Sunday, May 28, 2017

"ရန်ကုန်တိုင်းအတွင်းက လန (၃၉) ၊ အထူးစီးပွားရေးဇုန်နှင့် ကျူးကျော် သတင်းများ"

"ရန်ကုန်တိုင်းအတွင်းက
လန (၃၉) ၊ အထူးစီးပွားရေးဇုန်နှင့် ကျူးကျော် သတင်းများ"


၁။ "လယ်ယာမြေ လန (၃၉) လျှောက်ထားမှု ပိုမို စိစစ်မည်ဟု
ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား"

မြေတန်ဖိုးပြောင်းလဲ ကွာခြားမှုကို အခွင့်အရေးယူနေသူများ
ကြောင့် လယ်ယာမြေများတွင် လူနေထိုင်ခွင့် လန (၃၉)
လျှောက်ထားမှုကို စနစ်တကျ စစ်ဆေးမည်ဟု ရန်ကုန်တိုင်း
ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

လယ်ယာမြေများတွင်လူနေထိုင်မှုလျှောက်ထားရာ၌
လယ်သမားမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်များသာ
လျှောက်ထားပြီး မြေတန်ဖိုးပြောင်းလဲမှုကို ရယူနေကြောင်း၊
လယ်တစ်ဧက၏ မူလတန်ဖိုးသည် ကျပ်သိန်း ၂၀၀ ခန့်
ရှိသော်လည်း လန (၃၉) ရရှိပါက ကျပ်သိန်း ၅၀၀ မှ
၁,၀၀၀ အကြား ဈေးမြင့်တက်သွားကြောင်း
ဝန်ကြီးချုပ် က ပြောကြားသည်။

‘‘လန (၃၉) ရအောင် ကြိုးစားနေသူတွေအတွက် ရန်ကုန်
အစိုးရက အသေးစိတ်စိစစ်သွားမယ်’’ဟု မေလ ၂၀ ရက်တွင်
မြန်မာနိုင်ငံကုန်သည် စက်မှုအသင်းချုပ်ရုံး၌ ပြုလုပ်သော
ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင်
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လယ်ယာမြေများကို လူနေထိုင်ခွင့်ပြောင်းလဲပေးမှုများ စိစစ်
ကြပ်မတ်မည် ဖြစ်သော်လည်း ရန်ကုန်မြို့ပြင် မြို့နယ် ၁၂ ခု
တွင် စက်မှုဇုန် အသစ်များထပ်မံဖော်ထုတ်မည်ဟု
ဝန်ကြီးချုပ်က ပြော ကြားသည်။

ဒေသဖွံ့ဖြိုးရေးနှင့် သက်ဆိုင်ရာမြို့နယ်များတွင် နေထိုင်သူများ
အလုပ်အကိုင်ရရှိရန် သန်လျင်၊ ကျောက်တန်းကဲ့သို့ ရန်ကုန်
ပြင်ပမြို့နယ်များတွင် စက်မှုဇုန်အသစ်များ အကောင်အထည်
ဖော်ရန်စီစဉ်ခြင်းဖြစ်ကြောင်းကိုလည်း ၀န်ကြီးချုပ်က
ရှင်းပြသည်။

‘‘မြို့ပြင်မြို့နယ်တွေမှာ စက်မှုဇုန်အသစ်တွေဖော်ပေးမယ်
ဆိုတာ ဒေသခံတွေအတွက်လည်း အကျိုးရှိသလို စီးပွားရေး
လုပ်ငန်းရှင်တွေအတွက်လည်း အခွင့်အလမ်းကောင်းတွေ
ရတာပေါ့’’ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ
ဥက္ကဋ္ဌ ဦးအုန်းဆိုင်က ပြောသည်။

ရန်ကုန်တိုင်းတွင် စက်မှုဇုန် အသစ်တစ်ခုတည်ထောင်ရန်
အဓိကလိုအပ်ချက်သည် လျှပ်စစ်မီးကဲ့သို့ အခြေခံ
အဆောက်အအုံပိုင်းက အဓိကအရေးကြီးပြီး အမြန်ဆုံး
အကောင်အထည်ဖော်နိုင်ပါက နိုင်ငံစီးပွားရေးအတွက်
အထောက်အကူဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

(ပြည်သိမ်း)

***

၂။ "ဒလမြို့နယ်အနီး အထူးစီးပွားရေးဇုန်သစ်
တည်ဆောက်ရန် ရှိ"

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုများ
ဝင်ရောက်နိုင်မည့် အထူးစီးပွားရေးဇုန်သစ်ကို ဒလမြို့နယ်
ဘက်သို့ မျက်နှာမူကာ တည်ဆောက်မည့် ဆိပ်ကမ်းသစ် နှင့်
အတူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မေ ၂၀ ရက်နေ့က
UMFCCI တွင် ပြုလုပ်သည့် ဆဋ္ဌမ အကြိမ်မြောက် ဒုသမ္မတ
နှင့် စီးပွားရေး လုပ်ငန်းရှင်းများ တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

သီလဝါ အထူးစီးပွားရေးဇုန်ကဲ့သို့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု
များ ဝင်နိုင်သည့် အထူးစီးပွားရေးဇုန်များကို ထပ်မံဖော်ဆောင်
သွားရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့ တိုင်းဒေသကြီး
အစိုးရအဖွဲ့က တင်ပြမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်
များသည် ပြည်ထောင်စု အက်ဥပဒေဖြင့်သာ ဆောင်ရွက်
နိုင်ကြောင်း သိရသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
“ကျနော်တို့ နိုင်ငံရဲ့ ထုတ်ကုန်တွေ တိုးမြင့်လာတာနဲ့ အမျှ
ဆိပ်ကမ်းတွေ ပိုပြီးကြီးလာမှာ ဖြစ်ပါတယ်။ ကိုယ့်မှာ
ရင်းနှီးမြှုပ်နှံမှု မရှိပဲနဲ့ ဆိပ်ကမ်းတွေ သွားပြီး ရင်းနှီးမြှုပ်နှံလို့
မရပါဘူး။ ကျနော်တို့က တရုတ်ပြည်ရဲ့ ကုန်းတွင်းပိတ်ကို
ကျောကပ်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အသုံးချနိုင်မယ်ဆိုရင်
ယူနန်- ရန်ကုန်လမ်းပေါ်ကနေ ကုန်စည်တွေ ရန်ကုန်
ဆိပ်ကမ်းကို ထွက်သွား နိုင်ပါတယ်။ ဒီလိုလုပ်နိုင်ရင် ရန်ကုန်
ရဲ့ အထူးစီးပွားရေးဇုန်ကို ရင်းနှီးမြှုပ်နှံမှုတွေ အကုန်ရောက်လာ
မှာ ဖြစ်ပါတယ်။ ဒီအခြေအနေအတွက် တိုင်းအစိုးရအဖွဲ့က
လုပ်ဆောင်နေပါတယ်” ဟု ရှင်းပြသည်။

ဒလမြို့နယ်နှင့် ရန်ကုန်မြို့တွင်းဘက်သို့ ဆက်သွယ်သွားလာ
နိုင်မယ့် တံတားစီမံကိန်း တခု လုပ်ဆောင်ရန်လည်း စီစဉ်နေ
ကာ တံတားဆောက်မည့် အပေါ် ပြည်သူလူထု သဘောထား
ကောက်ခံမှုများကိုလည်း ဒလမြို့ ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတ
အသင်းနှင့် ဒလလူမှုကူညီရေးအသင်းက လုပ်ဆောင်လျက်
ရှိသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ စီးပွားရေးနှင့် ဥပဒေအတိုင်ခံ ပညာရှင်
ဦးတင်သန်းဦးက
“ဒီလိုသာ ဒလဘက်ကို မျက်နှာမူပြီး သီလဝါ အထူးစီးပွားရေး
ဇုန်လို စီးပွားရေးဇုန် တခုဆောက်မယ်။ တံတားထိုးဖို့ ရှိတာ
ဆိုတော့ အဲဒီ ဒေသဘက်မှာ ရှိတဲ့ အလုပ်အကိုင်တွေ
ဖွံ့ဖြိုးလာနိုင်တယ်။ ကုန်သွယ်မှု လုပ်ငန်းအားလုံးက
ဒီဖော်ဆောင်ထားတဲ့ အထူးစီးပွားရေးဇုန်ထဲက ဖြတ်သန်း
ရမယ်ဆိုရင် မြို့ပြမှာ ရှိတဲ့ ဧရိယာတွေက ဈေးကွက်
ရှိသွားမယ်။ အထူးစီးပွားရေးဇုန်တွေမှာ လုပ်ကိုင်မယ့်
စီးပွားရေးသမားတွေအတွက် ကတော့ အိမ်တွေ၊ မြေတွေ
အများကြီး လိုမယ်။ အခြေစိုက်လုပ်ကိုင်မယ့် သူတွေလိုတယ်။
ဒါကြောင့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်တွေအတွက်
ကတော့ ဒီပတ်ဝန်းကျင်မှာ အိမ်ငှားနေမယ်။ ခြံမြေဝယ်မှာတွေ
ဖြစ်လာမှာ ဖြစ်တယ်။ ဒါကြောင့် ဒီနေရာတွေကို အမှီပြုပြီး
အိမ်ခြံမြေ ဈေးကွက်က ကောင်းလာနိုင်တယ်’’ ဟု
သုံးသပ် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများဖြင့်
လည်ပတ်နေသည့် အထူးစီးပွားရေးဇုန် ၂ ဇုန်မှာ သီလဝါ
အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့
ဖြစ်သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် ၂၉ ဇုန်ရှိရာ
အဆင့်မြင့်တင်မှုများ ပြုလုပ်မည် ဖြစ်ကာ စက်မှုဇုန်များအတွက်
လိုအပ်သော လျှပ်စစ်မီး၊ အခြေခံ အဆောက်အအုံနှင့်
ရေကောင်းရေသန့်ရရှိနိုင်မှုများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်
ပူးပေါင်းပြီး လုပ်ဆောင်သွားမည် ဖြစ်ကာ လိုင်သာယာ ဇုန် ၁
ကို ပထမဆုံး ရှေ့ပြေးစီမံကိန်း အဖြစ် စတင်ရန်
ပြင်ဆင်နေပြီဖြစ်သည်။

စက်မှုဇုန် လိုအပ်ချက်များကို ပြုလုပ်ရာတွင် ပုဂ္ဂလိက
လုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ပူးပေါင်းပြီး
ရေဆိုးရှိသည့်နေရာမှ ရေသန့်ရောင်းပေးနိုင်သည့် လုပ်ဆောင်
မှုများ၊ လျှပ်စစ်ကဏ္ဍတွင်လည်း လာမည့်နှစ်တွင် ၆၀၀ မီဂါဝပ်
ခန့် တိုးပေးနိုင်ရန် ရှိပြီး လိုအပ်လာလျှင် စက်မှုဇုန်ထဲမှ
အသေးစားလျှပ်စစ် လုပ်ငန်းများ လုပ်နိုင်မည့် နည်းလမ်း များကို
ပြင်ဆင်မည်ဟု သိရသည်။

သို့သော် လုပ်ငန်းများလုပ်ကိုင်ခွင့် မပေးလျှင် ဒေသများမှာ
ဖွံ့ဖြိုးမှု မရှိနိုင်သောကြောင့် သန်လျှင်၊ ကျောက်တန်းသို့သော
နေရာမျိုးများကို စက်မှုလုပ်ငန်း များလာရောက် ရင်းနှီးမြှုပ်နှံ
သည့် နေရာများ ဖြစ်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
သိရသည်။

စက်မှုဇုန်နှင့် ဆက်စပ်နေသည့် ကျုးကျော်ကိစ္စရပ်များကိုလည်း
ဆောင်ရွက်ရန် ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်၍ လိုင်သာယာ
တွင် စတင်ဖြေရှင်းရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

(မျိုးပပစန်း)

***

၃။ "ကျူးကျော်တွေ ပြန်လည်နေရာချထားပေးဖို့ ပြင်ဆင်နေပြီ"

ရန်ကုန်တိုင်းဒေသကြီး အတွင်းက ကျူးကျော်နေထိုင်သူတွေကို
နေရာပြန်လည်ချထားပေးဖို့ ပြင်ဆင်နေပြီလို့ ရန်ကုန်တိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

သည်လ ၂၀ ရက်နေ့က ကုန်သည်စက်မှု အသင်းချုပ်မှာ
ကျင်းပတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ပြည်ထောင်စုဝန် ကြီး
များ စီးပွားရေးလုပ်ငန်းရှင်များ လစဉ် တွေ့ဆုံပွဲမှာ
ပြောခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျူးကျော်နေထိုင်သူတွေ
စာရင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ စတင် ကောက်ခံ
ခဲ့တာဖြစ်ပါတယ်။

ကျူးကျော်နေထိုင်သူစုစုပေါင်း မျှော်မှန်းထားတာ လူဦးရေ
လေးသိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လူဦးရေ
လေးသိန်းခွဲအထက်ရှိလာတာတွေ့ရပါတယ်။ ဒါက ရန်ကုန်ရဲ့
စက်မှုဖွံ့ဖြိုးရေး အခြေအနေကလည်း လူဦးရေကို တိုးစေတဲ့
အခြေအနေရှိနေတာကြောင့် ဖြစ်ပါ တယ်။ စက်မှုဇုန်တွေ
ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စက်မှုဇုန်တွေထဲ ကျူးကျော်တွေကို
ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းက
‘ကျူးကျော်နေ ထိုင်သူတွေကလဲ နိုင်ငံသူနိုင်ငံသားတွေ ဖြစ်တဲ့
အတွက် သူတို့ကို စနစ်တကျနေရာ ပြန်လည်ချထားပေးနိုင်ရေး
ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ရေ၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာပါ စီစဉ်
ထားတာ ဖြစ်ပါ တယ်။ သည်လိုဆောင်ရွက်နိုင်မှ စက်မှုဇုန်တွေ
ကျူးကျော်ဖြစ်နေတဲ့ နေရာတွေ ရှင်းနိုင်မှာ ဖြစ်ပါတယ်။

ကျူးကျော်တွေကို ရှင်းနိုင်မှ စက်မှုဇုန်တွေရဲ့ အဆင့်မြှင့်တင်ရေး
ကလည်း အောင်မြင်သွားမှာဖြစ်ပါတယ်။ စက်မှုဇုန်တွေရဲ့
မီးရေးထင်းရေးကစပြီး အခက်အခဲတွေလည်း အဆင်ပြေမှာ
ဖြစ်ပါတယ်။

စက်မှုဇုန်တွေမှာ ကျူးကျော်တဲ့နေရာ မှာ လုပ်ငန်းရှင်တွေဘက်
ကလည်း ကျူး ကျော်တာတွေရှိပါတယ်။ သည်အခြေ အနေနဲ့
ပတ်သက်ပြီး လမ်းပေါ်ကို ကျူးကျော်နေရင် တင်ထားတဲ့ပစ္စည်း
အားလုံး စည်ပင်ကနေ သိမ်းဆည်းသွားမှာဖြစ်ပါတယ်။
လမ်းမပေါ်မှာရောက်နေတဲ့ ပစ္စည်း အားလုံးကို ရှင်းမှာ
ဖြစ်ပါတယ်။

လမ်းက ကားသွားလာ ဖို့ ဖြစ်ပါတယ်။ ကားရပ်နားမယ်ဆိုရင်
လည်း ရပ်နားဖို့ ကွင်းမှာပဲ ရပ်ရမှာဖြစ်ပါတယ်။ လမ်းပေါ်မှာ
ရပ်လို့မရဘူး။ လုပ် ငန်းတာဝန်တစ်ခုခု ထမ်းဆောင်နေရင်
တော့ ရပ်နားခွင့်ပေးမှာ ဖြစ်ပါတယ်။

‘ညဘက် မီးရေးထင်းရေးကိစ္စဖြစ်လာတဲ့အခါမှာ ကွန်တိန်နာ
တင်ကားကြီးတွေ ရပ်ထားတဲ့အတွက် မီးသတ်ကားတွေ
ဝင်လို့မရခဲ့တဲ့ အခြေအနေတစ်ခုကိုလဲ လှိုင်သာယာမီးဘေး
တစ်ခုမှာ ကြုံခဲ့ရပါတယ်၊ဆီသိုလှောင်ထားတဲ့ နေရာကို
ထိန်းနိုင်ဖို့ အခက်အခဲတွေ ကြုံခဲ့ရလို့”လို့
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

(ပို့ပို့မြင့်မွန်)

credit - 7day Daily / Irrawaddy Publishing Group
& Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment