“ရန်ကုန်နှင့် ငလျင် အန္တရာယ် (၁)”
၁။ "ငလျင်ဘေးအန္တရာယ် ပိုဂရုပြုဖို့ လိုလာသည့်
အထပ်မြင့်နှင့် ယိုယွင်း အဆောက်အအုံဟောင်းများ"
ရန်ကုန်မြို့တွင် မြေငလျင်များ ခပ်စိပ်စိပ်လှုပ်လာပြီး ငလျင်
အန္တရာယ်ကို သတိထားရမည့်အခြေအနေ ဖြစ်လာခြင်းနှင့်
အတူ တည်ဆောက်မှု များပြားလာသော အထပ်မြင့်
အဆောက်အအုံများနှင့် အထပ်မြင့်အဆောက်အအုံဟောင်း
များကို မြေငလျင်အန္တရာယ်ကင်းဝေးရန်မည်ကဲ့သို့ ပြင်ဆင်
ကြမည်ဆိုသည့်အချက်မှာလည်း အထူးသတိထားစရာ
တစ်ခုဖြစ်လာသည်။
ငလျင်လှုပ်မည့် အချိန်အတိအကျကို ခန့်မှန်းပြောဆိုရန် မလွယ်
ကူသော်လည်းငလျင်ပြတ်ရွေ့ကြောဘေးတွင် တည်ရှိနေသော
ရန်ကုန်မြို့တော်အတွက် ပြတ်ရွေ့တစ်ခုခုတွင် ငလျင်လှုပ်ပါက
ထိခိုက်နိုင်ခြေများပြီး ငလျင်အန္တရာယ်ထက် နောက်ဆက်တွဲ
ဖြစ်သော နေအိမ်များနှင့် အထပ်မြင့် အဆောက်အအုံများ ပြိုကျ
ပါက နေထိုင်သူများထိခိုက်သေဆုံးနိုင်ခြေ ပိုများသည့် အတွက်
အထပ်မြင့်အဆောက်အအုံဟောင်းများတွင်နေထိုင်သူများ
အတွက် ငလျင်အန္တရာယ်မှာ သတိထားရမည့်အခြေအနေ
တစ်ခု ဖြစ်လာသည်။
၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်းမှစ၍ရန်ကုန်မြို့အပါအဝင် မြန်မာ
နိုင်ငံအနှံ့အပြားတွင်ငလျင်များ ပိုမိုလှုပ်လာခဲ့ပြီး အထူးသဖြင့်
အထပ်မြင့်အဆောက်အအုံ များပြားစွာရှိသောရန်ကုန်မြို့တွင်
အင်အားပြင်းငလျင်များ လှုပ်ပါက ထိခိုက်မှုဖြစ်နိုင်ခြေ များပြား
သောကြောင့် အထပ်မြင့်အဆောက်အအုံဟောင်းများတွင်
နေထိုင်သူများအတွက် မိမိနေထိုင်ရာအဆောက်အအုံ၏
မြေငလျင် ခံနိုင်ရည်အားကို စစ်ဆေးထားသင့်ကြောင်း
မြန်မာနိုင်ငံမြေငလျင်ကော်မတီက ပြီးခဲ့သော နှစ်ကုန်ပိုင်း
ကတည်းက တိုက်တွန်းထားသည်။
ပြီးခဲ့သောအပတ်အတွင်း တိုက်ကြီးမြို့ကို ဗဟိုပြုပြီး ပဲခူး
ပြတ်ရွေ့ကြောက ပြင်းအားရစ်ခ်ျတာစကေး ၅ ဒသမ ၈
အဆင့် အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခဲ့ပြီး
အချို့အထပ်မြင့်အဆောက်အအုံဟောင်းများ၏ ဘေးနံရံများ
တွင် အက်ကြောင်းများဖြစ်ပေါ်ခဲ့သည့်အတွက် ရန်ကုန်မြို့
အထပ်မြင့်တိုက်များတွင် နေသူများ
စိုးရိမ်ထိတ်လန့်ခဲ့ရသည်။
သို့သော် ယခုအချိန်ထိ မြေငလျင်အန္တရာယ်အတွက် ကြိုတင်
ပြင်ဆင်သည့်အနေဖြင့် နေထိုင်သူများက မြေငလျင်ခံနိုင်ရည်
အားကို လာရောက်စစ်ဆေးစေသော အထပ်မြင့် အဆောက်
အအုံဟောင်းများ မရှိသေးကြောင်း မြန်မာနိုင်ငံ မြေငလျင်
ကော်မတီထံမှ သိရသည်။
''နေထိုင်သူတွေက သူတို့နေထိုင်ရာ အဆောက်အအုံတွေရဲ့
မြေငလျင်ခံနိုင်အားကိုမြေငလျင်ကော်မတီမှာ လာရောက်
စစ်ဆေးတာမျိုးတော့ အခုချိန်ထိ မရှိသေးပါဘူး။
အဆောက်အအုံဟောင်း တွေမှာ နေထိုင်သူတွေကို သူတို့
အဆောက်အအုံ တွေကမြေငလျင်ဘယ်လောက် ရစ်ခ်ျတာ
စကေးထိ ခံနိုင်ရည်ရှိတယ်ဆိုတာကို ကြိုတင်စစ်ဆေး
ထားစေချင်ပါတယ်''ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီ
အတွင်းရေးမှူး ဦးစောထွေးဇော်က ပြောသည်။
ကုလသမဂ္ဂ မြို့ရွာနှင့်အိုးအိမ် ပြန်လည်ထူထောင်ရေးအစီ
အစဉ် (UN Habitat)၏ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ မြေငလျင်
ကော်မတီကရန်ကုန်ဆေးရုံကြီး၊ စာသင်ကျောင်းများအပါအဝင်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူနှင့်ဆိုင်သော
အဆောက်အအုံ ၅ဝ ကျော်၏ အခြေအနေကို ယခုလအတွင်း
စစ်ဆေးခဲ့ကြောင်း ၄င်းက ပြောသည်။
''ရန်ကုန်မြို့က အများနဲ့ဆိုင်တဲ့ အဆောက်အအုံ ၅ဝ လောက်
ကို UN Habitat နဲ့ ပေါင်းပြီးစစ်ဆေးပြီးပါပြီ။ အခုကတော့
အဆောက်အအုံရဲ့အခြေအနေကို စစ်ရုံပဲစစ်တာဖြစ်ပြီး
အဆောက်အအုံတွေကို ရီဗျူးလုပ်နေပါတယ်။ ရီဗျူးလုပ်တာတွေ
ကိုလည်း ဒီနှစ်ကုန်မတိုင်ခင်အပြီးလုပ်ဆောင်မှာဖြစ်ပါတယ်''
ဟု ၄င်းက ပြောသည်။
* မည်သည့်အချိန် ငလျင်လှုပ်မည် မပြောနိုင်သော်လည်း ငလျင်
များ ဆက်လက်လှုပ်မည်မှာသေချာနေသည့်အတွက် အထပ်မြင့်
ဆောက်အအုံဟောင်းများတွင် နေထိုင်သူများအတွက်ငလျင်
ဒဏ် ခံနိုင်ရည်အားကို ဆန်းစစ်ထားသင့်ကြောင်း * မြန်မာနိုင်ငံ
မြေငလျင်ကော်မတီကဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောသည်။
''ငလျင်က ဘယ်အချိန်လှုပ်မယ်သာ မသိတာ၊ လှုပ်မှာသေချာ
နေတော့ ကိုယ့်အဆောက်အအုံတွေကို မြေငလျင် ခံနိုင်ရည်
အား ဆန်းစစ်ထားသင့် ပါတယ်။
ပြီးတော့မြေငလျင်တွေက တစ်နိုင်ငံလုံးအနေအထားနဲ့ဆို
အရင်ကထက်ပိုပြီး ခပ်စိပ်စိပ်လှုပ်လာ ပါတယ်။
ပြင်အားများတဲ့ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်တွေက ၂ဝ၁၁ ခုနှစ်
မှာ တစ်ကြိမ်၊၂ဝ၁၆ ခုနှစ်မှာ နှစ်ကြိမ်လှုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ပြင်းအား ၅ ဒသမ ၈ ရှိတဲ့ငလျင်တစ်ခု
ရန်ကုန်မှာ လှုပ်ခဲ့ပါသေးတယ်''ဟု ၄င်းက ပြောသည်။
ပြီးခဲ့သောအပတ် တိုက်ကြီးမြို့ကို ဗဟိုပြုလှုပ်ခဲ့သော ငလျင်မှာ
အနောက် ပဲခူးရိုးမပြတ်ရွေ့မှ လှုပ်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်
အတွက် ပြင်းအားမြင့်မားသော ငလျင်ဖြစ်နိုင်ခြေအများဆုံး
ပြတ်ရွေ့မှာ စစ်ကိုင်းပြတ်ရွေ့ဖြစ်ကြောင်း ဦးမျိုးသန့်က
ပြောသည်။
''ပြီးခဲ့တဲ့အပတ်က လှုပ်ခဲ့တဲ့ တိုက်ကြီးငလျင်က အနောက်ပဲခူး
ရိုးမပြတ်ရွေ့က လှုပ်တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့အတွက်
စိုးရိမ်ရတဲ့ အင်အားပြင်းငလျင် အလှုပ်နိုင်ဆုံးပြတ်ရွေ့က
စစ်ကိုင်းပြတ်ရွေ့ပဲ ဖြစ်ပါတယ်။ စစ်ကိုင်းပြတ်ရွေ့က နောက်ဆုံး
လှုပ်ခဲ့တာ ၁၉၂၉ - ၁၉၃ဝ ကလှုပ်ခဲ့တာဖြစ်လို့ အခုချိန်မှာ
အဲဒီပြတ်ရွေ့ကပဲ ငလျင်ပြန်လည်လှုပ်ဖို့ အခွင့်အရေးက
သိပ်များနေပါပြီ'' ဟု ၄င်းက ပြောသည်။
စစ်ကိုင်းပြတ်ရွေ့၊ ပဲခူးပြတ်ရွေ့များသည် ငလျင်ပြင်းအား
ရစ်ခ်ျတာစကေး ၇ နှင့်အထက်လှုပ်နိုင်ပြီး ရန်ကုန်တိုင်းနှင့်
ဧရာဝတီတိုင်းအကြားတွင်ရှိသော ဒေးဒရဲပြတ်ရွေ့သည်
ရစ်ခ်ျတာစကေး ၆ နှင့်အထက် လှုပ်နိုင်ခြေရှိကြောင်း
မြန်မာနိုင်ငံ မြေငလျင်ကော်မတီက ထုတ်ပြန်ထားသည်။
ပြတ်ရွေ့များ၏ သဘာဝအရ အင်အားပြင်းငလျင်လှုပ်ပြီး
နောက်တစ်ကြိမ် ထပ်မံလှုပ်နိုင်ခြေရှိသည့်အတွက် စစ်ကိုင်း
ပြတ်ရွေ့က ၁၉၃ဝ ပြည့်နှစ်၌ လှုပ်ခဲ့သော ပဲခူးအင်အားပြင်း
ငလျင်လှုပ်ပြီး နောက်တစ်ကြိမ် အင်အားပြင်းငလျင်
လှုပ်နိုင်ခြေရှိကြောင်း ဘူမိဗေဒပညာရှင်များက
သတိပေးသည်။
မြန်မာနိုင်ငံ၏ အဓိကပြတ်ရွေ့ကြောဖြစ်သော စစ်ကိုင်းပြတ်ရွေ့
ကြော၏ အနောက်ဘက်၃၅ ကီလိုမီတာတွင်ရှိသော ရန်ကုန်မြို့
သည် မြန်မာနိုင်ငံမြေငလျင်ကော်မတီက ငလျင်ပြင်းအားပေါ်
မူတည်ပြီး ထုတ်ပြန်ထားသော ငလျင်ဇုန်ပြ မြေပုံအနက်
ပျက်စီးမှုအသင့်အတင့် ရှိနိုင်သောဇုန် ၂ ဘီတွင် ပါဝင်ပြီး
အင်အားပြင်းငလျင်များ လှုပ်ပါက ဘေးအန္တရာယ်
ကျရောက်နိုင်ခြေများမည်ဖြစ်ကြောင်း
ဘူမိဗေဒပညာရှင်များက ပြောသည်။
ရန်ကုန်မြို့တွင် ၁၉၂၇ ခုနှစ်၌ ရစ်ခ်ျတာစကေး ၇ ဒသမ ၅
ရှိသော ငလျင်တစ်ခု လှုပ်ခဲ့ပြီး၁၉၃ဝ တွင် လှုပ်ခဲ့သော အင်အား
ပြင်း ပဲခူးငလျင်ကြောင့်လည်း ရန်ကုန်မြို့တွင်အဆောက်အအုံ
ပျက်စီးမှုများ ရှိခဲ့ရာ လူ ၅ဝ ဦး သေဆုံးခဲ့ရသည်။
ထို့ပြင် ပြီးခဲ့သောနှစ်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု
လှုပ်ခဲ့သော ပြင်းအား ၆ ဒသမ ၈ ရှိ ငလျင်ကြောင့်လည်း
ပုဂံဒေသတွင် ရှေးဟောင်းဘုရားစေတီပေါင်း ၄ဝဝ ကျော်
ထိခိုက်ပျက်စီးခဲ့ရသည်။
မြန်မာနိုင်ငံတွင် ငလျင်ဖြစ်စေနိုင်သောမြေအောက်အတွင်းက
လှုပ်ရှားမှုအချက်အလက်များကိုတိုင်းတာသည့်ကိရိယာ
ဂျီပီအက်စ်မှာ တစ်နိုင်ငံလုံးတွင် ၁၈ လုံးသာရှိပြီး နည်းပညာ
အားနည်းချက်များကြောင့် ငလျင်ဖြစ်ပေါ်မည့် အချိန်နှင့် နေရာကို
အတိအကျ မခန့်မှန်းနိုင်ဟုငလျင်သုတေသနပညာရှင်နှင့်
ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန အငြိမ်းစားပါမောက္ခ
ဒေါ်လှလှအောင်က ပြောသည်။
မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ နယ်နိမိတ်ချင်းထိစပ်
သော နေရာများတွင် ပြင်းအားရစ်ခ်ျတာစကေး ၉ ရှိသော
မြေငလျင်တစ်ခုလှုပ်နိုင်ခြေရှိသော ထူးခြားသည့်လှုပ်ရှားမှုတစ်ခု
ကို တွေ့ရှိခဲ့ရကြောင်း ကိုလံဘီယာတက္ကသိုလ် မြေပြင်
စောင့်ကြည့်ရေးအဖွဲ့၏ ဘူမိဗေဒပညာရှင် မိုက်ကယ်
အက်စ်စတက်ကလာ ဦးဆောင်သော သုတေသနအဖွဲ့က
Nature Geosciences သိပ္ပံမဂ္ဂဇင်းတွင် ပြီးခဲ့သော
နှစ်လယ်ပိုင်း က သတိပေးထုတ်ပြန်ခဲ့သေးသည်။
ရန်ကုန်မြို့တွင် ငလျင်ဘေးအန္တရာယ်ထက် ငလျင်၏
နောက်ဆက်တွဲဖြစ်သောအဆောက်အအုံဟောင်းများ ပြိုကျ
ပျက်စီးသည့်ဒဏ်ကြောင့် ထိခိုက်နိုင်ခြေရှိသည့်အတွက်
အထပ်မြင့်တိုက်များတွင် နေထိုင်သူများ အချိန်မရွေးလှုပ်နိုင်
သော ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားသင့်
ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယကလည်း
ဖြစ်သူေ ဒ်ါလှလှအောင်က ပြောသည်။
''အရင်က ရန်ကုန်မှာ သစ်သားအိမ်လေးတွေပဲ များတဲ့အတွက်
ငလျင်လှုပ်ရင် ပြိုကျပျက်စီးမယ့်အဆောက်အအုံ နည်းပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ ရန်ကုန်မှာ အထပ်မြင့်အဆောက်
အအုံတွေရော၊ ကန်ထရိုက်တိုက်တွေရော၊ အဆောက်အအုံ
ဟောင်းတွေရော၊အရည်အသွေးနိမ့် ခွင့်ပြုချက်မဲ့တိုက်တွေ
ရော အားလုံးရောနေလို့ ငလျင်ပြင်းပြင်းသာ လှုပ်မယ်ဆိုရင်
အဆောက်အအုံပြိုကျနိုင်ခြေနဲ့ ထိခိုက်ပျက်စီးနိုင်ခြေများ
ပါတယ်'' ဟု ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်
သော အဆောက်အအုံအသစ်များအတွက် မြို့တော်စည်ပင်က
လိုအပ်သော မြေငလျင်ခံနိုင်အားရှိရန် အဆင့်ဆင့် စစ်ဆေး
ပေးပြီး ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံများကိုသာ
နေထိုင်ခွင့်ပေးကြောင်း အာရှဆောက်လုပ်ရေးလုပ်ငန်း
အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။
''အခုနောက်ပိုင်း မြို့တော်စည်ပင်ကအဆောက်အအုံအသစ်
ဆောက်မယ်ဆိုရင်အိမ်ဖောင်ဒေးရှင်း ချတာကို စစ်တယ်။
ပေအနေအထားအလိုက် မြေအနေအထားကိုတိုင်းပြီး စစ်တဲ့
အပြင် အထပ်အမြင့်ပေါ်မူတည်ပြီးတော့လည်း စစ်ဆေး
ပါတယ်။ ၂ဝ၁ဝ ခုနှစ်ကျော်က စပြီးတော့အစိုးရကလည်း
အဆောက်အအုံ အရည်အသွေးကို တင်းတင်းကျပ်ကျပ်
စစ်ဆေးပေးတော့အခုချိန်မှာတော့ အင်ဂျင်နီယာပိုင်းရော၊
နည်းပညာပိုင်းရော စည်ပင်က အကုန်လုံးကို စစ်ဆေးပေးလာ
လို့ အဆောက်အအုံ အရည်အသွေးပိုင်း တော်တော်ကောင်း
လာပါပြီ''ဟု ၄င်းက
ပြောသည်။
ဦးသိန်းစိန်အစိုးရမတိုင်မီ စစ်အစိုးရ လက်ထက်တွင်
တည်ဆောက်သော အဆောက်အအုံများတွင်သက်ဆိုင်ရာ
တာဝန်ရှိသူများက ငလျင်ဒဏ်ခံနိုင်ရည်ရှိရန် စစ်ဆေးခြင်း
မရှိသည့်အပြင် အဆောက်အအုံ၏ အရည်အသွေးများကိုပါ
စစ်ဆေးခြင်း အားနည်းသည့်အတွက် ရန်ကုန်မြို့တွင်
အရေအသွေးနိမ့်အဆောက်အအုံ များစွာ ရှိနေပြီး
ငလျင်ပြင်းအား ရစ်ခ်ျတာစကေး ၆ ကျော်လှုပ်ခတ်လျှင်ပင်
ပြိုကျနိုင်သော အဆောက်အအုံများစွာ ရှိနေကြောင်း
ဦးရန်အောင်က ပြောသည်။
''အဆောက်အအုံတွေကို ငလျင်ဒဏ်ခံနိုင်အောင်ဆောက်ဖို့
ဥပဒေပြဋ္ဌာန်းထားပေမဲ့ မြို့တော်စည်ပင်ကလည်း အဲဒီဥပဒေကို
၂ဝ၁ဝ ပြည့်နှစ်ကျော်မှ အသုံးပြုတာပါ။ အရင်ကတာဝန်ရှိသူတွေ
ကိုက အဆောက်အအုံတွေကို သိပ်မစစ်ဆေးတော့ ရန်ကုန်မြို့
အနှံ့မှာအရည်အသွေးနိမ့် အဆောက်အအုံတွေရော၊ ခွင့်ပြုချက်မဲ့
တည်ဆောက်တဲ့အဆောက်အအုံတွေရော အများကြီးရှိပါတယ်။
ရန်ကုန်မြို့မှာ ငလျင်က စကေး ၆ လောက်ကျော်ရင်ကို ပြိုမယ့်
အဆောက်အအုံတွေ အများကြီးရှိနေပါတယ်''ဟု ၄င်းက
ပြောသည်။
ရန်ကုန်မြို့နယ်အများစုတွင် တိုက်တစ်ခုနှင့် တစ်ခုကြားတွင်
သတ်မှတ်ထားသော မြေနေရာမချန်ဘဲ တိုက်များကို တစ်ခုနှင့်
တစ်ခု ကပ်လျက် တည်ဆောက်ထားသည့်အတွက် အဆောက်
အအုံတစ်ခု ပြိုကျပါက နောက်ထပ်အဆောက်အအုံများပါ လိုက်ပါ
ပြိုကျနိုင်ကြောင်း ဦးရန်အောင်က ပြောသည်။
''တာမွေဘက်မှာဆိုရင် တိုက်တွေက တစ်ခုနဲ့ တစ်ခု ကပ်နေ
ပါတယ်။ အရင်က အထပ်မြင့်တိုက် တစ်ခုနဲ့ တစ်ခု အနည်းဆုံး
ခြောက်လက်မလောက် မြေချန်ရမယ်ဆိုတာမျိုးလည်းမရှိတော့
တိုက်တွေက တစ်ခုနဲ့တစ်ခု မှီပြီးဆောက်ထားကြတယ်။
အခုနောက်ပိုင်း အဲဒီလိုအထပ်မြင့်အဆောက်အအုံမျိုး
ဆောက်ခွင့်မရှိတော့ပေမဲ့ အရင်က ဆောက်ထားတဲ့
အရည်အသွေးနိမ့် ကန်ထရိုက်တိုက် အဆောက်အအုံတွေ
ကြောင့် တစ်ခုပြိုရင်နောက်တစ်ခုပါ လိုက်ပြိုကျနိုင်ပါတယ်။
၂ဝဝဝ မတိုင်မီဆောက်တဲ့ အထပ်မြင့်ဆောက်အအုံအများစုက
မြေချန်တာတွေ၊ အရည်အသွေးတွေ သိပ်မကြည့်ကြတော့
အဲဒီအဆောက်အအုံအများစုက ငလျင်ပြင်းအားများရင်
ခံနိုင်ရည် ရှိကြမှာ မဟုတ်ပါဘူး''ဟု ၄င်းက ပြောသည်။
သတ်မှတ်သက်တမ်း ပြည့်ပြီးဖြစ်သော အဆောက်အအုံဟောင်း
များကို စည်ပင်သာယာကဖျက်သိမ်းခွင့်ရှိပြီး နေထိုင်ရန်မသင့်
သော အဆောက်အအုံများကို ဥပဒေဖြင့် ဖြိုချပြီး အသစ်ပြန်
ဆောက်ရန် စည်ပင်သာယာက ညွှန်ကြားသင့်ကြောင်း
ဦးရန်အောင်က ပြောသည်။
''စည်ပင်ဥပဒေအရ သက်တမ်းပြည့်နေတဲ့၊ နေထိုင်ရန် မသင့်
တော်တော့တဲ့ အန္တရာယ်ရှိတဲ့အဆောက်အအုံတွေကို
ဖျက်သိမ်းခွင့်ရှိတယ်။ ဒါပေမဲ့ အဲဒီဥပဒေကို မသုံးဘဲ နေထိုင်သူ
တွေထဲက တစ်ယောက်ယောက် ကန့်ကွက်ရင်ကို မဖြိုချဘဲ
နေထိုင်ခွင့်ပေးနေတာကအရမ်းဆိုးရွားတယ်။ အဲဒီလို အန္တရာယ်
ရှိတဲ့ အဆောက်အအုံအဟောင်းတွေကြောင့်သူ့ဘေးနား
တစ်ဝိုက်က အဆောက်အအုံတွေမှာ နေထိုင်သူတွေအတွက်ပါ
စိုးရိမ်ရတယ်။
ရန်ကုန်က ငလျင်ကြောနဲ့ နည်းနည်းလေး ဝေးနေလို့သာ အမှုမဲ့
အမှတ်မဲ့ နေနေကြတာ။
တကယ်လို့သာ ငလျင်လေး နည်းနည်းလောက် ပြင်းပြင်းလေး
လှုပ်တယ်ဆိုရင်ကိုပဲ အဲဒီလို အဆောက်အအုံဟောင်းတွေ
အကုန်ပြိုကျပြီး အကုန်အန္တရာယ်ရှိမှာပါ'' ဟု
၎င်းက ပြောသည်။
(တင်ရတနာထွန်း)
***
၂။ "ရန်ကုန်မြို့မှာ အန္တရာယ်ရှိ အဆောက်အအုံ (DB)
၁၆၀၀ကျော်ရှိကြောင်း မြို့တော်ဝန်ပြော"
ရန်ကုန်မြို့ မှာအန္တရာယ်ရှိ အဆောက်အအုံ (DB)၁၆၀၀ ကျော်
ရှိတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒုတိယ
အကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာ ပြောပါတယ်။
အန္တရာယ်ရှိ အဆောက်အအုံ (DB)တွေကို ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီက စစ်ဆေးသတ်မှတ်ပေးတာ
ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ်ကနေပြီး ယနေ့အထိ အန္တရယ်ရှိ အဆောက်အုံ
(DB) အဖြစ် သတ်မှတ်ခံရတဲ့ အဆောက်အအုံ ၁၆၇၂ လုံး
ရှိတယ်လို့ သိရပါတယ်။
သည် အန္တရာယ်အဆောက်အအုံ (DB)တွေထဲက ဖြိုဖျက်ပြီး
အသစ်ပြန်တည်ဆောက်ဖို့ ကျန်တဲ့ အဆောက်အအုံ ၁၀၁ လုံး
ကျန်နေပြီး အသစ်တည်ဆောက်ဖို့ စည်ပင်မှာ မူလနေထိုင်သူ
မြေရှင် ကန်ထရိုက်နဲ့ ညှိနှိုင်းနေတာ ၂၁ လုံးရှိပါတယ်။
အန္တရာယ်ရှိ အဆောက်အအုံ (DB)တွေ ပြိုကျပျက်စီးရင်
နေထိုင်သူတွေအန္တရာယ်ဖြစ်နိုင်ပြီး ပြန်လည်တည်ဆောက်ဖို့
အတွက်လည်းနေထိုင်သူတွေ ဖယ်ရှားပေးရတာဖြစ်တဲ့ အတွက်
နေထိုင်သူတွေနစ်နာမှု မရှိစေဖို့ အန္တရာယ်ရှိ အဆောက်အအုံ
တွေကို ဖျက်သိမ်းပြီး အမြန်ဆုံးပြန်တည်ဆောက်ပေးဖို့ မူဝါဒ
ချမှတ်ပေးဖို့ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖြိုဖျက်ပြီးအဆောက်
အအုံ သစ်ပြန်လည်တည်ဆောက်ဖို့ အတွက်က မူလနေထိုင်သူ၊
မြေရှင်၊ကန်ထရိုက်သုံးဦး သုံးဖလှယ်အဆင်ပြေမှ တည်ဆောက်
ရတာ ဖြစ်ပါတယ်။
အသစ်ဆောက်ဖို့ ညှိမရဘဲ ဖယ်ရှားခိုင်းလိုက်ရင် နေထိုင်ဖို့
အခက်အခဲ ရှိနိုင်လို့ စည်ပင်က ဦးစွာညှိနှိုင်းပြီးမှ ဖျက်သိမ်းပြီး
အသစ်တည်ဆောက်တာ လုပ်ပေးတယ်တယ်လို့ ပြောပါတယ်။
မူလနေထိုင်သူ တချို့က အခန်းကို အမြင့်ပေပိုတောင်းတာ၊
အဆောက်အအုံသစ်ရဲ့ အနေအထားအရ ဓာက်လှေကား
ထည့်သွင်းရတဲ့ အတွက် နစ်နာကြေးတောင်းတာတွေ
ရှိပါတယ်။
မူဘောင်ကျော်လွန် တောင်းဆိုတာ ညှိ့နှိုင်းမှု မပြီးပြတ်သေးတဲ့
အပြင် မူလနေထိုင်သူ အများစုကပြောင်းရွှေ့ဖယ်ရှားပြီး
ဖြစ်ပေမဲ့ တချို့ကဖယ်ရှားတာမရှိလို့ နည်းလမ်းတကျဖယ်ရှားဖို့
ရန်ကုန်တိုင်းဒေသကြီး အစိုးရကို လုံခြုံရေးအကူ တောင်းခံထား
ရတဲ့ အခြေအနေ ရှိနေတယ်လို့ ဦးမောင်မောင်စိုးက
ရှင်းပြပါတယ်။
မူလနေထိုင်သူနဲ့ မြေရှင်အငြင်းပွားတာ၊အဆောက်အအုံပေါ်က
မြေကွက်နှစ်ကွက်ပေါ်မှာ ရှိနေပြီး မြေရှင်နှစ်ဦး ညီညွှတ်မှု
မရှိတာ မူလနေထိုင်သူနဲ့ မြေရှင်ရှိပေမဲ့ စည်ပင်ကို အဆောက်
အအုံသစ် တည်ဆောက်ဖို့ မတင်ပြတာ ၊အဆောက်အအုံသစ်
ဆောက်ဖို့ ကန်ထရိုက်တာက အဆိုပြုပုံစံ မတင်ပြတာ
တွေကြောင့် အသစ်တည်ဆောက်ဖို့ အဆောက်အအုံ ၈၀ ခန့်
ရှိနေတယ်လို့ သိရပါတယ်။
မြေပိုင်ဆိုင်မှု ပီပြင်စွာမရှိတဲ့ အဆောက်အအုံတွေကိုတော့
စည်ပင်က ယာယီမြေရှင်အဖြစ် ဆောင်ရွက်ပေးနေတယ်လို့
သိရပါတယ်။
credit - The Myanmar Times & Kumudra Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment