Monday, November 9, 2015
"ရွေးကောက်ပွဲ အလွန် အနာဂတ် မြန်မာ့စီးပွားရေး အလားအလာ သုံးသပ်မှုများ"
"ရွေးကောက်ပွဲ အလွန်
အနာဂတ် မြန်မာ့စီးပွားရေး အလားအလာ သုံးသပ်မှုများ"
(အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့်
ရွေးကောက်ပွဲ အလွန် အနာဂတ် မြန်မာ့စီးပွားရေးကဏ္ဍနှင့်
သက်ဆိုင်သော ဆောင်းပါးနှင့် သတင်းများကို
မိတ်ဆွေများ တစ်စုတဝေးတည်း ဖတ်ရှုလေ့လာနိုင်ရန်
စုစည်းပြီး တင်ပေးလိုက်ပါသည်။)
၁။ "ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်
မြန်မာ့စီးပွားရေးအလားအလာ"(ဆောင်းပါး)
အပြိုင်အဆိုင် မဲဆွယ်မှုများကြား ထူးခြားသော
မဲဆွယ်သံများ ကိုလည်း မြင်ရကြားရတွေ့လာရ သည်။
ထို့အထဲက ထူးခြားမှုတစ်ခု မှာ ပြည်ခိုင်ဖြိုးပါတီ
ကိုယ်စား လှယ်လောင်းက ဒီချုပ်ပါတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ရန် သူ၏ မဲဆန္ဒရှင်များအား
ပြော ဆိုခြင်းဖြစ်သည်။
သူကတော့ အခြားလူမဟုတ်။
မြန်မာပြည်ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ဦးခင်ရွှေဖြစ်သည်။
သူသည် ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၈)
ကိုယ်စားလှယ်ဖြစ်သည်။
မကြာသေးမီက ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရသည့်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည် ထောင်စုလွှတ်တော်နာယက
သူရဦးရွှေမန်းနှင့်လည်း ခမည်းခမက်တော်သူဖြစ်သည်။
သူရဦးရွှေမန်း အား ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားရသည့်
အကြောင်းရင်းများထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်
ရင်းနှီးလာသည့် အချက်လည်းပါ သည်ဟု လေ့လာသူများက
သုံး သပ်ကြသည်။
လက်ရှိ မြန်မာ့နိုင်ငံရေးအ ခြေအနေမှာ ပါတီနှစ်ခု၏
အား ပြိုင်မှုများ အထွတ်အထိပ်သို့ ရောက်နေသည်။
ထိုကဲ့သို့သော အခြေအနေတွင် ဦးခင်ရွှေက
ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့် ရန် ပြောသည်မှာ
သူ့အတွက် ရိုက် ခတ်မှုများစွာ ရှိနိုင်သည်။
သို့ သော် မြန်မာပြည်စီးပွားရေး အ ပြောင်းအလဲမှာ
ဒေါ်အောင်ဆန်း စုကြည် မပါဘဲ မဖြစ်နိုင်ဟု ဦးခင်ရွှေက
ယုံကြည်ထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား
မဲထည့်ရန်ပြောဆိုရခြင်း ဖြစ်သည်ဟု ဆိုသည်။
‘‘ပွင့်ပွင့်လင်းလင်းပြောရရင် သူနိုင်ငံအတွက် အနစ်နာခံတာ
အရမ်းများပြီ။ သူ့ကို တစ်ထောင့် တစ်နေရာကနေ
တိုင်းပြည်ရဲ့ တာဝန်တစ်ခုကိုတော့ ယူစေချင်တဲ့ ဆန္ဒအပြည့်
ရှိတယ်။ အဓိကက စီးပွားရေး အပြောင်းအလဲကြီး
ဖြစ်စေချင်တယ်။ သူလုပ်မှ စီးပွားရေးအပြောင်းအလဲ
ဖြစ်မယ်လို့လည်း စီးပွားရေးသမားတစ်ယောက် အနေနဲ့
ယုံကြည်တယ်လေ။ ဒါ ကြောင့် သူကို မဲထည့်ပါလို့ ပြော
လိုက်တယ်’’ဟု ဦးခင်ရွှေက အင် တာဗျူး တစ်ခုတွင်
ပြောကြားခဲ့ သည်။
သမ္မတဦးသိန်းစိန် လက် ထက်တွင် နိုင်ငံခြားရင်းနှီးမှု မြှုပ်နှံမှုမှာ
ကိန်းဂဏန်းများအရ တိုးလာသော်လည်း အမေရိကန်နှင့်
ဥရောပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ သိသိသာသာ
ဝင်ရောက်လာခြင်း မရှိသေးဟုသူကဆိုသည်။
ဦးခင်ရွှေကဲ့သို့ စစ်အစိုးရ ကို နှစ်ပေါင်း ၂၀ ခန့်ထောက်ပံ့
ပေးခဲ့သည့် တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံတွင်ရှိသော
တရုတ် နိုင်ငံသား စီးပွားရေးသမားများ အ ကျိုးရှေးရှုကာ
ဒေါ်အောင်ဆန်းစု ကြည်အား တရုတ်နိုင်ငံသို့ ဖိတ် ကြားခဲ့သည်။
လက်ပံတောင်း တောင်စီမံကိန်းနှင့် မြစ်ဆုံစီမံကိန်းတို့တွင်
ပြည်သူလူထု၏ ကန့်ကွက်မှုနှင့် ကြုံရသည့်အခါ
သူတို့ အကျိုးစီးပွားကာကွယ်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့်
မိတ်ဆွေဖွဲ့လာခဲ့သည်။
တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား
မြန်မာ့လူထုခေါင်းဆောင်အဖြစ် ယုံကြည်လာသည်။
မြန်မာပြည်သူလူထုအား ဦးဆောင်နိုင်သူ၊ ဖျောင်းဖျနိုင်သူမှာ
ဒေါ်အောင်ဆန်းစုကြည်သာ ရှိသည်ဟု သူတို့လက်ခံလာကြသည်။
ထို့ကြောင့်လည်း တရုတ် နိုင်ငံသမိုင်းတွင် ရှားရှားပါးပါး
စည်းကမ်းကို ချိုးဖောက်ကာ အ တိုက်အခံခေါင်းဆောင်ကို
တရုတ် နိုင်ငံသို့ ဖိတ်ကြားကာ သမ္မတ ကိုယ်တိုင်လက်ခံ
တွေ့ဆုံခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ် အောင်ဆန်းစုကြည်ပါတီ
အစိုးရ ဖွဲ့နိုင်ပါက တရုတ်နိုင်ငံအနေဖြင့် ထောက်ခံမည်ကို
ပြသလို၍ ရွေး ကောက်ပွဲ ကျင်းပမည်နှစ်တွင် ဖိတ်ကြားခဲ့ခြင်း
ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
နိုင်ငံတကာတွင် ဒေါ်အောင် ဆန်းစုကြည်၏ ပုံရိပ်က
ကြီးမား လွန်းသည်။ ထိုအချက်ကို မြန်မာ နိုင်ငံသို့
လာရောက်ကြသော နိုင်ငံတကာခေါင်းဆောင်များနှင့်
စီးပွားရေးလုပ်ငန်းရှင်များက ဒေါ်အောင်ဆန်းစုကြည်ကို
တကူးတက သွားရောက်တွေ့ဆုံကြခြင်းကို ကြည့်၍
သိနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို
မေးမြန်းကြသည်။
ထို့ကြောင့်လည်း ၂၀၁၀ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမှာနှစ်စဉ်တိုးတက်လာခဲ့သည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သောကမ္ဘာလှည့်ခရီးသွား
အများစုမှာ ဒေါ်အောင်ဆန်းစုကြည်အိမ်နှင့် သူ၏ ပါတီရုံးချုပ်သို့
သွားရောက်ကြည့်ရှုကြသည်။ ထို့ကြောင့် တက္ကသိုလ်ရိပ်သာလမ်းမှ
အိမ်နံပါတ် (၅၄) ဒေါ်အောင်ဆန်းစုကြည်အိမ်သည်
၂၀၁၁ လောက်ကစ၍ ကမ္ဘာလှည့်ခရီးသွားများအတွက်
သွားရောက်ကြည့်ရှုစရာ နေရာတစ်ခုဖြစ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာနိုင်ငံမှာ ကမ္ဘာ့အလယ်တွင်
လူသိများလာခဲ့သည်။ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း
တိုးတက်လာမှုနှင့်အတူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမှာလည်း
တိုး တက်လာခဲ့သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်
သမ္မတဦးသိန်းစိန် တွေ့ဆုံပြီး နောက် ပိုင်းဖြစ်သည်။
မတူတာတွေ ဘေး ဖယ်ထားပြီး တူတာတွေ တွဲလုပ် မည်ဟု
ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဦးသိန်းစိန်တို့
ပြောကြားခဲ့ကြပြီး ဒေါ်အောင်ဆန်းစု ကြည်က
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲလာသော
သမ္မတဦးသိန်း စိန်အစိုးရအတွက် ဥရောပသမဂ္ဂ၊ ဂျပန်နှင့်
အမေရိကန်နိုင်ငံတို့က လည်း မြန်မာနိုင်ငံအပေါ်
ပိတ်ဆို့ အရေးယူမှုအချက်အချို့ကို ဖယ် ရှားပေးခဲ့သည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ စီးပွားရေး
လုပ်ငန်းရှင်များ လာရောက်လေ့ လာခဲ့ကြသည်။
အစိုးရပိုင်းက လည်း အချို့သော လုပ်ထုံးလုပ် နည်းများ
ဖြေလျှော့ပေးခဲ့ခြင်းများလည်း ပါဝင်သည်။
အထူးသဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံနေသော
ဂျပန်စီးပွားရေးလုပ်ငန်းရှင် များလည်း မြန်မာနိုင်ငံသို့
ပြောင်း ရွှေ့ဖို့ ပြုလုပ်လာကြသည်။
တ ရုတ်နိုင်ငံ၏ အမျိုးသားရေးစိတ် ဓာတ် မြှင့်တင်လာချိန်တွင်
တရုတ် နိုင်ငံတွင်းရှိ ဂျပန်လုပ်ငန်းရှင်များကို
တရုတ်နိုင်ငံသားများက ဆန့်ကျင်ခဲ့ကြသည်။ ဂျပန်စက်ရုံများ
မီးရှို့ဖျက်ဆီးခံကြရသည်။ ထိုင်းနိုင်ငံတွင်လည်း နိုင်ငံရေး
မငြိမ်သက်မှုနှင့် သဘာဝဘေး အန္တရာယ်တို့နှင့် ကြုံတွေ့
လာရသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် မြန်မာနိုင်ငံကလည်း
တံခါးဖွင့်ဖို့ စတင်လာသည့်အတွက် ဂျပန်နိုင်ငံက
ရင်းနှီးမြှုပ်နှံမှုများမှာ မြန်မာနိုင်ငံသို့ မျက်စိကျလာခဲ့သည်။
ထို့ကြောင့်လည်း ၂၀၁၁ မှ၂၀၁၄ အတွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
တိုးတက်လာခဲ့သည်။ အထူးသဖြင့် စွမ်းအင်ကဏ္ဍ၊
သတ္တုတူး ဖော်ရေးလုပ်ငန်းစသည်တို့တွင် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထ၀ီ အနေအထားမှာလည်း စားသုံး သူ
များစွာရှိသည့် တရုတ်နှင့် အိန္ဒိ ယကြားတွင်တည်ရှိသဖြင့်
စီးပွား ရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ ရန်
နေရောကောင်းဖြစ်သည်။
ထို့အပြင် သယံဇာတများလည်း ရှိသေးသည့်အပြင်
ဈေးနှုန်းသက် သာသည့် လုပ်သားဈေးကွက် လည်း ရှိသည်။
ထို့ကြောင့်လည်း ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင် စားကြသည်။
သို့သော် နိုင်ငံရေးမတည်ငြိမ်ခြင်းနှင့် တပ်မတော် အစိုးရကို
မကြိုက်နှစ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံကို
လက်ရှောင်ခဲ့ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့်
ထိတွေ့ဆက်ဆံလာသော သမ္မတဦးသိန်းစိန်လက်ထက်တွင်
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ
မျက်စောင်းထိုး လာခဲ့ကြသည်။
သို့သော်အချိန်မကြာလိုက်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ကြား တစ်ဦးနှင့် တစ်ဦး
ယုံကြည်မှု ပျက်သွားကြပြီး နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ
လည်းတန့်သွားသည့် အနေအ ထားဖြစ်သွားခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက်
ခေါင်းဆောင်လေးဦးတွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်၏
တောင်း ဆိုမှုကို သမ္မတဦးသိန်းစိန်က အကောင်အထည်
မဖော်ပေးခဲ့ပေ။
ထို့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်ကြား
ဆက်ဆံရေးအေးစက်ခဲ့သည်။
ထို့နောက် ၂၀၁၃ နိုဝင်ဘာတွင် ပြုလုပ်သော
EU-Myanmar Task Force ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က
မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ အနေဖြင့်
၂၀၁၅ ရွေးကောက်ပွဲကို မမေ့ဖို့ ပြောဆိုခဲ့သည်။
*** သူဆိုလိုသည့်အဓိပ္ပာယ်မှာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို
စောင့်ကြည့်ဖို့ ပြောလိုက်ခြင်းဖြစ်သည်။ ထိုပွဲ၏ ရည်ရွယ်ချက်မှာ
ဥရောပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင်
လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သည့်ပွဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောကြားခဲ့သည့်နောက်ပိုင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လာရောက်မှုနည်းသွားခဲ့သည်။ ***
စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုတစ်ခု
ပြု လုပ်တော့မည်ဆိုလျှင် လေ့လာမှု များ ပြုလုပ်ကြသည်။
အကျိုးအ မြတ်ရှိသည့်တိုင် အန္တရာယ်ရှိ သည့် နေရာမျိုးဖြစ်ပါက
သူတို့တွေ ရင်းနှီးမြှုပ်နှံမှုမလုပ်ကြပေ။
*** အထူးသဖြင့် နိုင်ငံရေးမတည်မ ငြိမ်ဖြစ်သော နိုင်ငံများနှင့်
လုံခြုံမှုမရှိသော နိုင်ငံများတွင် နိုင်ငံတကာ အသိအမှတ်ပြု
စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ကြပေ။ ***
အမှန်တကယ် ၂၀၁၅ ရွေး ကောက်ပွဲမှာလည်း
မြန်မာနိုင်ငံ အတွက် အလွန်အရေးပါသော ရွေးကောက်ပွဲဖြစ်သည်။
မတည် ငြိမ်မှုများကြောင့် စစ်တပ်က အာ ဏာသိမ်းလေမလား
စိုးရိမ်သူ အချို့ရှိသည်။ သို့တည်းမဟုတ် ၂၀၁၅ ရွေးကောက်ပွဲတွင်
ဒီချုပ် ပါတီအနိုင်ရရှိပါက ထိုရလဒ်ကို လက်ရှိစစ်ခေါင်းဆောင်များက
လက်ခံနိုင်ပါ့မလားဆိုသည့် စိုးရိမ်မှုများရှိသည်။
ထိုအခြေအနေ မျိုးတွင် နိုင်ငံတကာခေါင်းဆောင် များနှင့်
စီးပွားရေးလုပ်ငန်းရှင် များက ဒေါ်အောင်ဆန်းစုကြည် နှင့်
ရွေးကောက်ပွဲအခြေအနေကို စောင့်ကြည့်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်က မီးစိမ်းမပြဘဲ နိုင်ငံခြားရင်းနှီးမြှုပ် နှံသူများ
အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြမည် မဟုတ်ပေ။
၂၀၁၅ ရွေးကောက် ပွဲ ရလဒ်ကို စောင့်ကြည့်နေကြ သည်။
ထို့ကြောင့်လည်း မြန်မာ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ
ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မဖြစ်နိုင်ဟု ဦးခင်ရွှေက
ယုံကြည်နေခြင်းဖြစ်သည်။
ဦးခင်ရွှေနည်း တူ အခြားသော မြန်မာနိုင်ငံက
ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ကြီးများလည်း ယုံကြည်ထား သည်။
သည်အတွက်လည်း ပုံစံ မျိုးစုံဖြင့် ဒေါ်အောင်ဆန်းစုကြည် ထံ
ချဉ်းကပ်ထားကြသည်။
၂၀၁၅ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံအတွက် အလွန်
အရေးကြီးသည်။ စီးပွားရေးကဏ္ဍ တွင်သာမက ကဏ္ဍအားလုံးအတွက်
အရေးကြီးလှသည်။ ရွေး ကောက်ပွဲရလဒ်သည် သန်း ၅၀ သော
မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံ သားများအားလုံး၏ အနာဂတ်နှင့်
များစွာ သက်ဆိုင်ပေသည်။
(အောင်ထက်ပိုင်)
*****
၂။ "ရွေးကောက်ပွဲပြီး ကာလတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်
အမေရိကန်ကုမ္ပဏီ ၈၀ ကျော် လာရောက်လေ့လာမည်"
ရွေးကောက်ပွဲအောင် မြင်စွာကျင်းပပြီးစီးပါက မြန်မာ နိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အမေရိကန်ကုမ္ပဏီ ၈၀ ကျော် လာရောက်
လေ့လာရန် စီစဉ်ထား ကြောင်း မြန်မာနိုင်ငံကုန်သည် များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ
ဒေါက်တာ မောင်မောင်လေးက ပြောသည်။
အဆိုပါကုမ္ပဏီများသည် လက်ရှိအခြေအနေတွင် မြန်မာ နိုင်ငံရေး
အခြေအနေကိုစောင့် ကြည့်နေခြင်းဖြစ်ပြီး ရွေးကောက် ပွဲ၌
လွတ်လပ်ပွင့်လင်း၍ အေး ချမ်းစွာပြီးဆုံးမှသာလာရောက်ကြမည်ဟု
အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
‘‘ရွေးကောက်ပွဲက အောင် မြင်ပြီး သူတို့အတွက်
ကျေနပ်မှုရှိတယ်ဆိုရင် အမေရိကန်ကုန် သည်အသင်းချုပ်ကလည်း
လာဖို့ စီစဉ်ထားတယ်လို့ သိထားတယ်’’ ဟု
ဒေါက်တာ မောင်မောင်လေး က ပြောသည်။
လက်ရှိအစိုးရလက်ထက် တွင် မြန်မာနိုင်ငံသို့
အမေရိကန် ကုမ္ပဏီအချို့ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှုများ
ရှိနေသည်။ သို့ သော် အဆိုပါကုမ္ပဏီများတွင် အများစုသည်
ကြားခံကုမ္ပဏီတစ် ခုကသာ လာရောက်ရင်းနှီးမြှုပ်နှံ ခြင်း ဖြစ်သည်။
လက်ရှိ အစိုးရလက်ထက် တွင် အမေရိကန်နိုင်ငံမှ
တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမရှိသေးကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မရှင် အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည်
ယခင်အစိုးရ လက်ထက်မှစတင်၍ ယနေ့ထိ အမေရိကန်ဒေါ်လာ
လေးသန်းခွဲ ကျော်သာရှိကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့်
ကုမ္ပဏီများမှတ်ပုံတင်ညွှန် ကြားမှုဦးစီးဌာန စာရင်းများအရ
သိရသည်။
(ပြည်သိမ်း)
*****
၃။ “ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန်
ရွေးကောက်ပွဲ အခြေအနေအပေါ် မူတည်ဟု ဆို”
ပြည်တွင်းသို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ
ပိုမိုဝင်ရောက်လာရန်သည် မကြာခင်ကျင်းပရန်ရှိသည့်
အထွေထွေ ရွေးကောက်ပွဲ အခြေအနေအပေါ်တွင်
မူတည်လျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းက
ပြောဆိုကြသည်။
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပရန် ရှိသော
ရွေးကောက်ပွဲ၏ ရလဒ်နှင့် အဆိုးအကောင်း အခြေအနေတို့
အပေါ်တွင် မူ တည် ပြီး ရင်းနှီးမြှုပ်နှံရန် စုံစမ်းစောင့်ဆိုင်းမှုများ
ရှိနေသည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်း ချုပ်(UMFCCI)
ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
၎င်းက“လာပြီးစုံးစမ်းတာတွေ လုပ်ငန်းအသစ်တွေလည်း
ပါပေမယ့် သူတို့ကို ပြန်ပြီးကြည့်လိုက်ရင် ရွေးကောက်ပွဲ
အလွန်ကာလမှာ လာပြီးတော့ လုပ်ဖို့ စိတ်ဝင်စားတဲ့သူတွေ
တော်တော်များပါတယ်။ ရွေးကောက်ပွဲကို
ခဏစောင့်နေတဲ့သူတွေလည်း ရှိတယ်ပေါ့။ လာစုံစမ်းနေတာက
ရွေးကောက်ပွဲ ပြီးမှ လုပ်မယ်ဆိုတဲ့သူတွေက ပိုများတယ်။
ပိုချဲ့ပြီးလုပ်မယ် ဆိုတဲ့သူတွေပေါ့”ဟုလည်း ပြောပြ သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး၊
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန
ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ကလည်း
ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် ရွေးကောက်ပွဲပြီးလျှင်
ပိုတိုးလာနိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ်က ၀င်ရောက်ခဲ့သည့်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၈.၁ ဘီလီယံ
ရှိခဲ့ပြီး ယခုနှစ်တွင် ထို့ထက်ပိုရန် မျှော်လင့်ထားသည်ဟု
နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ပါမောက္ခ
ဒေါက်တာ အောင်ထွန်းသက် က လည်း ပြောဆိုသည်။
သို့သော် မကြာမီ ကျင်းပရန်ရှိသော ရွေးကောက်ပွဲ လွတ်လပ်ပြီး
တရားမျှတစွာနှင့် တည်တည်ငြိမ်ငြိမ် ပြီးဆုံးမှုရှိမှသာလျှင်
ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်နိုင်မည် ဖြစ်သည်ဟု
စီးပွားရေးလုပ်ငန်းရှင် အများစုက ပြောဆိုကြသည်။
ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးဖြစ်သည့်
ဒေါက်တာ ဂျော့စ်စိုးဝင်းက
*** “စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုတွေက အခုချိန် မှာ
Slow down ဖြစ်နေတယ်။ ငြိမ်နေတဲ့ သဘောပေါ့။
ရွေးကောက်ပွဲနဲ့ ဆိုင်နေတယ်။
ရွေးကောက်ပွဲပေါ်မူတည်ပြီးမှ သူ့ရဲ့ Vision ကို
သွားလို့ရမှာ။ Vision ကရှိပြီးမှ သူ့ရဲ့ရှေ့ဦးတည်ရာကို
ကြည့်လို့ရမှာပေါ့။ ဒါက ရွေးကောက်ပွဲပေါ်မှာ မှီတည်နေတယ်။
ရွေးချယ်ပုံ ရွေးချယ်နည်းရယ်၊ ဘယ်သူအနိုင်ရမလဲ ဆိုတဲ့
မျှော်မှန်းချက်ပေါ်လည်း မူတည်တာပေါ့” ***
ဟု ပြောသည်။
မြန်မာ့ စီးပွားရေး အခြေအနေနှင့် ပတ်သက်ပြီး
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)က
ယခုနှစ်ထဲမှာပင်
အကျဘက်သို့ ဦးတည်နေသည့် အလားအလာရှိကြောင်း
ထုတ်ပြန်ပြောဆိုခဲ့သလို ကမ္ဘာ့ဘဏ်ကလည်း
မြန်မာ့စီးပွားရေးသည် ယခု၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်
၂ ရာခိုင်နှုန်းအထိ လျော့ကြနိုင်ရန် ရှိကြောင်း ခန့်မှန်းထားသည်။
ယင်းသို့ ၎င်းတို့၏ ခန့်မှန်းမှုသည် မြန်မာနိုင်ငံအတွင်း
ရွေးကောက်ပွဲ ရှိနေခြင်းနှင့် ရေဘေးဒုက္ခ ဖြစ်ပေါ်ခဲ့သည်များနှင့်
သက်ဆိုင်ကြောင်းလည်း ပြောဆိုခဲ့ကြသည်။
စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သော လှိုင်သာယာစက်မှုဇုန်
ဥက္ကဋ္ဌ ဦမြတ်သင်းအောင် ကလည်း
“အခုဟာ MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)ကို
လျှောက်ကြ လိုင်စင် ကျကြတယ်။ ဒါပေမယ့်လို ခပ်အေးအေးပဲ
အချိန်ယူတာပေါ့လေ။ နောက်ပိုင်း အခြေ အနေ အတွက်
လုပ်တာတွေက များပါတယ်။ တချို့ကလည်း
မ၀င်သေးတာတွေက စောင့်ကြည့်တာပေါ့လေ။
စီပွားရေးက ဒီရွေးကောက်ပွဲ
အေးအေးဆေးဆေး ပြီးသွားမှပဲ ပြန်ပြီးသွက်လာမယ့်
သဘောပေါ့။ စီးပွားရေးကတော့ နည်းနည်း အေးနေတယ်”ဟု
ပြော သည်။
ဒေါက်တာ မောင်မောင်လေးက
“အဓိကက နောက်တက်မယ့် အစိုးရရဲ့ ပေါ်လစီ၊
နောက် Rule of law ပေါ့။ ဥပဒေက ပီပီပြင်ပြင် ဖြစ်ပြီး
ကျောသားရင်သား မခွဲခြားဘဲ သတ်သတ်မှတ်မှတ် လုပ်ရင်
ပိုပြီး အဆင်ပြေမယ်။ ရွေးကောက်ပွဲက စီးပွားရေး ကဏ္ဍအတွက်
အလွန် အရေးကြီးတာပါ။ Free and fair နဲ့ ကောင်းကောင်းမွန်မွန်
ဖြစ်လာရင်ပေါ့”ဟု ပြောဆိုသည်။
(သစ်နေမိုး)
credit - 7day daily & Irrawaddy Publishing Group
(စာကြွင်း)
မူရင်း ဆောင်းပါးနှင့် သတင်းများအား
အနည်းငယ် ချုံထားကြောင်း ၀န်ခံပါသည်။
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment