“လှုပ်လှုပ်ရှားရှား စီမံကိန်း သတင်းများ”
၁။ "ကွမ်းခြံကုန်းနှင့် ကော့မှူးတွင် နိုင်ငံတကာ
ဆိပ်ကမ်းကြီးတစ်ခု တည်ဆောက်ရေး ပြင်ဆင်နေ၊
ရန်ကုန်မြစ်ဝဘက်သို့ ဆိပ်ကမ်းများ ရွှေ့လာနိုင်ရန်
ဆောင်ရွက်နေကြောင်း
ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော"
ကွမ်းခြံကုန်းနှင့်ကော့မှူးမြို့နယ်တွင် နိုင်ငံတကာ
ဆိပ်ကမ်းကြီးတစ်ခု တည်ဆောက်ဖို့ ပြင်ဆင်နေပြီး
ရန်ကုန်မြစ်ဝဘက်သို့ ဆိပ်ကမ်းတွေ ရွှေ့လာနိုင်ရန်
ကြိုးစားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
စက်တင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊
ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာတွင်
ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၏ ပင်လယ်
ကမ်းရိုးတန်း ဒေသရှိ ဒီရေတောများ ထိန်းသိမ်းခြင်း
နှင့် စိုက်ပျိုးပြုစုခြင်း စီမံကိန်း ဒီရေတော ပျိုးဥယျာဉ်
ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးဖြိုးမင်းသိန်းက
''ရန်ကုန်မြို့ဆိုလို့ရှိရင် ကွမ်းခြံကုန်း၊ကော့မှူးဘက်
မှာနိုင်ငံတကာ ဆိပ်ကမ်းကြီးကိုတည်ဆောက်ဖို့
ပြင်ဆင်နေပါတယ်။
ရန်ကုန်မြစ်ကြီးရဲ့ထိပ်ကို ဆိပ်ကမ်းတွေ ရွှေ့လာနိုင်ဖို့
အတွက်ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတာ
ဖြစ်ပါတယ်။
ရန်ကုန်မြစ်ထိပ်ကို သင်္ဘောတွေ ဝင်လာနိုင်မယ်။
သင်္ဘောတွေ ဝင်ထွက်ခွင့်ရနိုင်တဲ့ ဆိပ်ကမ်းကြီး
တစ်ခုဖြစ်မယ်ဆိုရင် ရေထုပိုပြီးတော့နက်တဲ့
သင်္ဘောတွေဆိုက်ကပ်ခွင့်ရမှာဖြစ်ပါတယ်။
ဒီအတွက်လည်း လေ့လာဆန်းစစ်မှုတွေပြုလုပ်ပြီး
ဖြစ်ပါတယ်။ မကြာခင်မှာ ထူထောင်ဖို့အတွက်လည်း
ဆောင်ရွက်နေပါတယ်'' ဟုပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စည်ပင်
နယ်နိမိတ် အတွင်းရှိမြို့နယ် (၃၃) မြို့နယ်အပြင်
နယ်နမိတ်ပြင်ပတွင်ရှိသော မြို့နယ်များ ဖွံ့ဖြိုး
တိုးတက်အောင်လည်း ဆောင်ရွက်လျက်ရှိသည်။
၎င်းက
''ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေလုပ်ဖို့ စဉ်းစားတိုင်း
အရေးကြီးဆုံးကတော့ သဘာဝဘေးအန္တရာယ်ကို
ကာကွယ်နိုင်ဖို့လိုအပ်ပါတယ်။
သဘာဝဘေးအန္တရာယ်တွေကျရောက်လာပြီဆိုရင်
ကျွန်တော်တို့ တည်ဆောက်ထားတဲ့ အရင်းအမြစ်
တွေအားလုံး ဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။
အဓိကကတော့ လမ်းတွေ၊ အိမ်ရာတွေ၊ မြို့ပြ
အဆောက်အအုံတွေ ဒါတွေက ပျက်စီးသွားတတ်
ပါတယ်။
ဒါကြောင့်မို့ သဘာဝဘေးအန္တရာယ်ကို ကာကွယ်
စောင့်ရှောက်နိုင်ဖို့နဲ့ တစ်ဖက်ကဖွံ့ဖြိုးတိုးတက်မှု
ကိုလည်း ဖြစ်အောင်လုပ်ရမယ်လို့ ဒါ ကျွန် တော်တို့
ပြင်ဆင်ထားတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်''ဟု
ဆက်လက်ပြောသည်။
(AA)
*****
၂။ "ရန်ကုန် ထောက်ကြန့် ခုံးကျော်တံတား စီမံကိန်း
အတွက် တောင်းခံထားသည့် ကျပ် သန်း ၁ဝဝဝ ကို
လွှတ်တော် ငြင်းပယ်"
ရန်ကုန် ထောက်ကြန့် ခုံးကျော်တံတားစီမံကိန်းအတွက်
တောင်းခံထားသည့် ကျပ်သန်း ၁ဝဝဝ ကို လွှတ်တော်မှ
ငြင်းပယ်ခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၁၁ ရက် ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးတွင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အမျိုးသား
စီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်
ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်းများအပေါ်
ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့အစည်းဝင်များက
ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်တွင်
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်
အမျိုးသားစီမံကိန်း ဥပဒေကြမ်း တင်ပြချက်အပေါ်
ယင်းသို့ ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
''ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရန်ကုန် ထောက်ကြန့်
ခုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းသစ်
စီမံကိန်းသည် အမှန်တကယ်လိုအပ်ခြင်းမရှိတာကို
ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း
ပူးပေါင်းကော်မတီကလည်း စိစစ်တွေ့ရှိရတဲ့အတွက်
စီမံကိန်းအတွက် မူလလျာထားတဲ့ ကျပ်သန်း ၁ဝဝဝ ကို
လွှတ်တော်မှ ငြင်းပယ်၊ အတည်ပြုရန်တင်ပြပါတယ်''
ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း
ကော်မတီ တွဲဖက်အတွင်းရေးမှူး
ဒေါက်တာမြတ်ဥာဏစိုးကတင်ပြခဲ့ခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာ ပြည့်ဖြိုးကလည်း ပြည်သူ့ဘဏ္ဍာ အလေ
အလွင့် မရှိစေရန် ရန်ကုန်- ထောက်ကြန့်လမ်းဆုံ
ယာဉ်ကြောကျပ်မှုကို တခြားသော သင့်လျော်သော
နည်းလမ်းများနှင့် ဖြေရှင်းပြီး ထောက်ကြန့် ခုံးကျော်
တံတားကို လတ်တလော ဦးစားပေးဆောင်ရွက်ရန်
မလိုကြောင်း ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထောက်ကြန့် ခုံးကျေ်
တံတားအတွက် တောင်းခံထားသော
ကျပ်သန်း ၁ဝဝဝ အား ငြင်းပယ်သင့်ကြောင်း
လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်မင်းသိမ်းကလည်း ထောက်ခံပြောဆိုသည်။
ယင်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောက်လုပ်ရေးဝန်ကြီး
ဌာနမှ ထောက်ကြန့်ခုံးကျော်တံတား တည်ဆောက်ခြင်း
အတွက် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ငြင်းပယ်ရန်
အဆိုပြုချက်ကို သဘောတူကြောင်း ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထောက်ကြန့် ခုံးကျော်
တံတားအတွက် တောင်းခံထားသော ကျပ်သန်း ၁ဝဝဝ
အား ငြင်းပယ်ကြောင်း ပြည်ထောင်စုလွှတ်တော်
ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် လွှတ်တော်
ကိုယ်စားလှယ်နှစ်ဦးတို့က လွှတ်တော်သို့ အဆိုပြု
တင်ပြခြင်းနှင့်အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးကလည်း ယင်းအဆို ပြုချက်ကို လက်ခံ
သဘောတူသည့်အတွက် ပြည်ထောင်စုလွှတ်တော်
နာယက ဦးတီခွန်မြတ်က လွှတ်တော်၌ သဘောထား
ရယူရာ လွှတ်တော်က သဘောတူသည့်အတွက်
လွှတ်တော်မှ ရန်ကုန် ထောက်ကြန့် ခုံးကျော်တံတား
အတွက် တောင်းခံထားသော ကျပ်သန်း ၁ဝဝဝ အား
ငြင်းပယ်ကြောင်း ကြေညာခဲ့သည်။
(NT, MO)
*****
၃။ "လှည်းကူးတွင် ကိုရီးယား စက်မှုဇုန်စီမံကိန်း
အကောင်အထည်ဖော်မည်"
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်
ညောင်နှစ်ပင်သင်တန်းကျောင်းမြေပေါ်တွင်
အကောင်အထည်ဖော်မည့် ကိုရီးယား- မြန်မာ
စက်မှုဇုန်စီမံကိန်း (Industrial Complex) အတွက်
ကိုရီးယားဘဏ် EXIM Bank of Korea ထံမှ
အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်း ချေးငွေ
ယူပြီး တည်ဆောက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါချေးငွေဖြင့် စက်မှုဇုန်ဧရိယာ ပြင်ပ အခြေခံ
အဆောက်အဦ ဆောက်လုပ်ခြင်း စီမံကိန်းများဖြစ်
သည့် ရေရရှိရေးအတွက် ရေပိုက်လိုင်းဆက်သွယ်ခြင်း၊
ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်း၊ လျှပ်စစ်မီးရရှိရေး
အတွက် ဓာတ်အားလိုင်းများ ဆက်သွယ်ခြင်း၊
ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းနှင့် လမ်းပန်း
ဆက်သွယ်ရေးအတွက် လေးလမ်းသွား နိုင်လွန်
ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန
ထံမှ သိရသည်။
ယင်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်
ခြင်းဖြင့် ကိုရီးယားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဖိတ်ခေါ်နိုင်
မည်ဖြစ်ပြီး စီမံကိန်းတွင်ပါဝင်မည့် စက်ရုံများသည်
နိုင်ငံခြားပို့ကုန်များ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်မည်
ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ငါးသောင်း
မှ တစ်သန်းအထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးကျော်လင်းက ဩဂုတ်လ ၃၀ ရက်နေ့က ကျင်းပ
သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်
ပြောကြားထားသည်။
ကိုရီးယားနိုင်ငံက အဆိုပါချေးငွေကို ဆိုင်းငံ့ကာလ
၁၅ နှစ်၊ ပြန်ဆပ်မည့်ကာလ ၂၅ နှစ်ဖြစ်ပြီး စုစုပေါင်း
ချေးငွေ သက်တမ်းမှာ နှစ် ၄၀ ဖြစ်ကာ အတိုးနှုန်းမှာ
သုည ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်သည်။
အဆိုပါစီမံကိန်း၏ ပြည်ပအဆောက်အအုံ
တည်ဆောက်ရေးလုပ်ငန်းများအတွက် ပြည်တွင်း
ပြည်ပကုမ္ပဏီများကို ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ
နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါ
ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ယင်းစက်မှုဇုန်စီမံကိန်း
တွင် စက်ရုံအလုပ်ရုံပေါင်း ၂၀၀ ခန့် တည်ဆောက်
နိုင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဌာနထံမှ သိရသည်။
“အခု ပြည်တွင်းမှာလုပ်နေတဲ့ လုပ်ငန်းတွေအတွက်
လိုအပ်တဲ့ ကုန်ကြမ်းတွေ အများစုက နိုင်ငံခြားကပဲ
တင်သွင်းနေရတာ၊ လိုအပ်တဲ့ကုန်ကြမ်းတွေကို
ထုတ်လုပ်မယ့် စက်ရုံတွေပါလာရင်တော့ နိုင်ငံအတွက်
တော်တော်အကျိုးရှိမယ်”ဟု ပို့ကုန်သွင်းကုန်
လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
credit - Yangon Media Group /
Democracy Today & The Voice
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment