Monday, October 26, 2015

"ဦးသိန်းစိန်၏ စီးပွားရေး စွမ်းဆောင်မှု ယုံတမ်းစကား"


"ဦးသိန်းစိန်၏ စီးပွားရေး စွမ်းဆောင်မှု ယုံတမ်းစကား"

အောင်မြင်သော စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်၏
ဗိသုကာအဖြစ် သူ့ကိုယ်သူ ပုံဖော်ထားသော ဦးသိန်းစိန်၏
သမ္မတသက်တမ်း ကုန်ဆုံးရန် နီးကပ်လာသည့် အချိန်တွင်
သူ၏ အမှန်တကယ် လုပ်ငန်းပြီးမြောက်မှု အတိုင်းအတာ
အ ပေါ်မေးခွန်းများ မြင့်တက်လာခဲ့သည်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးကာလ
နောက်ပိုင်း ၂၀၁၁ ခုနှစ်တွင် အရပ်သား အမည်ခံ
အစိုးရသစ်တခု၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည့်
အချိန်မှစ၍ ဦးသိန်းစိန်က စီးပွားရေးပြုပြင်ပြောင်းလဲမှုကို
ဦးစားပေးမည်ဆိုသည့် သူ၏ ကတိကို ထပ်ခါတလဲလဲ
အခိုင်အမာပြောကြားခဲ့သည်။

အကျင့်ပျက်ခြစားမှုနှင့် နာမည်ဆိုးခဲ့သော စစ်အစိုးရကြောင့်
ကဏ္ဍအားလုံး နီးပါးတွင် အလွန်တရာ ထိခိုက်ယိုယွင်း
နေခဲ့ရသည့် တိုင်းပြည်တခုအတွက် ခက်ခဲသော
တာဝန်တခုလည်း ဖြစ်ပါသည်။

သူ၏ ပထမခြေလှမ်းများတွင် ဆက်သွယ်ရေး၊
မော်တော်ကားတင်သွင်းမှု၊ ဘဏ္ဍာရေးနှင့် ကုန်ထုတ်လုပ်ငန်း
စသည့် အရေးပါသည့် ကဏ္ဍများတွင် အလုံးစုံပြင်ဆင်ရေးများ
ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် ၄ နှစ်တာကာလအတွင်းတွင် အဆိုပါ ကဏ္ဍများ၌
ကြီးမားသော ပြောင်းလဲမှုများ ရှိခဲ့သော်လည်း
အသွင်ကူးပြောင်းမှုတခုအတွက် ဦးသိန်းစိန်ကိုသာ ဂုဏ်ပြုမည်
ဆိုပါက ကြောင်းကျိုး ဆီလျော်မည်မဟုတ်ဟု ပြောခဲ့ကြသည်။
ပွင့်လင်းစွာပြောရလျှင် အသွင်ကူးပြောင်းမှုက ဖြစ်ကိုဖြစ်လာရမည့်
အရာတခုဖြစ်နေခြင်းကြောင့်ဟု ဆိုကြသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ကဆိုလျှင် အခြေအနေက များစွာ
ပိုမိုဆိုးဝါးခဲ့သည်။ စက်မှုထွန်းကားနေသည့် အိမ်နီးချင်း
အာဆီယံနိုင်ငံများ၏ နောက်တွင် မြန်မာနိုင်ငံက များစွာ
ပြတ်ကျန်နေခဲ့သည်။

ဥပမာအားဖြင့် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
ထိန်းချုပ်ထားသည့် မိုဘိုင်းဖုန်း ဆင်းမ်ကတ်တခုအတွက်
အမေရိကန် ဒေါ်လာ ၁၅၀၀ အထိ ပေးခဲ့ရဖူးသည်။
နိုင်ငံခြား တယ်လီဖုန်း ကုမ္ပဏီများဖြစ်သည့်
နော်ဝေနိုင်ငံမှ Telenor နှင့် ကာတာနိုင်ငံမှ Ooredoo တို့
ဝင်ရောက်လာပြီးသည့် နောက်တွင် မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုက
တောမီးလောင်သလို ကျယ်ပြန့်လာပြီး ဆင်းမ်ကတ်ဈေးနှုန်းများက
၁ ဒေါ်လာခွဲမျှဖြင့် အချိန်မရွေး ၀ယ်ယူနိုင်သည်အထိ
ဈေးကွက်က ပြောင်းလဲသွားခဲ့သည်။

အလားတူ မော်တော်ကားများ အလုံးအရင်းဖြင့် ၀င်ရောက်လာမှုကို
ရန်ကုန်မြို့လမ်းများပေါ်တွင်လည်း မြင်တွေ့နိုင်သည်။
ရန်ကုန်မြို့ခံ အများအပြားကတော့ စိတ်ပျက်ခဲ့ကြသည်။
တချိန်က ဟာလာဟင်းလင်း ဖြစ်နေခဲ့သည့် လမ်းများတွင်
ယခင်က ဈေးနှုန်း အဆမတန် ကြီးမြင့်မှုကြောင့် မ၀ယ်နိုင်ခဲ့သော
နိုင်ငံခြားမှ တင်သွင်းလာသည့် ကားများ ယခုအခါ ရပ်နားစရာ
အလုအယက် ရှာရသည်အထိ ဖြစ်လာသည်။

သွင်းကုန်မူဝါဒကို ပြင်ဆင်မှု အကြိမ် တဒါဇင်နီးပါး လုပ်ပြီးသည့်
နောက်တွင် မြန်မာနိုင်ငံကို ဂျပန်နိုင်ငံ၏ အာရှဒေသရှိ
အကြီးဆုံးဝယ်လက်များထဲမှ တခုဖြစ်အောင် ဦးသိန်းစိန်က
ပြုလုပ်ပေးနိုင်ခဲ့သည်။

ATM ခေါ် အလိုအလျောက် ငွေထုတ်စက်များလည်း ရှိလာသည်။
နိုင်ငံခြားဘဏ်များလည်း မြင်ကွင်းထဲသို့ ရောက်လာသည်။
စတော့အိတ်ချိန်းတခု ပေါ်ပေါက်လာရန်လည်း လုပ်ဆောင်
နေသည်။

ယခုအခါ မြန်မာနိုင်ငံက အမေရိကန်၊ ဥရောပ၊ ကိုရီးယားနှင့်
အခြားနိုင်ငံတကာ ကုမ္ပဏီများအတွက် အ၀တ်အထည်များ
ထုတ်လုပ်ပေးသည့် နေရာဖြစ်လာသည်။

Heineken ဘီယာကလည်း ပြည်တွင်း အမှတ်တံဆိပ်ဖြင့်
ထုတ်လုပ်နေပြီ ဖြစ်သည်။ သို့သော်လည်း ထိုသို့ဖြစ်လာအောင်
သမ္မတက လုပ်ခဲ့တာလား။ သို့မဟုတ် မြန်မာ့ စီးပွားရေးက
အလွန်တရာ ပျက်စီးနေခဲ့ပြီး ဆင်းရဲလွန်းသော လူထုက
ကြိုးစားပန်းစား အလုပ်လုပ်ကိုင်ကြခြင်းကြောင့် မြန်မာ့စီးပွားရေး
ထောင်တက်လာခဲ့တာလား။
မေးခွန်းများ ရှိလာသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ
အသင်းချုပ် (UMFCCI) ၏ ဒုတိယ ဥက္ကဌ
ဒေါက်တာ မောင်မောင်လေးက
ယခုအချိန်တွင် ထင်ထင်ရှားရှား မြင်တွေ့နေရသည့်
အပြောင်းအလဲများနှင့် ပတ်သက်၍ အစိုးရ၏ စွမ်းဆောင်မှုဟု
ယူဆ၍ မရနိုင်ကြောင်း၊ မဖြစ်မနေ လိုအပ်လာ၍သာ
ပေါ်လာသည်ဟု ဆိုနိုင်ကြောင်း ပြောသည်။

“ကျနော်တို့ဆီမှာ တခြားနိုင်ငံတွေလိုပဲ
ဟိုအရင် နှစ်ပေါင်းများစွာထဲက အဲဒါတွေရှိခဲ့ရမှာ။
လက်ရှိ အစိုးရ လက်ထက် ရောက်မှ အားလုံးကို ပြန်စခဲ့ရတယ်။
ဒါကြောင့် တကယ့် အပြောင်းအလဲက အချိန် အများကြီး
ယူရလိမ့်မယ်လို့ ကျနော်တို့ နားလည်တယ်။ လုပ်စရာတွေ
အများကြီးကျန်နေသေးတယ်” ဟု
ဒေါက်တာ မောင်မောင်လေးက ဆိုသည်။

စီးပွားရေး အရှိန်ရလာရန် အတွက် အစိုးရ၏ ထိရောက်မှု အရှိဆုံး
လုပ်ဆောင်ချက်မှာ ကုန်သွယ်ရေးဆိုင်ရန် ကန့်သတ်မှုများကို
ဖြေလျှော့ပေးခြင်းနှင့် နိုင်ငံခြား စီးပွားဘက်များအတွက်
ကြိုးနီစနစ်ကို ပယ်ဖျက်ပေးခြင်းတို့ ဖြစ်သည်ဟု
ဒေါက်တာ မောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးခေတ်
ဈေးကွက်သို့ ၀င်ရောက်လာရန် အတော်အသင့် ဖြေလျှော့မှုများ
ရှိခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေးကို အတားအဆီး ဖြစ်စေသည့်
အကျင့်ပျက်ခြစားမှု၊ ခရိုနီ အရင်းရှင် စနစ်နှင့် သဘောထား
အယူအဆဟောင်းများကို အပြည့်အ၀ ဖြေရှင်းနိုင်ရန်
လိုအပ်နေဆဲ ဖြစ်သည်ဟု သူက သတိပေး လိုက်သည်။

“အစိုးရရဲ့ အဓိက အားနည်းချက်က အကျင့်ပျက်ခြစားမှုပဲ။
သူတို့မှာ အပြောင်းအလဲလုပ်ဖို့ ဆန္ဒရှိနေတဲ့ အချိန်မှာတောင်
တိတိကျကျ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ဖို့
တုံ့ဆိုင်းနေတယ်” ဟု
ဒေါက်တာ မောင်မောင်လေးက ပြောသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲရေးက ရှုထောင့်စုံသည့်
တာဝန်တရပ်ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တခုလုံးမှ
ကဏ္ဍ အများအပြားတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အဆင်ပြေ
လွယ်ကူစေမည့် တည်ငြိမ်သည့် စီးပွားရေး ပတ်ဝန်းကျင်တခု
ရှိလာနိုင်ရန် လုပ်ဆောင်စရာများ ရှိနေဆဲ ဖြစ်သည်ဟု
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့်
ဦးခိုင်မောင်ရည်ကလည်း ပြောသည်။ သူက အလုပ်သမားကဏ္ဍ
ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်နေသူလည်း ဖြစ်သည်။

စက်တင်ဘာလအတွင်းတွင် အနိမ့်ဆုံး လုပ်ခလစာ
သတ်မှတ်လိုက်နိုင်ခြင်းက အပေါင်းလက္ခဏာဆောင်သည့်
ခြေလှမ်းတခုဟု သူက ပြောသည်။ ထိုသို့ သတ်မှတ်နိုင်ရန် အတွက်
အချိန်ကြာမြင့်စွာ ယူခဲ့ရပြီး ယခုလည်း ရင်းနှီးမြှုပ်နှံသူများနှင့်
အလုပ်သမားများမှာ သူတို့၏ အခွင့်အရေးနှင့် တာဝန်များနှင့်
ပတ်သက်၍ အပြည့်အ၀ သဘောတူညီမှု မရှိသေးသည့်
ကနဦး ကာလတခု ဖြစ်သည်။

“ဒီကိစ္စကနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်ဦးမယ်လို့
ဘာ့ကြောင့် ပြောနေရတာလဲဆိုတဲ့ အကြောင်းပြချက်တွေထဲက
တခုပါ” ဟု ဦးခိုင်မောင်ရည်က ပြောသည်။

အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်နှင့် မြန်မာနိုင်ငံ၏
ကုန်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍကို အဆင့်မြှင့်ရန်အတွက်
အဓိကကျသည့် ဖွံ့ဖြိုးရေး စီမံကိန်းများရှိသော်လည်း
အဆိုပါ စီမံကိန်းများသည် မြေယာဆုံးရှုံးမှုနှင့်
အလုပ်သမားများအပေါ် အကာအကွယ်ပေးမှု
နည်းပါးခြင်းတို့ကဲ့သို့သော ပြည်သူလူထုက
အလေးအနက်ထားသည့် ပြဿနာများကြောင့် ထစ်ငေါ့မှုများ
ရှိနေရဆဲ ဖြစ်သည်။

မရေရာသေးဘဲ တိုးတက်မှုမရှိသေးသော ဥပဒေပြုမှုများကြောင့်
အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများ သွေးအေးသွားကြသည်ကို
ထင်ထင်ရှားရှားတွေ့နေရသော်လည်း ယခုနှစ် အစောပိုင်းတွင်
ထုတ်ပြန်ခဲ့သော အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အစီရင်ခံစာတခုတွင်
သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်၏ ရလဒ်ကြောင့်
စီးပွားရေးတိုးတက်မှု ဆက်လက်၍ ရှိနေမည်ဟု ခန့်မှန်းထားသည်။

လာမည့် ဘဏ္ဍာရေးနှစ်အတွင်းတွင် GDP တိုးတက်မှု ဆက်လက်
အင်အားကောင်းနေပြီး ၈ ရာခိုင်နှုန်းဝန်းကျင်တွင် ရှိနေမည်ဟု
ADB က မျှော်လင့်ထားသည်။

“ဆက်လက်ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးများရဲ့ လှုံ့ဆော်မှု၊
စီးပွားရေးပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာမှုနဲ့ မြန်မာနိုင်ငံက
အရှေ့တောင်အာရှဈေးကွက်မှာ ပူးပေါင်းပါဝင်လာမှု” တို့ကြောင့်ဟု
ADB ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဒါရိုက်တာ
ပီတာဘရင်းဘဲလ် (Peter Brimble) က ပြောသည်။

လုပ်ခလစာ မြင့်တက်လာခြင်း၊ ပြည်တွင်းဝယ်လိုအား တိုးလာခြင်း
တို့ကြောင့် ငွေဖောင်းပွမှုနှုန်း မြင့်တက်လာနိုင်သော်လည်း
လာမည့် ဘဏ္ဍာရေးနှစ်အတွင်း ကုန်ပစ္စည်း ဈေးနှုန်းများ
အနည်းငယ် သက်တောင့်သက်သာ ဖြစ်နိုင်မည်ဟု
အစီရင်ခံစာက ဆိုသည်။

ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များကြား တူညီသည့်
ရေရှည်အမြင်မှာ တန်ဘိုးမြှင့် ကုန်ထုတ်လုပ်ငန်းကဏ္ဍကို
စီးပွားရေး၏ အဓိက မောင်းနှင်အားတခုအဖြစ် မြှင့်တင်နိုင်ရေး
အစိုးရက ပိုမို အားထုတ်ပေးရန် ဖြစ်သည်။ ၎င်းတို့ထဲမှ တဦးမှာ
ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်၏ ဥက္ကဌ ဦးမြတ်သင်းအောင်
ဖြစ်သည်။ အထည်ချုပ်လုပ်ငန်း၊ ကားလုပ်ငန်းနှင့်
အခြားကုန်ထုတ်လုပ်ငန်းများ ပါဝင်နေသည့် ကြီးမားသော
စက်မှုဇုန်တခုကို ကြီးကြပ်နေရသူဖြစ်သော ဦးမြတ်သင်းအောင်က
ထိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုမျိုးသည်
ပြည်တွင်းစီးပွားရေးလုပ်ငန်းများက နိုင်ငံတကာ ဈေးကွက်နှင့်
ယှဉ်ပြိုင်ရာတွင် မရှိမဖြစ် လိုအပ်လာလိမ့်မည်ဟု ပြောသည်။

အဆိုပါ မျှော်လင့်ချက်က အနာဂတ်တွင် လက်တွေဖြစ်လာ မလာ
ဆိုသည်မှာ မကြာခင် ကျင်းပတော့မည့်
အထွေထွေရွေးကောက်ပွဲ၏ ရလဒ်ပေါ်တွင် ကြီးမားစွာ
မူတည်နေသည်။

ယခုအချိန်အထိ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍
ဦးသိန်းစိန်၏ လတ်တလော အတားအဆီးများကို ကိုင်တွယ်
ဖြေရှင်း နေသည့်ပုံစံသာ ရှိသည်။

ဥပမာ ဆက်သွယ်ရေးကဏ္ဍနှင့် ဘဏ်လုပ်ငန်းများကို
ခေတ်မီစေရေးဖြစ်သည်။ လေ့လာဆန်းစစ်သူအချို့က
မှန်းဆခြင်းနှင့် အလောင်းအစား လုပ်လာကြသော်လည်း
ဦးသိန်းစိန်၏ နောက်သက်တမ်း အစိုးရက မည်သည့်
ပြုပြင်ပြောင်းလဲရေးများကို ဆက်လက်ဆောင်ရွက်မည် ဆိုခြင်းက
ရှင်းလင်းမှု မရှိသေးပါ။

အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို
အကြံပေးနေသော စီးပွားရေးပညာရှင်
ရှောင်တာနဲလ် (Sean Turnell) က လက်ရှိ အစိုးရ၏
စီးပွားရေးဆိုင်ရာ အဓိက အောင်မြင်မှုမှာ စီးပွားရေး
ပြုပြင်ပြောင်းလဲရေးကို နိုင်ငံရေး အစီအစဉ်အတွင်း
ထည့်သွင်းနိုင်ခဲ့ရုံမျှသာ ဖြစ်သည်ဟု ပြောသည်။

“အခုအချိန်အထိ စီးပွားရေး သုံးသပ်မှုတွေကလည်း
ခနတဖြုတ်အချိန်လောက်အတွက်ပဲ ရှိသေးတယ်။ အစိုးရကို
အကဲဖြတ်မယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း
တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်တဲ့ နေရာမှာ
သူတို့ ဘယ်လောက်အထိ အောင်မြင်ခဲ့သလဲ ဆိုတာက
ထည့်သွင်း စဉ်းစားရမယ့် အချက်တခုဖြစ်ပါတယ်” ဟု
ရှောင်တာနဲလ်က ဧရာဝတီသို့ e-mail မှ တဆင့်ဖြေကြားခဲ့သည်။

သို့သော်လည်း ရှုံးနိမ့်မှု အများအပြားရှိခဲ့ကြောင်း
အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုမ္ပဏီများ၊ သတ္တုတွင်း၊ ခုံရုံးနှင့်
ဘဏ္ဍာရေး အဖွဲ့အစည်းများဆိုင်ရာ ဥပဒေပြုခြင်းများ
မပြုလုပ်နိုင်ခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။

အကယ်၍ ဦးသိန်းစိန်က ဒုတိယသက်တမ်း
ဆက်လက်ထမ်းဆောင်ခဲ့လျှင်
“အလားတူအဖြစ်တွေ ပိုပြီး တွေ့ရမယ်လို့ ကျနော်တို့
မျှော်လင့်နိုင်ပါ တယ်” ဟု ရှောင်တာနဲလ်က ဆိုသည်။
အစိုးရ၏ ပျက်ကွက်မှုများနှင့် ပတ်သက်၍ ရှောင်တာနဲလ်က
“ အရင်ဆုံးပြော ရရင် စိုက်ပျိုးရေး ကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှု
အနည်းငယ်ပဲ ရှိခဲ့ပါတယ်” ဟု ပြောသည်။

အကယ်၍ ဦးသိန်းစိန်၏ အစိုးရက အာဏာကို
ဆက်ထိန်းထားနိုင်ခဲ့လျှင် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်မည်ကို
စိုက်ပျိုးရေးကဏ္ဍဖြင့် တိုင်းတာ ကြည့်နိုင်မည် ဖြစ်သည်ဟုလည်း
ဆိုသည်။

“တကယ်လို့ NLD နဲ့ သူ့ မဟာမိတ်တွေ နိုင်ခဲ့မယ်ဆိုရင်တော့
မြန်မာ့စီးပွားရေးရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ကျနော် အရမ်းကို
စိတ်အားထက်သန်မိမှာ ဖြစ်ပါတယ်။
ကမ္ဘာ့စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်မှာ မြန်မာနိုင်ငံက
အဓိကနေရာက ပါဝင်ခဲ့ဖူးပါတယ်။
ဘောဂဗေဒဆိုင်ရာ တွေးခေါ်မျှော်မြင်မှုကဏ္ဍမှာလည်း
အံ့မခန်း မြန်မာတွေ ရှိခဲ့ဖူးတယ်။
တကယ်လို့ မူဝါဒကောင်းတွေ ချမှတ် အကောင်အထည်
ဖော်နိုင်ခဲ့ရင်၊ ရှိသင့်တဲ့ အင်စတီကျူးရှင်း အဖွဲ့အစည်းတွေ
ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ရင်၊
နောက်ပြီးတော့ မြန်မာပြည်သူတွေ သူတို့လုပ်နိုင်တာတွေ
လုပ်ခွင့်ရတဲ့ လွတ်လပ်ခွင့် ရှိလာမယ်ဆိုရင်
အဲဒီလို နောက်တကြိမ်ပြန်ဖြစ်လာနိုင်မယ်လို့
ကျနော်ထင်ပါတယ်” ဟု
ရှောင်တာနဲလ်က ပြောသည်။

( Kyaw Hsu Mon ၏
The Myth of Thein Sein’s Economic Legacy ကို
ဆီလျော်အောင် နိုင်မင်းသွင် ဘာသာပြန်ဆိုသည်)

credit - Irrawaddy Publishing Group

မှတ်ချက်။ ။
အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့်
အနာဂတ် မြန်မာ့စီးပွားရေး နှင့်ဆိုင်ရာ ဆောင်းပါးဖြစ်ပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

No comments:

Post a Comment