Monday, May 15, 2017

“ထွက်ရှိလာပြီဖြစ်သော ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ”

“ထွက်ရှိလာပြီဖြစ်သော ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေနှင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ”


၁။ "အခွန်ကင်းလွတ်သက်သာခွင့်၊ မြေအသုံးပြုခွင့် စည်းမျဉ်း
စည်းကမ်းများနှင့် တိုင်းနှင့်ပြည်နယ်ကော်မတီများသို့
လုပ်ပိုင်ခွင့် ခွဲဝေပေးထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
နည်းဥပဒေ ထွက်ရှိ"

အခွန်ကင်းလွတ်သက်သာခွင့်၊ မြေအသုံးပြုခွင့် စည်းမျဉ်း
စည်းကမ်းများနှင့် တိုင်းနှင့်ပြည်နယ်ကော်မတီများသို့ လုပ်ပိုင်ခွင့်
ခွဲဝေပေးထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ
ထွက်ရှိလာပြီး ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်
ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အမိန့်ကြော်ငြာစာ
တို့ကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရင်းနှီး
မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါနည်းဥပဒေတွင် ခွင့်ပြုမိန့်ရယူရန်လိုသော ရင်းနှီးမြှုပ်နှံမှု
အမျိုးအစားများ သတ်မှတ်ထားပြီး
- နိုင်ငံတော်အတွက် မဟာဗျူဟာအရအရေးပါသော ကဏ္ဍများ
တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၂၀ ကျော်ခြင်း၊
- အစိုးရပိုင်မြေ သို့မဟုတ် ပိုင်ဆိုင်မှုပစ္စည်းအား အသုံးပြုသော
ဒေါ်လာသန်း ၂၀ ကျော်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊
- နယ်စပ်မျဉ်းတစ်လျှောက် သို့မဟုတ် ပဋိပက္ခဖြစ်ပွားနေသည့်
ဧရိယာအတွင်း သို့မဟုတ် နိုင်ငံ၏နယ်စပ်ဖြတ်ကျော် ရင်းနှီး
မြှုပ်နှံခြင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံ
သူ၏ ဒေါ်လာတစ်သန်းကျော်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊
- တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုနှင့်တစ်ခု ဖြတ်ကျော်၍
ရင်းနှီးမြှုပ်နှံခြင်း၊
- မြေဧက ၁၀၀၀ ထက်ပိုသောမြေပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်း
လုပ်ကိုင်ခြင်း၊
- မြေဧက ၁၀၀ ထက်ပိုသောမြေပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းမှ
အပ အခြားလုပ်ငန်းများ ရင်းနှီးမြှုပ်နှံခြင်းတို့သည် ခွင့်ပြုမိန့်
လိုအပ်မည်ဖြစ်သည်။

မတည်ရင်းနှီးငွေ ဒေါ်လာသန်း ၁၀၀ အထက်ရှိသော ရင်းနှီး
မြှုပ်နှံမှုကို မတည်ငွေရင်းကြီးမားသည့် လုပ်ငန်းအမျိုးအစား
အဖြစ် သတ်မှတ်ထားသည်။

နည်းဥပဒေအရ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည့် အစိုးရအဖွဲ့၏
ခွင့်ပြုချက်ဖြင့် တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို
အခါအားလျော်စွာ ထုတ်ပြန်နိုင်ပြီး မည်သည့်ပုဂ္ဂိုလ်မဆို
တားမြစ်ထားသည့် ရင်းနှီးမြှုပ်နှံမှုအား ဆောင်ရွက်ခြင်းမပြုရဟု
နည်းဥပဒေတွင် ထည့်သွင်းထားသည်။

ထို့အတူကော်မရှင်သည် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကန့်သတ်
သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို သတ်မှတ်နိုင်ပြီး လိုအပ်
သလို ပြင်ဆင်နိုင်သည်။ အခြားဥပဒေတစ်ခုခုတွင် ကန့်သတ်
ထားသော်လည်း အဆိုပါကန့်သတ်ချက် အမိန့်ကြော်ငြာစာ
တွင် မပါရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအား ဥပဒေအရ
ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် မသတ်မှတ်ရဟု
ပြဋ္ဌာန်းထားသည်။

ကော်မရှင်သည် အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ရင်းနှီး
မြှုပ်နှံမည့် ကဏ္ဍများကို အခါအားလျော်စွာ အမိန့်ကြော်ငြာစာ
ထုတ်ပြန် သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းပြုနိုင်သည်။

အခြားလုပ်ပိုင်ခွင့် သို့မဟုတ် အခြားနည်းဥပဒေများ၏ အကျိုး
သက်ရောက်မှုအား ကန့်သတ်ခြင်းမရှိဘဲ ကော်မရှင်သည်
မည်သည့်အချိန်တွင်မဆို ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့် ကဏ္ဍ
အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုမှ အခွန်ကင်းလွတ်ခွင့်
သို့မဟုတ် သက်သာခွင့်မခံစားမီ အနည်းဆုံးပြည့်မီရန်
လိုအပ်သည့် စံသတ်မှတ်ချက်များနှင့် အများဆုံး ခံစားခွင့်
ရှိသည့် အခွန်ကင်းလွတ်ခွင့်တန်ဖိုးကို သတ်မှတ်နိုင်သည်။

အဆိုပါအနည်းဆုံး ပြည့်မီရမည့် စံသတ်မှတ်ချက်တွင်
စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ၏ အချိုးတစ်ခုကို ငွေသား
ရင်းနှီးမြှုပ်နှံမှုအဖြစ် ပါဝင်ရန်သတ်မှတ်နိုင်သည်ဟု
ပါဝင်သည်။

အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့် လျှောက်ထားခြင်းကို
ရင်းနှီးမြှုပ်နှံသူများက လျှောက်လွှာနှင့်တကွ လျှောက်ထားနိုင်
သည်။ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်
လျှောက်ထားလွှာအား အဆိုပြုချက် သို့မဟုတ် အတည်ပြု
လျှောက်ထားလွှာ နှင့်အတူ တင်ပြလျှောက်ထားနိုင်ပြီး ခံစား
လိုသည့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ကို
လျှောက်လွှာတွင် တိကျစွာ ဖော်ပြပေးရမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံသူများ မြေအသုံးပြုခွင့် လျှောက်ထားရာတွင်
အချက်အလက်ပြည့်စုံစွာ တင်ပြရမည်ဖြစ်ပြီး ကော်မရှင်မှ
လိုအပ်ပါက ထပ်မံတောင်းယူမည်ဖြစ်သည်။

ကော်မရှင်သည် တိုင်းဒေသကြီး/ပြည်နယ်ကော်မတီအား
မြေအသုံးပြုခွင့် လျှောက်ထားလွှာ စိစစ်ခြင်းဆောင်ရွက်ရန်
တာဝန်ပေးနိုင်သည်။ အဆိုပါမြေအသုံးပြုခွင့် လျှောက်ထား
လွှာကို လက်ခံရရှိသည့်အခါ ကော်မရှင် သို့မဟုတ်
သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ကော်မတီသည်
မြေအသုံးပြုခွင့် လျှောက်ထားလွှာကို မပြည့်စုံဟုသော်
လည်းကောင်း၊ သတ်မှတ်ချက်များနှင့် မပြည့်မီဟုသော်
လည်းကောင်း၊ အခြားအခြေအနေများအရ ခွင့်ပြုရန်မသင့်ဟု
သော် လည်းကောင်းယူဆပါက လျှောက်ထားလွှာလက်ခံ
သည့်နေ့မှ အလုပ်လုပ်ရက် ၁၅ ရက်အတွင် ငြင်းပယ်နိုင်ပြီး
ရက်ပေါင်း ၃၀ အတွင်း စိစစ်ပြီးနောက် ခွင့်ပြုနိုင်ကြောင်း
ဆုံးဖြတ်လျှင် အလုပ်လုပ်ရက် ၁၀ ရက်အတွင်း ခွင့်ပြုပေးရန်
သတ်မှတ်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ လုပ်ပိုင်ခွင့်
ခွဲဝေပေးမှုအဖြစ် ကော်မရှင်သည် အစိုးရအဖွဲ့ခွင့်ပြုချက်ဖြင့်
တိုင်းဒေသကြီး/ပြည်နယ်ကော်မတီကို အဖွဲ့ဝင်အရေအတွက်
မ ဂဏန်းဖြင့်အဖွဲ့ဝင် ခုနစ်ဦးအထိ ဖွဲ့စည်းနိုင်သည်။
ဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်
အား ခန့်အပ်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်ကော်မတီ အကြီးအကဲက တာဝန်ယူရန်
နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများမှ အတည်ပြုမိန့်
ထုတ်ပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် မတည်
ငွေရင်းပမာဏအား ဒေါ်လာငါးသန်း သို့မဟုတ် မြန်မာကျပ်ငွေ
သန်း ၆၀၀၀ အထိသတ်မှတ်ထားသည်။

ထိုသို့သတ်မှတ်ထားသော်လည်း တစ်ခုထက်ပိုသော
တိုင်းဒေသကြီး/ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ခြင်း၊
ကန့်သတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများထဲမှ သက်ဆိုင်ရာ
ဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သော
လုပ်ငန်းများဖြစ်ပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့
သာ လျှောက်ထားရမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ ရင်းနှီး
မြှုပ်နှံမှု နည်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

(စည်သူအောင်)

***

၂။ "ယခုဘဏ္ဍာနှစ်တွင် အစိုးရမျှော်မှန်းသည် ထက်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဟုဆို"

စီးပွားရေးဖွံ့ဖြိုးမှုနှေး ကွေးသည့် အခြေအနေကြုံတွေ့ခဲ့
ရသော်လည်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်
အစိုးရက မျှော်မှန်းထားသည့် ပမာဏထက် အမေရိကန်
ဒေါ်လာသန်း ၈၀၀ ပို များကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု
ကော်မရှင် အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင်ဦးက
ပြောသည်။

၂၀၁၆ ဧပြီ ၁ ရက်ကစတင်၍ နိုင်ငံတော်အစိုးရအဖြစ်
တာဝန်ယူခဲ့သော ဒီချုပ်အစိုးရလက်ထက် တွင် နိုင်ငံခြားသား
လုပ်ငန်းရှင်များက မြန်မာနိုင်ငံသို့ လာရောက် စီးပွားရေး
လုပ်ကိုင်ရန် စောင့် ကြည့်နေသည့် အခြေအနေတွင် ရှိနေ
သည်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောသည်။

နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များသည် (တယ်လီကွန်း)
ဆက်သွယ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏများစွာ
ဝင်ရောက်လာခြင်းကြောင့် ဘဏ္ဍာနှစ် ကုန်ဆုံးရန် ရက်ပိုင်း
အလို၌ အမေရိကန်ဒေါ်လာ ၆ဒသမ၈ ဘီလီယံကျော်ရှိကြောင်း
ဦးအောင်နိုင်ဦးက မတ်လ ၁၄ ရက် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မရှင်ရုံး တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌
ပြောကြားသည်။

ယခု ဘဏ္ဍာနှစ်အတွက် အစိုးရမျှော်မှန်းထားသည့် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ
၆ ဘီလီယံ ဖြစ်သည်။

‘‘ဒီနှစ်အတွက် ဆက်သွယ် ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု
ဝင်တာ အများဆုံးပဲ’’ဟု ဦးအောင်နိုင် ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ယခုဘဏ္ဍာ နှစ်၌ ၀င်ရောက်ခဲ့သည့် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများတွင် ဆက်သွယ် ရေးကဏ္ဍ၌ စုစုပေါင်း
ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၄၆ ရာခိုင်နှုန်းကျော်ရှိပြီး
စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၁၇ ရာခိုင်နှုန်း
ကျော်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏
စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်လယ်ပိုင်းက အစိုးရသစ်၏ စီးပွားရေးပြုပြင်
ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအခြေအနေတို့ကို
စောင့်ကြည့်နေခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အ၀င်
လျော့နည်း နိုင်သည်ဟု အစိုးရတာဝန်ရှိသူ အချို့က
ခန့်မှန်းသည်။

ပြီးခဲ့သည့် ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံတွင်
ရွေးကောက်ပွဲရှိခဲ့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြည်တွင်း
သို့ ၀င်ရောက်မှုသည် အမေရိကန် ဒေါ်လာ ၉ ဘီလီယံကျော်
ရှိခဲ့သည်။

အစိုးရသစ်သက်တမ်းပထမနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
သည် ယခင်နှစ်ထက်လျော့နည်းကျဆင်းနေမှုကို ပြည်တွင်း
စီးပွားရေးလုပ်ငန်းရှင်အချို့က စိုးရိမ်ခဲ့သည်။

ကုန်သွယ်မှုလိုငွေကြီးမား ပြီး ဘတ်ဂျက်လိုငွေများနေချိန်တွင်
ရင်းနှီးမြှုပ်နှံမှုအ၀င်လျော့ကျခြင်းသည် စီးပွားရေး
အကျပ်အတည်း ဖြစ်စေရန် ဦးတည်ချက်ဖြစ်လာမည်ဟု
၎င်းတို့က ပြောခဲ့သည်။

* ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် မျှော်မှန်းထားသည်ထက် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုပိုများလာခြင်းသည် လာမည့် ဘဏ္ဍာနှစ်အတွက်
အလားအလာကောင်းတစ်ခုဖြစ်သည် * ဟု မြန်မာနိုင်ငံ
ကုန်သည်၊ စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ
ဒေါက်တာ မောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံသို့ ၀င်ရောက် နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
များသည် တရုတ်နိုင်ငံနှင့် အာဆီယံဒေသတွင်း နိုင်ငံများက
အများဆုံးဖြစ်သည်။

(ပြည်သိမ်း)

credit - Eleven Media Group & 7day Daily

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ ဆောင်းပါး/သတင်းများ
ဖြစ်နေပါသဖြင့် မိတ်ဆွေများ လေ့လာနိုင်ရန်
တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment