Sunday, April 2, 2017

“ရန်ကုန်တိုင်းလွှတ်တော်ထဲက မြို့သစ်စီမံကိန်း”

“ရန်ကုန်တိုင်းလွှတ်တော်ထဲက မြို့သစ်စီမံကိန်း”

၁။ "ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းအား ဒေသန္တရ
စီမံကိန်း ဥပဒေမူကြမ်းထဲတွင် ထည့်သွင်းထားခြင်းသည်
မဖြစ်သင့်ဘဲ သီးသန့်အစီအစဉ် တစ်ခုအဖြစ် လွှတ်တော်သို့
ချပြသင့်ဟုဆို"

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းအား ဒေသန္တရ
စီမံကိန်း ဥပဒေမူကြမ်းထဲတွင် ထည့်သွင်း ထားခြင်းသည်
မဖြစ်သင့်ဘဲ သီးသန့်အစီအစဉ် တစ်ခုအဖြစ် လွှတ်တော်သို့
ချပြသင့်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ဇေယျက ပြောကြားသည်။

“နောက်ဆက်တွဲ (၃) မှာ တင်ပြထားတာကတော့ ရန်ကုန်
မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်း Master Plan ကြီး ဖြစ်ပါ
တယ်။ ကျွန်တော် တင်ပြလိုတာကတော့ ဒေသန္တရစီမံကိန်း
ဥပဒေမူကြမ်းမှာ နောက်ဆက်တွဲ (၃) မှာဆိုရင်တော့
ရန်ကုန်မြို့ပြ စီမံကိန်းကြီးကို ထည့်သွင်းပြီးတော့
ထည့်ထားတယ်။
ကျွန်တော်တို့က အတည်ပြုလိုက်ရင် ဒီစီမံကိန်းကြီးလည်း
အတည်ပြုသလို ဖြစ်သလား။ အဲဒီလိုဖြစ်မယ် ဆိုရင်တော့
ဒီစီမံကိန်းကြီးကိုတော့ သီးသန့်အစီအစဉ် တစ်ခုအနေနဲ့
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တင်ပြ
သင့်တယ်လို့ ထင်ပါတယ်။
နောက်ဆုံးအနေနဲ့ တင်ပြချင်တာက ရန်ကုန်မြို့သစ်
စီမံကိန်းပေါ့။
စီမံကိန်းထဲမှာ
ပထမဦးစားပေးက ကြည့်မြင်တိုင်၊ နောက် ဒဂုံမြို့သစ်၊
နောက် တတိယ ဒလဆိုပြီး ဖော်ပြထားတယ်။
ရေရှည်၊ ရေလတ်၊ ရေတို လုပ်မယ်ဆိုပြီး ဖော်ပြထားပါတယ်။
ထားပါတော့ ကြည့်မြင်တိုင်ကို ဦးစားပေး လုပ်မယ်ဆိုရင်
အရင်တိုင်းဒေသကြီး လွှတ်တော် ပထမအကြိမ်တုန်းကလည်း
ဒီဟာခွင့်ပြုထားတဲ့ဟာပေါ့။ လုပ်မယ်ဆိုရင် ကုမ္ပဏီသုံးခုနဲ့
လုပ်မယ်။ သုံးခုနဲ့ လုပ်မယ်ဆိုရင် ဘယ်လိုဆက်ပြီးတော့
နောက်ဆုံး ကြားရတာက ကုမ္ပဏီသုံးခုအပြင် တခြားကုမ္ပဏီ
လည်းပါမယ်။ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပါမယ်ပေါ့။
အဲဒီတော့ တံတားကို ဘယ်လိုထိုးမှာလဲ မြစ်အောက်က
ထိုးမှာလား မြစ်ပေါ်ကထိုးမှာလား အသေးစိတ်တဲ့
Master Plan နဲ့တကွ တင်ပြသင့်ကြောင်း ရောထွေးပြီးတော့
နောက်ဆက်တွဲနဲ့ ဖော်ပြတာတော့ နည်းနည်းလေး တစ်မျိုး
ဖြစ်နေပါတယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းတွင် ပြည်သူများ၏
ဘဏ္ဍာငွေဖြင့် မြှုပ်နှံမည့် အစိုးရဘက်ခြမ်း ၅၁ ရာခိုင်နှုန်း
အတွင်း ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦး ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်
အဖြစ် ပါဝင်မည် ဆိုခြင်းကို လက်မခံနိုင်ကြောင်း မတ် ၂၃ ရက်
က ကျင်းပခဲ့သည် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ဒုတိယမြောက်နေ့
တွင် ဆိပ်ကြီးခနောင်တိုမြိုနယ် မဲဆန္ဒနယ် အမှတ် (၁) မှ
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
ဒေါ်စန္ဒာမင်းက ဆွေးနွေးခဲ့သည်။

“စီးပွားရေးလုပ်ငန်း လုပ်မယ်လို့ စဉ်းစားထားရင် ရန်ကုန်တိုင်း
အစိုးရအဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ လူကြီးတွေက
စီးပွားရေး သဘောတရားကိုလည်း နားလည်ရမယ်။ နိုင်ငံရေး
သဘောတရားကိုလည်း နားလည်ရမယ်။ Political Economy
ကိုလည်း နားလည်တဲ့အခါမှ ရင်းနှီးမြှုပ်နှံမှု လုပ်သင့်တယ်လို့
သုံးသပ်သင့်ပါတယ်။ မလုပ်တတ်မှာစိုးလို့ အစိုးရဘက်ခြမ်းမှာ
စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်က ကူလုပ်ပေးမယ်ဆိုရင်
လက်မခံနိုင်ပါဘူး” ဟု ဒေါ်စန္ဒာမင်းက ဆွေးနွေးခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်
အစည်းအဝေး ဒုတိယမြောက်နေ့တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်
ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပေဒကြမ်းနှင့်
ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးက
ဆွေးနွေးခဲ့ကြသည်။

“အခုကတော့ ဒေသန္တရစီမံကိန်းမှာ စာရွက်ကလေး တစ်ရွက်
တည်း ထည့်ပြီးတော့ ဒါတွေလုပ်မယ်။
ကိုရီးယားနိုင်ငံက ဂန်နမ်ပုံစံအတိုင်း လုပ်မယ်ဆိုပြီး ဒီလိုပဲ
တင်ပြသွားတာတွေကို လက်ခံလို့ မရပါဘူး။
စီမံကိန်းက သေးသေးလေးလည်း မဟုတ်ပါဘူး။
ဘီလျံနဲ့ချီပြီးလုပ်မယ့် စီမံကိန်းဆိုရင်တော့ လွှတ်တော်ကို
တင်ပြဖို့ လိုအပ်တယ်လို့ ဆွေးနွေးတာပါ။
ပြည်သူလူထုကို အကျိုးဘယ်လောက် ရှိ မရှိ၊ တွက်ခြေကိုက်မှု
ရှိ မရှိ ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေမှာ
ဆွေးနွေးခွင့်ရှိပါတယ်။
ဒေသန္တရ စီမံကိန်းနဲ့ မရောထွေးဘဲ သီးခြားစီ ပြန်လည်
တင်ပြပေးပါလို့ တခြားကိုယ်စားလှယ်တွေက တင်ပြသွား
တာပါ” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါ်စန္ဒာမင်းက ပြောကြားသည်။

(ဆန်းထူးအောင်၊ ထက်ရှိုင်း)

***

၂။ "၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ
စီမံကိန်းအား တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့
သော်လည်း နောက်ဆက်တွဲအဖြစ် ပါဝင်သည့် ရန်ကုန်မြို့သစ်
စီမံကိန်း Master Plan နှင့် အခြားစီမံကိန်းများ အတည်မပြု"

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ
စီမံကိန်းအား တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့
သော်လည်း နောက်ဆက်တွဲအဖြစ် ပါဝင်သည့် ရန်ကုန်မြို့သစ်
စီမံကိန်း Master Plan နှင့် အခြားစီမံကိန်းများ အတည်မပြု
ခဲ့ကြောင်း မတ် ၂၈ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး
တတိယနေ့တွင်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း
ဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်း နှင့် ဘဏ္ဍာရေး
ဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း၊
လွှတ်တော်အတည်ပြုချက် ရယူခြင်းမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ
စီမံကိန်း ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက
အစီရင်ခံစာ တင်သွင်းခဲ့သည်။

အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်
ခြောက်ဦး ဆွေးနွေးခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဦးမြင့်သောင်းက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက
“ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရဥပဒေကြမ်းကို လွှတ်တော်
အနေနဲ့ အတည်ပြုလို့ ရပါတယ်။
ဒါပေမဲ့ နောက်ဆက်တွဲ ပါဝင်လာတဲ့ စီမံကိန်းတွေကို အတည်
မပြုသေးပါဘူး။ ဥပဒေကြမ်းကို အတည်ပြုပါတယ်။
ဥပဒေကြမ်းနဲ့ ပရောဂျက် ရောထွေးနေတာဖြစ်တဲ့အတွက်
ဥပဒေကြမ်းကိုပဲ အတည်ပြုနိုင်ပါတယ်။
ပရောဂျက်တွေကို အတည်မပြုနိုင်သေးပါဘူး” ဟု
ဆွေးနွေးခဲ့သည်။

ယင်းနောက် အဆိုပါ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း
ဒေသကြီး ဒေသန္တရစီမံကိန်း ဥပဒေကြမ်းအား လွှတ်တော်က
အတည်ပြုခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထ
ပုံမှန်အစည်းအဝေး တတိယနေ့တွင် အစီအစဉ် နံပါတ် (၆)
တွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ်
ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင်
“၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းမှာ လယ်ယာ
ကဏ္ဍအနေနဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်း၊
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လယ်ယာကဏ္ဍတွင် ၀ ဒသမ
၀၃ ရာခိုင်နှုန်းနည်းပြီးတော့ ရည်မှန်းပေးတဲ့အပေါ်မှာ  သုံးသပ်
ရာမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ လယ်ယာကဏ္ဍရဲ့
၂၀၁၆-၂၀၁၇ ခုနှစ် နှစ်ကုန်ခန့်မှန်းမှုမှာ ၂၀၁၅-၂၀၁၆
ဘဏ္ဍာရေးနှစ် ရှေ့ပြေးနဲ့နှိုင်းယှဉ်ပါက ၁ ဒသမ ၄ ရာခိုင်နှုန်း
လျော့နည်းရခြင်းမှာ လယ်ယာကဏ္ဍကို အခြားနည်းနဲ့ အသုံး
ပြုလာခြင်းကြောင့် စိုက်ကဏ္ဍ ၁၆၀၀၀ ခန့် လျော့နည်းလာခဲ့
ပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာများမှာ ရေကြီးနစ်မြုပ်ခြင်း၊
မြစ်ရေငန်ခြင်းတို့ကြောင့် စိုက်ဧက ငါးသောင်းကျော် ပျက်စီးခဲ့
ပါတယ်။
တိုးတက်မှုနှုန်း နည်းလာရခြင်းကတော့ ရန်ကုန်မြို့သစ်စီမံကိန်း
လျာထားချက်ကြောင့် တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ
ဘက်မှာ မြို့ပြတိုးချဲ့ တည်ဆောက်ရန်လျာထားမှုကြောင့်
စိုက်ဧက လျော့နည်းလာခြင်း၊
ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွာသာကြီးတို့မှာ အိမ်ရာစီမံကိန်းများ
ဆောက်လုပ်ခြင်းတို့ကြောင့် စိုက်ဧက လျော့နည်းလာခြင်း
ကြောင့် ထုတ်လုပ်မှုအပိုင်းမှာ လျော့နည်းလာခြင်းဖြစ်ပါတယ်”
ဟု ပြန်လည်ရှင်းလင်းသည်။

ရန်ကုန်မြို့တော် ဂေါက်ကွင်းနှင့် ပတ်သက်ပြီး ဆွေးနွေးရာ
တွင် ငွေလုံးငွေရင်း အခြေအနေတင်ပြမှုများကို ရန်ကုန်
မြို့တော် စည်ပင်သာယာရေးကော်မတီက စိစစ်ပြီး ကြီးကြပ်
ဆောင်ရွက်ရန်လည်း ဆွေးနွေးထားကြောင်း၊ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးလုပ်ငန်းများကိုလည်း ပုံမှန်အားဖြင့်
စာရင်းစစ်ချုပ်ရုံးက ပုံမှန်စစ်ဆေးလျက်ရှိကြောင်း စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးက ဆိုသည်။

“အမှန်တကယ် စီမံကိန်း အကောင်အထည်ဖော်တဲ့အခါမှာ
ဖွံ့ဖြိုးတိုးတက်ပြီး မြို့နယ်များကို ဘဏ္ဍာငွေအများဆုံး ခွဲဝေ
ချထားတာကို တွေ့ရတယ်ဆိုတဲ့ ဆွေးနွေးချက်အပေါ်မှာ
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် RE မှာ လယ်ယာမြေ
စနစ်တကျေ ဖ်ာထုတ်ရေး အစီအစဉ်ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခုနစ်ဘီလျံ
ကျော် ဘတ်ဂျက်ရရှိပါတယ်။
ဆောင်ရွက်တဲ့အခါ ရန်ကုန်တိုင်းဒေသကြီးရဲ့ မူဘောင်တစ်ခု
ကို ဆောင်ရွက်ခဲ့ပါတယ်။
အဆင်မြှင့်ဖော်ထုတ်မည့် လယ်ယာမြေသည် အနည်းဆုံး
တစ်နှစ် နှစ်သီးစိုက်ပျိုးနိုင်ရမည်။ ဆည်ရေသောက် ရောက်
ရှိနိုင်သည့် လယ်မြေနေရာ ဖြစ်ရမည်။ အနည်းဆုံးဧက ၅၀
တစ်ဆက်စပ်လည်း ရှိရမည်။ မြေယာဖော်ထုတ်ပြီး တစ်နှစ်
အတွင်း အမြန်ဆုံးအကျိုးအမြတ် ရရှိနိုင်သည့် လယ်ယာမြေ
ဖြစ်ရမည်။
မြို့ပြစီမံကိန်းများအတွက် လျာထားသည့် မြေနေရာ မဖြစ်စေ
ရပါ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တောင်သူ
လယ်သမားရေးရာ ကော်မတီနဲ့လည်း ညှိနှိုင်းဆွေးနွေးခဲ့
ပါတယ်။ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများ၊ လွှတ်တော်
ကိုယ်စားလှယ်များနှင့်လည်း ဆွေးနွေးခဲ့သည်။
လယ်ယာမြေဖော်ထုတ်ရေးအတွက် ဘဏ္ဍာငွေစိစစ်ချထားခြင်း
သည် သတ်မှတ်ထားသည့် မူဘောင်အတွင်းသာ ဆောင်ရွက်
ခြင်း ဖြစ်ပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲနဲ့ ဆောင်ရွက်ခြင်း
မဟုတ်ကြောင်းကို ရှင်းလင်းလိုပါတယ်” ဟု ၎င်းက
ဆက်လက်ပြောကြားသည်။

(ထက်ရှိုင်း၊ ဆန်းထူးအောင်)

credit - Eleven Media Group

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment