"မြေရှင်တို့၏ သောက"
ကိုယ့်ဝင်း ကိုယ့်ခြံဖြစ်သော်လည်း ထိုဝင်းခြံအတွက်
ရတက်မအေး ဖြစ်နေရသည်က ဒေါ်သန္တာ (အမည်လွှဲ)
ဖြစ်သည်။
ချမ်းအေးသာစံမြို့နယ် အတွင်းရှိ မြေကွက်တစ်ကွက်ကို
ခင်ပွန်းဖြစ်သူ ဝန်ထမ်းအရာရှိ ဘဝကတည်းက အမည်ပေါက်
ဂရန်ဖြင့် ပိုင်ဆိုင်ခဲ့ကာ အုတ်တံတိုင်း ကာရံပြီး အဆောက်
အအုံ ဆောက်လုပ်ရန် စီစဉ်နေဆဲ အချိန်တွင် အမည်မသိ
လူတစ်စုက ဝါးဝင်းထရံကာ၍ “ပိုင်ရှင်ရှိသည်၊ မကျူးကျော်ရ”
ဟူသော ဗီနိုင်း ဆိုင်းဘုတ်များကို လာကပ်သွားခဲ့ကြသည်။
ထို့ကြောင့် တရားမကြောင်းဖြင့် တရားစွဲဆိုရန်အတွက်
သတင်းစာတွင် ကြေညာခဲ့ရသည်။
မိုက်ကြေးခွဲသည့်အသွင်ဖြင့် ပေါ်တင် ကျူးကျော်ကာ လုပ်ကိုင်
တတ်ကြသည့် “လုပ်စားကျူး”များကြောင့် ဒေါ်သန္တာ ကဲ့သို့ပင်
မြေပိုင်ရှင်၊ ခြံပိုင်ရှင် တော်တော်များများ ရတက်မအေး
ဖြစ်နေကြရသည်။
နောက်တစ်ဦးက ဦးမင်းဇင်ဖြစ်သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ
ပေတစ်ရာ ပတ်လည် မြေကွက်ကို ကိုယ်တိုင် အမည်ပေါက်
ဂရန်ဖြင့် ဝယ်ယူခဲ့ပြီး ဒီအတိုင်းပင် ထားထားကြောင်း၊
လွန်ခဲ့သည့်နှစ်က အဆိုပါမြေကွက်အတွင်း လူတစ်စုက
ပန်းပင်လာစိုက်ပြီး ပြန်လည် ဖယ်ခိုင်းသောအခါ လျော်ကြေး
လာတောင်းသူများနှင့် ရင်ဆိုင်ခဲ့ရသည်။
“မနှစ်ကမှ ပန်းပင်လေးတွေ လာစိုက်တော့ တောသူ
တောင်သားလေးတွေ ခဏ စိုက်စားပါစေ ဆိုပြီး ဘာမှ
မပြောခဲ့ဘူး။ ခု ကိုယ်အသုံးချမယ် ဆိုတော့မှ ဘာပိုင်ဆိုင်မှုမှ
မရှိဘဲ ဆိုင်းဘုတ်တွေ၊ ဘာတွေ ချိတ်လာတယ်၊
ကျွန်တော့်မှာက ပိုင်ဆိုင်မှု၊ ဂရန်၊ မြေအကြောင်းကြားစာ၊
ငွေသွင်း ပြေစာအစုံ ရှိတယ်။ မြေက အစိုးရမြေ၊ အစိုးရက
ရောင်းလို့ စည်ပင်ကနေ တိုက်ရိုက် ဝယ်တယ်။ ဒါကို
ဖယ်မပေးတော့ ရပ်ကျေးမှာ ညှိတယ်။ မရလို့ တရား စွဲ
လိုက်တယ်”ဟု ၎င်းက သူကြုံတွေ့ရပုံကို ရင်ဖွင့်လာသည်။
မိမိတစ်ဦးတည်းသာ မဟုတ်၊ မျက်နှာချင်းဆိုင်ရှိ မြေကွက်များ
ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ထားကြသဖြင့် တရားစွဲဆို
ထားကြကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“ဘယ်သူမဆို တရားဝင် ကိုယ့်ပိုင်ဆိုင်မှုအပေါ်မှာ အမြတ်
ထုတ်တာ ဘယ်သူခံမှာလဲ။ အခု ရုံးချိန်း လေးခါရှိပြီ။
သူတို့ဘက်က ပိုင်ဆိုင်မှု စာရွက်စာတမ်း ဘာတစ်ခုမှ မတင်ပြ
နိုင်ဘူးလေ။ ဒီလိုကိစ္စရပ်တွေ နိုင်ငံနဲ့တစ်ဝန်း အများအပြားပဲ”
ဟု ဦးမင်းဇင်က စိတ်ပျက်ဟန်ဖြင့် ပြောသည်။
ပိုင်ဆိုင်မှု အထောက်အထား အပြည့်အစုံရှိသည့် မြေကွက်များ
ပေါ် သိသိသာသာ ကျူးကျော်ကာ လျော်ကြေးတောင်းတတ်သူ
များမှာ တစ်ဦးတစ်ယောက်တည်း မဟုတ်၊ အဖွဲ့အစည်းနှင့်ဟု
ဆိုရမည်ဖြစ်သည်။
ယခင်က နီးစပ်ရာ ပွဲစားများနှင့်သာ စာချုပ်အတုလုပ်၍
ရောင်းစားတတ်ကြသော်လည်း ယခုအခါတွင် လူမှုကွန်ရက်
စာမျက်နှာမှ တစ်ဆင့်လည်း ကြော်ငြာကာ ရောင်းချနေကြ
ကြောင်း မြေကွက်ပိုင်ရှင် အချို့က ဆိုကြသည်။
“ကျူးနေကြပြီး ကြာလာတော့ အိမ်ဆောက်၊ စာချုပ်အတုနဲ့
ရောင်းစားကြတာ”ဟု မန္တလေးမြို့ခံ လုပ်ငန်းရှင်တစ်ဦး
ဖြစ်သည့် ဦးချစ်က ပြောသည်။
အခြားသူပိုင်မြေကို မျက်နှာပြောင်တိုက် ခုတုံးလုပ် စီးပွားရေး
လုပ်ကိုင်မှုများ တဖြည်းဖြည်း များလာပြီဖြစ်သည်။
“အသိထဲက ရန်ကုန်မှာနေတဲ့ အမျိုးသမီးတစ်ယောက်၊
အနီးစခန်းမှာ ခြံရှိတယ်။ အစောင့်နဲ့ ထားထားတယ်။
ယောက်ျားသေသွားပြီးတော့ ခြံကိုရောင်းချင်တာ။
အဲဒါ ဝယ်မယ့်သူက သွားကြည့်တော့ ခြံစောင့်က မရောင်းဘူး
ချည်း ပြောလွှတ်တာတဲ့။ ပိုင်ရှင်က လွှတ်လိုက်တာပါလို့
ပြောတာလည်း မရဘူး။ နောက်တော့ ခြံစောင့်ကို ပိုက်ဆံ
ပေးပြီး ထုတ်လိုက်ရတယ်”ဟု
ဦးချစ်က သူ့အတွေ့အကြုံကို ပြောပြသည်။
ကျူးကျော်ကို အကြမ်းဖျင်းခွဲခြားလျှင် မရှိကျူးနှင့် လုပ်စားကျူးဟု
ဆိုရမည်။
မရှိကျူးဆိုသည်မှာ ရပ်ဝေးဒေသများမှ ရေကြည်
မြက်နုရာ ပြောင်းရွှေ့လာကြပြီး မှီတည်ရာ ရပ်ဝန်း မရှိသဖြင့်
အဆင်ပြေသည့်နေရာ (မြစ်နား၊ ချောင်းနား၊ လမ်းဘေးနား
စသည်တို့တွင်) အဆင်ပြေသလို နေအိမ်ငယ် ဆောက်လုပ်
နေထိုင်ကြသူများဖြစ်သည်။ ဆိုရလျှင် မရှိသဖြင့် ကျူးကျော်ကြ
သူများဟု သတ်မှတ်နိုင်သည်။
လုပ်စားကျူး ဆိုသည်မှာ ရှင်းပါသည်။
အမည်အတိုင်းပင် လုပ်စားကြသူတို့ ဖြစ်သည်။ ဆိုရလျှင်
ခေတ်ပေါ် ငွေရှာနည်း တစ်ခုလည်း ဖြစ်နေသည်။
တဲလေး ထိုး၍ ကျူးသူများ၊ အပင်လာစိုက်၍ ကျူးသူများ၊
မသိမသာ ကျူးသူများ၊ ပေါ်တင်ကျူးသူများ စသည်ဖြင့် ပုံစံ
အမျိုးမျိုး ရှိသည်။
သူတို့အားလုံး၏ ရည်ရွယ်ချက်က ကနဦး ကျူးမည်၊
ယင်းနောက် ထိုမြေကွက်၊ ခြံဝင်းကို စာချုပ်အတုဖြင့်
ရောင်းစားမည်၊ သို့မဟုတ် ပိုင်ရှင်နှင့် အငြင်းပွားလျှင်
နစ်နာကြေး တောင်းမည်၊ မည်သို့ဆိုစေ သူတို့အတွက်
မနစ်နာနိုင်သည့် နည်းလမ်းများကို ပြုလုပ်ကြခြင်း
ဖြစ်သည်။
“သက်သက် ငွေညှစ်တဲ့ အပိုင်းပေါ့။ ကျွန်တော် တရားစွဲတယ်
ဆိုတာက ဥပဒေအတိုင်း ဆောင်ရွက်တဲ့သဘောပါ”ဟု
ဦးမင်းဇင်က ဆိုသည်။
ကျူးကျော်တို့တွင် သာမန်လက်ရှိနှင့် ဆန့်ကျင်လက်ရှိဟူ၍
နှစ်မျိုး ရှိကြောင်း၊ သာမန် လက်ရှိဆိုသည်က ပိုင်ရှင်မည်သူမှန်း
မသိဘဲ မြေကွက် လွတ်နေ၍ ကျူးကျော်နေထိုင်သူဖြစ်ပြီး
၎င်းတို့ကို တရားစွဲ၍ နှင်ထုတ်ရန် ကာလစည်းကမ်း
သတ်မှတ်ချက်မရှိသဖြင့် ကြိုက်သည့်အချိန် တရားစွဲဆို
နိုင်ကြောင်း၊ ဆန့်ကျင်လက်ရှိဆိုသည်ကမူ ပိုင်ရှင်မည်သူ
ဖြစ်ကြောင်း သိသော်လည်း ပေါ်တင်ပင် ကျူးကျော် နေထိုင်
ကြသူတို့ဖြစ်သည်။ ၎င်းတို့ကို တရားစွဲဆိုရန်အတွက်
ကာလစည်းကမ်း သတ်မှတ်ချက်ရှိပြီး စတင် ကျူးကျော်ချိန်မှ
၁၂ နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်ကြောင်း
ဥပဒေကျွမ်းကျင်သူအချို့က ဆိုကြသည်။
“ကျူးကျော်နေထိုင်တာ နှစ် ၂၀ ပဲ ဖြစ်နေပါစေ၊ ကျူးကျော်
နေထိုင်ကြောင်း သိတဲ့အချိန်ကနေစပြီး ၁၂ နှစ်အတွင်း
တရားစွဲလို့ ရပါတယ်”ဟု တရားလွှတ်တော် ရှေ့နေ
ဦးဌေးအောင်က ရှင်းပြသည်။
ကျူးကျော် နေထိုင်သူများကို ပိုင်နက် ကျူးလွန်မှု ပုဒ်မ ၄၄၇၊
၄၄၈ တို့ဖြင့် တရားစွဲဆိုရမည်ဖြစ်ပြီး အများအားဖြင့် မူရင်း
ပိုင်ဆိုင်သူတို့သာ အနိုင်ရရှိကြောင်း ၎င်းက ဆိုသည်။
“အချိန်ကာလအားဖြင့် တစ်နှစ်ခွဲလောက်ထိ ကြာမြင့်
တတ်ပါတယ်။ တစ်ဖက်က (ကျူးသူဘက်က) အထောက်
အထားတင်ရင် တင်သလို ပိုကြာတာပေါ့”ဟု
ဦးဌေးအောင်က ပြောသည်။
ပုဂ္ဂလိက မြေပိုင်ရှင်များ သာမက အစိုးရဘက်ကလည်း
ထိုလုပ်စားကျူးတို့၏ ဒုက္ခကို ခံစားရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ
စီမံကိန်း ဧရိယာမြေများအတွင်း ကျူးကျော် ဝင်ရောက်ခြင်းများ
မပြုလုပ်ရန် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ
(MCDC) က မေလ ၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာ
ထုတ်ပြန်ခဲ့သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်တို့၏ ခွင့်ပြုချက်တို့ဖြင့် MCDC မှ တည်ဆဲဥပဒေ
များနှင့်အညီ ရင်းနှီးမြှုပ်နှံသူများ၊ တရားဝင် ဖွဲ့စည်းထားသော
ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် စီမံကိန်း သဘောတူစာချုပ်များ
ချုပ်ဆို အကောင်အထည်ဖော်နေပြီး အဆိုပါ ဧရိယာများ
အတွင်းသို့ ခွင့်ပြုချက် မရဘဲ ကျူးကျော် ဝင်ရောက်ခြင်း၊
လုပ်ငန်း လုပ်ကိုင်ခြင်းများကို ဆောင်ရွက်ခြင်း မပြုကြရန်နှင့်
စီမံကိန်းလုပ်ငန်းကို ဟန့်တားခြင်း၊ နှောင့်ယှက် တားဆီးခြင်း၊
ပျက်ပြားအောင် ဆောင်ရွက်ခြင်း တို့ကိုလည်း မပြုလုပ်ကြရန်
တားမြစ်ကြောင်း ကော်မတီဝင်တစ်ဦးက ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာ ရေးဥပဒေ၊ တည်ဆဲ
ဥပဒေများနှင့်အညီ MCDC ပိုင်မြေများ၊ MCDC အမည်ဖြင့်
မြေငှားဂရန် ခွင့်ပြုချထားသော မြေများ၊ MCDC မှ စီမံခန့်ခွဲ
ပိုင်ခွင့်ရှိသော မြေများကို နိုင်ငံတော်နှင့် ပြည်သူတို့
အကျိုးရှိစေရန် စီမံခန့်ခွဲလျက်ရှိကြောင်း
၎င်းက ဆက်လက် ပြောဆိုသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၁၃၅၊
ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို
ကျင့်သုံး၍ ယင်းကဲ့သို့ အမိန့် ထုတ်ပြန်ရခြင်းဖြစ်ပြီး မလိုက်နာ
သူများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားရမည်
ဖြစ်ကြောင်း MCDC က တရားဝင် ထုတ်ပြန်ခဲ့သည်။
လက်ရှိ မန္တလေးမြို့ဝန်းကျင်တွင် ကျူးကျော်နေထိုင်သူ များစွာ
ရှိနေသည်။ ပြင်ဦးလွင်အတက် လမ်းတစ်လျှောက်တွင်
သစ်သီးဆိုင် အမည်ခံ၍ ကျူးကျော်နေကြသူများ၊ မန္တလာသီရိ
ဘောလုံးကွင်း အရှေ့ဘက် မြို့သစ်ဘက်ရှိ နေရာကောင်း
များတွင် ကျူးကျော်နေထိုင်သူများ စသည်ဖြင့် များစွာရှိကြောင်း
ဦးချစ်က ပြောသည်။
“တာဝန်ရှိသူတွေဘက်က အခုချိန်မှာ သေချာ ကိုင်တွယ်
ထားသင့်တယ်။ နောက်ဆို ပုဆိန်နဲ့ ပေါက်ရလိမ့်မယ်”ဟု
၎င်းကဆိုသည်။
မိမိတို့ ခြံမြေကွက်အတွင်း ကျူးကျော်နေသူများကို တရားစွဲရန်
ပြင်ဆင်နေစဉ် စည်ပင်ဌာနပိုင် မော်တော်ယာဉ်၊ စည်ပင်
ဝန်ထမ်း ယူနီဖောင်းများ ဝတ်ဆင်ထားသူအချို့ လာရောက်ပြီး
အဆိုပါ “ပိုင်ရှင်ရှိသည်၊ မကျူးကျော်ရ”ဟူသော ဗီနိုင်း
ဆိုင်းဘုတ်များကို ပြန်လည် ခွာယူသွားကြကြောင်း
ဒေါ်သန္တာက ဆိုသည်။
ယင်းအတွက် လုပ်စားကျူးများတွင် ဌာနဆိုင်ရာ တာဝန်ရှိသူ
အချို့နှင့် ပူးပေါင်းနေမှုရှိသည်ဟု ယူဆကြောင်း ဒေါ်သန္တာက
မေးခွန်းထုတ်သည်။
ပိုင်ဆိုင်ကြောင်း မူရင်းစာရွက် စာတမ်း ဘာမျှမရှိဘဲ ပေါ်တင်
လုပ်စား ကျူးများ ခေါင်းထောင်နေသဖြင့် ကိုယ့်မြေ ကိုယ့်ယာ
ကို ကာကွယ်နိုင်ရန် ဝင်းခြံကာရံ ထားခြင်းသည်သာ
အကောင်းဆုံးဖြစ်ကြောင်း၊ သို့မဟုတ်ပါက အချိန်ကုန်၊
ငွေကုန်ဖြစ်ရကြောင်း ဦးမင်းဇင်းက ညည်းတွားလိုက်သည်။
“တချို့ဆို ကိုယ့်မြေလေး ကျူးနေတာ မြင်ရက်နဲ့ မပြောရဲဘူး။
မကြာမကြာ ကားနဲ့ပတ်ကြည့်လိုက် လုပ်နေရတယ်။
ဘာများ ထလုပ်ကြမလဲ ဆိုပြီးတော့ပေါ့”ဟု ဦးချစ်က
မြေရှင်တို့၏ သောကအကြောင်းကို ပြောဆိုလေသည်။
မြတ် (ကလေး)
credit - The Voice
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment