Friday, November 20, 2015

"သြရသသားသမီး ဆိုတာ ဘာလဲ"


"သြရသသားသမီး ဆိုတာ ဘာလဲ"

အဆိုတော်သြရသနဲ့တော့ မမှားလိုက်နဲ့နော် -
ခုပြောချင်တာက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ အမွေခန်းမှာ
ပါရှိတဲ့ သြရသကိုပြောဆိုလိုခြင်း ဖြစ်ပါတယ်။
မြန်မာဗုဒ္ဓဘာသာတို့ရဲ့နယ်ပယ်မှာ သြရသ သားကြီး၊
သြရသ သမီးကြီးဆိုပြီး ပြောဆို ကြလေ့ရှိတာကို
အများပြည်သူတို့ ကြားဖူးကြမှာပါ ။

အချို့သော မြန်မာ ဗွီဒီယိုဇာတ်ကားများရဲ့ ဇာတ်ဝင်ခန်း
အချို့မှာ ရော၊ ဇာတ်သဘင်လောကမှာပါ သြရသဆိုတာကို
ပြောဆိုခြင်း၊ပျက်လုံးအနေနဲ့ သုံးခြင်းတို့ကိုလည်း တွေ့တွေ့
နေရပါတယ်။

ဒါပေမယ့် သြရသရဲ့ အဓိပ္ပါယ် ကိုတော့ ဥပဒေပညာရှင် များ၊
ဥပဒေကျောင်းသားကျောင်းသူများ ကလွဲပြီး
ကျန်သူများအနေနှင့် သေသေချာချာ ဂဃနဏသိရှိသူ
နည်းပါးကြပါတယ်။

မှန်တာမို့ မှတ်သားမိရင် အကြောင်းမဟုတ်ပေမယ့်
မှားတာကို အမှန်ထင်ပြီး မှတ်သားထားမိကြရင် လူရယ်စရာ
ဖြစ်ပါလိမ့်မယ်။

ဥပ ဒေပညာရှင်မဟုတ်သူများအနေနဲ့သြရသသား၊သမီးဆိုတာ
မြန်မာဗုဒ္ဓဘာသာ အိမ်ထောင်စု တစ်ခုက ပေါက်ဖွားတဲ့
သားအကြီးဆုံးတိုင်းကို ဒါမှမဟုတ် သမီးအကြီးဆုံးတိုင်းကို
သြရသလို့ အထင် လွဲမှားစွာမှတ်သား မိသူများလည်း
ရှိနေတာကိုတွေ့တွေ့နေရပါတယ်။

ဒါကြောင့် ဒီနေ့တော့ သြရသသား ၊ သြရသ သမီးဆိုတာ
ဘာကို ခေါ်တာလဲလို့ ရှင်းပြချင် စိတ်လေးပေါ်လာပါတယ်။

* "သြရသ သား/သမီးဆိုတာ ဘယ်လိုသားသမီးမျိုးကို
ခေါ်တာလဲ၊သြရသဖြစ်ခွင့် ဘယ်လိုသားသမီးမျိုးတွေ
ရနိုင်ခွင့် ရှိကြသလဲ"

သြရသ - ဟူသော ဝေါဟာရမှာ သက္ကဋဘာသာမှ
ဆင်းသက်လာတာ ဖြစ်ပြီး "ရင်မှာဖြစ်သောသား" လို့
အဓိပ္ပါယ်ရရှိပါတယ်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ -
မိဘအမွေ ဆက်ခံထိုက်သော သားသမီး(၆)မျိုး နဲ့
မိဘအမွေကို မဆက်ခံထိုက်သောသားသမီး(၆)မျိုးဆိုပြီး
ရှိပါတယ်။

* "မိဘအမွေကို ဆက်ခံထိုက်တဲ့သားသမီး(၆)မျိုးကတော့"
(၁) သြရသ = ရင်မှ ဖြစ်သော သား
(၂) ကိတ္တိမ = အမွေခံသားအဖြစ် အထင်အရှားမွေးစားသော
သား
(၃) အပတိဋ္ဌသား = ကောက်၍ မွေးစားသော သား
(၄) ပုဗ္ဗက(ဒွေပုပ္ပါကာရ) = မယားပါ၊ လင် ပါ အထက်သား
(၅) ဟေဋ္ဌိမ(ဟေတ္ထိမ) = အပြောင် မယားသား
(၆) ခေတ္တဇ = ကျွန်မနှင့် သင့် နေရာ မွေးဖွားသောသား

* "မိဘအမွေ မဆက်ခံထိုက်သော သားသမီး (၆)မျိုးကတော့"
(၁) သွာနူတ္တ(သမာနုတ္တာ) = မိဘစကားကိုနားမထောင်
ခွေးနှင့်တူသောသား
(၂) ဒိန္နက(ပရဒိန္န) = သူတစ်ပါးက ပေး၍ ရသော သား
(၃) သဟောဗု(သဟေထ) = ၀ယ်၍ ရသော သား
(၄) ပုနာနုဗ္ဗ၀(ပုဏ္ဏာနုဂ္ဂတိ) = မိမိမယားသူတစ်ပါးနှင့်ရ၍
မွေးဖွားသော သား
(၅) ပိဠိတ (ကိဠိသာ) = ကစားမြူးထူးရာမှ ရသော သား
(၆) ဆာတဘတ္တ(ဆာတတ္တအရတ္တ)=ထမင်းငတ်မွတ်သည့်အခါ
မှီခိုလာသောသားဆိုပြီးတော့ ဖြစ်ကြပါတယ်။

အဲဒီသားသမီး(၁၂)မျိုးထဲမှာ ခုခေတ်အခါမှာတော့
သြရသ၊ ကိတ္တိမ၊ အပတိဋ္ဌ၊ ပုဗ္ဗက
သွာနူတ္တ၊ ကိဠိတ စသည့် အမျိုးအစားများတို့သာတွေ့ရတော့ပြီး
ကျန်တဲ့ (၆)မျိုး ကတော့ ခေတ်နဲ့ မလျော်ညီတော့တဲ့အတွက်
အလိုလိုတိမ်ကော ပပျောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကျန်ရှိတဲ့ သားသမီး(၆)မျိုးထဲမှာမှ ပထမအမျိုးအစားဖြစ်တဲ့
မိဘတို့ရဲ့အမွေကိုဆက်ခံထိုက်သော
သားသမီး(၆)မျိုးထဲမှာ ပါတဲ့
အမှတ်စဉ်(၁)ဖြစ်တဲ့ သြရသသား သမီး အမျိုးအစားအကြောင်းကို
စာဖတ်သူများ ဗဟုသုတဖြစ်ဘွယ် မျှဝေလိုက်ပါတယ်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ
- သြရသ သားသမီးဆိုတာ
သားယောင်္ကျားလေးကလည်းဖြစ်နိုင်ခွင့်
ရှိသလိုသမီးမိန်းကလေးကလည်း ဖြစ်နိုင်ခွင့် ရှိကြပါတယ်။

- မြန်မာဗုဒ္ဓဘာသာမိဘနှစ်ပါးက မွေးဖွားကြတဲ့
သား/သမီးတိုင်းဟာ
သြရသဖြစ်ခွင့် တစ်နည်းအားဖြင့် သြရသ
အခွင့် အရေး ကို ရခွင့် မရှိကြပါဘူး။
- သြရသ သား/သမီးဆိုတာ မြန်မာဗုဒ္ဓဘာသာဝင်
အမိအဖနှစ်ပါးက တရားဝင် မွေးဖွားတဲ့
သားရင်း သို့မဟုတ် သမီးရင်းဖြစ်ရမှာဖြစ်ပြီး
သားဖြစ်ရင် တော့ သူ့အဖေ မကွယ်လွန်မီမှာ၊
သမီးဖြစ်ရင် လည်း သူ့မိခင် မကွယ်လွန်မီအချိန်မှာ
အသက်(၁၈)နှစ်ပြည့်ပြီးသူလည်းဖြစ်ရပါမယ်။
- ဒါ့အပြင် အဲဒီသား/သမီးဟာ အသက်(၁၈)နှစ်ပြည့်တဲ့ချိန်မှာ
ကျန်သားသမီးတွေထဲမှာ အကြီးဆုံးလည်းဖြစ်ရမှာ ဖြစ်ပြီး
သားဖြစ်ရင် ဖခင် ရဲ့ တာဝန်ဝတ္တရားများ၊
သမီးဖြစ်ရင် မိခင်ရဲ့ တာဝန်ဝတ္တရားများကို
ကူညီဆောင်ရွက်နိုင်စွမ်းရှိသူလည်းဖြစ်ရမယ့်အပြင်
- စိတ်ကျန်းမာရေးကောင်းမွန်သူလည်းဖြစ်ရပါမယ်။
ဆိုလိုတာကတော့ ကျန်အချက်များနဲ့ ပြည့်စုံပြီး
ရူးသွပ်နေသူဖြစ်နေရင် တော့ ဒီအခွင့် အရေးကို ရမှာ
မဟုတ်ပါဘူး။
- သားဖြစ်ရင် ဖခင် ဖြစ်သူရဲ့တာဝန်ဝတ္တရားများ၊
သမီးဖြစ်ရင်မိခင် ဖြစ်သူရဲ့အိမ်ထောင် ရေးတာဝန်
ဝတ္တရားများကို ကူညီဆောင် ရွက်နေသူဖြစ်ရပါမယ်။
အခု တင် ပြခဲ့တဲ့ အချက်များနဲ့ ပြည့်စုံသူကိုမှ
မြန်မာ့ဓလေ့ထုံးတမ်းဥပ ဒေအရ သြရသ သား၊ သို့မဟုတ်
သြရသသမီးလို့ ဆိုနိုင် ပါတယ်။

"သြရသဖြစ်ရန် အဓိက မှတ်သားရမှာကတော့ -"
(၁) မြန်မာဗုဒ္ဓဘာဘာသာဝင် အမိအဖနှစ်ပါးမှ မွေးဖွားသော
တရားဝင် သားသမီးဖြစ်ရပါမယ်။
(၂) သားရင်း သမီးရင်းဖြစ်ရပါမည်။
(၃) သားဖြစ်ရင် ဖခင် မကွယ်လွန်မီ ၊
သမီးဖြစ်ရင် မိခင် မကွယ်လွန်မီ အသက်(၁၈)နှစ်ပြည့် ပြီးသူ
ဖြစ်ရပါမည်။
(၄) အသက်(၁၈)နှစ်ပြည့်သည့်အချိန်မှာ
သားသမီးအားလုံးထဲမှာ အကြီးဆုံးသားသော်လည်း ကောင်း၊
အကြီးဆုံးသမီးသော်လည်းကောင်းဖြစ်ရမှာဖြစ်ပြီး
သားဖြစ်သူဟာဖခင်ရဲ့အလုပ်တာဝန်ဝတ္တရားများကို
လည်းကောင်း၊
သမီးဖြစ်သူဟာ မိခင် ရဲ့ အိမ်ထောင့်တာဝန်ဝတ္တရားများ ကို
လည်းကောင်း ဆောင် ရွက်နိုင် စွမ်းရှိသူ
ဖြစ်ရပါမည်။ ရူးသွပ်နေသူများ မဖြစ်စေရပါ။
(၅) သားဖြစ်ရင် အဖ၏ ပစ္စည်းဥစ္စာရှာဖွေရေး၊
သမီးဖြစ်ရင် အမိ၏ အိမ်ထောင် ရေးဝတ္တရားများကို
ကူညီလုပ်ကိုင် ဆောင်ရွက်ရမည်။

"စီရင်ထုံးများက ပြဆိုသော သြရသ"

ကတ်ဝု နှင့် မောင် ဆင် အမှု
{ ၂၊ရန်ကုန်-၆၉၃ (၇၈၇)ပီစီ }မှာတော့
*** သြရသဟူသည် မိဘနှစ်ပါး သဘောတူ ထိမ်းမြားသည့်
လင် နှင့် မယားမှ မွေးဖွားသည့်သားကို ခေါ်ကြောင်း
ယုံမှားသံသယဖြစ်ရန် မရှိပေ။
ကာလကြာညောင်းသော် အိမ်ထောင်တစ်ခုတွင် ဖ
ခင်၏ တာဝန်ဝတ္တရားများ ကို ကျေပွန်စွာ ထမ်းဆောင်သောကြောင့်
သတ်မှတ်ထားသည့်မိဘအမွေ အနှစ် ရရှိသော သားဟူ၍
အထူးအဓိပ္ပါယ်သက်ရောက်လာသည်။

ထိုနည်းတူ ကာလကြာသော် သမီးအားလည်း သားကဲ့သို့ပင်
အခွင့်အရေးပေး၍ သြရသဟူ၍ခေါ်ဆိုပေသည်။ ***
လို့ စီရင် ထုံးဖွဲ့ထားခဲ့တာကို လေ့လာတွေ့ရှိနိုင်ပါတယ်။

ဥပ ဒေပညာရှင် ဒေါက်တာမောင်မောင်
(တရားရုံးချုပ်တရားသူကြီး)ရေးသားပြုစုခဲ့သော
မြန်မာ့တရားဥပဒေဓလေ့ထုံးတမ်းနှင့် မြန်မာအိမ်ထောင်စု
ကျမ်းတွင် -
*** သြရသဖြစ်ရန် အဓိက လိုအပ်ချက်မှာ
မိဘ၏ပစ္စည်းဥစ္စာရှာဖွေရေး သို့မဟုတ် အိမ်ထောင်
ထိမ်းသိမ်းရေးတို့ တွင် ကူညီဆောင်ရွက်မှုအပေါ်မတည်ပေ။
ကွယ်လွန်သူ မိဘ၏တာဝန်ဝတ္တရားများကို ထမ်းဆောင်ခိုင်း
သည့်အခါ ထမ်းဆောင် နိုင်စွမ်းရှိသည့်အချက်အပေါ်တွင်သာ
တည် ရှိနေသည် *** ဟု ရေးသားထားတာကိုလည်း
လေ့လာ တွေ့ရှိရပါတယ်။

မိသားစုတစ်စုအတွင်းမှာ သြရသ သားသမီး(၂)ယောက်
မရှိနိုင် ပါဘူး။ တစ်ယောက်တည်းသာလျှင် သြရသဖြစ်နိုင်ခွင့်
ရှိမှာ ဖြစ်ပါတယ်။
*** မိသားတစ်စုအတွင်းမှာ သားဖြစ်စေ၊ သမီးဖြစ်စေ
တစ်ဦးတစ်ယောက်ဟာသြရသအဖြစ်ရရှိပြီးဖြစ်ပါက
ကျန်တဲ့သားသမီးတစ်ဦးဦးအနေနဲ့
နောက်ထပ်သြရသအဖြစ် ဆက်ခံခွင့် မရှိတော့ကြောင်း ***
(ထွန်းမြိုင် နှင့် ဘထွန်း၊ 2 LBR -292) အမှုမှာ
ဆိုထားပါတယ်။

ထို့ပြင်
*** မိသားစုတစ်စုမှာ သြရသ အရာမှာ သားဖြစ်စေ၊
သမီးဖြစ်စေ တစ်ဦးတစ်ယောက်ကရရှိပြီးနောက်
အဲဒီသြရသသား/သမီး သေဆုံးသွားခဲ့ရင်လည်း
ကျန်ရစ်တဲ့သားသမီးများထဲက ဘယ်သူမှ
သြရသ မဖြစ်နိုင် တော့ပေ *** လို့
(ထွန်းမြိုင် နှင့် ဘထွန်း၊ 2 LBR -292 ) အမှုမှာပဲ
ဆုံးဖြတ်ထုံးဖွဲ့ထားတာကို တွေ့ရှိရပါတယ်။
ဘာကြောင့် ဒီလိုဆုံးဖြတ်ထားရတာလည်းဆိုတော့
သြရသရဲ့အခွင့် အရေးဟာ အပြီးအပိုင်ရရှိတဲ့
အကျိုးခံစားခွင့် ဖြစ်တာကြောင့်
သေဆုံးသွားတဲ့ သြရသဖြစ်သူက မွေးဖွားတဲ့ သားသမီးများမှာ
သူ့အဖေ သို့မဟုတ် မိခင် တောင်းဆိုနိုင်ခွင့် ရှိတဲ့
အမွေလေးပုံတစ်ပုံတောင်းဆိုပိုင်ခွင့် ကို ပိတ်ပင်ရာ
ရောက်သွားမှာဖြစ်တဲ့အတွက် ဖြစ်ဟန်တူပါတယ်။

ဒါပေမယ့်
*** မိသားစုတစ်စုအတွင်းက သားသမီးများထဲက
သြရသဖြစ်နိုင် တဲ့ သား သို့မဟုတ်သမီးဖြစ်သူဟာ
သြရသအဖြစ်သို့ မရောက်ရှိမီမှာ
တစ်နည်းအားဖြင့် အရွယ်မရောက်မီမှာသြရသဖြစ်နိုင် တဲ့
သားဦး၊ သမီးဦး သေဆုံးသွားပါမယ်ဆိုရင်တော့
ကျန်ရှိတဲ့ မောင် နှမတွေ ထဲကသြရသဖြစ်နိုင်သော
အရည်အချင်း ရှိတဲ့ ဒုတိယ သား သို့မဟုတ် သမီးက
သြရသ အရာကို ဆက်ခံနိုင် ခွင့် ရှိလာမှာ ဖြစ်တယ်လို့ ***
(မောင်ကြင် နှင့် မကြာခိုင် ၊ အတွဲ ၈၊ ရန်ကုန်၊ စာမျက်နှာ-၃၉၆ )
နှင့်
(မအေးရင် နှင့် မမိမိ ၊ အတွဲ ၇ ၊ ရန်ကုန်၊ စာမျက်နှာ-၅၆၉ )တို့မှာ
စီရင် ထုံးဖွဲ့ဆုံးဖြတ်ခဲ့ကြတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

* "သြရသ သားသမီးရဲ့ အခွင့် အရေးက ဘာတွေလဲ"

- သြရသဖြစ်သော သား / သမီးသည်
သားဖြစ်ရင်  အဖ၊ သမီးဖြစ်ရင် အမိ  သေဆုံးတဲ့အခါမှာ
မိဘ၏ အမွေအနှစ်များမှလေးပုံတစ်ပုံကို အမွေအဖြစ်
တောင်းဆိုခွင့် ရှိပါတယ်။
- သြရသရဲ့ အခွင့်အရေးဟာ အပြီးအပိုင်ရရှိတဲ့အကျိုးခံစားခွင့်
ဖြစ်တာကြောင့် အကယ်၍ သြရသသား/သမီးဟာ
ကျန်ရစ်သူမိဘထံမှအမွေလေးပုံတစ်ပုံဝေစုကို
မတောင်းဆိုရသေးခင်မှာ သေဆုံးသွားသည့်တိုင်အောင်
အဲဒီ သြရသဖြစ်သူသား/သမီးရဲ့
ကျန်ရစ်သူသား/သမီး များအနေနဲ့ အဲဒီအခွင့်အရေးကို
ဆက်လက်ဆက်ခံခွင့် ရှိကြောင်း
အောက်ပါ စီရင် ထုံးများမှာ တစ်ညီတစ်ညွတ်တွေ့ရှိရပါတယ်။
(မောင် နိုး နှင့် မောင် ဖိုးသိန်း၊အတွဲ-၁၊ရန်ကုန်၊စာမျက်နှာ-၃၆၃)
(ဗွီတီအေဂူနာချလမ်းချစ်တီး နှင့် မောင် စန်းငွေ၊ အတွဲ-၂၊ ရန်ုကုန်၊
စာမျက်နှာ-၁၆၈)
(မအေးမြနှင့် ဦးဖေလေး၊ အတွဲ-၃၊ ရန်ကုန်၊ စာမျက်နှာ ၂၈၁)
(မကြူ နှင့် မောင် ရွှေကျား၊ အတွဲ-၆၊ ရန်ကုန်၊ စာမျက်နှာ-၃၁၈)

* "သြရသနှင့် ပတ်သက်လို့ ၀မ်းနည်းဘွယ် အခွင့်အရေး
ဆုံးရှုံးမှုတစ်ရပ်ကတော့-"

ရှေးက စီရင် ဆုံးဖြတ်ခဲ့ကြတဲ့ ဓမ္မသတ်များမှာ -
သြရသနှင့် ပတ်သက်လို့ ၀မ်းနည်းဘွယ် အခွင့်အရေးဆုံးရှုံးမှု
တစ်ရပ်ကို လည်းလေ့လာတွေ့ရှိရပါတယ်။

အဲဒါကတော့ မိဘနှစ်ပါးအနက်တစ်ဦးဦးဟာ အိမ်ထောင်ကြီးဖြစ်ပြီး
ပထမအိမ်ထောင် နဲ့သားသမီးများ ရရှိခဲ့သူဖြစ်သလို
ဒုတိယ အိမ်ထောင် နဲ့လည်းသားသမီးများ ထွန်းကားခဲ့ပါတယ်။
ပထမ အိမ်ထောင် နဲ့ ရရှိခဲ့တဲ့ သား သို့မဟုတ် သမီး အကြီးဆုံးဟာ
အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်သလို ဒုတိယအိမ်ထောင် နဲ့
ရရှိခဲ့တဲ့ သားသမီးထဲက အကြီးဆုံးဟာလည်း
ဖခင် သို့မဟုတ် မိခင် ကွယ်လွန်ချိန်မှာ အသက် (၁၈)နှစ်ပြည့်ပြီး
ပထမ အိမ်ထောင် မှာပါလာတဲ့ သြရသဖြစ်နိုင် ခွင့် ရှိတဲ့
သား/ သမီးလိုပဲ အရည်အချင်းပြည့်စုံနေတယ်ဆိုကြပါစို့ ။

ဒီအခါမှာ မိသားတစ်စုအတွင်းမှာ
သြရသ နှစ်ယောက်မရှိရဘူးဆိုတဲ့ အချက်အရ
ပထမအိမ်ထောင် နဲ့ ရခဲ့တဲ့ သား သို့မဟုတ် သမီးကို
သြရသအရာ ဖြစ်ခွင့် ပေးမလား။
ဒုတိယအိမ်ထောင် နဲ့ ရခဲ့တဲ့ သား သို့မဟုတ် သမီးကိုပဲ
ပထမအိမ်ထောင် နဲ့ ရခဲ့တဲ့သားသမီးကို ကျော်ပြီး
သြရသ သားသမီးဖြစ်ခွင့် ပေးမလားဆိုတာ
ဥ ပ ဒေပြ ဿသ နာ တစ်ရပ် အနေနဲ့
တည်ရှိနေပါသေးတယ်။

(ကိုးကား)
ဆရာဦးဧမောင် ရေးသားတဲ့
မြန်မာ့တရားဥပဒေ(၁၉၃၇) စာ-၁၇၅။
ဆရာဦးမြစိန်၏ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊

(Aung Soe - Pyay)

credit - ဥပဒေ ရေးရာ လေ့လာစရာ

No comments:

Post a Comment