ့် အာမခံလုပ်နိုင်မယ့်
ခိုင်မာလုံလောက်တဲ့ အထောက်အထားတွေ မရှိဘဲ
ဌာနအကြီးအကဲက သက်သေခံ လက်မှတ်ထိုးထား
တာကို တွေ့ရတယ်လို့လည်း စာရင်းစစ်ချုပ်က
အစီရင်ခံထားပါတယ်။

(ပိုင်စိုး)

*****

၂။ "ရန်ကုန်တိုင်းအစိုးရမှ ရင်းနှီးမြှုပ်နှံထားသော
အိမ်ရာစီမံကိန်းများနှင့် ခရီးသည်တင် ယာဉ်များ
အရှုံးပေါ်နေ"

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ကျပ် ၁၃၄ ဘီလီယံ
ရင်းနှီးမြှုပ်နှံထားသည့် အိမ်ရာစီမံကိန်းများနှင့်
ခရီးသည်တင် ယာဉ်များသည် အမြတ်ရရှိမှုမရှိဘဲ
အရှုံးပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး
စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအရ သိရသည်။

စက်တင်ဘာ ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင်
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၁၇ ခု
ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို
လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာပါအချက်အလက်များအရ တိုင်းဒေသကြီး
အစိုးရသည် အိမ်ရာစီမံကိန်းလုပ်ငန်းများအတွက်
- Yangon Metropoliton Development Public
Co.Ltd (YMD) ၌ ကျပ်ငွေ ၅၄ ဘီလီယံ နှင့်
- New Yangon Development Corporation တွင်
ကျပ်ငွေ ၁၀ ဘီလီယံ စုစုပေါင်း ကျပ်ငွေ ၆၄ ဘီလီယံ
ထည့်ဝင်ထားခြင်း ဖြစ်သည်။

ယင်းအပြင် ခရီးသည်တင်ယာဉ်သယ်ယူပို့ဆောင်ရေး
အတွက် ကျပ်ငွေ ဘီလီယံ ၇၀ကို ရန်ကုန်ဘတ်စ်ကား
အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YBPC)
နှင့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး
အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT)
တို့တွင် ကျပ်ငွေ ၃၅ ဘီလီယံ စီ ထည့်ဝင်ထားခြင်း
ဖြစ်သည်။

ကျပ်ငွေ ၅၄ ဘီလီယံ ထည့်ဝင်ထားသည့်
Yangon Metropoliton Development Public
Co.Ltd (YMD) သည် မဟာရန်ကုန်မြို့တော်သစ်
တည်ဆောက်ရေးစီမံကိန်းကို ဆောင်ရွက်ရန်
တိုင်းဒေသကြီးအစိုးရမှ ၅၁% နှင့်
မြန်မာ့ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေးအများနှင့်
သက်ဆိုင်သော ကုမ္ပဏီ(MCD) မှ ၄၉% ဖြင့် ပူးပေါင်း
ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ယင်းကုမ္ပဏီမှ ဆောင်ရွက်မည့် အိမ်ရာစီမံကိန်းများ
သည် မရမ်းကုန်းဗီလာအဆင့်မြင့်အိမ်ရာစီမံကိန်း ၊
ပါရမီအိမ်ရာစီမံကိန်း ၊ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ
စီမံကိန်း ၊ ငွေပင်လယ်(Dry Port) စီမံကိန်း ၊ ပြည်သူ့
ဘဝမြှင့်တင်ရေး အိမ်ရာ(တွံ့တေး) နှင့် ဒဂုံအရှေ့
ခေတ်မီစက်မှုဇုန်နှင့် စက်မှုဇုန် အထောက်အကူပြု
အိမ်ရာစီမံကိန်း(မြောက်ပိုင်း) တို့ ဖြစ်ကြောင်း
သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှ
က
“ကုမ္ပဏီရဲ့ ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်နေ့ကနေ
၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ စာရင်းများကို
စာရင်းစစ်အဖွဲ့က စစ်ဆေးခဲ့ပါတယ်။
လုပ်ငန်း ဆောင်ရွက် မှု မရှိသေးသော်လည်း လုပ်ငန်း
နှင့် စီမံခန့်ခွဲရေး စရိတ်များကြောင့် ကျပ် ၁၁.၄၆၀ သန်း
အရှုံးပေါ်ပေါက်ခဲ့တာ ကို တွေ့ရပါတယ်” ဟု ဆိုသည်။

လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်
နိုင်ငံဝန်ထမ်းအိမ်ရာစီမံကိန်း ၊ မရမ်းကုန်း ဗီလာ
စီမံကိန်း မြေတိုင်းတာခြင်းနှင့် ငွေပင်လယ် စက်မှုဇုန်
မြေ နှင့် ရေတိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊
တိုင်းဒေသကြီး အစိုးရသည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနမှ လွှဲပြောင်းရယူထားသည့် နိုင်ငံပိုင်
မရမ်းကုန်း ဗီလာမြေ ဧက ၁၁.၈၉ ဧက နှင့်
အဆောက်အဦး ၆ လုံးအား ကုမ္ပဏီပိုင်ငွေများဖြင့်
ပေးချေထားခြင်း ၊ ဆူးလေဘုရား လမ်းပေါ်ရှိ နိုင်ငံပိုင်
အဆောက်အဦးအား ကုမ္ပဏီမှ ပြင်ဆင်ဆောင်ရွက်
ခြင်းများ ပြုလုပ်နေခြင်းကြောင့် ပိုင်ဆိုင်မှု ရှုပ်ထွေး
လာနိုင်သည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင်
ဖော်ပြထားသည်။

ထို့အပြင် ကြည့်မြင်တိုင် တစ်ဘက်ကမ်းတွင်
အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်း
အား ဆောင်ရွက်ရန် New Yangon Development
Co:Ltd ကို ကုမ္ပဏီ အဖြစ် အစိုးရက ဖွဲ့စည်းထားပြီး
ရင်းနှီးမြှုပ်နှံငွေ ကျပ် ၁၀ ဘီလီယံဖြင့် စီမံနေသည်ဟု
အစီရင်ခံအရ စစ်ဆေးတွေ့ရှိရသည်။

ယင်းကုမ္ပဏီသည် ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့
အထိ ဝင်ငွေရရှိမှုမရှိသေးဘဲ အသုံးစရိတ် စုစုပေါင်း
ကျပ် ၉၂.၆၁၁ သန်း သုံးစွဲထားပြီး
ဧရာဝတီဘဏ်၌ ၅၉၈၈.၅၇၄ သန်း ၊
ကမ္ဘောဇဘဏ်၌ ၃၉၀၆.၈၄၄ သန်း အပ်နှံထားပြီး
လက်ဝယ် ကိုင်ဆောင်ငွေအဖြစ် ၁၁.၁၂၁ သန်း
ကိုင်ဆောင်သုံးစွဲထားသည်ဟု စာရင်းစစ်ချုပ်
အစီရင်ခံစာတွင် ဖော်ပြထားသည်။

တိုင်းအစိုးရက ရင်းနှီးမြှုပ်နှံငွေ ကျပ်ငွေ ၇၀ ဘီလီယံ
ထည့်ဝင်ထားသည့် ရန်ကုန် ဘတ်စ်ကား အများနှင့်
သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) နှင့်
ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး
အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT)
တို့အား စစ်ဆေးရာတွင်
YBPC သည်
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၄၉.၃၄၄ သန်း ၊
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၀၉၂.၅၂၀ သန်း ၊
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၂၉၃၈.၉၃၉ သန်း
အရှုံးပေါ်ခဲ့ပြီး
YUPT သည်
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၂၅.၅၄၁ သန်း
အမြတ်ရရှိခဲ့ သော်လည်း
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၆၀၃.၀၇၉ သန်း
အရှုံးပေါ်ခဲ့သည်ကို တွေ့ရှိရသည်ဟု စာရင်းစစ်ချုပ်
အစီရင်ခံစာအရသိရသည်။

“ယာဉ်အသစ်များ အရင်းမကျေမီ ကာလအတွင်း
ငွေကြေး အကျိုးအမြတ် ရရှိမှု မရှိသေးသဖြင့်
ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ရင်းနှီးမြှုပ်နှံမှု
အပေါ် ငွေကြေး အကျိုးအမြတ် ရရှိမှု မရှိသေးပါ” ဟု
စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် တရုတ်နိုင်ငံအစိုးရ
နှင့် အစိုးရအချင်းချင်းချိတ်ဆက်ပြီး ဘတ်စ်ကားသစ်
အစီးရေ (၁၀၀၀) ဝယ်ယူခဲ့ရာ ရင်းနှီးမြှုပ်နှံမှုငွေ
ကျပ် ၇၀ ဘီလီယံ သုံးစွဲခဲ့ပြီး လုံလောက်မှု မရှိသဖြင့်
ဧရာဝတီဘဏ်မှ ကျပ်ငွေ ၈ ဘီလီယံ ချေးယူခဲ့ရသည်
ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကားသစ်အစီးရေ
(၁၀၀၀) အား YBPC နှင့် YUPT ကုမ္ပဏီ နှစ်ခုအား
အစီးရေ ၅၀၀ စီ ခွဲဝေပေးပြီး ယင်းကားဝယ်သည့်
ကုန်ကျငွေ ကျပ် ၇၈ ဘီလီယံကို ကုမ္ပဏီနှစ်ခုမှ ခွဲဝေ
တာဝန်ယူခဲ့သည် ကို စစ်ဆေးတွေ့ရှိရသည်ဟု
စာရင်းစစ်ချုပ်က လွှတ်တော်၌ ပြောဆိုခဲ့သည်။

(ဇေယျာမော်)

*****

၃။ "ရန်ကုန်မြို့ အချက်အချာနေရာများရှိ ဌာနပိုင်မြေများ
ငှားရမ်း၊ ရောင်းချခြင်းများတွင် ပွင့်လင်းမြင်သာစွာ
ဆောင်ရွက်မှုမရှိခြင်း၊ သက်သာသည့် နှုန်းထားများဖြင့်
ငှားရမ်း၊ ရောင်းချခြင်းတို့ ပြုလုပ်ထားသဖြင့်
နိုင်ငံတော်အတွက် နစ်နာနေဟုဆို"

ရန်ကုန်မြို့ အချက်အချာကျသော နေရာများရှိ ဌာနပိုင်
မြေများ၊ ငှားရမ်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်
ရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှုမရှိခြင်း၊
သက်သာသည့် နှုန်းထားများဖြင့် ရောင်းချခြင်း၊ ငှားရမ်း
မှုများပြုလုပ်ထားသဖြင့် နိုင်ငံတော်အတွက် နစ်နာနေ
ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်
အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဌာနပိုင်မြေများငှားရမ်းရာမှာ ရန်ကုန်မြို့ရဲ့အချက်အချာ
ကျတဲ့နေရာတွေ ဖြစ်ပေမယ့် ငှားရမ်းခြင်း ရောင်းချခြင်း
တွေ ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှု
မရှိခြင်း၊ မြေပြင်မှာ လက်ရှိဖြစ်ပေါ် နေတဲ့ ငှားရမ်းခနှုန်း
များနဲ့ ငှားရမ်းမှုမရှိဘဲ သက်သာတဲ့နှုန်းထားများနဲ့
ငှားရမ်းထားတဲ့အတွက် နိုင်ငံတော်မှ ရသင့်တဲ့
ဝင်ငွေများ လျော့နည်းနစ်နာခဲ့ပါတယ်။
လူပုဂ္ဂိုလ်တစ်ဦးတည်းကို ဧရိယာများစွာ ရောင်းချထား
ခြင်းများကိုလည်း စိစစ်တွေ့ရှိခဲ့ပါတယ်” ဟု
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်
ဒေါ်ခင်သန်းလှက ပြောကြားသည်။

ထို့ပြင်
ဗဟန်းမြို့နယ် ကန်တော်ကြီး စောင်းမြေ
၁ ဒသမ ၇၀၂ ဧကအား ငှားရမ်းရာတွင် တစ်လ
တစ်စတုရန်းပေလျင် ကျပ် ၂၀၆ ခန့်သာရရှိသဖြင့်
ခေတ်ကာလပေါက် ဈေးနှုန်းများနှင့် နှိုင်းယှဉ်စိစစ်ပါက
တစ်နှစ်လျှင် ကျပ် ၇၀၆ ဒသမ ၄၆ သန်းခန့်
နစ်နာကြောင်း၊
ဗဟန်းမြို့နယ် ယခင်ဒိုဘီလိုင်း နေရာ ၁၅ ဧကအား
ငှားရမ်းရာတွင်လည်း တစ်လစတုရန်းပေ ၁၃ ကျပ်ခန့်
သာရရှိသဖြင့် ခေတ်ကာလပေါက်ဈေးနှုန်းများနှင့်
နှိုင်းယှဉ်စိစစ်ပါက တစ်နှစ်လျှင် ကျပ် ၃ ဒသမ ၈၆၈
ဘီလျံခန့် နစ်နာခဲ့ကြောင်း အစီရင်ခံစာတွင်
ဖော်ပြထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏
ညွှန်ကြားချက်ဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း မြေငှား
ဂရန်များ ခွင့်ပြုရာတွင် ဂရန်သစ် ၀န်ဆောင်ခနှုန်းဖြင့်
ကောက်ခံခြင်း မပြုဘဲ ပါမစ်မြေ အမည်ပေါက်
ဝန်ဆောင်ခ ကောက်ခံသည့် နှုန်းထားဖြင့် ကောက်ခံ
သဖြင့် စုစုပေါင်း ကျပ် ၄၁ဒသမ၉၇၄ဘီလျံခန့်
နိုင်ငံတော်ဝင်ငွေများ လျော့နည်းနစ်နာခဲ့သည့်အပြင်
စက်မှုဇုန်လုပ်ငန်း ဆောင်ရွက်ရန် အတွက် ကုမ္ပဏီ
သုံးခုအား စာချုပ်စည်းကမ်းအရ မည်သည့်လုပ်ငန်းမှ
ဆောင်ရွက်ခြင်းမရှိသေးသည့် မြေဧရိယာများစွာအား
အဆိုပါသက်သာသောနှုန်းထားဖြင့် မြေငှားဂရန်များ
ခွင့်ပြုခဲ့သဖြင့် ကုမ္ပဏီများ၏ အကျိုးစီးပွားကို ရှေးရှု
ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊
အဆိုပါနှစ်အတွင်း မြေကွက် ၁၂ ကွက်အား ရောင်းချ
ရာတွင်လည်း ပွင့်လင်းမြင်သာမှုမရှိဘဲ ရောင်းချ
ထားခြင်း၊
တိုင်းဒေသကြီး သတ်မှတ်ဈေးနှုန်းများထက်
လျော့နည်းသည့် ဈေးနှုန်းများဖြင့် ရောင်းချထားခြင်း၊
လူပုဂ္ဂိုလ်တစ်ဦးတည်းအား ၄၀x၆၀ပေ အကွက်
၂၁ကွက်စာခန့်ရှိ ၅၂၂၇၂ စ / ပေအား သက်သာသည့်
နှုန်းများဖြင့် ရောင်းချထားကြောင်း အစီရင်ခံစာတွင်
ဖော်ပြထားသည်။

“ရန်ကုန်မြို့မှာ မြေကွက်ရှားပါးနေချိန် အမှန်တကယ်
နိုင်ငံတော်အတွက် လုပ်ငန်းဆောင်ရွက်မယ့် ကုမ္ပဏီ
တွေကိုသာ စက်မှုဇုန်များအတွက် ခွင့်ပြုပေးသင့်ပါတယ်။
ဌာနက စီမံခန့်ခွဲနိုင်တဲ့ မြေကွက်များ ငှားရမ်းခြင်း၊
ရောင်းချခြင်းများကိုလည်း ပွင့်လင်းမြင်သာစွာ
ဆောင်ရွက်ရန်၊
ငှားရမ်းခနဲ့ရောင်းချသည့် နှုန်းထားများကိုလည်း
တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်များရယူထားဖို့
လိုပါတယ်။
စက်မှုဇုန်အတွက် ဂရန်ထုတ်ပေးခဲ့တဲ့ အကွက်ကြီးတွေ
ကိုလည်း ပွင့်လင်းမြင်သာ မှုမရှိဘဲ ရောင်းချခြင်းတွေ
ကိုလည်း ပြန်လည်သုံးသပ်သင့်ပါတယ်” ဟု
ဒေါ်ခင်သန်းလှက ဆိုသည်။

(ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်)

credit - DVB News / Mizzima Burmese
& Eleven Media Group

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment