Saturday, September 1, 2018

“Condominium Law ဆွေးနွေးပွဲမှ ဆောက်လုပ်ရေးလောက၏ အသံများ”


“Condominium Law ဆွေးနွေးပွဲမှ
ဆောက်လုပ်ရေးလောက၏ အသံများ”

၁။ "မြန်မာနိုင်ငံ၌ ဒေါ်လာ ရှားပါးနေချိန်တွင်
Condominium Law အရ ကွန်ဒိုတိုက်ခန်းများ ရောင်းချ
ပါက ဒေါ်လာ အမြန်ဆုံး ရှာပေးနိုင်ကြောင်း မြန်မာနိုင်ငံ
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ
ပြောကြား"

မြန်မာနိုင်ငံ၌ ဒေါ်လာ ရှားပါးနေချိန်တွင် စုပေါင်းပိုင်
အဆောက်အအုံဆိုင်ရာ ဥပဒေ Condominium Law
အရ ကွန်ဒိုတိုက်ခန်းများ ရောင်းချပါက ဒေါ်လာ
အမြန်ဆုံးရှာပေးနိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး
လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက
သြဂုတ် ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌
ပြုလုပ်သော စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေ
Condominium Law နှင့် ပတ်သက်၍ လက်တွေ့
အကောင်အထည်ဖော်ဆောင်နိုင်ရေး ရှင်းလင်းပွဲတွင်
ပြောကြားသည်။

ကွန်ဒိုမီနီယံ တိုက်ခန်းများ ရောင်းချရာတွင်
တံဆိပ်ခေါင်းခွန်များ တရားဝင်ကပ်ခြင်း၊
တရားဝင်ရောင်းချ မှတ်ပုံတင်နိုင်သောကြောင့် နိုင်ငံတော်
အတွက် တိကျသည့် အချက်အလက်များနှင့် အခွန်ငွေ
အတိအကျ ရရှိနိုင်မည် ဖြစ်ကြောင်း ဦးရှိန်ဝင်းက
ပြောကြားသည်။

“ဒီနေ့ဆိုရင် ဒေါ်လာဈေးတွေ တက်နေတဲ့ ဒေါ်လာ
ရှားပါးနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကွန်ဒိုမီနီယံ
တိုက်ခန်းသည် ကုစားနိုင်သော တစ်ခုတည်းသော
အမြန်ဆုံးနဲ့ အများဆုံး လုပ်ဆောင်နိုင်သော ဒေါ်လာ
တွေကို ရှာပေးနိုင်တဲ့ တိုက်ခန်းတွေ ရောင်းချနိုင်ခြင်းနဲ့
ပတ်သက်လို့ ဒီဥပဒေက ထွက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။
အချိန်နဲ့တစ်ပြေးညီ ထွက်ပေါ်လာတဲ့
Condominium Law ကို အသုံးပြုတဲ့ နေရာမှာ
အသုံးဝင်ဖို့လည်း အရေးကြီးပါတယ်။
ကွန်ဒိုမီနီယံတိုက်ခန်း ရောင်းချဖို့ Condominium Law
ရှိပါလျက် သို့သော်လည်း Condominium Law နဲ့
ပတ်သက်ပြီးတော့ အကန့်အသက်တွေ၊ ဖြေလျှော့မှုတွေ၊
မက်လုံးပေးမှုတွေ မရှိဘဲနဲ့ ဒီတိုက်ခန်းတွေကို ဘယ်လိုမှ
ရောင်းနိုင်မှာလည်း မဟုတ်ပါဘူး။
ကျွန်တော်တို့ ဈေးကွက်လည်း ဖြစ်လာနိုင်မှာ
မဟုတ်ပါဘူး။
ဒါကြောင့် ကျွန်တော်တို့ အချိန်နဲ့တစ်ပြေးညီ
လုပ်ဆောင်ဖို့ လုပ်ပါတယ်။
ကျွန်တော်တို့ Condominium တိုက်ခန်းတွေက တခြား
တိုက်ခန်းတွေနဲ့ မတူပါဘူး။ Luxury ဖြစ်ပါတယ်။
နိုင်ငံခြားသားတွေ အားလုံးအတွက်ကို နေထိုင်နိုင်ဖို့
အတွက် အကောင်းဆုံး အဆောက်အအုံတွေ၊
အကောင်းဆုံး Infrastructure တွေ ခေတ်အမီဆုံး
ဆောက်လုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် မက်လုံးပေး
ဆွဲဆောင်မှုရှိမှသာလျှင် ကျွန်တော်တို့နိုင်ငံမှာ လူတွေက
လာရောက် ရင်းနှီးမြုပ်နှံမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်
ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

ထို့ပြင် ဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး
Condominium Law သည် အထူးဥပဒေ ဖြစ်ကြောင်း၊
အဆိုပါ အထူး ဥပဒေအတွက် အထူးတံဆိပ်ခေါင်းခွန်များ
နှင့် အထူး ၀င်ငွေခွန်များကို လျှော့ပေါ့ ကောက်ခံစေခြင်း
အားဖြင့် ကွန်ဒိုမီနီယံ တိုက်ခန်းရဲ့ ဈေးကွက်တွေကို
ပြန်လည် ဖော်နိုင်မည် ဖြစ်ကြောင်း၊
ကွန်ဒိုမီနီယံ တိုက်ခန်းနှင့် ဈေးကွက်များ ဖော်ဆောင်ခြင်း
အားဖြင့် မြန်မာနိုင်ငံတွင် ဒေါ်လာအများကြီး စီးဝင်လာ
နိုင်ကြောင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက
ပြောကြားသည်။

အဆိုပါ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ
ရှင်းလင်းပွဲသို့ ဆောက်လုပ်ငန်းရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦဟန်ဇော်၊
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှု
လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဒေါ်နီလာကျော်၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊
လွှတ်တော် ကိုယ်စားလှယ်များ၊
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ
အသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် အသင်းဝင်များ၊
ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေး
လောကနှင့် ဆက်နွှယ် ပတ်သက်သူများ တက်ရောက်
ခဲ့ကြသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် နည်းဥပဒေပါ
လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ၊
အားနည်းချက် တွေ့ကြုံရပါက ဆောက်လုပ်ရေးဝန်ကြီး
ဌာနသို့ တင်ပြနိုင်ကြောင်း၊
ပိုမိုကောင်းမွန်ပြည့်စုံတဲ့ ဥပဒေ၊ နည်းဥပဒေများ ဖြစ်ပေါ်
လာရေးအတွက် အကြုံပြုချက်များ ပေးပို့နိုင်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဟန်ဇော်က ပြောကြားသည်။

(ပြည့်ဖြိုးအောင်)

*****

၂။ "မြန်မာနိုင်ငံ၏ ချမ်းသာမှု ၃ဝ ရာခိုင်နှုန်း ပျောက်ဆုံး
သွားသဖြင့် တိုက်ခန်းများ ရောင်းချပြီး နိုင်ငံခြားငွေ ရှာရန်
မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်
ဥက္ကဋ္ဌ တိုက်တွန်း"

ဒေါ်လာဈေးတက်မှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့်
မြန်မာပြည်၏ချမ်းသာမှု ၃ဝရာခိုင်နှုန်း ပျောက်ဆုံးသွား
သဖြင့် သယံဇာတပစ္စည်းများ ထုတ်ရောင်းခြင်းထက်
တိုက်ခန်းများရောင်းချပြီး နိုင်ငံခြားငွေရှာရန် မြန်မာနိုင်ငံ
လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်ဥက္ကဋ္ဌ ရွှေသံလွင်
ဦးကျော်ဝင်းက တိုက်တွန်းပြောကြားလိုက်သည်။

ရန်ကုန်မြို့ Pan Pacific Hotel တွင် သြဂုတ် ၂၆ရက်က
ပြုလုပ်သည့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေကို
လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး
ရှင်းလင်းတင်ပြပွဲနှင့် ယနေ့ဆောက်လုပ်ရေးလောက၌
တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်သော
ဆွေးနွေးစကားဝိုင်းတွင် ၎င်းက ယင်းကဲ့သို့ ပြောကြား
ခဲ့ခြင်းဖြစ်သည်။

''အခုအချိန် မြန်မာနိုင်ငံမှာ ဒေါ်လာဈေးကလည်း
တော်တော်လေး ဈေးတက်နေပါပြီ။ မြန်မာ ငွေတန်ဖိုး
ကလည်း တော်တော်ကျနေပြီးတော့ မြန်မာနိုင်ငံရဲ့
၃ဝရာခိုင်နှုန်းလောက် ချမ်းသာမှုဟာ ပျောက်သွားပါပြီ။
အဲဒီအတွက်ကြောင့် ဒေါ်လာတွေကို သစ်တွေခုတ်
ရောင်းမလား၊ သတ္တု တွေတူးမလား၊
သဘာဝပတ်ဝန်းကျင်တွေ ဖျက်ပြီးတော့မှ လုပ်မလား။
ဒါမှမဟုတ် ကွန်ဒိုမီဒီယံ ဥပဒေနဲ့ ကျွန်တော်တို့
မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာအသင်းကနေ
ပြီးတော့မှ Apartment Law ကို ဆောင်ရွက်နေပါတယ်။
နောက်ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်
တဲ့ အဖွဲ့တွေနဲ့ ဆောင်ရွက်နေပါတယ်။
ကွန်ဒိုမီဒီယံနဲ့ ကျွန်တော်တို့ Apartment Law ထွက်
လာတဲ့အခါ အခန်းသုံးလေးသောင်းလောက်ကို
ကျွန်တော်တို့က ၄ဝ ရာခိုင်နှုန်းလောက် ရောင်းချလို့
ရအောင် ဆောက်လိုက်မယ်ဆိုလို့ရှိရင် တစ်ခန်းကို
နှစ်သိန်းသုံးသိန်းနဲ့ တွက်မယ်၊ ဒေါ်လာဆယ်ဘီလီယံနဲ့
အထက်မှာ နိုင်ငံခြားငွေရနိုင်မယ့် အနေအထား
ရှိပါတယ်''ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းတိုးတက်စေရန် ဆောက်လုပ်ရေး
လောကသားများအနေဖြင့် သက်ဆိုင်ရာဌာနအသီးသီးကို
ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊
သို့သော်လည်း ဆောက်လုပ်ရေး လောကသားများ
လုပ်ငန်းမ ကောင်း၍သာ အသံထွက်သည်ဟု ပြောဆို
သံများကိုလည်း ပြန်လည်ကြားသိရကြောင်း
၎င်းက ပြောသည်။

''စိန်ခေါ်မှုအခက်အခဲတွေကို ဖြေရှင်းပေးပါဆိုပြီးတော့မှ
တစာစာကျွန်တော်တို့ ဆောက်လုပ် ရေးလောကက
လူတွေ အော်နေကြပါတယ်။
အော်နေတာ နှစ်ခေါက်သုံးခေါက်လည်း မဟုတ်ပါဘူး။
တော်တော်များပါတယ်။
နည်းလမ်းမျိုးစုံနဲ့ လူကိုယ်တိုင်လည်း သွားတွေ့လိုက်၊
လွှတ် တော်လည်း တွေ့လိုက်။ ဒါပေမဲ့ ဘာသံမှမကြားရ
သေးပါဘူး။
ဘာပြန်ကြားရလဲဆိုတော့ ကျွန် တော်တို့
ဆောက်လုပ်ရေးသမားတွေကပေါ့နော် အလုပ်မကောင်း
တဲ့အတွက် အော်နေတယ်လို့ ပြောပါတယ်။
အဲဒီလိုလည်း မဟုတ်ပါဘူး။
ဆောက်လုပ်ရေးကဏ္ဍက တော်တော်ကျယ်ပြန့်ပါတယ်။
ဘိလပ်မြေစက်ရုံလည်းပါမယ်။ သံချည်သံကွေးလည်း
ပါမယ်။ အင်ဂျင်နီယာတွေလည်းပါမယ်။ အကုန်လုံးအစုံ
ပါမယ်။ အရမ်း ကျယ်ပြန့်တဲ့အတွက် အသံကပိုကျယ်
ပါတယ်။ တခြားကဏ္ဍတွေကလည်း သူ့ဟာနဲ့သူ
အခက်အခဲတွေရှိပါတယ်''ဟု ၎င်းက ပြောသည်။

ယင်းအပြင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည်
မိမိတို့အကျိုးထက် ၎င်းတို့ရှိ ထောင်နှင့်ချီ ခန့်ထား
ရသည့်ဝန်ထမ်းများ ရပ်တည်ရေး အတွက် တောင်းဆို
တင်ပြနေရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်
ပြောသည်။

''ကုမ္ပဏီမှာဆိုရင် ဝန်ထမ်းထောင်နဲ့ချီ ရှိပါတယ်။
ထောင်နဲ့ချီပြီးရှိတဲ့ ဝန်ထမ်းတွေကို အလုပ်ပေးနိုင်အောင်
ဆက်လက်ပြီးတော့မှ သူတို့ဘဝရပ်တည်နိုင်အောင်လို့
ကြိုးစားနေတယ်လို့ ကျွန်တော်မြင်ပါတယ်''ဟု
၎င်းက ပြောသည်။

Developer များ လုပ်ငန်းမကောင်းလျှင် အသေးစား
နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများလည်း အလုပ်
မကောင်းနိုင်သဖြင့် နိုင်ငံ တော်အတွက် လိုအပ်သော
ကဏ္ဍအသီးသီးတွင် ပါဝင်ကူညီခဲ့ကြသည့်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ အခက်အခဲများ
အတွက် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ စည်ပင်သာယာ
နှင့် မြို့ရွာ အိုးအိမ်ဦးစီးဌာနတို့က ကူညီဆောင်ရွက်
ပေးရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

(NT)

*****

၃။ "ပြည်တွင်းလုပ်ငန်းရှင်များ၏ ကွန်ဒိုအခန်းထက်
ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ အခန်းက ပိုရောင်းနေရ"
(BOT အိမ်ရာများသည် ကွန်ဒိုအခန်း မဟုတ်၍
နိုင်ငံခြားသားများကို ရောင်းချခွင့်မရှိဟုဆို)

ဈေးကွက်အတွင်း ပြည်တွင်းလုပ်ငန်းရှင်များဆောက်လုပ်
သည့် ကွန်ဒိုအခန်းထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ
ဆောက်လုပ်သည့်အခန်းက ဈေးသက်သာ၍ ပိုမိုရောင်း
ချနေရပြီး ထိုသို့ ရောင်းချနိုင်ခြင်းသည်ဥပဒေကို
လက်တစ်လုံးခြားလုပ်ကိုင်ခြင်းကြောင့်ဖြစ်ကြောင်း
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ
အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ်ဦးမျိုးမြင့်
က ပြောသည်။

ရန်ကုန်မြို့တွင် သြဂုတ် ၂၆ ရက်၌ ကျင်းပသည့်
ကွန်ဒိုမီနီယံ ဥပဒေ(စုပေါင်းပိုင် အဆောက်အအုံ
ဆိုင်ရာ ဥပဒေ) ကို လက်တွေ့ အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ရေး ရှင်းလင်းတင်ပြပွဲတွင်
ပြောကြားသည်။

ထိုဆွေးနွေးပွဲတွင် အစိုးရ နှင့် BOT ဆောက်လုပ်သည့်
လုပ်ငန်းရှင်များသည် မြေကို ဈေးသက်သာစွာ ရရှိ
သော်လည်း ပြည်တွင်း လုပ်ငန်းရှင်များသည် မြေကို
ဝယ်ယူရပြီး အခွန်အဆင့်ဆင့် ဆောင်နေရသည်ဟု
ဦးမျိုးမြင့်က ပြော သည်။

ပြည်တွင်းလုပ်ငန်းရှင်များသည် အဆောက်အအုံ
ဆောက်လုပ်ရန် မြေယာဝယ်ယူရာတွင် တံဆိပ်ခေါင်းခွန်
၎ ရာခိုင်နှုန်း၊ အများပိုင်ပြောင်းလဲရာ၌ အခွန်၎ ရာခိုင်နှုန်း
နှင့် လုပ်ငန်းအာမခံ အဖြစ် စီမံကိန်းတန်ဖိုး ၁၅ ရာခိုင်နှုန်း
တင်ပြရသည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် စီမံကိန်း
ရင်းနှီး မြှုပ်နှံမှု များပြားနေရသည်ဟု ဆိုသည်။

သို့သော် Golden City, InnoCity, HAGL အပါအဝင်
အစိုးရထံမှ BOT စနစ်ဖြင့် ဆောက်လုပ် ထားသည့်
အိမ်ရာများသည် ကွန်ဒိုမီနီယံဥပဒေအရ ကွန်ဒိုအဖြစ်
မသတ်မှတ်ထား၍ နိုင်ငံခြားသား များကို ရောင်းချခွင့်
မရှိကြောင်း ဦးမျိုးမြင့်က ပြောသည်။

‘‘နိုင်ငံခြားသားရောင်းခွင့် မရှိပါဘူး။
BOT ဆိုတာ Build (တည်ဆောက်)၊
Operate (လုပ်ငန်းလည်ပတ်)၊
Transfer (လွှဲ ပြောင်း)ဖြစ်တယ်။ Operate လုပ်တယ်
ဆိုတာ ရုံးခန်းငှားမလား၊ ဟိုတယ်လုပ်မလားရတယ်။
Operate လုပ်ဖို့ပေးတာ။ အခန်းရောင်း စားဖို့ ပေးထား
တာမဟုတ်ဘူး’’ဟု ဦးမျိုးမြင့်က ဆိုသည်။

လက်ရှိတွင် အစိုးရနှင့် BOT ဆောက်လုပ်ထားသည့်
အိမ်ရာများသည် အခန်းများကို နှစ် ၇၀ ပိုင်ဆိုင်ခွင့်ဖြင့်
ရောင်းချနေခြင်း ဖြစ်သည်။

‘‘ရောင်းစားခွင့်မရှိတာကို မရောင်းနဲ့လို့ ပြောရင်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို တားဆီးတယ်လို့ ဖြစ်မယ်။
တားဆီတာမဟုတ်ဘူး။ သူတို့ရောင်းချတဲ့အပေါ်မှာ
ရာခိုင်နှုန်းအချို့ကို အစိုးရကို ပြန်သွင်း ရင် Fair Play
ဖြစ်သွားပြီ’’ ဟု ဦးမျိုးမြင့်က ဆက်လက်ပြောသည်။

အိမ်ရာစီမံကိန်းကြီးများကို မြေဧက ၁၀ မှ ၂၀ ကြား
ရှိရမည်ဟု သတ်မှတ်ရာတွင် ဆောက်လုပ်ရေးကုမ္ပဏီ
က ရာခိုင်နှုန်းပြည့် မရင်းနှီးနိုင်ကြောင်းနှင့် ဘဏ် များက
ငွေကြေးထောက်ပံ့ရန်လို ကြောင်း Golden City
အရောင်းပိုင်းဆိုင်ရာ ဒါရိုက်တာ ဦးကျော်စည်သူက
ပြောသည်။

ထိုကန့် သတ်ချက်ကြောင့် ဆောက်လုပ်ရေးကဏ္ဍတွင်
ဘဏ်လုပ်ငန်း များ ထောက်ပံ့မှုမရှိမချင်း ကွန်ဒို အိမ်ရာ
ကဏ္ဍ ဖွံ့ဖြိုးလာစရာမရှိနိုင်ဟု ၎င်းက ဆိုသည်။

‘‘မြေအမျိုးအစားတွေ သတ် မှတ်တဲ့အခါ ဂရမ်မြေတွေ၊
ဘိုးဘွားပိုင်မြေ၊ BOT မြေတွေ။ ဘာမြေတွေ၊
ညာမြေတွေဆိုတာမျိုး တစ်ခါမှ ဒီ (ကွန်ဒိုမီနီယံဥပဒေ)
ထဲမှာ သတ်မှတ်ထားတာလည်း မတွေ့ရပါဘူး’’ဟု
ဦးကျော်စည်သူက ဆက်ပြောသည်။

ထိုသို့ဥပဒေအပေါ် အငြင်းပွားခြင်းကို ဆောက်လုပ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး
ဝန်ကြီးနှင့် လွှတ်တော်ကော်မတီတို့က မှတ်ချက်ပေး
ပြောကြားခြင်းမရှိပေ။

စုပေါင်းပိုင်အိမ်ရာကို ပြည်ထောင်စုအစိုးရခွင့်ပြုချက်ဖြင့်
နိုင်ငံတော်မြေနှင့် အစိုးရကိုယ်စား ဌာန၊ အဖွဲ့အစည်းနှင့်
စည်ပင် သာယာရေးကော်မတီတစ်ခုခုကထိန်းသိမ်း
စောင့်ရှောက်ထား သည့် မြေပေါ်တွင် တည်ဆောက်
နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

(ထွန်းထွန်းမင်း)

credit - Eleven Media Group /
Democracy Today & 7day Daily

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment