Sunday, November 29, 2015

“အိမ်ခြံမြေ ဆက်စပ် သတင်းများနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အပေါ်သုံးသပ်ခန့်မှန်းမှုများ”


“အိမ်ခြံမြေ ဆက်စပ် သတင်းများနှင့်
ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အပေါ်သုံးသပ်ခန့်မှန်းမှုများ”


၁။ "အိမ်၊ ခြံ၊ မြေ စံနှုန်းဟောင်းတွင် မပါသည့်နေရာများ
အတွက် အခွန်ဆောင်ရန်နှုန်းထားကို ဘုတ်အဖွဲ့ဖြင့်
ဆုံးဖြတ်မည်"

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်၊ ခြံ၊ မြေ အခွန်အခများကို
ပြီးခဲ့သည့်နှစ်က နှုန်းဟောင်းဖြင့်သာ ကောက်ခံမည်ဖြစ်ပြီး
* အဆိုပါ နှုန်းဟောင်းတွင် မပါဝင်သည့်နေရာများကို
အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့အစည်းအဝေးမှ
တစ်ဆင့် ဆုံးဖြတ်ကောက်ခံမည်ဖြစ်ကြောင်း *
ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီတို့ပါဝင်ဖွဲ့စည်းထားသည့်
အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့က ၂၀၁၄ ခုနှစ်က
သတ်မှတ်ရန် ကျန်ရှိခဲ့သည့် နေရာများကို အခွန်တန်ဖိုးဖြတ်ရန်
ရောက်ရှိလာပါက အဆိုပါအဖွဲ့၏ နှစ်ပတ်တစ်ကြိမ်
အစည်းအဝေးမှ တစ်ဆင့် ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း
ပြည်တွင်းအခွန်များ ဦးစီးဌာန ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း
တစ်ပေပတ်လည်စံနှုန်းများ သတ်မှတ်ရာတွင် အတွင်းလမ်းများ
အတွက် နှုန်းထားသတ်မှတ်ချက်များစွာ ကျန်ရှိခဲ့ပြီး ယခင်က
သီးသန့်ထုတ်ပြန်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ
ထုတ်ပြန်တော့မည်မဟုတ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ
အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

“ဒီဘုတ်အဖွဲ့က နှုန်းထားတွေကို မှန်မှန်ကန်ကန်
ဖြတ်တောက်ပေးမယ်ဆိုရင်တော့ အခွန်ဆောင်ရတာ
အဆင်ပြေစေမှာပါ” ဟု Estate Myanmar အိမ်၊ ခြံ၊ မြေ
အကျိုးဆောင်လုပ်ငန်း အမှုဆောင်အရာရှိချုပ်
ဦးဟိန်းမိုးမြင့်လွင်က ပြောသည်။

*****

၂။ "၂၀၁၆ တွင် အိမ်ခြံမြေဈေးကျနိုင်ဟု လုပ်ငန်းရှင်တချို့
ခန့်မှန်း"

အိမ်ခြံမြေလုပ်ငန်း ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းသို့ ရောက်လာသည့်
အချိန်တွင်ဈေးကွက် ကို ယခင်ပုံမှန်အနေအထားသို့ ပြန်လည်
ရောက်ရှိရန် မျှော်မှန်းထားသည့် အခြေအနေများရှိနေသော်လည်း
လာမည့် ၂၀၁၆ တွင်မူ အိမ်ခြံမြေဈေးနှုန်းများ ချပေးနိုင်မှသာလျှင်
ယခင်ဈေးကွက်၏ ပုံမှန်အနေထားသို့ ပြန်ရောက်နိုင်မည်
ဖြစ်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက ပြောသည်။

"မြန်မာနိုင်ငံက ၂၀၁၆ မှာ ရင်းနှီးမြှုပ်နှံမှု တွေ တိုးလာနိုင်တဲ့
အနေအထားရှိပါတယ်။ လာရောက်မြှုပ်နှံမယ့် စီးပွားရေးတွေ
အတွက် အိမ်ခြံမြေ လိုအပ်ချက်တွေ ရှိလာမှာပါ။ ဒါပေမဲ့
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးနှုန်းတွေကဘန်ကောက်တို့၊
တရုတ်တို့နဲ့ ယှဉ်မယ် ဆိုရင် ဈေးနှုန်းတွေက မြင့်နေတာကို
တွေ့ရ ပါတယ်။ အဲဒါကြောင့် သူတို့တွေနဲ့ ယှဉ်နိုင်ဖို့ ဒီက
အိမ်ခြံမြေဈေးနှုန်းတွေကို ချပေးနိုင်မှ ဖြစ်မှာပါ" ဟု
iMyanmar House com မှ အမှုဆောင်အရာရှိချုပ်
ဦးနေမင်းသူက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းများမှာလည်း
အမြင့်ဆုံးအနေအထားများသို့ ရောက်ရှိထားပြီး ဖြစ်သည့်အတွက်
၂၀၁၆ ခုနှစ်တွင် အရောင်းအ၀ယ်များ ပြန်ဖြစ်ရန်မှာ
၂၀၁၅ ခုနှစ်ထက် အိမ်ခြံမြေဈေးနှုန်းများကျဆင်းမည်ဖြစ်ကြောင်း
၎င်းကပြောသည်။

"ကျွန်တော်တို့ ခန့်မှန်းထားသလောက်တော့ လာမယ့်နှစ်မှာ
အိမ်ခြံမြေအရောင်းအ၀ယ်တွေကတော့အများကြီး ပြန်ဖြစ်လာ
နိုင်ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းတွေကတော့ ဒီနှစ်နဲ့ယှဉ်ရင်
ဈေးနှုန်းတွေ ပြန်ကျမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
၂၀၁၆ မှာ တိုက်ခန်းအသစ်တွေ၊ ကွန်ဒိုအသစ်တွေ အများကြီး
ထွက်လာဖို့ ရှိတယ်။ နောက်ပြီး မြို့သစ်တွေ ချဲ့ထွင်မယ်  
ဆိုရင်လည်း မြေနေရာ ပေါ်ထွက်လာမှုတွေကြောင့် ဈေးနှုန်းတွေ
ပြန်ကျနိုင်ပါတယ်" ဟု ဦးနေမင်းသူကပြောသည်။

အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၂ နောက်ပိုင်းတွင် နိုင်ငံ၏
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနည်းပါးမှုများကြောင့် ငွေကြေး ခိုင်မာကာ
အမြတ်အစွန်းများသည့် မြေ၊ ကွန်ဒို၊ တိုက်ခန်းများ၏
အရောင်းအ၀ယ်များ မြင့်တက်မှုများကြောင့် ဈေးနှုန်းများ
တစ်ရှိန် ထိုး မြင့်တက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၂၀၁၆ ခုနှစ်တွင် အစုရှယ်ယာ ဈေးကွက်များ
ထွက်ပေါ်လာပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတိုးလာနိုင်မည့်အတွက်
ယခင်က ရင်းနှီးမြှုပ်နှံမှု အားကောင်းခဲ့သည့် အိမ်ခြံမြေဈေးကွက်တွင်
ဈေးနှုန်းများအနည်းငယ် ကျဆင်းနိုင်ကြောင်း အိမ်ခြံမြေ
လုပ်ငန်းရှင် များက သုံးသပ်သည်။

"ဒီ ၂၀၁၂ နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု ပိုင်းက အိမ်ခြံမြေ တစ်ခုပဲ
ရှိသလိုဖြစ်ခဲ့တော့ ဈေးနှုန်းတွေက အဆမတန်မြင့်တက်သွားတယ်။
ဘာဖြစ်လို့လဲဆိုတော့ ရွှေ၊ ကားနဲ့ ဒေါ်လာတို့ရဲ ဈေးကွက်ကလည်း
ဈေး မတည်ငြိမ်မှုတွေကြောင့် သူတို့ဘက်ကို ရင်းနှီး မြှုပ်နှံမှု
နည်းသွားတယ်။ဒါပေမဲ့ လာမယ့်နှစ် မှာ အစုရှယ်ယာဈေးကွက်
ပေါ်လာမယ်ဆိုရင် ဒီအိမ်ခြံမြေဈေးနှုန်းတွေအပေါ် အကျိုး
သက်ရောက်ပြီး ဈေးနှုန်းတွေပြန်ကျမယ်လို့ ခန့်မှန်းထားပါတယ်" ဟု
အိမ်ခြံမြေ လုပ်ငန်းရှင်များက ပြောသည်။

ထို့ကြောင့် လာမည့် ၂၀၁၆ ခုနှစ်တွင် အိမ်ခြံမြေဈေးနှုန်းများမှာ
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၀ ရာခိုင်နှုန်းမှ
၁၅ ရာခိုင် နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်းလုပ်ငန်း ရှင်များက
ခန့်မှန်းကြသည်။

လတ်တလော ရွေးကောက်ပွဲပြီးစီးသွား သည့် နောက်ပိုင်းတွင်လည်း
အိမ်ခြံမြေဈေးကွက်အတွက် အပြောင်းအလဲများမဖြစ် လာသေး
သော်လည်း နောက်တက်လာမည့် အစိုးရသစ်လက်ထက်တွင်
အိမ်ခြံမြေလုပ်ငန်း ဆိုင်ရာမူဝါဒများ ကောင်းလာရန်
မျှော်မှန်းထားသည်ဟု မန္တလေးအိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ
ဦးတင်မောင်က ပြောသည်။

"အခုရွေးကောက်ပွဲ ပြီးသွားပြီဖြစ်တဲ့အတွက် လာမယ့်
ငါးနှစ်သက်တမ်းမှာကောင်းမွန်တဲ့အစိုးရသစ်တစ်ရပ် ပေါ်လာ
လိမ့်မယ်လို့ မျှော်လင့်တဲ့အတွက်ကျွန်တော်တို့ အိမ်ခြံမြေလုပ်ငန်း
မှာလည်း အရောင်းအ၀ယ် လုပ်တဲ့သူတွေအတွက် ဈေးကောင်းရခြင်း၊
မရခြင်းထက် အိမ်ခြံမြေလုပ်ငန်းအတွက် မူဝါဒတွေ
ကောင်းမွန်လာဖို့ကိုပဲ မျှော်လင့် ပါတယ်" ဟု ၎င်းကပြောသည်။

လာမည့်အစိုးရသစ် လက်ထက်တွင် လည်း လက်ရှိအစိုးရထက်
ကောင်းမွန်သည့် လက်ရှိ အိမ်ခြံမြေမူဝါဒတွေ ပေါ်ထွက်လာ ရန်
မျှော်လင့်ကြောင်း၎င်းကပြောသည်။

"အခုက မြို့ပြလိုနေရာတွေက မြေပိုင်ဆိုင်ဖို့၊ အိမ်ပိုင်ဆိုင်ဖို့
ခက်ခဲကြတယ်။ အဲဒီတော့ ကျူးကျော်အဖြစ်နဲ့နေထိုင်မှုတွေ
ဖြစ်လာတယ်။ အဲဒါရဲ့ အဓိကအချက်က အိမ်ခြံမြေဈေးတွေ
အဆမတန်ကြီးမြင့်တာဖြစ်တဲ့အတွက် ဒီပြဿနာတွေကို
ဖြေရှင်းနိုင်ဖို့က အိမ်ခြံမြေကိုလွယ်လွယ်ကူကူနဲ့ ပိုင်ဆိုင်နိုင်ဖို့ကို
တိကျတဲ့ မူဝါဒတွေနဲ့ ဆွဲနိုင်ဖို့ လိုအပ်ပါတယ်"ဟု
ဦးတင်မောင်က ပြောသည်။

(မြတ်ငြိမ်းအေး)

*****

၃။ "ရွေးကောက်ပွဲ ရလဒ် ကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု
ပိုဝင်လာမည်ဟု UMFCCI ဒုတိယ ဥက္ကဋ္ဌ ပြောကြား"

မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ အသွင် ကူးပြောင်းရေးတွင်
အဓိက အရေးပါသော ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကြောင့်
အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
မဲဆန္ဒနယ်အများစုကို အနိုင်ရရှိခဲ့ရာ ကောင်းမွန်သည့်
အစိုး ရသစ်ဖြစ်လာနိုင်သည့်အတွက်
နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု များ(FDI) ပိုမိုဝင်ရောက်လာနိုင်ကြောင်း
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်
(UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်က
ပြောကြားသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ UMFCCI တွင်
ကျင်းပပြုလုပ်သော Contruction Power & Mining
ကုန်ပစ္စည်းပြပွဲပြုလုပ်ရန် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက
အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

“ ကောင်းမွန်သောအခြေအနေနဲ့ ကောင်းမွန်သော အစိုးရသစ်
ဖြစ်လာနိုင်တဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။
ဒီအချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်လာမှာ
ဖြစ်ပါတယ်။ စီးပွားရေးအခြေအနေကောင်းတွေဖြစ်လာ
နိုင်တယ်လို့လည်း သုံးသပ်ခန့်မှန်းမိပါတယ် ” ဟု
ဒေါက်တာ မျိုးသက်က ဆိုသည်။

NLD ပါတီက အစိုးရသစ်ကို ဖွဲ့စည်းနိုင်မည့် အလားအလာများ
ရှိနေသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်
ကောင်းမွန်သော အခြေအနေကို လက်မလွှတ်သင့်ဘဲ
အမိအရဆုပ်ကိုင်သင့်ကြောင်း ၎င်းက
တိုက်တွန်းပြောကြားလိုက်သည်။

လတ်တလော ရွေးကောက်ပွဲအခြေအနေကြောင့်
ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
လျင်မြန်စွာ စတင်ဝင်ရောက်နေပြီဖြစ်ပြီး
ရွေးကောက်ပွဲလွန်ကာလတွင် ယခုထက်ပိုမိုဝင်ရောက်လာမည်
ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက
ပြောကြားသည်။

လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေ လျင်မြန်ပြောင်းလဲ၍
ပွင့်လင်းမြင်သာလာသည့်အတွက် ပြည်ပနိုင်ငံများမှ
ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုပိုမိုမြင့်တက်လာခဲ့ပြီး
အပြန်အလှန်ကုန်သွယ်မှုပင်မကဘဲ ရင်းနှီးမြှုပ်နှံမှုတွင်လည်း
နိုင်ငံအများက လုပ်ဆောင်လာကြကြောင်း၊
လာမည့် ဘဏ္ဍာနှစ်အတွင်း GDP တိုးတက်မှုနှုန်းသည်လည်း
၈ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဖြစ်သည့်အတွက်
နိုင်ငံခြားရင်းနှီးမှုများ ပိုမိုမျက်စိကျလျက်ရှိကြောင်း
စီးပွားရေး လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှသိရသည်။

credit - The Voice Weekly & The Myanmar Times

Saturday, November 28, 2015

"ဒီလိုမျိုးတွေလည်း ရှိတတ်တယ်(၂)"


"ဒီလိုမျိုးတွေလည်း ရှိတတ်တယ်(၂)"

"အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း ရောင်းဝယ်မှုတွင် စာချုပ်အတုနှင့်
ဆင့်ပွားရောင်းချခြင်းများ ဖြစ်ပေါ်နေ"

အိမ်ခြံမြေတိုက်ခန်းရောင်းဝယ်မှုဈေး ကွက်အတွင်း
စာချုပ်အတုများ၊ ဆင့်ပွားရောင်းချခြင်းများဖြစ်ပေါ်
လျက်ရှိကြောင်း အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ အိမ်ခြံမြေတိုက်ခန်းကဲ့သို့ မရွှေ့ပြောင်းနိုင်သည့်
ပစ္စည်းများအား စာချုပ်အတုများပြုလုပ်ခြင်း၊
ပိုင်ဆိုင်မှု စာချုပ်များကို ဆင့်ပွားရောင်းချခြင်းများကြောင့်
ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်လျှက်
ရှိကြာင်း သိရသည်။

* အခန်းပေး အခန်းယူ ကန်ထရိုက် စနစ် ခေတ်စားခဲ့သည့်
သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ သာကေတ၊
မြောက်ဥက္ကလာပစသည့် မြို့နယ်များတွင်
တိုက်ခန်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍
စာချုပ်ဆင့်ပွား ရောင်းချမှုများအပြင်
* တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သန်လျင်စသည့်မြို့နယ်အများစုတွင်
အိမ်ခြံမြေပိုင်ဆိုင်မှုအတွက် စာချုပ်အတုပြုလုပ်ရောင်းချမှုများ
ရှိကြောင်း သိရသည်။

''ပထမတော့ စပေါ်ပျောက်နဲ့ ငှားနေတာပေါ့။
ငှားလာတာ ကြာလာတော့ ပတ်ဝန်းကျင်မှာ သူပိုင်သလို
ဖြစ်လာ တယ်။
နောက်တော့ တိုက်ခန်းပိုင်ဆိုင်ကြောင်း စာချုပ်အတုတွေ
လုပ်ပြီး ရောင်းတယ်။
အဲဒီ ၀ယ်လိုက်တဲ့လူက လည်း ဈေးကောင်းရလို့ထပ်ပြီး
နောက်တယောက်ကို ရောင်းတယ်။
ပိုင်ရှင်ကပေါ်လာတော့ အရှုပ်အရှင်းတွေ ဖြစ်လာရော။
အခုနောက်ပိုင်း ဒီလိုပြဿနာတွေများလာတယ်''ဟု
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ
အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

''မြေကွက်တကွက်ကို ပိုက်ဆံလိုနေလို့ပါဆိုပြီး
ပွဲစားကနေ ပိုင်ရှင်ဆိုတဲ့ လင်မယားနှစ်ယောက်ကို
ခေါ်လာ တယ်။
သိန်းတရာနဲ့ ၀ယ်ထားတာကို ငွေလိုလို့ သိန်း ၆၀ လောက်နဲ့
အရောင်းအ၀ယ်လုပ်မယ်ပြောတယ်။
နောက်တရက်မှ ပိုင်ဆိုင်မှု တွေပြတယ်။
အရောင်းအ၀ယ်လုပ်ပြီး သုံး၊ လေးရက်လောက်မှာ
ပွဲစားခေါ်လာတဲ့ အိမ်ရှင်ဆိုတဲ့ လင်မယားတွေက
ဝယ်လိုက်တဲ့လူဆီဖုန်းဆက်တယ်။
သူတို့က ပိုင်ရှင်မဟုတ်ပါဘူး။ ပွဲစားခေါ်လို့ လိုက်လာရတာပါလို့
ပြောတယ်။
သူတို့တွေပေးထားတဲ့ မြေကွက်ပိုင်ဆိုင်မှုစာချုပ်က
အတုကြီးဖြစ်နေတယ်။
အဲဒီတော့ ပြဿနာတွေ ဖြစ်ကုန်ရော''ဟု
မြောက်ဒဂုံမြို့နယ်တွင် စာချုပ်အတုဖြင့် လိမ်လည်ရောင်းချမှု
ဖြစ်ခဲ့ပုံကို ဒေသခံတဦးက ပြောသည်။

ထိုကဲ့သို့ ပိုင်ဆိုင်မှု အငြင်းပွားဖွယ်များ၊
စာချုပ်စာတမ်း အရှုပ်အရှင်းပြဿနာများ ဖြစ်ပွားရခြင်းသည် ဝ
ယ်ယူသူ (သို့) ရောင်းချသူများကုန်ကျစရိတ်များပြားမည်ဟု
ထင်ကာ တတ်ကျွမ်းနားလည်သည့် ဥပဒေပညာရှင်များ
ခေါ်ယူလေ့မရှိခြင်းစသည်တို့ကြောင့် ဖြစ်ပေါ်လေ့ရှိကြောင်း
သိရသည်။

အိမ်ခြံမြေ တိုက်ခန်းအရောင်း အ၀ယ်များပြုလုပ်ပါက
အရောင်းအ၀ယ်ပြုလုပ်ထားသည့် စာချုပ်အား
ဝယ်ယူထားသည့်တန်ဖိုးနှင့်ညီမျှသည့် တံဆိပ်ခေါင်း ခွန်
ထမ်းဆောင်ခြင်း၊ စာချုပ်စာတမ်း မှတ်ပုံတင်ကြေးပေးဆောင်၍
မှတ်ပုံတင်ဆောင်ခြင်း စသည်တို့ကို ပြုလုပ်သင့်ကြောင်း
ဥပဒေပညာရှင်များက အကြံပြုပြောဆိုသည်။

ထို့အပြင် အရောင်းအ၀ယ် ပြုလုပ်နေစဉ် ကာလများအတွင်း
ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကန့်ကွက်မှုရှိ၊ မရှိကို
သတ်မှတ်ရက်တခုထား၍ နိုင်ငံပိုင်သတင်းစာမှ
ကြေညာခြင်းသည်လည်း အရှုပ်အရှင်းများရှိခဲ့ပါက
သိရှိနိုင်ကြောင်း သိရသည်။

''အခန်းတခန်းတည်းကို သုံး၊ လေးဦးက ဆင့်ပွားရောင်းချ
လာတာကို တွေ့လာရတယ်။
အဲဒီတော့ အိမ်ခြံမြေ တိုက်ခန်းပဲဖြစ်ဖြစ် မရွှေ့ပြောင်းနိုင်တဲ့
ပစ္စည်းတွေရောင်းဝယ်တဲ့အခါ သတင်းစာ ထဲထည့်ပြီး
ကန့်ကွက်မှုရှိ၊ မရှိ ကြေညာလိုက်၊ နားလည်တတ်ကျွမ်းတဲ့
ရှေ့နေတွေရဲ့အကြံဥာဏ်ကို ရယူပါ။
အိမ်ခြံမြေ တိုက်ခန်းဝယ်တာပဲ၊ ဒါပေမဲ့ ပြဿနာဝယ်မိသလို
ဖြစ်နေတယ်။ နောက်တခုက အခွန်ရှောင်ချင်ကြတယ်။
အဲဒီတော့ မလိုအပ်တဲ့ ပြဿနာတွေဖြစ်နိုင်ပါတယ်''ဟု
အထက်တန်းရှေ့နေတဦးဖြစ်သည့် ဦးအေးထွန်းဒွေးက
အကြံပြုပြောဆိုသည်။

၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင်
အိမ်ငှားရမ်းခြင်း ၀န်ဆောင်မှုလုပ်ငန်းအတွက်
ကုန် သွယ်လုပ်ငန်းခွန် မကျသင့်ကြောင်း ဖော်ပြထားပြီး
နိုင်ငံတော်အတွင်း ဆောက်လုပ်ပြီး ရောင်းချသည့်
အဆောက်အအုံ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင်
သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရ မည်ဟု
ပြဋ္ဌာန်းထားသည်။

(မင်းဗညား)

*****

( “အိမ်ခြံမြေ လမ်းဆုံ” မှ (august) လက
တင်ခဲ့သော post အဟောင်းဖြစ်ပါသည်။
မဖတ်ရသေးသော မိတ်ဆွေများ
လေ့လာ ဖတ်ရှုနိုင်ရန် တွဲ၍ ပြန်တင်ခြင်းဖြစ်ပါသည်။)

"စာရွက်စာတမ်းအတု အများအပြားပေါ်ထွက်လာသည့်အတွက်
အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်ရာတွင်ဂရုစိုက်ရန်လို"

နည်းပညာမြင့်မားလာခြင်းနှင့်အတူ
ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းအတုများကို အစစ် နီးပါး
ခွဲခြားမရအောင် ပြုလုပ်လာကြသည့်အပြင်
အိမ်ခြံမြေအရောင်းအ၀ယ်အေးနေသည့် ယခုလို
အချိန်မျိုးတွင်ဝယ်ရောင်းများ၊ မြေကွက်ပိုင်ရှင်များက
၎င်းတို့၏ ပိုင်ဆိုင်မှု များကို ငွေလှည့်သုံးသည့်ဖြစ်ရပ်များ
ဈေးကွက်အတွင်း အများအပြားတွေ့မြင်နေရသည့်အတွက်
အရောင်းအ၀ယ်များပြုလုပ်ရာတွင် ပိုင်ဆိုင်မှုမှန်၊ မမှန်နှင့်
အရှုပ်အရှင်း ရှိ၊ မရှိကို ဦးစွာစိစစ်ပြီးမှ ၀ယ်ယူသင့်ကြောင်း
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း တာဝန်ရှိသူများက
ပြောသည်။

"တချို့မြေကွက်တွေဆို ဂရန်က နှစ်ခု၊ သုံးခုလောက်တွေ့ရသလို
မြေချပါမစ်တွေ၊ စလစ်တွေဆိုရင်လည်း မြေကွက်တစ်ခုအတွက်ကို
ငါးစောင်၊ ခြောက်စောင်လောက် တွေ့ဖူးတယ်"ဟု
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း(ဗဟို)
အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

*** အိမ်ခြံမြေဈေးကွက်အတွင်း မြေကွက်များ ကို
စလစ်၊ မြေငှားစာချုပ်(ဂရန်)နှင့် မြေချပါမစ်များဖြင့်
အရောင်းအ၀ယ်ပြုလုပ်နေကြခြင်းကြောင့်
ဝယ်သူအများစုသည်
စာရွက်စာတမ်း အထောက်အထားများ မှန်၊ မမှန်ကို
စိစစ်ဝယ်ယူမှု အားနည်းသည့်အတွက်
မသမာ သူများ၊ မြေရှင်အချို့နှင့်ဝယ်ရောင်းအချို့မှ
ယင်းအားနည်းချက်ကို အခွင့်ကောင်းယူကာ
မြေကွက် တစ်ကွက်ကို ၀ယ်ယူသူနှစ်ဦး သို့မဟုတ်
ထို့ထက်ပိုပြီးရောင်းချခဲ့သည့် ဖြစ်စဉ်များကြောင့်
တရားရုံးများတွင် မြေကွက်များကို လက်ရောက်ရရှိလိုမှုဖြင့်
ဦးတိုက်လျှောက်ထားမှုများ အများအပြားတွေ့မြင်လာရသည့်
အတွက် လိမ်လည်ရောင်းချမှုများ ကို အမှုဖွင့်ကာ
တရားစွဲဆိုခဲ့ရသည့် ဖြစ်စဉ်များကိုလည်း
တွေ့မြင်လာရကြောင်း ***
အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

"တချို့စာရွက်စာတမ်းတွေကအတုနဲ့ အစစ်ခွဲဖို့ခက်တယ်။
မြေပိုင်ဆိုင်မှု မှန်၊ မမှန် ကို သွားစစ်ပြီးမှ ငွေချေရင်တော့
ဒီပြဿနာ မဖြစ်ပါဘူး။
အခုနောက်ပိုင်း အရောင်းအ၀ယ် အေးတော့ ပိုင်ရှင်တွေက
ပေါင်ထားတာများတယ်။
တစ်ဖက်ကလည်း ပေါင်ထားပြီးဖြစ် သလို
တစ်ဖက်မှာလည်း ငွေလိုလို့ရောင်းချင်တဲ့အတွက်
အခုလို ဂရန်အတုတွေ၊ ပါမစ်အတု တွေ
ဇာတ်လမ်းဖြစ်လာတယ်" ဟု အေးရိပ်စံ
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးဝင်းထိန်က ပြောသည်။

*** မြို့ကွက်အသစ်များ ဖော်ထုတ်ပြီး အများ ပြည်သူကို
မြေနေရာများချပေးရာတွင် အိုးအိမ်ဦးစီးဌာနက
မိသားစုဓာတ်ပုံပါ မြေချပါမစ် များဖြင့် ချထားပေးခဲ့ပြီး
ပါမစ်စည်းကမ်းအရ ထိုမြေချပါမစ်များကို
တရားဝင်ပြန်လည် ရောင်းချခွင့်မရှိဘဲ
ယင်းမြေကွက်အတွင်း နေအိမ်ဆောက်လုပ်ရန်အတွက်သာ
အထောက်အထားတစ်ခုအဖြစ် ထုတ်ပေးထားခြင်းဖြစ်ပြီး
ဈေးကွက်အတွင်း မြေချပါမစ်များကို အရပ်စာချုပ်များဖြင့် ချုပ်ဆို
အရောင်းအ၀ယ် ပြုလုပ်လာနေခြင်းများ သည်လည်း
တရားဝင်မှုမရှိသည့်အပြင် အိုးအိမ်ဦးစီးဌာနက ထုတ်ပေး
သည့်မြေကွက် များ အမည်ပေါက်မှန်၊ မမှန်ကိုလည်း
စိစစ် ပေးလျက်ရှိကြောင်း ***
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူများက
ပြောသည်။

"ကျွန်တော်တို့က မြေစီမံခန့်ခွဲမှုတွေကိုမလုပ်တော့ပေမယ့်
ကျွန်တော်တို့ထုတ်ပေးထားတဲ့ ပိုင်ဆိုင်မှုအထောက်အထား
မှန်၊ မမှန်ကိုတော့ စစ်ပေးနေပါတယ်"ဟု
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးထွန်းမြင့်အောင်က ပြောသည်။

 ရန်ကုန်မြို့ရှိ အဆောက်အအုံများ၊ မြေကွက်များ၊ မြို့သစ်များရှိ
ပိုင်ဆိုင်မှုဆိုင်ရာ အထောက် အထားများကို ၁၉၉၆ ခုနှစ်မှစ၍
ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီထံ
လွှဲပြောင်းခဲ့ပြီးဖြစ်သော်လည်း အချို့သော အိမ်ရာစီမံကိန်းများနှင့်
စက်မှုဇုန်များကို အိုးအိမ်ဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိပြီး
လွှဲပြောင်းနေဆဲကာလဖြစ်ကြောင်း
၎င်းက ပြောသည်။

 ထို့ပြင်
*** ၀ယ်ယူမည့်မြေကွက်များ၏ ပိုင်ဆိုင်မှု အထောက်အထား
မှန်၊ မမှန်ကိုလည်း
ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ မြေရာ ဌာနတွင်
စိစစ်နိုင်ပြီး အချိန်တစ်ပတ်ခန့်အတွင်း ပြန်လည်
အကြောင်းကြားပေးလျက်ရှိသည်။ ***
မြေရာနှင့် အိမ်ပိုင်ဆိုင်မှုဆိုင်ရာစာချုပ် စာတမ်းများကို
အတုပြုလုပ်ခြင်းများ များပြား လာသည့်အတွက်
ထိုပိုင်ဆိုင်မှုစာချုပ်များကိုအပေါင်အဖြစ်ထားကာ
ငွေကြေးထုတ် ချေးပေးသော ဘဏ်များမှာလည်း
စာချုပ်အတုများဖြင့်ငွေကြေးချေးငှားပြီး အလိမ်ခံ ရမည်ကို
စိုးရိမ်ပူပန်လာရကြောင်း ဘဏ် လုပ်ငန်းရှင်များကပြော
သည်။

"ဂရန်အတုတွေနဲ့ ဘဏ်မှာ ပိုက်ဆံ လာချေးတာမျိုးက
အရင်ကတည်းက ရှိပါတယ်။
ဒါပေမဲ့ အခု ဂရန်အတုတွေများနေတော့ ပိုပြီးတော့
သတိထားနေရတယ်။ ဂရန် အတု၊ အစစ်ခွဲဖို့
သေချာစိစစ်မှုတွေကိုလည်း ပြုလုပ်နေရတယ်"ဟု
သမ၀ါယမဘဏ် အုပ်ချုပ်မှုဒါရိုက်တာ
ဦးဖေမြင့်က ပြောသည်။

"ဘဏ်မှာ အိမ်၊ မြေတွေရဲ့ဂရန်ကို အပေါင် အနေနဲ့ထားပြီး
ပိုက်ဆံချေးပေးတော့မယ်ဆိုရင်
အဲဒီဂရန်ကို အတုလား၊ အစစ်လား ခွဲခြားသိဖို့
ဘဏ်ကနေ ရှေ့နေကိုထပ်ငှားပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ
သွားစစ်ဆေးပါတယ်။

ရှေ့နေငှားခနဲ့ စည်ပင်ကစစ်ဆေးခကိုတော့
ဘဏ်ကနေအကုန်ခံရတာပေါ့။
ဒါပေမဲ့ အဲဒီလိုမစစ်ဆေး ရင် စာချုပ်အတုတွေကိုသာ
အပေါင်ခံမိရင်ဘဏ်ကရှုံးမှာပေါ့"ဟု ၎င်းကပြောသည်။
 စာချုပ်အတုနှင့် ငွေချေးပြီး အလိမ်ခံရ သည့် သတင်းများ
ကို မကြာခဏ ကြားရတတ် သော်လည်း စီဘီဘဏ်သည်
ဂရန်စာချုပ်အတုနှင့် ပိုက်ဆံချေးပြီးအလိမ်ခံရခြင်းကို
ယခုအချိန်ထိ မတွေ့ကြုံရသေးကြောင်း ဦးဖေမြင့်က
ပြောသည်။

"စာချုပ်တစ်ခုတည်းကို အတုသုံးလေးခု လုပ်ပြီး
ဘဏ်တွေအားလုံးနီးပါးခန့်မှာ ချေးငွေယူတာမျိုးတွေ ရှိတယ်။
စာချုပ်အစစ်တစ်ခု ကို လက်ထဲမှာ ကိုင်ထားပြီး
အတုတွေလုပ်ပြီးဘဏ်တွေကို စာချုပ်အတုပြပြီး
ချေးတာမျိုး တွေလည်း တွေ့ရတယ်။
တချို့လူတွေကျ သူတို့ဝယ်ထားတဲ့အိမ်တွေ၊ မြေတွေက
စာချုပ် အတုနဲ့ လိမ်ရောင်းခံထားရတယ်ဆိုတာ သူတို့
ကိုယ်တိုင်မသိဘဲ ငွေလာချေးတဲ့သူမျိုး တွေလည်းရှိတယ်"ဟု
၎င်းက ပြောသည်။

(ဇေယျာလင်း, တင်ရတနာထွန်း)

credit - စောင့်ကြည့်သတင်းဂျာနယ် &
Myanmar Times

"ဒီလိုမျိုးတွေလည်း ရှိတတ်တယ်(၁)"


"ဒီလိုမျိုးတွေလည်း ရှိတတ်တယ်(၁)"

"လယ်မြေ ၀ယ်ရောင်း ပိုင်ဆိုင်မှုမစစ်လို့
ပြဿနာတွေ ကြုံနေရ"

အကွက်ရိုက်ရောင်းချတဲ့ လယ်မြေ ကွက်တွေကို
ပိုင်ဆိုင်မှုမစစ်ဆေးပဲ တန်ဖိုးသက်သာတယ်ဆိုပြီး ၀ယ်ပြီးမှ
အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ မြေကွက်တွေ
မဟုတ်တာကို သိရကြောင်း ကိုယ်တိုင်ဝယ်ယူထားသူ
တချို့ ဆီကသိရပါတယ်။

ရွှေပြည်သာမြို့နယ်အတွင်းရှိ သမင်တက်ကွင်း၊တံတားကြီးကွင်း၊
သာဓုကွင်း၊ လှော်ကားကွင်း၊ သံဒင်း အစရှိတဲ့ နေရာတွေမှာ
အစိုးရပိုင်မြေကွက်တွေကို တောင်သူပိုင် ပိုလျှံပလပ်မြေဆိုပြီး
ရောင်းချ ကြတာလို့သိရတယ်။

*** သိမ်းဆည်းမြေတွေ ဖြစ်တာကြောင့်
လယ်အမည်ပေါက်တွေကို လယ်ယာလုပ်ပိုင်ခွင့်
ပြန်လည်မရရှိသေးတဲ့ မြေတွေဖြစ်ကာ
လယ်ပွဲစားတစ်ချို့က ဧကအလိုက်ဝယ်ယူပြီး
တရားဝင်မဟုတ်တဲ့ မြေပုံတွေမှာ အကွက်တွေ ခွဲပြီး
အခိုင်အမာပုံစံမျိုးနဲ့ ရောင်းချနေကြတာလို့
သိရပါတယ်။ ***

“၂၀၁၃ ခုနှစ်နှစ်လယ်ပိုင်း ဇူလိုင်လ၀န်းကျင်က
လယ်ပွဲစားဆီကနေ တစ်ဆင့်ဝယ်ခဲ့တာ၊ ဈေးကလည်း
သက်သာတယ်ဆိုပြီး စာရွက်စာတမ်းတောင်းကြည့်တော့
မြေခွန်စာရွက်ရယ်၊ အိမ်ထောင်စုစာရင်း စာရွက်တွေပြတယ်၊
ကိုယ်ကလည်း ယုံပြီးဝယ်ခဲ့တာ၊
အခုသေချာစုံစမ်းကြည့်တော့မှ တရားဝင်ချပေးထားတဲ့
အကွက်တွေမဟုတ်ဘူး၊
စာချုပ်ချုပ်တော့လည်း ကိုယ့်ရဲ့အားနည်းချက်လည်း
ပါပါတယ်၊ တစ်ခါမှကိုမသိတဲ့ နာမည်နဲ့လူက လက်မှတ်ထိုး
ပေးတာ” လို့ ရွှေပြည်သာမြို့နယ်ရှိ အကွက်ရိုက်မြေကို
သိန်း၁၀၀ဖိုး ၀ယ်ခဲ့တဲ့ ဒေါ်ခင်ခင် (အမည်လွှဲ)က
သူကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်၊၊

"ဆွဲဆောင်နည်းက"
==========
လယ်မြေ တွေကို ရောင်းချစဉ်က
- တညင်းကုန်းလမ်းဆုံမှ ရွှေပြည်သာမြို့နယ်ကို ဖြတ်ပြီး
မှော်ဘီတိုင်အောင် လမ်းဖောက်မယ်၊
ဓာတ်တိုင်တွေစိုက်တော့မှာ၊
နေပြည်တော်ကို လူလွှတ်ပြီး ပိုင်ဆိုင်ခွင့်ရဖို့ ငွေပေးပြီး
အချိန် နှစ်လ၊သုံးလ အတွင်းကျမယ်ဆိုပြီး
ဆွဲဆောင်ကြသလို
- လယ်မြေအတွက် ပြဿနာပေါ်ပေါက်လာပါက
ငွေပြန်လျော်ပေးနိုင်တယ်။ ရပ်ကွက်တာဝန်ရှိသူတွေ၊
တာဝန်ခံတွေကလည်း သိရှိအသိအမှတ်ပြုထားတယ်လို့
ဝယ်ယူသူတွေကို အတိအကျပြောဆိုပြီး
ရောင်းချထားတာလို့ သိရပါတယ်။

*** ဌာနကချပေးထားတဲ့ အကွက်တွေလိုမျိုး
တရားဝင်မဟုတ်ပဲ မြေပုံတွေနဲ့ အကွက်တွေဆွဲပြီး
ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ ပြသတယ်၊၊
အကွက်ဆွဲ ထားတာက ပေ၂၀x ပေ ၆၀၊ပေ၂၀x ပေ၈၀၊
ပေ၂၀x ပေ၁၅၀၊ ပေ၂၀x ပေ၁၀၀ စတဲ့နံပါတ်တွေတပ်၊
တိုင်းတာပြီး ရောင်းချတာလို့ ဆိုတယ်။
မြေတစ်ကွက်ကို သိန်း ၂၀၊၂၅ သိန်း၊ သိန်း၃၀ စသည်ဖြင့်
ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချတာဖြစ်ပါတယ်။ ***

“လူသိရှင်ကြားရောင်းချနေတာ၊
ဒါကြောင့်လည်း တရားဝင်ရောင်းချတာလို့ ထင်မိတာ၊
သေချာမသိတော့ တကယ်ထင်ပြီး၊ ယုံကြည်မှု့နဲ့ဝယ်ခဲ့တာ၊
ဝယ်ယူစဉ်မှာ လဲရပ်ကွက်တာဝန်ရှိသူတွေက တစ်စုံတစ်ရာ
သတိပေးတားမြစ်တာမျိုး မရှိဖူး၊
ဝယ်ပြီး လေးလ၊ငါးလအကြာမှာ သက်ဆိုင်ရာဌာနကနေ
မကျူးကျော်ရဆိုပြီး ခြံခတ်သွားတယ်၊
ရှိစုမဲ့စု ၀ယ်ထားကြတာဆိုတော့ သက်ဆိုင်ရာဌာနတွေအထိ
တိုင်ကြားထားတယ်” လို့ မြေကွက်ဝယ်ယူမိသူ
ဒေါ်ရီရီ (အမည်လွှဲ)ကပြောပါတယ်။

"ထပ်မံလိမ်လည်"
=========
* လယ်ယာလုပ်ပိုင်ခွင့် မကျသေးတဲ့ မြေတွေကို
ရောင်းချတယ်။
* လုပ်ပိုင်ခွင့်မကျသေးတဲ့ မြေမှန်းသိရှိတဲ့ သူတွေကို
ဝယ်ရောင်းလုပ်နေတဲ့ မြေပွဲစားတွေက အထူးဂရံလျှောက်ခွင့်
ပေးထားတယ်။
* ဌာနဆိုင်ရာတွေ အကြီးအကဲတွေရဲ့ အမည်တွေကိုသုံးပြီး
ဂရန်လျှောက်ထားဖို့အတွက် မြေ၀ယ်ထားသူတွေကို
အခိုင်အမာ ပုံစံနဲ့ဌာနဆိုင်ရာနာမည် တွေတပ်ပြီး
စာရွက်စာတမ်းတွေပေးကာ ဆန္ဒ္ဒ္ဒတောင်းခံမှု့ဆိုပြီး
လက်မှတ်ထိုးခိုင်းတယ်။
* ထိုသို့လျှောက်ထားမှု့အတွက် ကုန်ကျစရိတ်အတွက်
ငွေဖြတ်ပိုင်းစာရွတ်နဲ့ အတိအလင်းပုံစံ စာရွတ်စာတမ်းအတု
ပြုလုပ်ပြီး ငွေတောင်းခံတယ်လို့ သိရပါတယ်။
* လိမ်လည်ထားတဲ့ စာရွတ်စာတမ်းအားလုံးကို အတိအကျ
အခိုင်အမာ တရားဝင်ကဲ့သို့ ပြုလုပ်ပြီး
လိမ်လည်တာလို့ဆိုတယ်။

ဒေါ်ခင်ခင်က
“အန်တီလဲ အသုံးမကျတာပါ၊ ကိုယ့်အမှားလည်းပါတယ်၊
ပထမ မြေကွက်ဝယ်ဖို့လာပြောတဲ့သူနဲ့ ခင်နေတော့
ယုံမိလိုက်တာနဲ့ ပိုက်ဆံပုံပေးလိုက်မိတာ၊
ကျန်းမာရေးကြောင့်ဆေးရုံတက်နေစဉ်မှာပဲ
စာရွတ်စာတမ်းလာပို့တော့ စာချုပ်မှာက
ကိုယ်မတွေ့မမြင်ဖူးတဲ့သူ နာမည်နဲ့
စာချုပ်ပါအကြောင်းအရာတွေကလဲ သူတို့ဘက်ပါအောင်
ရိုက်နှိပ်ထားတယ်၊ ကိုယ့်မှာလဲ ဘာမှမလုပ်နိုက်ဘူး
ဖြစ်နေတယ်” လို့ပြောပါတယ်။

"ငွေပြန်အမ်းပေးတယ်"
============
ဝယ်ယူထားမိတဲ့ သူတစ်ချို့ထဲက မခံနိုင်တဲ့သူတချို့က
စာရွတ်စာတမ်းတွေ အကုန်စုပြီး ခံရတဲ့သူတွေ စုပေါင်းပြီး
တိုင်းဒေသကြီးရုံးတွေအထိ စာတင်ပြီးတိုင်ကြားထားတယ်။
မတိုင်ကြားခင်က ထိုသို့ပြုလုပ်ရောင်းချတဲ့သူဆီ
သွားရောက်ညှိုနှိုင်းပေမယ့် မပြေလည်တာကြောင့်လို့ ဆိုတယ်။
တိုင်ကြားတဲ့ သတင်းကြောင့် တချို့ကိုငွေပြန်အမ်းတယ်လို့
သိရတယ်။

“တိုင်းဒေသကြီးကို စာတင်တယ်ကြားတော့မှ
ပြန်ပြီး ပိုက်ဆံပြန်အမ်းပေးတယ်၊
ဒါပေမယ့် အကုန်လုံးမဟုတ်ဘူး၊
ဝယ်ထားတဲ့ သူတွေအားလုံးမဟုတ်ဖူး၊
တစ်ချို့ဆို ဂရန်လျှောက်ဖို့ ငွေသုံးသိန်းပါထပ်ပေးထားတာတွေ
ရှိတယ်၊
အခုစည်ပင်ရုံးကြီးကနေ တစ်ဆင့် အဲ့လိုလူလိမ်တွေ
စီးပွားရေးလုပ်လို့ မရအောင် ဌာနတွေအဆင့်ဆင့်
တိုင်ကြားသွားမှာ၊ လိုအပ်ရင်နေပြည်တော်အထိ
စာတင်မှာ”လို့ဒေါ်ရီရီက ပြောပါတယ်။

အခုလို လိမ်လည် ရောင်းချမှုတွေကို ၀ယ်ယူမိသူတွေ
တစ်နေ့တစ်ခြား များလာတယ်။
ဒေါ်ခင်ခင်၊ ဒေါ်ရီရီတို့ ၀ယ်ထားတဲ့ မြေရောင်းသူထံမှ
ဝယ်ယူမိထားသူက ခုနစ်ဦးလောက်ရှိပြီး တန်ဖိုးမှာ
သိန်းထောင်ဂဏန်းဖိုး ရှိတယ်လို့ သိရပါတယ်။

credit - Kumuda journal via winning land

“ထူခြား အိမ်ခြံမြေဆက်စပ် သတင်းများနှင့် ဈေးကွက် အခြေအနေ”


“ထူခြား အိမ်ခြံမြေဆက်စပ် သတင်းများနှင့်
ဈေးကွက် အခြေအနေ”


၁။ "မြန်မာ-တောင်ကိုရီးယား ချစ်ကြည်ရေး ဒလ တံတား
တည်ဆောက်ရေး နှင့် လူစီးတွဲ အသစ် (၁၀၀) ဝယ်ယူရေး
သဘောတူညီချက် လက်မှတ် ရေးထိုး"

မြန်မာ- တောင်ကိုရီးယား ချစ်ကြည်ရေး
“ဒလ” တံတား တည်ဆောက်ရေး နှင့် လူစီးတွဲ အသစ် (၁၀၀)
ဝယ်ယူရေး သဘောတူညီချက် အပေါ် ဆောက်လုပ်ရေး ဝန်ကြီး
ဌာန၊ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် တောင်ကိုရီးယား
ပို့ကုန်သွင်းကုန် ဘဏ် (Korea Exim Bank) တို့ နိုဝင်ဘာလ
၁၆ ရက်တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့ကြောင်း
ရထားပို့ ဆောင်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေး
ရန်ပုံငွေ (EDCF) ချေးငွေဖြင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး
“ဒလ” တံတား တည်ဆောက်ရေး အတွက် ဆောက်လုပ်ရေး
ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမြင့်နှင့်
တောင်ကိုရီးယား ပို့ ကုန် သွင်းကုန် ဘဏ် ဥက္ကဌ
Dr.Lee Duk-Hoon တို့ က လည်းကောင်း ၊
အမေရိကန် ဒေါ်လာ ၄၅ သန်း တန်ဖိုးရှိ လူစီးတွဲအသစ် ၁၀၀
ဝယ်ယူရေးအတွက် ရထားပို့ ဆောင်ရေး ဝန်ကြီးဌာန ၊
ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းနှင့် ကိုရီးယားပို့ ကုန်သွင်းကုန် ဘဏ်
ဥက္ကဌ Dr.Lee Duk-Hoon တို့ က လည်းကောင်း
ပြည်ထောင်စု ဝန်ကြီးများနှင့် တောင်ကိုရီးယားနိုင်ငံ
သံအမတ်ကြီးတို့ ၏ ရှေ့ မှောက်တွင် သဘောတူ လက်မှတ်
ရေးထိုးခဲ့ကြကြောင်း သိရသည်။

မြန်မာ-တောင်ကိုရီးယား ချစ်ကြည်ရေး ဒလတံတား
စီမံကိန်းသည် ရန်ကုန်မြို့ နှင့် ဒလမြို့ နယ်သို့ လွယ်ကူ
ချောမွေ့ စွာ ဆက်သွယ် သွားလာနိုင်ရေး အတွက် ရန်ကုန်မြစ်ကို
ဖြတ်၍ တည်ဆောက်မည့် နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်
စီမံကိန်း ဖြစ်ကြောင်း ၊
ရန်ကုန်မြို့ နှင့် ဒလမြို့ နယ်များမှ ရေလမ်းခရီးကိုသာ အသုံးပြု၍
ကုန်စည်များ ပို့ ဆောင် ဆက်သွယ် သွားလာနေရသဖြင့်
စီမံကိန်းကြီး အကောင်အထည်ဖော် ပြီးစီးပါက ရန်ကုန်မြို့ ၊
မြို့ တွင်းလမ်းမှ အဝေးပြေး လမ်းမကြီး အမှတ် (၁) နှင့်
ချိတ်ဆက်နိုင်မည် ဖြစ်၍
ဒလမြို့ တစ်ဖက်ကမ်းရှိ ဒေသခံများ၏ လူနေမှု အဆင့်အတန်း
မြင့်တတ်လာနိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊
ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က ပြောကြားခဲ့ကြောင်း
သိရသည်။

*****

၂။ "ရန်ကုန်မြို့ ဆင်ခြေဖုံး လေးမြို့နယ်ရှိ မြေပိုင်ဆိုင်မှု
အထောက်အထားမရှိဘဲ ကျူးကျော်ကဲ့သို့ နှစ်ရှည်
နေထိုင်သူများကို ဂရန်ထုတ်ပေးရန် စတင် စိစစ်နေ"

ရန်ကုန်မြို့၏ ဆင်ဖြေဖုံး မြို့နယ်များဖြစ်သော တောင်ဥက္ကလာပ၊
မြောက်ဥက္ကလာပ၊ သာကေတ၊ ဒေါပုံစသည့် လေးမြို့နယ်
အတွင်းရှိ မြေပိုင်ဆိုင်မှု အထောက်အထားမရှိဘဲ
ကျူးကျော်ကဲ့သို့ နှစ်ရှည်နေထိုင်သူများကို ဂရန်များထုတ်ပေးရန်
စိစစ်မှု စတင်ပြုလုပ်နေကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့်
မြေစီမံခန့်ခွဲမှုဌာနမှ သိရသည်။

ထိုကဲ့သို့ မြေဂရန်များ ထုတ်ပေးနိုင်ရန်အတွက်
စက်တင်ဘာ ၁၇ ရက်မှ စတင်၍
သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်ရွေးကောက်ခံ
ကိုယ်စားလှယ်၊ မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူး၊ မြေပိုင်းဆိုင်ရာ
စိစစ်သူများပါဝင်သည့် အဖွဲ့က မြေပြင်စာရင်းများ
ကောက်ယူခဲ့ရာ
ပထမအသုတ်အဖြစ် ယင်းအဖွဲ့မှ တင်ပြလာသည့်
စာရင်းများအရ
မြောက်ဥက္ကလာပ မြို့နယ်တွင်  အိမ်ထောင်စု ၂၃၀ စုဖြင့်
အများဆုံးဖြစ်ပြီး
တောင်ဥက္ကလာပ မြို့နယ်တွင် အိမ်ထောင်စု ၉၂ စု၊
သာကေတ မြို့နယ်တွင် ၅၁ စုနှင့်
ဒေါပုံမြို့နယ်တို့တွင် ၁၀စု စုစုပေါင်း အိမ်ထောင်စု ၃၈၃ စု
ရှိကြောင်း သိရသည်။

ဂရန် ထုတ်ပေးရာတွင် ဂရန်စာအုပ်ဖိုး ကျပ်ငါးသောင်းနှင့်
မြေအကျယ်အ၀န်းအလိုက် စတုရန်းပေဖြင့် အခြေခံ
တွက်ချက်၍ သတ်မှတ်နှုန်း ပေးသွင်းရမည်ဟု သိရသည်။

*****

၃။ "ရွေးကောက်ပွဲပြီးကာလ အိမ်ခြံမြေဈေးကွက်
အရောင်းအ၀ယ်အေးနေ"

ရွေးကောက်ပွဲအပြီး ပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင်
ငှားရမ်းမှုရှိသော်လည်း အရောင်းအ ၀ယ်ဖြစ်မှု ၅၀ ရာခိုင်နှုန်း
လျော့ ကျသွားကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
လုပ်ကိုင်နေသူ များက ပြောသည်။

ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်များအနေဖြင့်
ရွေးကောက်ပွဲပြီး နောက် တက်လာမည့်အစိုးရလက်ထက်တွင်
ဖြစ်ပေါ်လာနိုင် သော အိမ်ခြံမြေ ဈေးနှုန်းများ၊ အိမ်ခြံမြေမူဝါဒ
အပြောင်းအလဲပေါ် မူတည်၍ ဈေးကွက်အခြေအနေကို
စောင့်ကြည့်ပြုလုပ်နေကြကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းမှ ဦးစိုင်းခွန်နောင်က ပြောသည်။

အိမ်ခြံမြေ ၀ယ်ယူထားသူ များသည် အရောင်းအ၀ယ်
အေး နေခြင်းကြောင့် ထပ်မံဝယ်ယူခြင်း မပြုလုပ်ကြဘဲ
ငှားရမ်းမှုသာ ပြု လုပ်နေကြသည်။

ငှားရမ်းမှုများ တွင် လတ်တလော၌ နိုင်ငံခြား ကုမ္ပဏီများ၊
ပြည်တွင်း စား သောက်ဆိုင်လုပ်ငန်းများနှင့် အ ခြား စီးပွားရေး
လုပ်ငန်းများအ တွက် ငှားရမ်းမှုများကြောင်း အိမ် ခြံမြေ
အကျိုးဆောင်လုပ်ငန်းလုပ် ကိုင်နေသူအချို့က ပြောသည်။

‘‘တစ်နိုင်ငံလုံး အတိုင်းအ တာအရ အရောင်းနဲ့ အငှားဆိုရင်
အငှားကတော့ ဖြစ်တယ်။ အ ရောင်းအ၀ယ်က တော်တော်
နှေး ကွေးတယ်။ အရောင်းအ၀ယ်ဖြစ်မှုက ရာခိုင်နှုန်း
ထက်ဝက်လောက် ကျတယ်။ တချို့ နေရာတွေမှာ အိမ်ခြံမြေ
အရောင်းအ၀ယ်ဖြစ်မှု ၅၀ ရာခိုင်နှုန်းကျော် ကျသွား တယ်’’
ဟု ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
မန်နေဂျင်း ဒါရိုက်တာ ဦးတင် မောင်က ပြောသည်။

အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက်သည်
ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ကိုယ်တိုင် အရောင်းအ၀ယ်
ပြုလုပ်နိုင်ခြင်းကြောင့် ရပ်တန့်မည် မဟုတ်ဘဲ
လူဦးရေ တိုးတက်လာခြင်း ကြောင့် စတော့ရှယ်ယာ ဈေး ကွက်
ပေါ်ပေါက်လာလျှင်ပင် ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို 
ထိခိုက်မှုမရှိကြောင်း၊
လာမည့် နှစ်အတွင်း ကွန်ဒိုတိုက်ခန်းအသစ်များ
ဈေးကွက်အတွင်း ထပ် မံပေါ်ပေါက်လာနိုင်သဖြင့် ဈေး နှုန်းများ
ကျဆင်းဖွယ်ရှိကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူ
အချို့က ခန့်မှန်းသည်။

‘‘စတော့ရှယ်ယာဈေးကွက် ပေါ်လာရင် ပြည်သူတွေ
နောက် ထပ်ရွေးချယ်စရာ အခွင့်အလမ်း တစ်ခုရလာနိုင်တယ်။
၂၀၁၆ မှာ အိမ်ခြံမြေအရောင်းအ၀ယ်ဖြစ် လာနိုင်တယ်။
လာမယ့်နှစ်မှာ ကွန်ဒိုနဲ့ တိုက်ခန်းအသစ်တွေ ခန့် မှန်း
ငါးသောင်းကျော်လောက်ပြီး နိုင်တယ်။ ဒါကြောင့်
ရောင်းချင် တဲ့ သူများလာပြီး ဈေးနှုန်းလည်းး
ကျလာနိုင်တယ်’’ဟု iMyanmar House com မန်နေဂျင်း
ဒါရိုက် တာ ဦးနေမင်းသူက ပြောကြားသည်။

စတော့ရှယ်ယာဈေးကွက် ကို အစိုးရက အကောင်အထည်
ဖော်ဆောင်ရွက်ရန် စီစဉ်နေသော် လည်း
အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက်သို့ အကျိုးသက်ရောက်မှု
မရှိနိုင်ကြောင်း အိမ်ခြံမြေဈေး ကွက်ကျွမ်းကျင်သူအချို့က
ဆို သည်။

‘‘စတော့ရှယ်ယာဈေးကွက် ၀င်လာရင် အိမ်ခြံမြေဈေးကွက်ကို
ရိုက်ခတ်မှု မရှိနိုင်သေးဘူး။ စတော့အိတ်ချိန်းကလည်း နိုင်ငံ နဲ့
ရင်းနှီးမှု သိပ်မရှိသေးတာ ကြောင့် ချက်ချင်းကြီးထိခိုက်မှု
မရှိနိုင်ဘူး။ အနာဂတ်မှာတော့  တက်လာမယ့် အစိုးရရဲ့
မူဝါဒ ပေါ် အများကြီး မူတည်တယ်။ ပြည်ပလုပ်ငန်းရှင်တွေ
သဘော ကျလောက်မယ့် မူဝါဒတည်ငြိမ်မှု ရှိရင်
အိမ်ခြံမြေဈေးကွက်ကောင်း လာနိုင်မယ်’’ဟု
ဦးစိုင်းခွန်နောင် က ပြောသည်။

(မိုးမြင့်ဇော်)

credit - Xinhua Myanmar / Eleven Media Group &
7day daily

Tuesday, November 24, 2015

"စရန်ငွေရယူပြီး ရောင်းချရန်ပျက်ကွက်လျှင် ဥပဒေအရ ဆောင်ရွက်ပိုင်ခွင့်"


"စရန်ငွေရယူပြီး ရောင်းချရန်ပျက်ကွက်လျှင်
ဥပဒေအရ ဆောင်ရွက်ပိုင်ခွင့်"


ပစ္စည်းတစ်ခုအားအရောင်း အဝယ်ပြုကြရာတွင်
စရန်ငွေပေး ကတိစာချုပ်ကို ချုပ်ဆို၍ စရန်ငွေပေးလေ့
ရှိကြသည်။
အိမ် ခြံ မြေ၊ တိုက်ခန်းများ အရောင်းအဝယ်ပြုကြရာတွင်လည်း
စရန်ငွေပေးကတိ စာချုပ်ကို ချုပ်ဆိုကြပေသည်။

ဤတွင်
ငွေအကြေချေ သည့်နေ့၌ ပစ္စည်းရောင်းသူက
မရောင်းတော့ဟု ငြင်းဆို၍သော်လည်း ကောင်း၊
အတွေ့မခံဘဲခရီးထွက်နေ သည်ဟုအကြောင်းပြကာ
သတ်မှတ် ရက်ကျော်လွန်သည်အထိတိမ်းရှောင်နေ၍
သော်လည်းကောင်း၊ 
ပျက်ကွက်သည့်ကိစ္စရပ်များ မကြာ ခဏဖြစ်လေ့ရှိပေသည်။

တစ်နေ့က
- မိတ်ဆွေတစ် ဦးမှ၎င်းအနေဖြင့်ဂရန်မြေနှင့်တိုက် ကို
ငွေကျပ်သိန်းသုံးထောင်ဖြင့်ဝယ် ယူရန်စရန်ငွေပေး
အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုခဲ့ကြောင်း၊
- ယင်း စရန်ပေး စာချုပ်ချုပ်ဆိုသည့်နေ့ တွင်စရန်ငွေ အဖြစ်
ငွေ ကျပ်သိန်း တစ် ထောင်ပေးခဲ့ကြောင်း၊
- သတ်မှတ်ရက် ပြည့်သည့်နေ့၌ကျန်ငွေသွားရောက် ပေးရာ
ရောင်းသူခရီးထွက်နေကြောင်း ပြောသဖြင့်
- ရပ်ကွက်အုပ်ချုပ်ရေးရုံး သို့သွားရောက်သတင်းပို့
ထားကြောင်း၊
- လိမ်လည်မှုဖြင့်တရားစွဲဆို၍ရနိုင်ပါသလားဟုမေးမြန်း
လာပါသည်။
ထို့ကြောင့် ဤဆောင်း ပါးကို ဗဟုသုတ အဖြစ်ရေးသား
လိုက်ပါသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇ သတ်ကြီး) ပုဒ်မ-၄၂ဝတွင်
* မည်သူမဆိုလှည့်ဖြားခြင်းခံရသူအားတစ်ခုခုသော ပစ္စည်းကို
သူတစ်ဦးတစ် ယောက်သို့ပေးအပ်စေရန်လိမ်လည်၍
မရိုးမဖြောင့်သော သဘောဖြင့်သွေး ဆောင်လျှင်
ထိုသူကို ခုနစ်နှစ် ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊
ချ မှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် * ဟု
ပြဋ္ဌာန်းထားပေ သည်။

လိမ်လည် လှည့်ဖြားခြင်း ဆိုသည့် စကားရပ်နှင့်စပ်လျဉ်း၍
ဦး ခင်မောင်လေးပါ (၇)ဦးနှင့်ပြည်  ထောင်စုမြန်မာနိုင်ငံတော်၊
၁၉၉၆ ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံး-စာမျက်နှာ - ၂၈-
စီရင်ထုံးတွင် အောက်ပါ အတိုင်း
ဆုံးဖြတ် အဓိ  ပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။
လိမ်လည် လှည့်ဖြားလို သောသဘော (သို့မဟုတ်)
မရိုးမ ဖြောင့်သောသဘောဖြင့်ပစ္စည်းတစ် စုံတစ်ခုကို
ပေးအပ်ရန်ဖြစ်စေ၊
ဆက် လက်ထားရှိရန်ဖြစ်စေ၊
သွေးဆောင် ခြင်းသည် လိမ်လည်မှုဖြစ်သည်။
လိမ်လည် လှည့်ဖြားခြင်း ဆိုသည် မှာ လိမ်လည်လှည့်ဖြားရန်
အကြံ နှင့်ပြုလုပ်ခြင်းဖြစ်ပေသည်။
လိမ်လည် လှည့်ဖြား ဆို သည့် စကားရပ်မှာ၊ သူတစ်ပါးအပေါ်
မကောင်းသည့်စိတ်စေတနာဖြင့် ပင်ဖြစ်သည်ဟုဆိုရပေမည်။
ပြစ်မှုကျုးလွန်သူတွင် ပြစ်မှုကျူးလွန်ရန် အတွက်
ပြစ်မှုမကင်းသော စိတ် ရှိရမည်ဖြစ်သည်။
ပြစ်မှုမကင်းသော စိတ်ဆို သည်မှာ
မရိုးမဖြောင့်သော စိတ် ကိုဆိုလိုသည်။

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၄ တွင် မရိုးမဖြောင့်ခြင်းဆို ရာ၌
မတရားရယူစေရန် အကြံနှင့် သော်လည်းကောင်း၊
မတရားဆုံးရှုံး စေရန်အကြံနှင့်သော်လည်းကောင်း၊
မည်သူမဆို တစ်ဦးတစ်ယောက် သောသူအားပြုခြင်းကို
ဆိုလိုသည်ဟု ဖွင့်ဆိုထားသည်။
မတရားရယူခြင်းဆိုသည်မှာ ရယူသူသည် ဥပဒေ နှင့် အညီ
ပိုင်ဆိုင်ခွင့်မရှိသော ပစ္စည်း ကိုမတရားသောနည်းဖြင့်
ရယူခြင်း ကိုဆိုလို၍
မတရားဆုံးရှုံးခြင်းဆို သည်မှာ ဆုံးရှုံးသူသည် ဥပဒေနှင့် အညီ
ပိုင်ခွင့်ရှိသော ပစ္စည်းကို မ တရားသောနည်းဖြင့် ဆုံးရှုံးခြင်းကို
ဆိုလိုကြောင်း အဓိပ္ပာယ်ဖွင့်ဆိုဆုံး ဖြတ်ထားပေသည်။

''မစိန်ရင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (ဦးဘသောင်း)
၁၉၆၆ ခုနှစ်မြန်မာနိုင်ငံတရားစီ ရင်ထုံး-စာမျက်နှာ-၃၈၁''
အမှုတွင်
- ဦးဘသောင်းက မစိန်ရင်အပေါ် ဆိုင်ခန်းများ
လွှဲပြောင်းပေးမည်ဟု ဆိုကာ ငွေများရယူသွားပြီး၊
လွှဲ ပြောင်းမပေးသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ
လိမ်လည်မှုဖြင့် တရားစွဲဆိုခဲ့သော  အမှုဖြစ်သည်။
- တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ ယခုအမှုတွင် ဆိုင်ခန်းမရှိ၊
ပစ္စည်း မရှိဘဲနှင့် မရှိသော ဆိုင်ခန်းနှင့်မရှိ သောပစ္စည်းကို
လွှဲအပ်ပါမည်ဟု လိမ်လည်လှည့်ဖြား၍ ငွေတောင်း ခံခဲ့ခြင်းမျိုး
မဟုတ်ပေ။
- ဆိုင်ခန်းနှင့် ပစ္စည်းများမှာ လက်ရှိဖြစ်သည်။
ငွေရယူပြီးသည့်နောက်မှအကြောင်း အမျိုးမျိုးကြောင့်
ဆိုင်ခန်းနှင့်ပစ္စည်း များကိုပေးအပ်ခြင်းမပြုသည်မှာ
ချုပ်ဆိုထားသော ကတိကဝတ်ကို ဖောက်ဖျက်ရာ ကျပေသည်။
- ရာဇ ဝတ်ကြောင်းနှင့် မသက်ဆိုင်ပေ။
တရားမကြောင်းနှင့်သာ သက်ဆိုင် ကြောင်း
ဆုံးဖြတ်ထားပေသည်။

ထို့အတူ
''ဦးဘိုးကျင် ပါ (၂)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ တော်
၁၉၈၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၃၂''
အမှုမှာ
- ကျုံပျော်မြို့၊ မြဝတီရပ်နေ ဦးအုန်းမောင်က၊
သူ့အားဦးဘိုး ကျင်နှင့် ဒေါ်ခင်ထွေးတို့က အိမ် နှင့်မြေကို
တန်ဖိုးငွေကျပ် တစ် သောင်းလေးထောင်ငါးရာကျပ်ဖြင့်
ရောင်းချရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
- စရန်ငွေကျပ်ငါး ထောင်ကို သက်သေလူကြီးများ
ရှေ့မှောက်တွင်ပေးခဲ့သည်။
- ကျန် ငွေကျပ်ကိုးထောင့်ငါးရာကို ၁၉၈၂ ခုနှစ် မတ်လကုန်တွင်
ပေးချေပြီး အရောင်းအဝယ်စာချုပ် ချုပ်ဆို ကြရန်
သဘောတူခဲ့ကြသည်။
- ကျန်ငွေကို သတ်မှတ်ရက်တွင် သွားရောက်ပေးချေရာ
ဦးဘိုးကျင် က လက်မခံသဖြင့် စရန်ငွေကျပ် ငါးထောင်ကို
ဦးဘိုးကျင်တို့က စာ ချုပ် ချုပ်ဆိုပြီး လိမ်လည်ရယူ ကြောင်း
ဖော်ပြ၍ ရဲစခန်းသို့တိုင် ကြားခဲ့သည်။
- ရဲစခန်းမှ ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၄၂ဝဖြင့် တရား ရုံးသို့
စွဲဆိုတင်ပို့ခဲ့သော အမှုဖြစ် သည်။ 
- မူလရုံးတော်က ဦးဘိုးကျင် တို့အပေါ်ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ် မ ၄၂ဝ ဖြင့် စွဲချက်တင်သည်ကို တရားရုံးချုပ်ထိ
ပြင်ဆင်မှု တင် သွင်းလာခြင်းဖြစ်သည်။

တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ ဤအမှုတွင်
- ဦးဘိုးကျင် တို့က မိမိပိုင်မြေနှင့်အိမ်ကို ဦးအုန်း မောင်အား
တန်ဖိုးငွေ တစ်သောင်း လေးထောင့်ငါးရာကျပ်ဖြင့် ရောင်းချရန်
သဘောတူခဲ့ပြီး စရန်ငွေကျပ်ငါးထောင်ကို လက်ခံရယူခဲ့ သည်။
- စာချုပ်ပါေ န့ရက်တွင် ကျန် ငွေကျပ် ကိုးထောင့်ငါးရားကို
လက် မခံနိုင်ကြောင်း  ငြင်းဆိုကာ အ ရောင်းအဝယ်စာချုပ်ကို
ချုပ်ဆို မ ပေးခြင်းသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂ဝနှင့်
ငြိစွန်းခြင်းရှိ၊ မရှိ သုံးသပ်ရန်ဖြစ်သည်။
- အချင်းဖြစ်မြေနှင့်အိမ်မှာ  ဦးဘိုးကျင်နှင့် ဒေါ်ခင်ထွေးတို့
ပိုင် ဆိုင်ကြောင်း အငြင်းမပွားပေ။ 
- သက်သေခံ(က) စရန်ပေး ကတိစာ ချုပ်ချုပ်ဆိုစဉ်က
လျှောက်ထားသူ ဦးဘိုးကျင်နှင့်ဒေါ်ခင်ထွေးတို့သည်
အချင်းဖြစ်မြေနှင့် အိမ်ကို ပိုင်ဆိုင် နေကြပေသည်။
- အိမ်နှင့်မြေမရှိဘဲ နှင့်အိမ်မြေရှိသည့် ပမာ
လိမ်လည် ရောင်းချ၊ လှည့်ဖြားကာ စရန်ငွေ ရယူခဲ့ခြင်း
ဖြစ်ကြောင်း မတွေ့ရပေ။
- အရောင်းအဝယ်ကတိစာ ချုပ်ပြုလုပ်၍
ဦးအုန်းမောင်က စရန်ငွေငါးထောင်ပေးပြီးနောက်
ဦးဘိုးကျင်တို့က ဦးအုန်းမောင်တို့ မိသားစုအား အိမ်ပေါ်တွင်
နေ ထိုင်ခွင့်ပြုခဲ့သည်ကိုလည်းတွေ့ရ သည်။
- စရန်ငွေရရှိပြီးအကြောင်း တစ်ခုခုကြောင့်
အိမ်နှင့်မြေကို ရောင်းချရန်ငြင်းဆိုခဲ့ခြင်းမှာ ချုပ် ဆိုသော
ကတိကဝတ်ကို ဖောက် ဖျက်ရာရောက်နိုင်ပေသည်။
- လိမ် လည်လှည့်ဖြား၍ စရန်ငွေယူထား ကြောင်း
မပေါ်ပေါက်သဖြင့် ပြစ် မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ အရ
အရေးယူနိုင်မည်မဟုတ်ပေ။

သို့ ဖြစ်၍
ဦးဘိုးကျင်၊ ဒေါ်ခင်ထွေးတို့ အပေါ် မြို့နယ်ရုံးက
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ ဖြင့် စွဲချက်တင်ခြင်းကိုပယ်ဖျက်ပြီး
တရားရှင် လွှတ်လိုက်ကြောင်း အမိန့်ချမှတ် ခဲ့ပေသည်။

အထက်ဖော်ပြပါ ဥပဒေ အချက်အလက်များအရ
*** စရန်ငွေ ရယူထားပြီးမြေနှင့်တိုက်ကို
ဆက် လက်ရောင်းချရန် ပျက်ကွက်ခြင်း သည်
ပြစ်မှုဆိုင်ရာဥပဒေအရ တရားစွဲဆိုခွင့်ရှိမည်မဟုတ်ဘဲ၊
ကတိစာချုပ်တွင် ဖော်ပြထားသည့်
လျော်ကြေးနှင့် နစ်နာကြေး၊ သို့ မဟုတ်
ကျန်ငွေကို ရောင်းသူက လက်ခံ၍ အရောင်းအဝယ်စာချုပ်
ချုပ်ဆိုကာ
မြေနှင့်အိမ်ကိုလက်ရောက်ပေးစေလိုမှု (တရားမမှု) ကိုသာ
စွဲဆိုတောင်းပိုင်ခွင့်ရှိမည်ဖြစ်ကြောင်း ***
ဗဟုသုတအဖြစ်ရေး သားလိုက်ပါသည်။

ထီယု( ဥပဒေအတိုင်ပင်ခံ)

credit - ဈေးကွက် ဂျာနယ်

"လေထဲက တိုက်ခန်းအရောင်းအ၀ယ်"


"လေထဲက တိုက်ခန်းအရောင်းအ၀ယ်"

ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ ကိုယ့်ဝင်ငွေအဆင့်အတန်းနဲ
သင့်တော်မယ့်နေစရာအိမ်၊ တိုက်ခန်း၊ ကွန်ဒိုစတာတွေကို
အရစ်ကျစနစ်နဲ့ ၀ယ်ယူနေထိုင်နိုင်ပါတယ်။

*** အဲဒီလိုစနစ်မှာ ကိုယ်ပေးရမယ့်ငွေ အပြည့်အဝ
မပေးရသေးလဲ စတင်နေထိုင်လို့ရပေမယ့်
လက်ရှိ ကျွန်တော်တို့နိုင်ငံမှာတော့ ဘာမှ
မဆောက်လုပ်ရသေးတဲ့မြေကွက်ပြပြီး
တိုက်ခန်းဆောက်ရောင်းမယ်ဆိုလည်း ကျိတ်ကျိတ်တိုး
ဝယ်ယူနေတာ တွေ့မြင်နေရပါတယ်။
ဒီတော့ ဘာဖြစ်လာနိုင်သလဲလို့မေးရင်
အလိမ်ခံရနိုင်တယ်လို့ပဲ ဖြေရမှာပါ။ ***

ဘာမှမဆောက်ရသေးတဲ့ မြေကွက် ပေါ်ကို
တန်ဖိုးနည်း တိုက်ခန်း၊ တန်ဖိုးမျှတ တိုက်တွေ
ဆောက်ရောင်းမယ်ဆိုရင်ကို ၀ယ်မယ့်သူတွေ များနေပါပြီ။
ဒီအချက်ကိုသိတဲ့ လတ်တလော အများဆုံးလိမ်လည်သွားတဲ့
Father Land ဆောက်လုပ်ရေးကုမ္ပဏီက
တန်ဖိုးနည်းတိုက်ခန်းတွေဟာ လတ်လတ်ဆတ်ဆတ်ပဲ
ရှိပါသေးတယ်။

Father Land ဆောက်လုပ်ရေးကုမ္ပဏီဟာ
သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ တန်ဖိုးမျှတ၊
တန်ဖိုးနည်းတိုက်ခန်းတွေ ဆောက်လုပ်မယ်၊
အကောင်းဆုံးမှာ နေစေချင်တယ်ဆိုပြီး
၂၀၁၂ နှစ်ကုန်ပိုင်းလောက်က စရောင်းပါတယ်။

MCC ခန်းမမှာ အကြီးအကျယ် ရောင်းချခဲ့ပါတယ်။ အ
နုပညာရှင်များစွာနဲ့ဖျော်ဖြေပြီး ရောင်းချခဲ့တဲ့အပြင်
ဗလာ မပါကံစမ်းမဲအဖြစ် အီတလီပန်းအိုးကစပြီး
မော်တော်ကားအထိ မဲဖောက်ပေးခဲ့ပါတယ်။
(ကားမဲပေါက်သွားသူက သူတို့ရဲ့လူပဲဆိုတာ ခုမှစုံစမ်း
သိရှိရတာပါ)

အဲဒီလိုအရစ်ကျနဲ့ မက်လုံးပေါင်းများစွာပေးထားရတဲ့
တိုက်ခန်းပေါင်းနှစ်ရာကျော်ရောင်းချထားတဲ့ မြေနေရာ
အခုဘာလုပ် ထားလဲဆိုတော့ ကမ္ဘောဇဘဏ်မှာ
သိန်း ၂၅၀၀ နဲ့ တကွက်ကို အပေါင်ထားပြီး
နောက် တကွက်ကို ပုဂ္ဂလိကလုပ်ငန်းရှင်တဦးထံကို
သိန်း ၂၅၀၀ နဲ့ အပေါင်ထား,ထားပါတယ်။

တိုက်ခန်းပေါင်း နှစ်ရာကျော်ရဲ့ ရောင်းရငွေက
ကျပ်သိန်းပေါင်း သုံးသောင်းသုံး ထောင်ကျော်ရှိပါတယ်။

ကမ္ဘောဇဘဏ်မှာပေါင်ထားတဲ့ မြေကွက်ကလည်း
အဲဒီနေရာတင်သာမကဘဲ စုစုပေါင်းမြေကွက်
ရှစ်ကွက်ရှိ တယ်လို့ စုံစမ်းသိရှိရပါတယ်။

ရောင်းချထားတဲ့ တိုက်ခန်းထဲမှာကိုပဲ တိုက်ခန်းတခန်းကို
လူနှစ်ဦးကို ရောင်းထားတာတွေတောင် ရှိနေပါတယ်။
တိုက်ခန်းတခန်းကို ၀ယ်သူနှစ်ဦး ဘယ်လိုရောင်းလဲဆိုရင်
အတွင်း သိလူတဦးရဲ့ ပြောပြချက်က ၀ယ်သူရှိရင်
ရောင်းလိုက် တာပဲလို့ဆိုပါတယ်။
နောက်ပြီးတော့မှ အရင်ဦးဆုံးငွေအကျေ ပေးသွင်းသူကို
တိုက်ခန်းအပ်ပြီး ငွေမကျေသူကိုတော့ မှားရောင်းမိလို့
ငွေပြန်အမ်းပါသတဲ့။
ဒီလိုမရိပ်မိအောင် လုပ်လာတာကြာပြီလို့လည်း
ဆိုပါတယ်။

နောက် Father Land ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံမှာ
တပ်ကလာတဲ့ အကောင်ကြီးကြီးလူတွေထည့်ဖွဲ့စည်းပြီးတော့
အာဏာပိုင်နဲ့ ရင်းနှီးမှုအရှိန်ကိုယူပြီးတော့လည်း လုပ်ပါတယ်။
တရားလွှတ်တော်ရှေ့နေကိုလည်း ထိပ်ပိုင်း ရာထူးပေးပြီး
ခန့်ထားပြီးမှ ဥပဒေ ကို လက်တလုံးခြားကိစ္စတွေကို
ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

Father Land လုပ်ခဲ့တဲ့ကိစ္စထဲမှာ လတ်တလောဦးကျော်မြင့်
တယောက်တည်းကိုပဲ အရေးယူထားတာ တွေ့နေရပါတယ်။
တကယ်က သူ့ဆီမှာ ဦးကျော်မြင့် လိမ်ညာမှုကို သိသိနဲ့
အားပေးအားမြှောက်လုပ်ခဲ့တဲ့သူတွေ၊
မှားယွင်း နေတယ်ဆိုတာကို ထောက်မပြတဲ့သူရဲ့
လူယုံတွေလည်းရှိတယ်လို့ ဆိုပါတယ်။

တကယ်က ဦးကျော်မြင့် တယောက်တည်းအားနဲ့
ဒီလိုလိမ်ဖို့မဖြစ်နိုင်ပါဘူး။
အခုလို လေပေါ်ကတိုက်ခန်းကိုဝယ်မိပြီး
ဒုက္ခရောက်နေသူတွေအတွက် တရားဥပဒေကရော
ကောင်းကောင်း အကာအကွယ် ပေးနိုင်မှာလား?

လူပေါင်းများစွာနစ်နာမှု၊ သက်သေအထောက် အထား
ခိုင်လုံနေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ Father Land နဲ့
ပတ်သက်ပြီး နစ်နာနေတဲ့ တစုံတယောက်ကိုမျှ
ကျေနပ်လောက် တဲ့အဖြေ၊ နစ်နာမှုရဲ့ ထိုက်တန်တဲ့
ပေးဆပ်မှုဘယ်သူမှ ဆောင်ရွက်ပေးနိုင်တာ မတွေ့ပါဘူး။

တန်ဖိုးနည်းတိုက်ခန်း၊ တန်ဖိုးမျှတ တိုက်ခန်းမှာ
အမှန်တကယ်နေထိုင်ဖို့ ၀ယ်ယူသူတွေရှိသလို
အကျိုး အမြတ်အတွက်ကြည့်ပြီး ၀ယ်ယူရင်းနှီးမြှုပ်နှံသူတွေ
လည်းရှိတယ်လို့ သိရပါတယ်။
တချို့ဆို တိုက်ခန်းပေါင်း ငါးခန်းကနေ အခန်း ၄၀ လောက်အထိ
ဝယ်ယူခဲ့သူတွေတောင်ရှိပါတယ်။

* လေပေါ်က တိုက်ခန်းရောင်းမယ့်သူတိုင်းကို လိမ်မယ်လို့
မပြောလိုပေမယ့် လိမ်မယ့်သူတွေအတွက် အခွင့် အရေးမရှိအောင်
ပြည်သူအတွက် အကာအကွယ်ပေးနိုင်နေပြီလား?
* လေထဲက တိုက်ခန်းဝယ်ပြီး လေထဲမှာပဲ
ပျောက်ပျောက်သွားရတော့မယ့် ပြည်သူတွေတယောက်ကိုမှ
မနစ်နာစေချင်တော့လို့ ရေးလိုက်ရပါတယ် ခင်ဗျား။

(ကိုခက်)

credit - စောင့်ကြည့် သတင်းဂျာနယ်

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကြေညာစာတမ်းမှ လေ့လာစရာ”


“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
ရွေးကောက်ပွဲကြေညာစာတမ်းမှ လေ့လာစရာ”


(ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့
တရားဝင် ထုတ်ပြန်ကြေညာခဲ့တဲ့ မဲရလဒ်တွေအရ
အဓိကအတိုက်အခံ နိုင်ငံရေးပါတီကြီးဖြစ်တဲ့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက
အစိုးရဖွဲ့နိုင်မယ့်အထိ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိ
သွားပါတယ်။

အစိုးရသစ်ကို ဦးဆောင်မယ့် NLD ပါတီက
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကြေညာစာတမ်း”
ဆိုပြီး ၎င်းတို့ အစိုးရဖြစ်လာခဲ့ရင်
အကောင်အထည်ဖေါ်လုပ်ဆောင်မည့်
အခန်းကဏ္ဍ ၁၃ခုပါ ကြေညာစာတမ်း ကို
ထုတ်ပြန်ခဲ့ဘူးပါသည်။

၎င်း အခန်းကဏ္ဍ ၁၃ခုမှာ -
၁။ စီးပွားရေး
၂။ တောင်သူလယ်သမား
၃။ မွေးမြူရေးနှင့် ရေလုပ်ငန်း
၎။ အလုပ်သမား
၅။ ပညာရေး
၆။ ကျန်းမာရေး
၇။ စွမ်းအင်
၈။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
၉။ အမျိုးသမီး
၁၀။ လူငယ်
၁၁။ ဆက်သွယ်ရေး
၁၂။ သယ်ယူပို့ဆောင်ရေး
၁၃။ မြို့ပြဖွံ့ဖြိုးရေး တို့ဖြစ်ပြီး၊
၎င်းတို့အထဲမှ
အိမ်ခြံမြေ မိတ်ဆွေများ စိတ်ဝင်စားမည်ဟုထင်သည့် 
စီးပွားရေးအပိုင်း နှင့် မြို့ပြဖွံ့ဖြိုးရေး အပိုင်းကို
ဖတ်ရှုလေ့လာ သုံးသပ်နိုင်ရန် တင်ပေးလိုက်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ” )

၁။ စီးပွားရေး
=======

(၁) ပြည်သူ့ဘဏ္ဍာရေးစံနစ်ကို ထိရောက်စွာကျင့်သုံးနိုင်ရေးနှင့်
ဘဏ္ဍာငွေများ စံနစ်တကျ အပြည့်အ၀ ရရှိရေး
အမျှော်အမြင်ရှိရှိ သုံးစွဲရေးတို့တွင် ဘဏ္ဍာရေး ကျင့်စဉ်များနှင့်
အညီ ပွင့်လင်းမြင်သာသော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်
ပေါ်ပေါက်လာစေရန် ဆောင်ရွက်မည်။
(က) အခွန်ကောက်ခံရေးနှင့် စပ်လျဉ်း၍ ပြည်သူများက
လိုလားစွာ ထမ်းဆောင် လိုစိတ် ရှိစေသည့် အခွန်စနစ်
(အခွန်ထမ်း နယ်ပယ်ချဲ့ထွင်နိုင်ရန် လျော့နည်းသော
နှုန်းထားများဖြင့် ကောက်ခံခြင်း) မျိုးပေါ်ပေါက်ရန် တွန်းအား
ပေးမည်။
မရွှေ့ပြောင်း နိုင်သော ပစ္စည်းများအပါအဝင် အခြေပစ္စည်းများ
လွှဲပြောင်းရောင်းဝယ်မှုမှ ရရှိသည့် အကျိုးအမြတ်များကို
စနစ်တကျဥပဒေနှင့်အညီ ကောက်ခံသွားမည်။
ကောက်ခံ ရရှိသည့် အခွန်ငွေများ သုံးစွဲပုံကို အများပြည်သူ
သိရှိစေရန် ထုတ်ပြန်မည်။
(ခ) ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့စေရေး
အတွက် ဘဏ္ဍာရေး ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန် များ ကို
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ တိုင်း ဒေသကြီး အစိုးရများ
အကြား အသင့်လျော်ဆုံးခွဲဝေသုံးစွဲနိုင် ရန် ဆောင်ရွက်မည်။
တချိန်တည်းမှာပင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘ
ဏ္ဍာငွေ ခွဲဝေသုံးစွဲရေးနှင့် ပတ်သက်၍ မမျှတမှုများ
မဖြစ်ပေါ်စေရန် ညှိုနှိုင်းကြိုးပမ်း ဆောင်ရွက် သွားမည်။

(၂)
(က) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အရင်းအနှီးများ၊
နည်းပညာ နှင့် ငွေရေးကြေးရေး ဆိုင်ရာ အခွင့်အလမ်းကောင်းများ
ရရှိနိုင်ရန် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ငွေကြေး
ဈေးကွက်များ ဖြစ်ထွန်းလာရေး တွန်းအားပေးမည်။
(ခ) ဗဟိုဘဏ်ကို အမှန်တကယ် သီးခြားလွတ်လပ်စွာ
လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုမည်။
ငွေကြေးတည်ငြိမ်မှု ရှိစေရေး၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊
စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ အသေးစား အလတ်စား စီးပွားရေး
လုပ်ငန်းရှင်များနှင့် တောင်သူ လယ်သမားများ အပါအဝင်
ပြည်သူများ၏ ရင်းနှီးငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်
ငွေရေးကြေးရေး စံနစ်ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက်မည်။

(၃)အကောင်းဆုံး နိုင်ငံတကာကျင့်ဝတ်များနှင့် ကိုက်ညီသော
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုများ တိုးတက် မြင့်မားလာစေရန်အတွက်
နှစ်ဦးနှစ်ဘက်ရေရှည် အကျိုးဖြစ်ထွန်းနိုင်မည့် စီးပွားရေး
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နည်းလမ်းများကို ချမှတ် ဆောင်ရွက်
သွားမည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်တွင် နိုင်ငံတကာ ဈေးကွက်သို့
ထိုးဖောက် ဝင်ရောက် နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းသစ်များ
တိုးပွားရေး၊ နည်းပညာ လွှဲပြောင်းရရှိရေးနှင့် လုပ်အား
အရည်အသွေး မြင့်မား လာရေးတို့ ပေါ်ပေါက်လာမည်။

(၄)လမ်းပမ်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး၊
သတင်းအချက်အလက် ရရှိရေး အပါအဝင် ထိရောက်သည့်
အခြေခံအဆောက်အအုံများ တည်ဆောက်မည်။

(၅)လယ်ယာကဏ္ဍခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေ
ပြဿနာများ တရားမျှ တစွာ ဖြေရှင်းရေး၊ လယ်ယာမြေအသုံးချခွင့်
အာမခံချက် ရှိစေရေးအပြင် လယ်ယာ မြေ ထိန်းသိမ်းခြင်း၊
လွှဲပြောင်းပေးခြင်းများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ
ထင်သာမြင်သာရှိအောင် ဆောင်ရွက်မည်။
လယ်ယာကဏ္ဍနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးအတွက်
လိုအပ်သော ငွေကြေးနှင့် သွင်းအားစုများ အလုံအလောက်
ရရှိရေးနှင့် လယ်မဲ့ယာမဲ့ များ၊ ကျဘမ်းအလုပ်သမားများအတွက်
အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများ ရရှိရေးဆောင်ရွက်မည်။
လယ်ယာကဏ္ဍ ဦးဆောင်သော တိုးတက်မှု နှင့် ချိတ်ဆက်၍
စက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက် စေကာ
ပို့ကုန်တိုးတက် မြင့်မားအောင် ဆောင်ရွက်မည်။

(၆) သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရေးနှင့် စပ်လျဉ်း၍ သ
ဘာဝ ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်မှု မရှိစေရေးအတွက်
သင့်လျော်သည့် နည်းလမ်း များကိုချမှတ် ဆောင်ရွက်မည်။
ထိုသို့ထုတ်ယူရာတွင် ပွင့်လင်းမြင်သာသော အစီအမံများကို
ပြည်သူများသို့ အသိပေးရန် စီစဉ်ဆောင်ရွက်မည်။
ရရှိသော အကျိုးအမြတ်များကို နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်မှု
အတွက် သီးသန့်ရံပုံငွေ တစ်ရပ် ထူထောင်ထားရှိမည်။

၁၃။ မြို့ပြ ဖွံ့ဖြိုးရေး
==========

(၁) အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို
ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများ တွင် အမြန်ဆုံး အကောင်အထည်
ဖော် ဆောင်ရွက်မည်။

(၂) မြို့ကြီးများ၏ ရှိရင်းစွဲ ရေ၊ မီး၊ မိလ္လာ စသည့်စနစ်များသည်
ပျက်စီး ချို့ယွင်း နေသဖြင့် အဆိုပါ စနစ်များ ပြန်လည်
ကောင်းမွန်လာစေရန် ဆောင်ရွက်မည်။

(၃) မြို့ပြများတွင် သစ်ပင်များ စိမ်းလမ်းမှု ပျက်စီးလာခြင်းကို
ကုစားရန် မြို့ပြ စိမ်းလမ်းရေး စီမံကိန်းများ အမြန်ဆုံး
အကောင်အထည်ဖော် ဆောင်ရွက်မည်။

(၄) သဘာဝဘေးအန္တရာယ်ကြောင့် လည်းကောင်း၊ စီးပွားရေး
အကြောင်းများကြောင့် လည်းကောင်း၊ လယ်ယာမြေ သိမ်းဆည်း
ခံရသည့် အတွက်လည်းကောင်း မြို့ပြသို့ ပြောင်းရွှေ့လာသည့်
အိုးမဲ့ ၊အိမ်မဲ့ ဖြစ်နေသူများ ပြန်လည်နေရာချထားရေးအတွက်
စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖေါ်မည်။

(၅) ပြည်သူများ ကျန်းမာရေးနှင့် အားကစား လုပ်ရန်၊
အပန်းဖြေရန်အတွက် ထားရှိ ထားသော နေရာဟောင်းများအား
ပြန်လည်ဖော်ထုတ်မည်။

credit - National League for Democracy

“ရွေးကောက်ပွဲအလွန် မြန်မာ့စီးပွားရေး နှင့် အိမ်ခြံမြေဈေးကွက် အပေါ် မှန်းဆသုံးသပ်ချက်များ”


“ရွေးကောက်ပွဲအလွန် မြန်မာ့စီးပွားရေး နှင့်
အိမ်ခြံမြေဈေးကွက် အပေါ် မှန်းဆသုံးသပ်ချက်များ”      


၁။ “၂၀၁၆ တွင် ပြည်တွင်း ငွေလဲနှုန်း ပြန်ကျဖွယ်ရှိဟုဆို”

အစိုးရအပြောင်းအလဲအပြီး နိုင်ငံရေးတည်ငြိမ်ပါက ၂၀၁၆တွင်
ပြည်တွင်း ငွေလဲနှုန်းမှာအမေရိကန် တစ်ဒေါ်လာလျှင်
၁,၂၀၀ ကျပ်ခန့်သို့ ကျဆင်းလာနိုင်ကြောင်း
စီးပွားရေးသမားအချို့ က ခန့်မှန်းနေကြသည်။

လက်ရှိငွေလဲနှုန်းသည် တိုင်းပြည်စီးပွားရေးကျဆင်းမှုနှင့်
အစိုးရ အသုံးစရိတ်များကြောင့် မြင့် တက်လာခြင်းဖြစ်ကြောင်း
စီးပွား ရေးသမားများက ဆိုထားပြီး
ပြင်ပငွေလဲနှုန်းသည် ၂၀၁၅ နှစ်လယ် တွင် တစ်ဒေါ်လာလျှင်
၁၃၀၄ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

‘‘ငွေလဲလုပ်ငန်းလုပ်သူတွေ အကျဘက်ကိုပဲပြောနေတယ်။
ဒီ အချိန်ကလည်း လုပ်ငန်းလုပ်ချိန် ဆိုတော့
ပြဿနာတစ်စုံတစ်ရာ မရှိရင် ငွေလဲနှုန်းက မတက်နိုင် ဘူး’’ဟု
ပြည်ပသို့ ဆန်တင်ပို့နေ သော လုပ်ငန်းရှင်ဦးမျိုးသူရအေး က
ပြောသည်။

နိုင်ငံရေးအခြေအနေတည်ငြိမ်သော အပြောင်းအလဲဖြစ်လာပါက
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု များဝင်လာလျှင် နိုင်ငံခြားငွေမှာ
ပြည်တွင်း၌ များလာပြီး ကျပ်ငွေ တန်ဖိုးမှာ
ပြန်တက်လာနိုင်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က
ပြောသည်။

‘‘နိုင်ငံရေး အခြေအနေငြိမ် သွားမယ်ဆို အိမ်ခြံမြေလည်း
ကောင်းလာနိုင်တယ်’’ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။

ပြည်တွင်းဈေးကွက်တွင် လက်ရှိငွေလဲနှုန်းသည်
ရွှေဈေး ကျဆင်းမှုကြောင့် နိုဝင်ဘာ ၆ ရက်မှ စတင်မြင့်တက်လာပြီး
နိုဝင်ဘာ ၁၁ ရက်၌ ပြန်လည်ကျဆင်း လာသည်။

ရွေးကောက်ပွဲပြီး နောက် တစ်ရက်တွင် ပြင်ပဈေး ကွက်၌
ငွေလဲနှုန်းသည် တစ်ဒေါ် လာလျှင် ကျပ် ၁,၂၈၇ ခန့်မှ
သုံး ရက်မြောက်နေ့တွင် ၁,၂၈၃ ကျပ်သို့
ပြန်လည်ကျဆင်းလာကြောင်း ရွှေဘုံသာလမ်းရှိ ပြင်ပငွေလဲ
လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြင်ပဈေးကွက်တွင် ငွေလဲ နှုန်းပြန်လည် ကျဆင်းလာသော်လည်း
ဗဟိုဘဏ်က သတ်မှတ် သော တရားဝင်ငွေလဲနှုန်းမှာ
နိုဝင်ဘာ ၁၁ ၇က်တွင် တစ်ဒေါ်လာ လျှင် ၁,၂၈၆ ကျပ်သို့
မြှင့်တင် လိုက်သည်။

ယခင်ရက်က ဗဟို ဘဏ်မှ တရားဝင်သတ်မှတ်သော
ငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၂၈၄ ကျပ်ဖြစ်သည်။

ပြည်တွင်း ရွှေဈေးနှုန်းမှာ လည်း ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့်
ကျဆင်းခဲ့သည်။ ကမ္ဘာ့ ရွှေဈေးမှာ နိုဝင်ဘာ ၁၁ ရက်က
တစ်အောင်စလျှင် ကန် ၁,၀၉၂ ဒေါ်လာကျော်ဈေးရှိ၍
ပြည်တွင်း ရွှေဈေးမှာ ၇၅၃,၀၀၀ ကျပ်သို့ ကျဆင်းလာသည်။

နိုဝင်ဘာ ၇ ရက်က ပြည်တွင်း ရွှေဈေးမှာ ၇၆၂,၂၀၀ ကျပ်ခန့်
ရှိခဲ့သည်။

(ပြည်သိမ်း)

*****

၂။ “၂၀၁၆ တွင် အိမ်ခြံမြေဈေးကွက် ဈေးနှုန်းဖောင်းပွမှု
လျော့ကျနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များမှန်းဆ”

ရန်ကုန်အိမ်ခြံမြေဈေး ကွက်သည် ၂၀၁၆ တွင် တည်ငြိမ်သော
ဈေးကွက် ဖြစ်ပေါ်လာပြီး ဈေးနှုန်းဖောင်းပွနေမှုများလည်း
လျော့နည်းနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက
ကြိုတင်မှန်းဆနေကြသည်။

လက်ရှိတွင် အိမ်ခြံမြေဈေး ကွက်သည် ပုံသဏ္ဌာန် မမှန်ဘဲ
ဈေးနှုန်းများ ဖောင်းပွနေပြီး အ ရောင်းအ၀ယ် အေးနေကြောင်း
အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ရွေးကောက်ပွဲအောင်မြင် စွာကျင်းပပြီးနောက် ၂၀၁၆ တွင်
အစိုးရသစ်ကို နိုင်ငံရေးအာဏာ လွှဲပြောင်းပြီးနောက်
အိမ်ခြံမြေ ဈေးနှုန်းများ ပြန်လည်ဦးမော့လာ ကာ အစိုးရသစ်က
မြို့ပြစီမံကိန်း ကို ကောင်းမွန်စွာရေးဆွဲမှု စတင် လာပါက
ဈေးနှုန်းပြန်လည် ကျ ဆင်းနိုင်ကြောင်း မြန်မာနိုင်ငံမှ
ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ် ခိုင်က ပြောသည်။

‘‘ဈေးနှုန်းက ပြန်အိဆင်း သွားမှာပဲ။ နေရာတိုင်းမှာတော့
ကျဆင်းလာပေမယ့် အများကြီး တော့ မကျနိုင်ဘူး’’ဟု
မဏ္ဍိုင်အိမ် ခြံမြေအကျိုးဆောင် ဦးသန်းဦးက ပြောသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သည် တရုတ်စီးပွားရေး
သမားများနှင့် ပြည်တွင်းမှ ငွေ ကြေးခ၀ါချလိုသူအချို့၏
ကစား ကွက်ဖြစ်ခဲ့ခြင်းကြောင့် ၂၀၀၇ နောက်ပိုင်းမှ စတင်၍
ဈေးနှုန်း များစွာမြင့်တက်ခဲ့ရကြောင်း အိမ်ခြံမြေ အကျိုးဆောင်
အချို့ကပြောသည်။

အိမ်ခြံမြေ ကဏ္ဍသည် ငွေ ကြေးခ၀ါချမှု တိုက်ဖျက်ရေး
မ လုပ်ဆောင်မီထိ အရောင်းအ၀ယ် များပြီး ဈေးနှုန်းများ
ဆက်လက် မြင့်တက်ခဲ့ကြောင်း ကျောက်တံ တားမြို့နယ်မှ
အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောသည်။

အိမ်ခြံမြေအထူးအခွန်သက် သာခွင့်ကို ယခင် စစ်အစိုးရက
စတင်ပြီး လက်ရှိ အစိုးရ ဒုတိယ သက်တမ်းအထိ ငါးနှစ်ကြာ
ခွင့် ပြုခဲ့ခြင်းကြောင့်ရန်ကုန်မြို့ရှိ ဖွံ့ဖြိုး မှု အားအကောင်းဆုံး
စက်မှုဇုန်မှ မြေတစ်ကွက်၏ တန်ဖိုးသည် အာဆီယံနိုင်ငံများတွင်
အမြင့်ဆုံး အထိ မြင့်တက်ခဲ့ကြောင်း လှိုင် သာယာ စက်မှုဇုန်မှ
ပြည်တွင်း ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

‘‘ဈေးတက်ရင် ရောင်းမယ်။ နိုင်ငံခြားသားတွေ ၀င်လာရင် ဒါ ကို
မတည်ရင်းနှီးပြီး စီးပွားရေးလုပ်မယ်ဆိုတယ့် ရည်ရွယ်ချက်တွေနဲ့
ရင်းနှီးထားကြတာပါ’’ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှု
ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။

စက်မှုဇုန်များတွင် မြေကွက် များကို လုပ်ငန်းမလုပ်ဘဲ
ဝယ်ယူ သူများသည် အစိုးရအပြောင်းအလဲကြောင့်
ဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို
မျှော်ကိုးနေခြင်းကြောင့်ဟု အိမ်ခြံ မြေ အကျိုးဆောင်အချို့က
ဆို သည်။

လက်ရှိအစိုးရလက်ထက် တွင် စက်မှုဇုန်များမှ လုပ်ငန်းမလုပ်သော
မြေကွက်များကို ဒုတိယသမ္မတ ဦးဆောင်ပြီး ပြန်လည် သိမ်းယူရန်
၂၀၁၄ အောက်တိုဘာ က စတင်လုပ်ဆောင်ခဲ့သော်လည်း
လက်ရှိ တစ်နှစ်ပြည့်ချိန်ထိ မြေကွက်များသည် မူလအတိုင်းသာ
ရှိ နေသည်ကို တွေ့နေရသည်။

ရန် ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် များတွင် မြေကွက်လွတ်
၂,၄၀၀ ခန့်နှင့် ဂိုဒေါင်လွတ် ၁,၂၉၉ လုံး ရှိနေသည်။ ယင်းတို့ကို
လုပ်ငန်း မလုပ်ဘဲ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၀ယ်ယူထားပြီး
လုပ်ငန်းမလုပ်သ ဖြင့် စက်ရုံကို တစ်နှစ်အတွင်း တည်ဆောက်ကာ
လုပ်ငန်းလုပ် ကိုင်ခြင်းမရှိပါက အစိုးရက မူလ ၀ယ်ယူသည့်
တန်ဖိုးအတိုင်းသာ ပေးပြီး ပြန်လည်သိမ်းယူရန်
စီစဉ် ခဲ့ခြင်းဖြစ်သည်။

သို့သော် စက်မှုဇုန်များတွင် မြေကွက်များဝယ်ယူ ရင်းနှီးမြှုပ်နှံ
ထားသူ အများစုသည် ယခင်အစိုးရနှင့် နီးစပ်သူများဖြစ်သောကြောင့်
လုပ်ငန်းမလုပ်နိုင်လျှင် ပြန်သိမ်းမည့်အစီအစဉ်ကို တစ် နှစ်ကြာအထိ
လက်ရှိအစိုးရက မလုပ်နိုင်ခြင်းဟု အရှေ့ဒဂုံ စက်မှုဇုန်မှ
ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ် ဦးက
ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် လက်ရှိ အစိုးရ
လက်ထက်တွင် တည် ဆောက်ရန် စီစဉ်သည့် ဟံသာဝ တီ
လေဆိပ်စီမံကိန်း၊ ရန်ကုန်-ဒလ တံတားစီမံကိန်း၊
ရန်ကုန်မြို့ သစ်စီမံကိန်းတို့ကြောင့် ဈေးနှုန်း များစွာ မြင့်တက်ခဲ့သည်။

ပြည် တွင်းမှ ငွေကြေးအင်အားတောင့် တင်းသူများသာမက တ
ရုတ်နိုင်ငံ မှ စီးပွားရေးသမားများ၊ တရားမ ၀င်ရင်းနှီးမြှုပ်နှံသူများ၏
ဈေးက စားမှုကြောင့်လည်း ဈေးနှုန်းများ စွာ မြင့်တက်ခဲ့ရသည်။

ပြည်တွင်း အိမ်ခြံမြေ ဈေး ကွက်တွင် တရုတ်စီးပွားရေးသ မားများ
တိုင်းရင်းသား အမည်ခံ ကာ မြေဈေးကစားမှုသည်
၂၀၀၇ အိမ်ခြံမြေ အခွန်အထူးသက်သာ ခွင့်ပြုပြီး နောက်ပိုင်း
စတင်ခဲ့ ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က
ဝေဖန်ပြောကြားမှုများရှိနေသည်။

ဝင်ငွေရလမ်း မဖော်ပြနိုင် သော်လည်း အခွန်သက်သာစွာ ဖြင့်
တရားဝင်ဝယ်ယူနိုင်၍ နယ် စပ်မှတစ်ဆင့် ငွေလွှဲပြီး
တိုင်းရင်း သားအမည်ခံ၍ ၀ယ်ယူမှုများစွာ ရှိနေကြောင်း
စီးပွားရေးလုပ်ငန်း ရှင်များက ပြောသည်။

လက်ရှိအစိုးရ စတင်တာဝန်ယူပြီး တစ်နှစ်ကျော်ကြာမြင့်ချိန်မှစ၍
အိမ်ခြံမြေဈေးနှုန်းမြင့်မားနေမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
အခက်အခဲဖြစ်ရခြင်းကို ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း
မအောင်မြင်ခဲ့ပေ။

၂၀၁၆တွင် နိုင်ငံတော်တာဝန်ယူမည့် အစိုးရသစ် အနေဖြင့်
ယင်းပြဿနာကို ဖြေရှင်းရန် ခိုင် မာသည့် မူဝါဒ လိုနေကြောင်း
စီးပွားရေးသမားအချို့က ပြောကြားသည်။

(ပြည်သိမ်း)

*****

၃။ "ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်ရန်
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အသင့်ပြင်"

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပ
ပြီးစီးခဲ့သည့် နောက်တွင် အမေရိကန်နှင့်
အခြား အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည်
ယင်းနိုင်ငံသို့ ဝင်ရောက်ရန် အသင့်ပြင် လျက်ရှိကြသည်။

ရွေးကောက်ပွဲရလဒ်များ တရားဝင်ထုတ်ပြန်၍
မပြီးသေးသော်လည်း အဓိက အတိုက်အခံပါတီ ဖြစ်သည့်
NLD ပါတီက ၎င်းတို့အနေနှင့် ၈၂ ရာခိုင်နှုန်းခန့်
အနိုင်ရရှိထားကြောင်း ပြောကြားထားသည်။

ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော ရလဒ်များကြောင့်
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးမှာ
နိဂုံးချုပ်တော့မည် ဖြစ်ပြီး ယင်းအခြေအနေအပေါ်
နိုင်ငံတကာ အသိုင်းအဝိုင်းက အံ့သြ မှင်တက်လျက်ရှိသည်။
အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတွင်
နိုင်ငံရေး အပြောင်းအလဲများ စတင်ပြုလုပ်ခဲ့သည့်
၂၀၁၁ ခုနှစ်ကတည်းက စတင် ဝင်ရောက်လျက် ရှိသော်လည်း
ယခုရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင်
ပိုမို၍ အလုံးအရင်းနှင့် ဝင်ရောက်ဖွယ် ရှိနေသည်။

(Forbes)

credit - 7daydaily & The Voice Weekly

Friday, November 20, 2015

"မမှန်ကန်သော အကျိုးဆောင်များ နှင့် တစ်ပွဲထိုး ဆောက်လုပ်ရေး ကုမ္ပဏီများ - သတိ"


"မမှန်ကန်သော အကျိုးဆောင်များ နှင့်
တစ်ပွဲထိုး ဆောက်လုပ်ရေး ကုမ္ပဏီများ - သတိ"    


၁။ "အကျိုးဆောင်များ မမှန်မကန်ပြုလျှင်
အိမ်ခြံမြေအသင်းထံ တိုင်ကြားနိုင်"

မှတ်ပုံတင်ထားသည့် အိမ်ခြံမြေအကျိုးဆောင်များ
မမှန်မကန်ပြုလုပ်ပါက မြန်မာနိုင်ငံ အိမ်ခြံမြေ
ဝန်ဆောင်မှုအသင်းထံ တိုင်ကြားနိုင်ပြီး အသင်းက တာဝန်ယူ
ဖြေရှင်းပေးနေကြောင်း အဆိုပါအသင်းမှ
အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

ရောင်းသူနှင့် ၀ယ်သူအကြား၊
အိမ်ရှင်နှင့် အိမ်ငှားရမ်းလိုသူအကြား နှစ်ဦးနှစ်ဖက်
တွေ့ဆုံပေးပြီးသည့်နောက် လုပ်ငန်းအပြီး မသတ်မီ
အကျိုးဆောင်ခကို ရယူပြီး စာချုပ်ချုပ်ဆိုပြီးသည့်အချိန်အထိ
တာဝန်ယူဆောင်ရွက်ခြင်း မရှိသည့်အတွက်
တိုင်ကြားမှုများ ရှိလာသည်။

"ကျွန်မတို့ အသင်းဝင် အကျိုးဆောင်ဆိုရင် အသင်းဝင်နံပါတ်
ဘယ်လောက်ဆိုပြီး မကျေနပ်ချက်တွေကို လာရောက်
တိုင်ကြားနိုင်ပါတယ်။
အများဆုံး ဖြေရှင်းပေးရတာကတော့
နှစ်ဦးနှစ်ဖက်တွေ့ပြီး အကျိုးဆောင်ခယူပြီး အလုပ်ကို
ပြီးပြတ်သည်အထိ မလုပ်တဲ့ ပြဿနာတွေက
အများဆုံးပါ" ဟု ၎င်းက အောက်တိုဘာလ ၂၂ ရက်နေ့တွင်
မြန်မာတိုင်း(မ်)ကို ပြောသည်။

အိမ်ခြံမြေတိုက်ခန်း၊ ကွန်ဒိုရောင်းဝယ်ခြင်း၊
မြေကွက်များ ရောင်းဝယ်ငှားရမ်းခြင်းအတွက်
အကျိုးဆောင်သူများအတွက် ရောင်းချသူ၊ ၀ယ်ယူသူ သို့မဟုတ်
အိမ်ရှင် အိမ်ငှားများကအကျိုးဆောင်ခများ ညှိနှိုင်းကာ
နှုန်းထားတစ်ခု သတ်မှတ်ပေးချေလျက် ရှိသည်။

ထို့ပြင် သွားလာရေးခက်ခဲသည့် နေရာဒေသများ၊
ပုံမှန်မဟုတ်သော ခက်ခဲသည့် အရောင်းအ၀ယ်များအတွက်မူ
ပုံမှန်တောင်းခံနေသည့် အကျိုးဆောင်အဖြစ် နှစ်ရာခိုင်နှုန်း၊
သုံးရာခိုင်နှုန်း မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်
ညှိနှိုင်းတောင်းခံသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။

"လွယ်လွယ်ပြောမယ်ဆိုရင် စည်ပင် နယ်နိမိတ်အတွင်းဆိုရင်
နှစ်ရာခိုင်နှုန်း၊
စည်ပင်အပြင်နယ်နိမိတ်ဆိုရင်တော့ သုံးရာခိုင်နှုန်း ယူကြတယ်။
သိန်း ၁၀၀ အောက်ကို သုံးရာခိုင်နှုန်းတောင်းဖို့
ပြောတာကတော့ လုပ်ရတာလည်း တန်အောင်လို့
သတ်မှတ်တာဖြစ်တယ်။
အဲဒီလို
သတ်မှတ်ယူရမယ်လို့ ဥပဒေတွေ ၊ တစ်ချက်လွှတ်အမိန့်တွေ
မရှိပေမယ့် နားလည် လက်ခံအောင်လုပ်ပေးတဲ့ သဘောပါ။
ကြားထဲမှာလည်း နားလည်မှုလွဲတဲ့ ကိစ္စတွေ ရှိနိုင်ပါတယ်။
ဓလေ့ထုံးစံလို့ပဲ ပြောရမလို ဖြစ်နေပြီ"ဟု
အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ ဒုတိယ ဥက္ကဋ္ဌ
ဦးသန်းဦးက ပြောသည်။

အိမ်ခြံမြေ အရောင်းအ၀ယ်ပြုလုပ်ရာတွင်
အကျိုးဆောင်ခ နှုန်းထားများကို တစ်ပြေးညီ
သတ်မှတ်နိုင်ရန်အတွက် လုပ်ဆောင်နေပြီး
* ရန်ကုန်တိုင်းဒေသကြီးအတွင်း အရောင်းအ၀ယ်
ပြုလုပ်ပါက တန်ဖိုး ကျပ်သိန်း ၁၀၀ အထိကို အကျိုးဆောင်ခ
သုံးရာခိုင်နှုန်းနှင့်
* ကျပ်သိန်း ၁၀၀ အထက် အရောင်းအ၀ယ်ပြုလုပ်ပါက
အကျိုးဆောင်ခကို နှစ်ရာခိုင်နှုန်းသာ
ရယူရန်နှင့်
* ငှားရမ်းမှုများအတွက် အကျိုးဆောင်ခကို
နှစ်ချုပ် အိမ်ငှားခ၏ တစ်လစာ၊
* စပေါ်ငွေဖြင့် ငှားရမ်းမည်ဆိုပါက
စပေါ်ငွေ၏ သုံးရာခိုင်နှုန်းနှင့် အိမ်ငှားခ တစ်လစာကို
အိမ်ရှင် / အိမ်ငှားဘက်က အကျိုးဆောင်ခအဖြစ်
ပေးချေရန်အတွက် အိမ်ခြံမြေ၀န်ဆောင်မှုအသင်းက
သတ်မှတ်ထားသည်။

တိုင်ကြားလိုပါက
*** မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း (ဗဟို)
အမှတ် ၁၂၃ ၊ ပထမထပ်၊
အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း ၀၁-၂၀၁၄၃၆ *** သို့
ဆက်သွယ် တိုင်တန်းနိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းတွင်
အသင်းဝင် ၃,၇၀၀ ကျော် ရှိပြီး
၂၀၁၅ ခုနှစ်၊ဇွန်လ ၆ ရက်နေ့အထိ ရုံးခွဲပေါင်း ၂၀
ဖွင့်လှစ်ထားသည်။

(ဇေယျာလင်း)

*****

၂။ "ဆောက်လုပ်ရေး လုပ်ငန်းများကို လာမည့်နှစ်ကစ၍
လုပ်ငန်းကျွမ်းကျင်မှုအဆင့် သတ်မှတ်မည်"

ဆာက်လုပ်ရေးကုမ္ပ ဏီများကို လုပ်ငန်းကျွမ်းကျင်
လုပ်ကိုင်နိုင်မှုနှင့်ပတ်သက်၍လာ မည့်နှစ်မှစတင်ကာ
အဆင့်ခွဲခြား သတ်မှတ်ရန် စီစဉ်နေကြောင်း
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း မှ သတင်းရရှိသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဥပဒေအရ
အဆိုပါအစီ အစဉ်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး
ကုမ္ပဏီများတွင် အသုံးပြုသည့် အင်ဂျင်နီယာများ၏
အရည်အ သွေး၊ အသုံးပြုသည့်ဆောက်လုပ် ရေးလုပ်ငန်းသုံး
ပစ္စည်းများကို ကြည့်၍ အဆင့်ခွဲခြားသတ်မှတ်မည်ဖြစ်သည်။

‘‘နောက်နှစ်မှာ ဆောက်လုပ် ရေးလုပ်ငန်းတွေ အကုန်လုံးက
စည်ပင်နဲ့ အင်ဂျင်နီယာအသင်း မှာ စာရင်းသွင်းမှ
တရားဝင်ဖြစ် လာမယ့်သဘောဖြစ်နေပြီ။
ကုမ္ပဏီသေးသေးမွှားမွှားလေးတွေ တော့
အခက်အခဲတွေ့နိုင်တယ်။
ငွေသုံးနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုအား ကောင်းတဲ့ ကုမ္ပဏီကြီးတွေ
အ တွက် အခွင့်အရေးကောင်းပဲ’’ဟု
ဓနမြေဆောက်လုပ်ရေး လုပ်ငန်း ရှင်ဦးမြတ်စိုးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအင် ဂျင်နီယာအသင်းထံသို့
၎င်းတို့၏ သဘောဆန္ဒအရ လာရောက်စစ် ဆေးခံသည့်
ဆောက်လုပ်ရေး ကုမ္ပဏီ ၄၀ ကျော်ရှိပြီး
လာမည့် နှစ်တွင်မူ အင်ဂျင်နီယာကောင်စီ ဥပဒေအရ
မြန်မာနိုင်ငံမှ ဆောက် လုပ်ရေးကုမ္ပဏီများ
စစ်ဆေးခံရ မည်ဖြစ်သည်။

ရန်ကုန်မြို့တွင် ဆောက် လုပ်ရေး လုပ်ငန်းများ
ခေတ် ကောင်းလာသည့် ၂၀၁၃-၁၄ နှစ်များက
ဆောက်လုပ်ရေးကုမ္ပဏီများမှတ်ပုံတင်သည့်အရေအတွက်
များပြားလာပြီး
၂၀၁၅ တွင် မူ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုရာ ခိုင်နှုန်းအများဆုံး
ပါဝင်သော ကုမ္ပဏီများဝင်ရောက်မှုမှာ အား အကောင်းဆုံး
ဖြစ်ခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က
ပြောသည်။

ယခုကဲ့သို့ အင်ဂျင်နီယာ အသင်း၏ လုပ်ဆောင်ချက်ကို
ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအ နေဖြင့်ကြိုဆိုပြီး
ရေရှည်တွင် ပ ရော်ဖက်ရှင်နယ်ကျကျ လုပ်ကိုင် သည့်ကုမ္ပဏီများ
အားကောင်း လာနိုင်ကာ
တစ်ပွဲထိုးဝင်ရောက် လုပ်ကိုင်သည့် ကုမ္ပဏီအရေအ တွက်
လျော့ကျသွားနိုင်ကြောင်း
Three Friends ဆောက်လုပ်ရေး ကုမ္ပဏီ လုပ်ငန်းရှင်
ဦးကိုကို လေးက ပြောသည်။

‘‘ဒီလိုလုပ်တဲ့အပေါ်မှာ အင် ဂျင်နီယာအသင်းနဲ့အတူ
ကျွန် တော်တို့ အပြည့်အဝ ပူးပေါင်း သွားမှာပါ။
ကုမ္ပဏီကြီးတွေအနေ နဲ့လည်း ဒီထက်မက
အဆင့်သတ် မှတ်ချက်တွေကို ပိုကောင်းလာ အောင်၊
ခိုင်မာလာအောင် လုပ် လာကြလိမ့်မယ်’’ ဟု
ဦးကိုကို လေးက ဆိုသည်။

ယခုကဲ့သို့ ဆောက်လုပ်ရေး ကုမ္ပဏီများအား အဆင့်ခွဲခြား
သတ်မှတ်လိုက်ပါက ပြည်တွင်း ကုမ္ပဏီများသည်
ပြည်ပကုမ္ပဏီ များနှင့်ယှဉ်ပြိုင်ရန် အခက်အခဲ ရှိပြီး
နည်းပညာငွေကြေးအသုံးပြု မှုအပိုင်းတွင် များစွာ
ကွာခြားသ ဖြင့် အဆင့်သတ်မှတ်ခံရမှု၌
ပြည် ပကုမ္ပဏီများ ဦးစားပေးအဆင့် တွင် ပါဝင်လာနိုင်ကြောင်း
လုပ် ငန်းရှင်များက သုံးသပ်နေကြ သည်။

(မိုးညို)

credit - 7day daily & The Myanmar Times

"သြရသသားသမီး ဆိုတာ ဘာလဲ"


"သြရသသားသမီး ဆိုတာ ဘာလဲ"

အဆိုတော်သြရသနဲ့တော့ မမှားလိုက်နဲ့နော် -
ခုပြောချင်တာက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ အမွေခန်းမှာ
ပါရှိတဲ့ သြရသကိုပြောဆိုလိုခြင်း ဖြစ်ပါတယ်။
မြန်မာဗုဒ္ဓဘာသာတို့ရဲ့နယ်ပယ်မှာ သြရသ သားကြီး၊
သြရသ သမီးကြီးဆိုပြီး ပြောဆို ကြလေ့ရှိတာကို
အများပြည်သူတို့ ကြားဖူးကြမှာပါ ။

အချို့သော မြန်မာ ဗွီဒီယိုဇာတ်ကားများရဲ့ ဇာတ်ဝင်ခန်း
အချို့မှာ ရော၊ ဇာတ်သဘင်လောကမှာပါ သြရသဆိုတာကို
ပြောဆိုခြင်း၊ပျက်လုံးအနေနဲ့ သုံးခြင်းတို့ကိုလည်း တွေ့တွေ့
နေရပါတယ်။

ဒါပေမယ့် သြရသရဲ့ အဓိပ္ပါယ် ကိုတော့ ဥပဒေပညာရှင် များ၊
ဥပဒေကျောင်းသားကျောင်းသူများ ကလွဲပြီး
ကျန်သူများအနေနှင့် သေသေချာချာ ဂဃနဏသိရှိသူ
နည်းပါးကြပါတယ်။

မှန်တာမို့ မှတ်သားမိရင် အကြောင်းမဟုတ်ပေမယ့်
မှားတာကို အမှန်ထင်ပြီး မှတ်သားထားမိကြရင် လူရယ်စရာ
ဖြစ်ပါလိမ့်မယ်။

ဥပ ဒေပညာရှင်မဟုတ်သူများအနေနဲ့သြရသသား၊သမီးဆိုတာ
မြန်မာဗုဒ္ဓဘာသာ အိမ်ထောင်စု တစ်ခုက ပေါက်ဖွားတဲ့
သားအကြီးဆုံးတိုင်းကို ဒါမှမဟုတ် သမီးအကြီးဆုံးတိုင်းကို
သြရသလို့ အထင် လွဲမှားစွာမှတ်သား မိသူများလည်း
ရှိနေတာကိုတွေ့တွေ့နေရပါတယ်။

ဒါကြောင့် ဒီနေ့တော့ သြရသသား ၊ သြရသ သမီးဆိုတာ
ဘာကို ခေါ်တာလဲလို့ ရှင်းပြချင် စိတ်လေးပေါ်လာပါတယ်။

* "သြရသ သား/သမီးဆိုတာ ဘယ်လိုသားသမီးမျိုးကို
ခေါ်တာလဲ၊သြရသဖြစ်ခွင့် ဘယ်လိုသားသမီးမျိုးတွေ
ရနိုင်ခွင့် ရှိကြသလဲ"

သြရသ - ဟူသော ဝေါဟာရမှာ သက္ကဋဘာသာမှ
ဆင်းသက်လာတာ ဖြစ်ပြီး "ရင်မှာဖြစ်သောသား" လို့
အဓိပ္ပါယ်ရရှိပါတယ်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ -
မိဘအမွေ ဆက်ခံထိုက်သော သားသမီး(၆)မျိုး နဲ့
မိဘအမွေကို မဆက်ခံထိုက်သောသားသမီး(၆)မျိုးဆိုပြီး
ရှိပါတယ်။

* "မိဘအမွေကို ဆက်ခံထိုက်တဲ့သားသမီး(၆)မျိုးကတော့"
(၁) သြရသ = ရင်မှ ဖြစ်သော သား
(၂) ကိတ္တိမ = အမွေခံသားအဖြစ် အထင်အရှားမွေးစားသော
သား
(၃) အပတိဋ္ဌသား = ကောက်၍ မွေးစားသော သား
(၄) ပုဗ္ဗက(ဒွေပုပ္ပါကာရ) = မယားပါ၊ လင် ပါ အထက်သား
(၅) ဟေဋ္ဌိမ(ဟေတ္ထိမ) = အပြောင် မယားသား
(၆) ခေတ္တဇ = ကျွန်မနှင့် သင့် နေရာ မွေးဖွားသောသား

* "မိဘအမွေ မဆက်ခံထိုက်သော သားသမီး (၆)မျိုးကတော့"
(၁) သွာနူတ္တ(သမာနုတ္တာ) = မိဘစကားကိုနားမထောင်
ခွေးနှင့်တူသောသား
(၂) ဒိန္နက(ပရဒိန္န) = သူတစ်ပါးက ပေး၍ ရသော သား
(၃) သဟောဗု(သဟေထ) = ၀ယ်၍ ရသော သား
(၄) ပုနာနုဗ္ဗ၀(ပုဏ္ဏာနုဂ္ဂတိ) = မိမိမယားသူတစ်ပါးနှင့်ရ၍
မွေးဖွားသော သား
(၅) ပိဠိတ (ကိဠိသာ) = ကစားမြူးထူးရာမှ ရသော သား
(၆) ဆာတဘတ္တ(ဆာတတ္တအရတ္တ)=ထမင်းငတ်မွတ်သည့်အခါ
မှီခိုလာသောသားဆိုပြီးတော့ ဖြစ်ကြပါတယ်။

အဲဒီသားသမီး(၁၂)မျိုးထဲမှာ ခုခေတ်အခါမှာတော့
သြရသ၊ ကိတ္တိမ၊ အပတိဋ္ဌ၊ ပုဗ္ဗက
သွာနူတ္တ၊ ကိဠိတ စသည့် အမျိုးအစားများတို့သာတွေ့ရတော့ပြီး
ကျန်တဲ့ (၆)မျိုး ကတော့ ခေတ်နဲ့ မလျော်ညီတော့တဲ့အတွက်
အလိုလိုတိမ်ကော ပပျောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကျန်ရှိတဲ့ သားသမီး(၆)မျိုးထဲမှာမှ ပထမအမျိုးအစားဖြစ်တဲ့
မိဘတို့ရဲ့အမွေကိုဆက်ခံထိုက်သော
သားသမီး(၆)မျိုးထဲမှာ ပါတဲ့
အမှတ်စဉ်(၁)ဖြစ်တဲ့ သြရသသား သမီး အမျိုးအစားအကြောင်းကို
စာဖတ်သူများ ဗဟုသုတဖြစ်ဘွယ် မျှဝေလိုက်ပါတယ်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ
- သြရသ သားသမီးဆိုတာ
သားယောင်္ကျားလေးကလည်းဖြစ်နိုင်ခွင့်
ရှိသလိုသမီးမိန်းကလေးကလည်း ဖြစ်နိုင်ခွင့် ရှိကြပါတယ်။

- မြန်မာဗုဒ္ဓဘာသာမိဘနှစ်ပါးက မွေးဖွားကြတဲ့
သား/သမီးတိုင်းဟာ
သြရသဖြစ်ခွင့် တစ်နည်းအားဖြင့် သြရသ
အခွင့် အရေး ကို ရခွင့် မရှိကြပါဘူး။
- သြရသ သား/သမီးဆိုတာ မြန်မာဗုဒ္ဓဘာသာဝင်
အမိအဖနှစ်ပါးက တရားဝင် မွေးဖွားတဲ့
သားရင်း သို့မဟုတ် သမီးရင်းဖြစ်ရမှာဖြစ်ပြီး
သားဖြစ်ရင် တော့ သူ့အဖေ မကွယ်လွန်မီမှာ၊
သမီးဖြစ်ရင် လည်း သူ့မိခင် မကွယ်လွန်မီအချိန်မှာ
အသက်(၁၈)နှစ်ပြည့်ပြီးသူလည်းဖြစ်ရပါမယ်။
- ဒါ့အပြင် အဲဒီသား/သမီးဟာ အသက်(၁၈)နှစ်ပြည့်တဲ့ချိန်မှာ
ကျန်သားသမီးတွေထဲမှာ အကြီးဆုံးလည်းဖြစ်ရမှာ ဖြစ်ပြီး
သားဖြစ်ရင် ဖခင် ရဲ့ တာဝန်ဝတ္တရားများ၊
သမီးဖြစ်ရင် မိခင်ရဲ့ တာဝန်ဝတ္တရားများကို
ကူညီဆောင်ရွက်နိုင်စွမ်းရှိသူလည်းဖြစ်ရမယ့်အပြင်
- စိတ်ကျန်းမာရေးကောင်းမွန်သူလည်းဖြစ်ရပါမယ်။
ဆိုလိုတာကတော့ ကျန်အချက်များနဲ့ ပြည့်စုံပြီး
ရူးသွပ်နေသူဖြစ်နေရင် တော့ ဒီအခွင့် အရေးကို ရမှာ
မဟုတ်ပါဘူး။
- သားဖြစ်ရင် ဖခင် ဖြစ်သူရဲ့တာဝန်ဝတ္တရားများ၊
သမီးဖြစ်ရင်မိခင် ဖြစ်သူရဲ့အိမ်ထောင် ရေးတာဝန်
ဝတ္တရားများကို ကူညီဆောင် ရွက်နေသူဖြစ်ရပါမယ်။
အခု တင် ပြခဲ့တဲ့ အချက်များနဲ့ ပြည့်စုံသူကိုမှ
မြန်မာ့ဓလေ့ထုံးတမ်းဥပ ဒေအရ သြရသ သား၊ သို့မဟုတ်
သြရသသမီးလို့ ဆိုနိုင် ပါတယ်။

"သြရသဖြစ်ရန် အဓိက မှတ်သားရမှာကတော့ -"
(၁) မြန်မာဗုဒ္ဓဘာဘာသာဝင် အမိအဖနှစ်ပါးမှ မွေးဖွားသော
တရားဝင် သားသမီးဖြစ်ရပါမယ်။
(၂) သားရင်း သမီးရင်းဖြစ်ရပါမည်။
(၃) သားဖြစ်ရင် ဖခင် မကွယ်လွန်မီ ၊
သမီးဖြစ်ရင် မိခင် မကွယ်လွန်မီ အသက်(၁၈)နှစ်ပြည့် ပြီးသူ
ဖြစ်ရပါမည်။
(၄) အသက်(၁၈)နှစ်ပြည့်သည့်အချိန်မှာ
သားသမီးအားလုံးထဲမှာ အကြီးဆုံးသားသော်လည်း ကောင်း၊
အကြီးဆုံးသမီးသော်လည်းကောင်းဖြစ်ရမှာဖြစ်ပြီး
သားဖြစ်သူဟာဖခင်ရဲ့အလုပ်တာဝန်ဝတ္တရားများကို
လည်းကောင်း၊
သမီးဖြစ်သူဟာ မိခင် ရဲ့ အိမ်ထောင့်တာဝန်ဝတ္တရားများ ကို
လည်းကောင်း ဆောင် ရွက်နိုင် စွမ်းရှိသူ
ဖြစ်ရပါမည်။ ရူးသွပ်နေသူများ မဖြစ်စေရပါ။
(၅) သားဖြစ်ရင် အဖ၏ ပစ္စည်းဥစ္စာရှာဖွေရေး၊
သမီးဖြစ်ရင် အမိ၏ အိမ်ထောင် ရေးဝတ္တရားများကို
ကူညီလုပ်ကိုင် ဆောင်ရွက်ရမည်။

"စီရင်ထုံးများက ပြဆိုသော သြရသ"

ကတ်ဝု နှင့် မောင် ဆင် အမှု
{ ၂၊ရန်ကုန်-၆၉၃ (၇၈၇)ပီစီ }မှာတော့
*** သြရသဟူသည် မိဘနှစ်ပါး သဘောတူ ထိမ်းမြားသည့်
လင် နှင့် မယားမှ မွေးဖွားသည့်သားကို ခေါ်ကြောင်း
ယုံမှားသံသယဖြစ်ရန် မရှိပေ။
ကာလကြာညောင်းသော် အိမ်ထောင်တစ်ခုတွင် ဖ
ခင်၏ တာဝန်ဝတ္တရားများ ကို ကျေပွန်စွာ ထမ်းဆောင်သောကြောင့်
သတ်မှတ်ထားသည့်မိဘအမွေ အနှစ် ရရှိသော သားဟူ၍
အထူးအဓိပ္ပါယ်သက်ရောက်လာသည်။

ထိုနည်းတူ ကာလကြာသော် သမီးအားလည်း သားကဲ့သို့ပင်
အခွင့်အရေးပေး၍ သြရသဟူ၍ခေါ်ဆိုပေသည်။ ***
လို့ စီရင် ထုံးဖွဲ့ထားခဲ့တာကို လေ့လာတွေ့ရှိနိုင်ပါတယ်။

ဥပ ဒေပညာရှင် ဒေါက်တာမောင်မောင်
(တရားရုံးချုပ်တရားသူကြီး)ရေးသားပြုစုခဲ့သော
မြန်မာ့တရားဥပဒေဓလေ့ထုံးတမ်းနှင့် မြန်မာအိမ်ထောင်စု
ကျမ်းတွင် -
*** သြရသဖြစ်ရန် အဓိက လိုအပ်ချက်မှာ
မိဘ၏ပစ္စည်းဥစ္စာရှာဖွေရေး သို့မဟုတ် အိမ်ထောင်
ထိမ်းသိမ်းရေးတို့ တွင် ကူညီဆောင်ရွက်မှုအပေါ်မတည်ပေ။
ကွယ်လွန်သူ မိဘ၏တာဝန်ဝတ္တရားများကို ထမ်းဆောင်ခိုင်း
သည့်အခါ ထမ်းဆောင် နိုင်စွမ်းရှိသည့်အချက်အပေါ်တွင်သာ
တည် ရှိနေသည် *** ဟု ရေးသားထားတာကိုလည်း
လေ့လာ တွေ့ရှိရပါတယ်။

မိသားစုတစ်စုအတွင်းမှာ သြရသ သားသမီး(၂)ယောက်
မရှိနိုင် ပါဘူး။ တစ်ယောက်တည်းသာလျှင် သြရသဖြစ်နိုင်ခွင့်
ရှိမှာ ဖြစ်ပါတယ်။
*** မိသားတစ်စုအတွင်းမှာ သားဖြစ်စေ၊ သမီးဖြစ်စေ
တစ်ဦးတစ်ယောက်ဟာသြရသအဖြစ်ရရှိပြီးဖြစ်ပါက
ကျန်တဲ့သားသမီးတစ်ဦးဦးအနေနဲ့
နောက်ထပ်သြရသအဖြစ် ဆက်ခံခွင့် မရှိတော့ကြောင်း ***
(ထွန်းမြိုင် နှင့် ဘထွန်း၊ 2 LBR -292) အမှုမှာ
ဆိုထားပါတယ်။

ထို့ပြင်
*** မိသားစုတစ်စုမှာ သြရသ အရာမှာ သားဖြစ်စေ၊
သမီးဖြစ်စေ တစ်ဦးတစ်ယောက်ကရရှိပြီးနောက်
အဲဒီသြရသသား/သမီး သေဆုံးသွားခဲ့ရင်လည်း
ကျန်ရစ်တဲ့သားသမီးများထဲက ဘယ်သူမှ
သြရသ မဖြစ်နိုင် တော့ပေ *** လို့
(ထွန်းမြိုင် နှင့် ဘထွန်း၊ 2 LBR -292 ) အမှုမှာပဲ
ဆုံးဖြတ်ထုံးဖွဲ့ထားတာကို တွေ့ရှိရပါတယ်။
ဘာကြောင့် ဒီလိုဆုံးဖြတ်ထားရတာလည်းဆိုတော့
သြရသရဲ့အခွင့် အရေးဟာ အပြီးအပိုင်ရရှိတဲ့
အကျိုးခံစားခွင့် ဖြစ်တာကြောင့်
သေဆုံးသွားတဲ့ သြရသဖြစ်သူက မွေးဖွားတဲ့ သားသမီးများမှာ
သူ့အဖေ သို့မဟုတ် မိခင် တောင်းဆိုနိုင်ခွင့် ရှိတဲ့
အမွေလေးပုံတစ်ပုံတောင်းဆိုပိုင်ခွင့် ကို ပိတ်ပင်ရာ
ရောက်သွားမှာဖြစ်တဲ့အတွက် ဖြစ်ဟန်တူပါတယ်။

ဒါပေမယ့်
*** မိသားစုတစ်စုအတွင်းက သားသမီးများထဲက
သြရသဖြစ်နိုင် တဲ့ သား သို့မဟုတ်သမီးဖြစ်သူဟာ
သြရသအဖြစ်သို့ မရောက်ရှိမီမှာ
တစ်နည်းအားဖြင့် အရွယ်မရောက်မီမှာသြရသဖြစ်နိုင် တဲ့
သားဦး၊ သမီးဦး သေဆုံးသွားပါမယ်ဆိုရင်တော့
ကျန်ရှိတဲ့ မောင် နှမတွေ ထဲကသြရသဖြစ်နိုင်သော
အရည်အချင်း ရှိတဲ့ ဒုတိယ သား သို့မဟုတ် သမီးက
သြရသ အရာကို ဆက်ခံနိုင် ခွင့် ရှိလာမှာ ဖြစ်တယ်လို့ ***
(မောင်ကြင် နှင့် မကြာခိုင် ၊ အတွဲ ၈၊ ရန်ကုန်၊ စာမျက်နှာ-၃၉၆ )
နှင့်
(မအေးရင် နှင့် မမိမိ ၊ အတွဲ ၇ ၊ ရန်ကုန်၊ စာမျက်နှာ-၅၆၉ )တို့မှာ
စီရင် ထုံးဖွဲ့ဆုံးဖြတ်ခဲ့ကြတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

* "သြရသ သားသမီးရဲ့ အခွင့် အရေးက ဘာတွေလဲ"

- သြရသဖြစ်သော သား / သမီးသည်
သားဖြစ်ရင်  အဖ၊ သမီးဖြစ်ရင် အမိ  သေဆုံးတဲ့အခါမှာ
မိဘ၏ အမွေအနှစ်များမှလေးပုံတစ်ပုံကို အမွေအဖြစ်
တောင်းဆိုခွင့် ရှိပါတယ်။
- သြရသရဲ့ အခွင့်အရေးဟာ အပြီးအပိုင်ရရှိတဲ့အကျိုးခံစားခွင့်
ဖြစ်တာကြောင့် အကယ်၍ သြရသသား/သမီးဟာ
ကျန်ရစ်သူမိဘထံမှအမွေလေးပုံတစ်ပုံဝေစုကို
မတောင်းဆိုရသေးခင်မှာ သေဆုံးသွားသည့်တိုင်အောင်
အဲဒီ သြရသဖြစ်သူသား/သမီးရဲ့
ကျန်ရစ်သူသား/သမီး များအနေနဲ့ အဲဒီအခွင့်အရေးကို
ဆက်လက်ဆက်ခံခွင့် ရှိကြောင်း
အောက်ပါ စီရင် ထုံးများမှာ တစ်ညီတစ်ညွတ်တွေ့ရှိရပါတယ်။
(မောင် နိုး နှင့် မောင် ဖိုးသိန်း၊အတွဲ-၁၊ရန်ကုန်၊စာမျက်နှာ-၃၆၃)
(ဗွီတီအေဂူနာချလမ်းချစ်တီး နှင့် မောင် စန်းငွေ၊ အတွဲ-၂၊ ရန်ုကုန်၊
စာမျက်နှာ-၁၆၈)
(မအေးမြနှင့် ဦးဖေလေး၊ အတွဲ-၃၊ ရန်ကုန်၊ စာမျက်နှာ ၂၈၁)
(မကြူ နှင့် မောင် ရွှေကျား၊ အတွဲ-၆၊ ရန်ကုန်၊ စာမျက်နှာ-၃၁၈)

* "သြရသနှင့် ပတ်သက်လို့ ၀မ်းနည်းဘွယ် အခွင့်အရေး
ဆုံးရှုံးမှုတစ်ရပ်ကတော့-"

ရှေးက စီရင် ဆုံးဖြတ်ခဲ့ကြတဲ့ ဓမ္မသတ်များမှာ -
သြရသနှင့် ပတ်သက်လို့ ၀မ်းနည်းဘွယ် အခွင့်အရေးဆုံးရှုံးမှု
တစ်ရပ်ကို လည်းလေ့လာတွေ့ရှိရပါတယ်။

အဲဒါကတော့ မိဘနှစ်ပါးအနက်တစ်ဦးဦးဟာ အိမ်ထောင်ကြီးဖြစ်ပြီး
ပထမအိမ်ထောင် နဲ့သားသမီးများ ရရှိခဲ့သူဖြစ်သလို
ဒုတိယ အိမ်ထောင် နဲ့လည်းသားသမီးများ ထွန်းကားခဲ့ပါတယ်။
ပထမ အိမ်ထောင် နဲ့ ရရှိခဲ့တဲ့ သား သို့မဟုတ် သမီး အကြီးဆုံးဟာ
အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်သလို ဒုတိယအိမ်ထောင် နဲ့
ရရှိခဲ့တဲ့ သားသမီးထဲက အကြီးဆုံးဟာလည်း
ဖခင် သို့မဟုတ် မိခင် ကွယ်လွန်ချိန်မှာ အသက် (၁၈)နှစ်ပြည့်ပြီး
ပထမ အိမ်ထောင် မှာပါလာတဲ့ သြရသဖြစ်နိုင် ခွင့် ရှိတဲ့
သား/ သမီးလိုပဲ အရည်အချင်းပြည့်စုံနေတယ်ဆိုကြပါစို့ ။

ဒီအခါမှာ မိသားတစ်စုအတွင်းမှာ
သြရသ နှစ်ယောက်မရှိရဘူးဆိုတဲ့ အချက်အရ
ပထမအိမ်ထောင် နဲ့ ရခဲ့တဲ့ သား သို့မဟုတ် သမီးကို
သြရသအရာ ဖြစ်ခွင့် ပေးမလား။
ဒုတိယအိမ်ထောင် နဲ့ ရခဲ့တဲ့ သား သို့မဟုတ် သမီးကိုပဲ
ပထမအိမ်ထောင် နဲ့ ရခဲ့တဲ့သားသမီးကို ကျော်ပြီး
သြရသ သားသမီးဖြစ်ခွင့် ပေးမလားဆိုတာ
ဥ ပ ဒေပြ ဿသ နာ တစ်ရပ် အနေနဲ့
တည်ရှိနေပါသေးတယ်။

(ကိုးကား)
ဆရာဦးဧမောင် ရေးသားတဲ့
မြန်မာ့တရားဥပဒေ(၁၉၃၇) စာ-၁၇၅။
ဆရာဦးမြစိန်၏ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊

(Aung Soe - Pyay)

credit - ဥပဒေ ရေးရာ လေ့လာစရာ

"မြန်မာ့အိမ်ခြံမြေအပေါ် ဝေဖန်သုံးသပ်မှုနှင့် ဈေးကွက် အခြေအနေ"


"မြန်မာ့အိမ်ခြံမြေအပေါ် ဝေဖန်သုံးသပ်မှုနှင့်
ဈေးကွက် အခြေအနေ"


၁။ "ဖွံ့ဖြိုးဆဲနိုင်ငံများအနက် မြန်မာနိုင်ငံ၏ မြေဈေးသည်
တစ်စတုရန်း မီတာလျှင် ပျမ်းမျှ ၆၀၅ ဒေါ်လာဖြင့် အမြင့်ဆုံး
ဖြစ်နေသော်လည်း ပိုများလာမည့် ရင်းနှီး မြှုပ်နှံမှုများအတွက်
မြန်မာ့အိမ်ခြံမြေ ဈေးကွက်မှာ စိတ်ဝင်စားဖွယ်
အကောင်းဆုံး ဖြစ်နေ"

ဒေသတွင်း နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအနက် မြန်မာနိုင်ငံ၏
မြေဈေးနှုန်းသည် တစ်စတုရန်းမီတာလျှင် ပျမ်းမျှ ၆၀၅ဒေါ်လာဖြင့်
အမြင့်ဆုံး ဖြစ်နေသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်နေ၍
ပိုမို များပြားလာဦးမည့် ရင်းနှီး မြှုပ်နှံမှုများအတွက်
မြန်မာ့အိမ်ခြံမြေ ဈေးကွက်မှာ စိတ်ဝင်စားဖွယ် အကောင်းဆုံး
ဖြစ်နေဆဲ ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် အွန်လိုင်း
အိမ်ခြံမြေ လုပ်ငန်းစုဖြစ်သည့် House com mm က
နိုဝင်ဘာ ၂ ရက်တွင်  သတင်း ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ၏ ပျမ်းမျှ မြေဈေးသည် တစ်စတုရန်း မီတာလျှင်
အမေရိကန် ဒေါ်လာ၆၀၅ ဒေါ်လာဖြစ်နေပြီး
မြန်မာနိုင်ငံကဲ့သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများစိတ်ဝင်စား
နေသည့် ပါကစ္စတန် နိုင်ငံ၏ ပျမ်းမျှ မြေဈေးမှာ
တစ်စတုရန်း မီတာလျှင် ၂၅၈ အမေရိကန် ဒေါ်လာသာ
ရှိနေသည်။

ထို့ပြင် ဒေသတွင်း နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏
ပျမ်းမျှမြေဈေးနှုန်းမှာ တစ်စတုရန်းမီတာလျှင် ၂၀၉ဒေါ်လာနှင့်
အင်ဒိုနီးရှား နိုင်ငံ၏ ပျမ်းမျှမြေ ဈေးနှုန်းမှာ တစ်စတုရန်း
မီတာလျှင်၂၅၉ ဒေါ်လာသာ ဖြစ်နေပြီး
မြန်မာနိုင်ငံ၏ ပျှမ်းမျှမြေ ဈေးနှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအနက်
အမြင့်ဆုံး ဖြစ်နေသည် House com mm ၏
သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိမ်ခြံမြေ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဆိုပါက
ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ခြင်းသည်
ရေရှည်အတွက် ပိုမို ကောင်းမွန်သည့် အခြေအနေတွင်ရှိနေပြီး
နိုင်ငံအများစုတွင် အိမ်ခြံမြေ ၀ယ်ယူ၍ ရင်းနှီး မြုပ်နှံခြင်းကို
ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ စသည်တို့ ၀ယ်ယူ
ရင်းနှီး မြုပ်နှံခြင်းထက် ပိုမိုလုံခြုံစိတ်ချ ရသည်ဟူ၍
အခိုင်အမာ ယုံကြည်ကြပြီး
စတော့ရှယ်ယာတွင် ရင်းနှီး မြုပ်နှံမည်ဆိုလျှင်လည်း
တည်ငြိမ်မှု မရှိနိုင်ခြင်းများကြောင့် အိမ်ခြံမြေ
ရင်းနှီးမြှုပ်နှံမှုများကသာ ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်
ပေးနိုင်သည့် အနေအထား ဖြစ်နေသည်။

မြန်မာနိုင်၏ အိမ်ခြံမြေ ကဏ္ဍသည် စင်ကာပူနိုင်ငံထက်ပင်
များပြားနေပြီး မြန်မာနိုင်ငံတွင် အများစုက အိမ်၊ ခြံ၊ မြေကို
လက်ကိုင်ထားပြီး ကစားနေသဖြင့် နိုင်ငံခြားမှ အမှန်တကယ်
လာရောက် ရင်းနှီးမြှုပ်နှံသူများ အတွက် အခက်အခဲဆုံးနှင့်
အကုန်အကျဆုံးမှာ မြေနေရာအတွက်ဖြစ်ကာ
အခြားနိုင်ငံများတွင် မြေနေရာအတွက် မြှုပ်နှံမှုမှာ
ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၂၀
ဝန်းကျင်သာ ရှိချိန်တွင် မြန်မာနိုင်ငံတွင် ရာခိုင်နှုန်း ၃၀ မှ
ရာခိုင်နှုန်း ၄၀ အထိ ရှိနေဆဲ ဖြစ်နေသည်ဟု
ဗြိတိန်အခြေစိုက် Savills မှ အကြီးတန်း မန်နေဂျာ
Sushant Bihani က ပြောကြားသည်။

“ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု အနေနဲ့ အခက်အခဲ ရှိပေမယ့်လည်း
ရေရှည်အတွက်ဆိုရင် မြန်မာနိုင်ငံက အရမ်းကောင်းတဲ့
ဈေးကွက်တစ်ခုပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေရဲ့
မြေတွေဟာ ရင်းနှီးမြှုပ်နှံမှု အထိန်း အကွပ်တွေအတွက်
အဓိက သော့ချက်တစ်ခုလည်း ဖြစ်ပါတယ်။

ပြီးတော့လည်း မြန်မာနိုင်ငံ အနေနဲ့ တန်ဖိုးရှိတဲ့ ရင်းနှီး မြှုပ်နှံမှု
အခွင့်အလမ်းတွေ အများကြီး တည်ရှိရာ နေရာတစ်ခုလည်း
ဖြစ်နေပါတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဈေးကွက်အပေါ်
House com mm ၏
မန်နေဂျင်း ဒါရိုက်တာ Balaji Ramaswami မှ သုံးသပ်သည်။

တရုတ်နိုင်ငံရှိ စီးပွားရေး အကျပ်အတည်းများကို ရှောင်ရှားရန်
ဂျပန် ရင်းနှီး မြှုပ်နှံသူများမှ ၎င်းတို့၏ ရင်းနှီး မြှုပ်နှံများကို
အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လျက်ရှိသည့် မြန်မာနိုင်ငံသို့
စတင် ပြောင်းလဲခဲ့ကြသည့် အတွက် နှစ်အတန်ကြာ
စီးပွားရေး ပိတ်ဆို့မှုများဖြင့် မြန်မာပြည်သည် တစ်ခေတ်ပြန်လည်
ဦးမော့လာခဲ့သည်။

ထို့ပြင် နောင်လာမည့် နှစ်နှစ်အတွင်း မြန်မာ စီးပွားရေးဖွံ့ဖြိုးမှုမှာ
၇ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ပြီး ပိုမိုများပြားလာသော
ရင်းနှီး မြှုပ်နှံသူများအတွက် မြန်မာ့အိမ်ခြံ မြေဈေးကွက်မှာ
စိတ်ဝင်စားဖွယ် အကောင်းဆုံး နယ်ပယ် ဖြစ်နေသည်။

၂၀၁၄ခုနှစ် နောက်ပိုင်းတွင် နိုင်ငံခြား ပိတ်ဆို့ အရေးယူမှုများကို
အတတ်နိုင်ဆုံး လျှော့ချနိုင်ခဲ့ပြီး နိုင်ငံတကာ ကုမ္ပဏီများဖြစ်သည့်
Walmart နှင့် ကိုကာကိုလာတို့ကိုလည်း မြန်မာ့မြေပေါ်သို့
ရောက်ရှိစေနိုင်ခဲ့ပြီး မြန်မာ့မြေဈေးများလည်း ရုတ်တရက်
မြင့်တက်ခဲ့သည်။            
                          
(ဖြိုးဝေ)

*****

၂။ "ရန်ကုန် အိမ်ခြံမြေ ဈေးနှုန်း မာနေဆဲ"

လွန်ခဲ့သည့် သုံးနှစ်အတွင်း အိမ်ခြံမြေဈေးကွက် အနေအထား
အလွန်ကောင်းမွန်ခဲ့သော်လည်း
၂၀၁၄ ခုနှစ်နှစ်ကုန်ပိုင်းမှစ၍ ဈေးကွက်ငြိမ်သက်နေခဲ့ရာ
လက်ရှိတွင် သိသိသာသာအေးစက်လျက်ရှိသည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏ မြို့ကြီးများ ဖြစ်သည့် ရန်ကုန်နှင့်
မန္တလေးမြို့များတွင် အိမ်ခြံမြေအရောင်းအ၀ယ်များ သိသာစွာ
လျော့ကျသွားခဲ့ပြီး ကွန်ဒို၊ တိုက်ခန်းငှားရမ်းမှုများလောက်သာ
အလုပ်ဖြစ်ခဲ့သည်။

ထို့ပြင် ၂၀၁၅ ခုနှစ်သည် နိုင်ငံရေးအပြောင်းအလဲများ
ဖြစ်ပေါ်နိုင်သည့် ရွေးကောက်ပွဲအခြေအနေများကြောင့်
နိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစု၏ ရင်းနှီးမြှုပ်နှံမှုမှာ
စောင့်ကြည့် အနေအထားများဖြစ်ခဲ့သည့်အတွက်
အိမ်ခြံမြေရင်းနှီးမြှုပ်နှံသည်လည်း ပို၍ငြိမ်သက်ကာ
လွန်ခဲ့သည့်ငါးလအတွင်း ဈေးကွက် အတွင်း၌
အိမ်ခြံမြေရောင်းဝယ်မှုမရှိ သလောက်အထိ ဖြစ်ခဲ့သည်။

အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုအများစုမှာ
ငွေကြေးပိုလျှံသူများ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သည့်အတွက်
လက်တလော ဈေးကွက်ငြိမ်သက်နေသည့် အနေအထားကို
တောင့်ခံ နိုင်သူများရှိသကဲ့သို့ ငွေကြေးလိုအပ်ချက် အရ
ရောင်းချရန်လိုအပ်သူများလည်း ရှိနေသည့်အတွက်
ဈေးကွက်အတွင်း အရောင်းအ၀ယ်အချို့ ဖြစ်ပေါ်ခဲ့သည်ဟုလည်း
အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ပြီးခဲ့သည့် အောက်တိုဘာက
စတင်၍ တန်ဖိုး မြင့်လုံးချင်းအိမ်များ၊ ကွန်ဒိုများကို ဈေးချကာ
ရောင်းချနေသည့် သတင်းများ ထွက်ပေါ်လာ ခဲ့သည်။

ယင်းကဲ့သို့ ရောင်းချမှုများရှိသော်လည်း အဆိုပါ အိမ်မြေများ၏
လျှော့ဈေးများမှာဈေးကွက်အတွင်း အမှန်တကယ်
ကျဆင်းသွားခြင်းမဟုတ်ဘဲ
ယခင်ကအိမ်ခြံမြေခေတ်ကောင်းချိန်တွင် ခေါ်ဆိုထားသည့်
ဈေးအမြင့် များကြောင့် ယခုအချိန်တွင် ပုံမှန်ဈေးနှုန်းများဖြင့်
ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက
ပြောသည်။

"တကယ်တော့ဈေးချရောင်းတာ မဟုတ် ပါဘူး။
သူတို့က အမြင့်ဆုံးဈေးတွေ ခေါ်ထားကြတော့
အိမ်ခြံမြေဈေးတွေက အဆမတန်မြင့်နေတာ။
အခုလို ဈေးကွက်ငြိမ်နေတဲ့ အချိန်မှာ
ဈေးတွေကို အရင်ပုံမှန်ဈေးကို ပြန်ဖြုတ်ချပြီး ရောင်းကြတော့
ဈေးချပြီး ရောင်းသလိုဖြစ်နေတာ။ တကယ်တော့ ဈေးတွေက
မကျပါ ဘူး" ဟု မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင်
ကိုမင်းမင်းစိုးက ပြောသည်။

ဈေးကွက်အတွင်းတွင် သိန်းသောင်းချီတန်သည့်
လုံးချင်းအိမ်များကို ဈေးလျှော့ကာရောင်းချနေခြင်းသည်
အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းသွားခြင်း မဟုတ်ဘဲ
လုပ်ငန်းကောင်းမွန်သည့် ပွင့်လင်းရာသီသို့ ရောက်ရှိ
လာသည့်အတွက် အရောင်းအ၀ယ်ပြန်လည်စတင်လာခြင်းနှင့်
အမြင့်ခေါ်ဈေးများကိုလျော့ကာ ရောင်းချခြင်းဖြစ်ကြောင်း
အကျိုးဆောင်များက ပြောသည်။

"ရန်ကုန်မှာ အောက်တိုဘာ လကုန်ပိုင်း လောက်ကစပြီး
ကျွန်တော်တို့ဆီကို အိမ်တွေ၊ တိုက်ခန်းတွေ ရောင်းဖို့အတွက်
လာအပ်တဲ့ သူတွေ ရှိလာပါတယ်။
ဈေးကွက်က တောက် လျှောက်အေးနေပေမယ့် အ
ခုအိမ်ခြံမြေ လုပ်ငန်းလုပ်လို့ကောင်းတဲ့အချိန်
ပြန်ရောက်လာ တော့ အရောင်းအ၀ယ်လုပ်ဖို့ ပြင်ဆင်လာတဲ့
သူတွေရှိလာပါတယ်။ ဈေးတွေကတော့ ပုံမှန်ဈေးတွေပါပဲ" ဟု
Luxury Estate Myanmar မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တန်ဖိုးမြင့်လုံးချင်းအိမ်များ ရောင်းချမှုရှိလာခြင်းသည်
အောက်ဈေး များဖြင့် အိမ်ခြံမြေများကို ဈေးကွက်တွင်
ထုတ်နေခြင်းမဟုတ်ဘဲ ဈေးခေါ်မှုများသာ ဖြစ်ကြောင်း
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင် မှုအသင်း
အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့ အောင်ကပြောသည်။

"အခု ဈေးကွက်ထဲမှာ လုံးချင်းအိမ်တွေ ပြန်ရောင်းနေတာ
တွေက ငွေမလည်တဲ့သူ တွေ ဒါမှမဟုတ်
ငွေပိုက်မထားချင်တဲ့သူ လောက်ပဲ ဈေးချရောင်းနေကြတာပါ။
ဒါပေမဲ့ ဈေးကို အဆမတန်လျှော့ပြီး အောက်ဈေးတွေ နဲ့
ချရောင်းနေတာတော့ မဟုတ်ပါဘူး။
အိမ်ခြံ မြေက ရင်းနှီးမြှုပ်နှံထားရတာများတော့
တချို့ကျတော့ တကယ်ရောင်းတာမဟုတ်ဘဲ
ဈေးခေါ်ကြည့်တာမျိုးတွေ ရှိတယ်" ဟု ၎င်းက ပြောသည်။

သို့သော် အိမ်ခြံမြေအတွင်းငွေမြှုပ်ကာ ငွေလိုအပ်နေသူများမှာ
ယခင်နှစ်များနှင့် ယှဉ်ပါက ၂၀ ရာခိုင်နှုန်းခန့် လျှော့ချကာ
ရောင်းချမှုများ ရှိနေပြီး ယင်းသို့ရောင်းချသူ ဦးရေးမှာ
အိမ်ခြံမြေ ဈေးကွက်အတွင်း နည်းပါးကြောင်း
အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူ ဦးဟိန်းဇံက ပြောသည်။

"ဈေးကွက်မကောင်းတဲ့အချိန်မှာ တောင့်ခံမထားနိုင်တဲ့သူတို့၊
ငွေလိုလို့ ဗိုက်နာပြီးရောင်းချင်နေတဲ့သူတွေကတော့
အရင်ဈေး တွေထက် ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းလောက်
လျှော့ပြီး ရောင်းတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါကလည်း
လူတိုင်းမဟုတ်ပါဘူး။
အများစုကငွေပိုလို့ ဒီမှာလာရင်းနှီးထားတဲ့ သူတွေပဲဆိုတော့
တောင့်ခံနိုင်တဲ့သူတွေက များပါတယ်။
အဲဒီလိုရောင်းတဲ့သူက ၁၀ ဦးမှာ သုံးဦးလောက်ပဲ ရှိပါတယ်" ဟု
၎င်းကပြော သည်။

ရန်ကုန်အိမ်ခြံမြေသည် ၀ယ်လိုအား မြင့်တက်မှု ကြာရှည်ခဲ့သည့်
အလျောက်ပြန်လည်ဈေးကစားသူများဖြင့် စည်ကားခဲ့ သည့်
ဈေးကွက်ဖြစ်ခဲ့သည့်အတွက်
ဈေးနှုန်း များမှာလည်း လုပ်ငန်းကောင်းခဲ့သည့် ၂၀၁၁ ကစတင်၍
တစ်စတစ်စ တက်လာခဲ့ရာ ၂၀၁၄ ခုနှစ်ခန့်တွင်
အမြင့်ဆုံးအနေအထားများသို့ ရောက်ရှိခဲ့ပြီး
အရှေ့တောင်အာရှတွင် ဈေး အကြီးဆုံး အိမ်ခြံမြေဈေးကွက်
ဖြစ်ခဲ့သည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ် အောက်တိုဘာ လကုန်ထိ
ရန်ကုန်အိမ်ခြံမြေဈေးကွက်၏၀ယ်လိုအား ရောင်းလိုအား
ကျဆင်းနေခဲ့ သော်လည်း အိမ်ခြံမြေဈေးနှုန်းများမှာ
မာနေ ဆဲဖြစ်ပြီး ကျဆင်းလာခဲ့သည်ဆိုသည့် သတင်းစကားများမှာ
မမှန်ကန်ခဲ့ဘဲ ဈေးခေါ်မှုများ၊ ဗိုက်နာသူများ၏
ဈေးချရောင်းမှုများကြောင့် သာ ဖြစ်ကြောင်း
အိမ်ခြံမြေ အကျိုးဆောင် များကဆိုသည်။

အောက်တိုဘာအတွင်း တန်ဖိုးမြင့် အိမ်၊ ကွန်ဒိုရောင်းချမှုများ၏
ဈေးခေါ်ဆိုမှုများသည် တစ်စတုရန်းပေလျှင်
ကျပ်တစ်သိန်း ၀န်းကျင်မှ ကျပ် ၁၀ သိန်းထိဈေးများရှိသည့်
အိမ်ခြံမြေ များရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက
ပြောသည်။

(မြတ်ငြိမ်းအေး)

credit - Eleven Media Group & The Myanmar Times

“အိမ်၊ခြံ၊မြေ စံနှုန်းသတ်မှတ်ချက်နှင့် မြို့သစ်များရှိ ရပ်ကွက်အချို့တွင်ပါမစ်ပျောက် ဂရန်ထုတ်ပေးမှု ရပ်ဆိုင်းလိုက်သည့် သတင်းများ”


“အိမ်၊ခြံ၊မြေ စံနှုန်းသတ်မှတ်ချက်နှင့် မြို့သစ်များရှိ
ရပ်ကွက်အချို့တွင်ပါမစ်ပျောက် ဂရန်ထုတ်ပေးမှု
ရပ်ဆိုင်းလိုက်သည့် သတင်းများ”


၁။ "အိမ်ခြံမြေစံနှုန်း ယခင်နှစ်နှုန်းဟောင်းအတိုင်း
အခွန်ကောက်ခံမည်"

အရောင်းအဝယ် အေးစက်နေသော
အိမ်၊ခြံ၊မြေ ဈေးကွက်အနေအထားကြောင့်
ယခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး
တစ်ပေပတ်လည် အိမ်၊ခြံ၊မြေ စံနှုန်းသတ်မှတ်ချက်များကို
မထုတ်ပြန်တော့ဘဲ
၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့် နှုန်းဟောင်းများအတိုင်း
အခွန်ဆက်လက် ကောက်ခံမည်ဖြစ်ကြောင်း
အဆိုပါဌာနထံမှ သိရသည်။

“ဈေးကွက်အနေအထား အရ ထုတ်ပြန်စရာ မလိုတဲ့အတွက်
မထုတ်ပြန်တော့တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး
ပြည်တွင်းအခွန်များ ဦးစီးဌာန တိုင်းမှူး
ဦးကျော်သန့်လွင်က ဆိုသည်။

အိမ်၊ခြံ၊မြေ စံနှုန်းသစ်တွင် နှုန်းထားများတိုးမြှင့်ထားသည်ဟု
ကြားသိရသည့်အတွက် အိမ်၊ခြံ၊မြေ လုပ်ငန်းရှင်များက
ဝေဖန်ခဲ့သော်လည်း နှုန်းဟောင်းအတိုင်း
အခွန်ကောက်ခံမည်ကိုမူ မှန်ကန်သည့် လုပ်ရပ်တစ်ခု
ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“နှုန်းဟောင်းမှာတောင် အခွန်ဆောင်တဲ့သူတွေ နည်းနေတာ၊
နှုန်းသစ်မှာ ထပ်တိုးထားတယ်ဆိုရင် ပိုနည်းသွားမှာပေါ့။
အခု ဈေးကွက်အနေအထားကလည်း
သိပ်ကောင်းတာ မဟုတ်ဘူးလေ” ဟု
အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးဟိန်းမိုးမြင့်လွင်က
ပြောဆိုသည်။

*****

၂။ "လူနေထိုင်ခြင်းမရှိသည့် မြို့သစ်များရှိ ရပ်ကွက်အချို့
ပါမစ်ပျောက် မြေဂရန်ထုတ်ပေးမှုရပ်ဆိုင်း"

လူနေထိုင်ခြင်းမရှိသည့် မြို့စွန်ရပ်ကွက်အချို့တွင်
မသမာသူများက
မြေဂရန် ပျောက်ဆုံးကြောင်း လာရောက်လျှောက်ထားလာခြင်း၊
အဆင့်ဆင့် လိမ်လည်ရောင်းချမှုများကြောင့်
လူနေထိုင်ခြင်းမရှိသည့် မြို့စွန်ရပ်ကွက်များ၏
ပါမစ်ပျောက်မြေဂရန်လျှောက်ထားမှုများကိုခေတ္တရပ်ဆိုင်း
ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှု့ဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက
မြန်မာတိုင်း(မ်) ကိုပြောသည်။

"ဒီလဆန်းကတည်းက ရပ်လိုက်တာပါ၊
ရက်အတိအကျတော့မမှတ်မိပါဘူး။
လူလည်တွေကမြေကွက်ပိုင်ရှင်တွေရဲ့ နာမည်တွေကို
ရတဲ့နေရာစုံကစုံစမ်းပြီး ပါမစ်ပျောက် ဆိုပြီး
ဂရန်လာလျှောက်တယ်။
ပါမစ်ပျောက် ဂရန်လျှောက်တယ်ဆိုပြီးတော့
ရဲစခန်း ထောက်ခံချက်တွေလည်း ပါလာတယ်။
မသမာမှုတွေလည်းရှိတော့ လတ်တလော ပါမစ်ပျောက်
မြေဂရန်ထုတ်ပေးမှုကို ဆိုင်းငံ့ ထားလိုက်တာပါ။
ဘေးပတ်ဝန်းကျင်မှာလူနေအိမ်တွေ ရှိရင်တော့
ထုတ်ပေးနေပါတယ်၊
ဝန်ထမ်းတွေကို ချထားပေးတဲ့ မြေကွက်တွေ ဖြစ်တာများ
တဲ့အပြင် ချထားပေးတာကလည်း နှစ်ပေါင်းများစွာကြာပြီး
အိမ်ဆောက်လုပ် ခြင်းမရှိဘဲကွင်းပြောင်ပြောင် ဖြစ်နေတဲ့
ရပ်ကွက်တွေမှာ လူလည်တွေက ကလိန်ကကျစ်လုပ်ပြီး
သူတို့မြေကွက်အပိုင်ဖြစ်သယောင်ယောင်လုပ်ပြီး
အဆင့်ဆင့် ပြန်လည် ရောင်းစားတာတွေရှိတယ်။
နောက်ပိုင်းကျမှ ပိုင်ရှင်အစစ်အမှန်တွေ ပေါ်လာတာ
တွေကြောင့် အခုလို ပါမစ်ပျောက်မြေဂရန်လျှောက်ထားမှုကို
ရပ်နားထားတာပါ" ဟု ၎င်းကပြောသည်။

ပါမစ်ပျောက် မြေဂရန်လျှောက်ထားမှုများကို
ခေတ္တဆိုင်းငံ့လိုက်သည့် မြိ့နယ်များမှာ -
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ရွှေပြည်သာနှင့်
လှိုင်သာယာမြို့နယ် တို့ဖြစ်ပြီး
လူနေထိုင်သည့် ရပ်ကွက်များကိုမှု
ပါမစ်ပျောက် မြေဂရန်ပျောက်ဆုံးမှုများကို
ပုံမှန် ပြန်လည်ထုတ်ပေးလျက်ရှိသည်။

ယင်းမြို့နယ်ငါးမြို့နယ်အတွင်းရှိ လူနေထိုင်ခြင်း မရှိသည့်
မြို့နယ်/မြေတိုင်းရပ်ကွက် ပေါင်း ၄၄ ရပ်ကွက်ရှိ
ပါမစ်ပျောက်ဖြင့် ဂရန် သစ်လာရောက်လျှောက်ထားခြင်းကို
ဆိုင်းငံ့ခြင်းဖြစ်သည်။

* ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ လူနေထိုင် ခြင်းမရှိသေးသည့်
၁၂၀၊ ၁၂၁၊ ၁၂၂၊ ၁၃၁၊ ၁၃၅၊ ၁၃၆ ၊ ၁၃၇ ၊ ၁၃၈၊ ၁၃၉ ၊ ၁၅၅
ရပ်ကွက် ၁၀ ကွက်၊

* ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်ရှိ လူနေထိုင်ခြင်းမရှိသေးသည့်
၅၉၊ ၆၀၊ ၆၁၊ ၇၇၊ ၇၈၊ ၇၉၊ ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၄၊ ၈၅၊
၈၆၊ ၉၂၊ ၁၃၈၊ ၁၃၉၊ ၁၅၀၊ ၁၅၁ ရပ်ကွက် ၁၈ ကွက်၊

* ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ရှိ
၁၄၁/၂၊ ၁၄၃/၂၊ ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၅၂၊ ၁၅၃၊ ၁၅၄
ရပ်ကွက် ရှစ်ကွက်၊

* လှိုင်သာယာမြို့နယ်ရှိ
ရလပ ၂၂၊ ရလပ ၂၃၊ ရလပ ၂၈၊ သကတ ၁၇၊ သကတ ၁၈
စုစုပေါင်း ငါးကွက်၊

* ရွှေပြည်သာမြို့နယ်တွင်
၁၁၊ ၁၄၊ ၁၆ ရပ်ကွက်များရှိ မြေကွက်များ၏ ပါမစ်ပျောက်ဖြင့်
ဂရန်သစ်လျှောက်ထားလာခြင်းကိုဆိုင်းငံ့လိုက်သည်။

"သူတို့အခုလို ရပ်ကွက်တွေကို ပါမစ်ပျောက် ဂရန်မထုတ်
ပေးသေးဘူးဆိုတာကို အများပြည်သူသိရှိအောင် လုပ်သင့်တယ်။
ဘယ်တော့ပြန်ချပေးမလဲဆိုတာပါ သတင်း စာတွေထဲထည့်ပြီး
ကြော်ငြာမှ  အလုပ်ကို သေသေချာချာ လုပ်လို့ရမှာ၊
ဈေးကွက်ထဲမှာကတော့ ပါမစ်အတုတွေ ကော၊
ဂရန်အတုတွေကော၊ လက်ညှိုးထိုးပြီး
အဆင့်ဆင့် ရောင်းစားထားတာတွေနဲ့ပါ ရှုပ်နေတယ်။
ကိုယ်ရောင်းပေးလိုက်တဲ့ အကွက်က
ဘယ်နေ့ပိုင်ရှင် နောက်တစ်ယောက်ထပ်ပေါ်လာမလဲဆိုတာကို
တွေးပြီး အမြဲစိုးရိမ်နေရတယ်" ဟု
မြို့သစ်ရှိ မြေကွက် များကို အကျိုးဆောင်ရောင်းချပေးနေသည့်
အေးရိပ်စံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ ကိုဝင်းထိန်က
ပြောသည်။

နည်းပညာမြင့်မားလာသည့် အတွက်
စာရွက်စာတမ်းအတုများနှင့် အစစ်များမှာ ခွဲခြားရခက်လာခြင်း၊
နှစ်ပေါင်းများစွာ လူနေထိုင်ခြင်းမရှိသည့် မြေကွက်လွတ်များကို
မသမာသူများက ပိုင်ရှင်အမည်များ သိရှိရန် နည်းလမ်းမျိုးစုံဖြင့်
စုံစမ်းကာ စာရွက်စာတမ်း အတုမျိုးစုံပြုလုပ်ပြီး
အဆင့်ဆင့်ပြန်လည်ရောင်းချခြင်းများ ပြုလုပ်
လာနေသဖြင့်
မူလမြေပိုင်ရှင်များနှင့် ၀ယ်ယူထားသူများ အကြားတွင်
အငြင်းပွားမှုများဖြစ်ပေါ်လာ သလို
မမှန်မကန် ရောင်းချခဲ့သူများကိုလည်း ပြန်လည်ရှာဖွေ
တရားစွဲဆိုထားသည့် ဖြစ်စဉ်များ
အများအပြား ဖြစ်ပေါ်လာခဲ့သည်။

"ဈေးသက်သာတာကြောင့် မြေကွက်ဝယ်မယ်ဆိုပြီး
သူတို့ပြောတဲ့နာမည်နဲ့ အမည်ပေါက်သွားစစ်တော့လည်း
အမှန်ပဲ၊ အဲဒီအမည်ပေါက်ပဲ၊
ဒါပေမဲ့ စာရွက်စာတမ်းက အတုဖြစ်နေလို့
ရောင်းတဲ့သူတွေကိုကော၊ ပွဲစားတွေကိုပါ တရားစွဲထားရတယ်။
ကျွန်တော် ကြားတာကတော့
အုပ်စုဖွဲ့လိုက်လိမ်နေတဲ့ အဖွဲ့တွေရှိတယ်လို့ ကြားတယ်"ဟု
ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၃၁ ရပ်ကွက်တွင်
မြေကွက် ၀ယ်ယူထားမိသူတစ်ဦးက ပြောသည်။

(ဇေယျာလင်း)

credit - The Voice Weekly & The Myanmar Times

"အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့်''


"အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့်''

"ဝယ်စဉ်ကတော့
ကျွန်မခင်ပွန်းအမည်နဲ့ဝယ်ထားတာပါ။
ကျွန်မတို့ကနယ်မှာ တာဝန်ကျ တော့၊ အဲဒီမြေကွက်ကို
ပြန် မကြည့်ဖြစ် ခဲ့ဘူးပေါ့။
အခု ခင်ပွန်းသည် ကွယ်လွန်မှ အဲဒီမြေ ကွက်ကို
သွားကြည့်ဖြစ်တော့တယ်။
ကျွန်မတို့ဝယ်ထားတယ်ဆိုတဲ့ မြေကွက်မှာ အိမ်လေးတစ်လုံး
တွေတာနဲ့ စုံစမ်းကြည်တော့ သူတို့လည်း ဝယ်ထားတာလို့
သိရပါတယ်။
ကျွန်မတို့ဆီမှာ မြေချပါမစ်က ရှေ့စာရွက်နှစ်ရွက် မူရင်းရှိပြီး
ဝယ်ထားတယ်ဆိုတဲ့ သူဆီမှာတော့ မြေချပါမစ်ရဲ့
နောက်စာရွက်၊ မိသားစုဓာတ်ပုံနဲ့ အိမ် ဆောက်ခွင့်
စာရွက်မူရင်းတွေကို တွေ့ရပါတယ်။
အဲဒါဘယ်လို ဆောင်ရွက်နိုင်သလဲ" လို့
ဆွေးနွေးလာသဖြင့် ဗဟုသုတအဖြစ်
ဤ ဆောင်းပါး ကို ရေး သားလိုက်ခြင်း ဖြစ်ပါသည်။

မှန်ပါသည်။
ယခုအခါ ရန်ကုန်တိုင်း မြို့ပြင်ဒေသများတွင် ကျူးကျော်
နေထိုင်ကြ၍ မြေရောင်းစားနေသည်များလည်းရှိနေပေသည်။
မကြာသေးမီကာလက လှိုင်သာယာမြို့နယ် ပန်းလှိုင်တံ တား
အောက်ရှိ နွံတော လတာပြင်တွင် အကွက်ရိုက်ကာ
တဲများ ဆောက်၍ ကျပ်သုံးသိန်းဖြင့် ရောင်းစားသည်အထိ
မြေယာကျူးကျော်ရောင်းချမှုများဖြစ်ပွားခဲ့သည်။
ဂရန်အတု၊ ပိုင်ဆိုင်မှု အတု ဖြင့် ရောင်းချမှုများ လည်းရှိနေသည်။
ယခုလာရောက် ဆွေးနွေး သော မိတ်ဆွေဆိုလျှင်
ဒဂုံမြို့သစ် တောင်ပိုင်းက ဖြစ်ပေသည်။

အဓိက အချက်မှာ
* မိမိ ဝယ်ယူထားသော မြေကွက် အဆောက်အအုံကို
လက်ဝယ်ရရှိထားရန် အထူးလိုအပ်ပေသည်။
* ဝယ်ထားပြီး မြေကွက်ကို ပစ်ထား၍ မဖြစ်ပါ။
* မြေကွက်ကို ရှင်းလင်း ခြင်း၊
* သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်များထံ မိမိဝယ်ယူ
လက်ရှိ ဖြစ်ကြောင်း အကြောင်းကြားထား ခြင်း၊
* မကြာခဏ သွားရောက်ကြည့်ရှုခြင်း၊
* ဘေးခြံနီးချင်းအား မိမိပိုင်ဖြစ်ကြောင်း အသိပေး၍
စောင့်ရှောက်စေခြင်းများ အမြဲမပြတ်ရှိရန်
လိုအပ်ပေသည်။
သို့မှသာ ထပ်မံရောင်းချခြင်း ကိစ္စရပ်များမှ
ရှောင်ရှားနိုင် မည်ဖြစ်သည်။

ထို့ပြင်
*** မိမိဝယ်ယူထား သော မြေကွက်သည် ဂရန်မြေဖြစ်ပါက
ဥပဒေနှင့်အညီ စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်
ပြုလုပ်ချုပ်ဆိုကာ အရောင်းအဝယ် ပြုသင့်ပေသည်။
ပါမစ်မြေဆိုလျှင်လည်း စာရွက်စာတမ်းစုံလင်ခြင်းရှိမရှိ၊
မြေကွက်ပါမစ် စာရွက်စာတမ်း များသည် အမှန်အကန်
ဟုတ်မဟုတ်ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွင် စုံစမ်းပြီးမှ
အရောင်းအ ဝယ်ပြုလုပ်သင့်သည်။ ***

***

*** စာချုပ်စာတမ်းများဖြင့် ရောင်းချရာတွင်
မြေအဆောက်အအုံ ပိုင်ဆိုင်ခွင့်ကို ဦးစွာပဋိညာဉ်ပြုဝယ်သူအား
ဦးစားပေးဆုံးဖြတ်ရမည် *** ဟု စာချုပ်စာတမ်းမှတ်ပုံတင်
အက်ဥပဒေပုဒ်မ ၄၇ တွင် ဖော်ပြထားပေသည်။

ဤသည်နှင့် ပတ်သက်၍
တရားရုံးချုပ်မှ ဆုံးဖြတ်ထုံးဖွဲ့ထားသော
ဒေါ်ခင်မိနှင့် ဒေါ်နီလာလူ ပါ ၃ ဦး
၁၉၉၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၄ အမှုတွင်
ဆုံးဖြတ်ထားပါသည်။

ယင်းအမှု၌
- ဒေါ်နီလာလူ က ဗိုလ်မှူးကြီးတင်အေး (အငြိမ်းစား)၊
ဦးမောင်မောင်၊ ဒေါ်ခင်မိတို့ ၃ ဦးအပေါ်
ရန်ကုန်မြို့ မြေတိုင်းရပ်ကွက်အမှတ် ၅၅
မြေကွက်အမှတ် ၄/စ/၁နှင့် မြေကွက်အမှတ် ၄/စ/၂ တို့ကို
တရားဝင်ဝယ်ယူ လက်ရောက် ပိုင်ဆိုင်ကြောင်း
မြွက်ဟကြေညာပေးရန်၊
၁ တရားပြိုင် ထံမှ ငွေကျပ်လေးသောင်း
အမှတ် ၂ နှင့် ၃ တရားပြိုင်တို့ထံမှ ငွေကျပ် တစ်သောင်းစီ
လျော်ကြေးပေးရန်နှင့်
အချင်းဖြစ် မြေ၊ အိမ် တို့နှင့်ပတ်သက်၍
မနှောင့်ယှက်စေရန်အတွက် အမြဲတမ်းတားဝရမ်းထုတ်ပေးရန်
တရားစွဲဆိုခဲ့သည်။

- တိုင်းတရားရုံးတော်က
၁ တရားပြိုင်ထံမှ ငွေကျပ်လေးသောင်းလျော်ကြေးပေးရန်
တောင်းဆိုချက်မှတစ်ပါး
ကျန်အချက်များကို ခွင့်ပြု၍ အနိုင် ဒီကရီ ချမှတ်ပေးခဲ့ပါသည်။
- ဤသည်ကို ဒေါ်ခင်မိက မကျေနပ်၍ တရားရုံးချုပ်သို့
အယူခံဝင်လာခြင်းဖြစ်သည်။
တရားရုံးချုပ် သုံးသပ်ချက် ဆုံးဖြတ်သည်မှာ
- ယခုအမှုသည် ဒေါ်နီလာလူက ဦးမောင်မောင်ထံမှ
အချင်းဖြစ် မြေကွက်နှစ်ကွက်ကို
မှတ်ပုံတင် စာချုပ် အမှတ် ၁၂၄၄/၇၅ ဖြင့် ဝယ်ယူခဲ့သည်။
- ဦးမောင်မောင်သည် အချင်းဖြစ်မြေကွက် နှစ်ကွက်ကို
ဒေါ်ခင်မိ အား ထပ်မံရောင်းချခဲ့ပြီး
- ဒေါ်ခင်မိက ဗိုလ်မှူးကြီးတင်အေး (အငြိမ်းစား) အား
ရောင်းချခဲ့ကြောင်း အဆိုပြုစွဲဆိုထားသည်။
- ဗိုလ်မှုကြီးတင်အေး (အငြိမ်းစား)က အချင်းဖြစ် မြေကွက်များကို
မှတ်ပုံတင်စာချုပ် အမှတ် ၆၇၆/၇၅ ဖြင့်
ဒေါ်ခင်မိထံမှ ဝယ်ယူခဲ့သော်လည်း ယင်းဝယ်ယူခြင်းနှင့်
စပ်လျဉ်း၍ အရှိန်အဝါသုံးပြီး ဝယ်သည်ဟု
ဒေါ်နီလာလူက စွပ်စွဲတိုင်တန်းသဖြင့်
၁၂-၆-၇၇ နေ့ တွင် ဒေါ်ခင်မိအားပြန်လည် ရောင်းချခဲ့သဖြင့်
လက်ဝယ် မရှိတော့ကြောင်း ထွက်ဆိုထုချေ ထားသည်။

- အမှုဖြစ်စဉ်အရ အချင်းဖြစ် မြေကွက်နှစ်ကွက်စလုံးကို
နှစ်ဖက်အမှုသည်များက မှတ်ပုံတင်စာချုပ်များဖြင့်
ဝယ်ယူထားကြ သည်။
- မြေကွက်ရောင်းသူ ဦးမောင်မောင်က ဒေါ်နီလာလူကို
ရောင်းချခြင်း မဟုတ်ဘဲ ဒေါ်ခင်မိကိုသာ ရောင်းချခဲ့ခြင်း
ဖြစ်ကြောင်းနှင့် ဒေါ်နီလာလူအား ရောင်းသည့်
မှတ်ပုံတင် စာချုပ်တွင် မှားယွင်းထည့်သွင်းမိခြင်းဖြစ်ကြောင်း
အကြောင်းပြသည်။
- ရောင်းသူ ဦးမောင်မောင်သည် ဒေါ်ခင်မိအား
ရောင်းချပြီးဖြစ်ခဲ့ လျှင် ဒေါ်နီလာလူအား ထပ်မံ ရောင်းချရန်
မသင့်ပေ။
- တန်ဖိုးကြီးမားသော မြေကို မှားယွင်း ရောင်းမိခြင်း
ဖြစ်သည်ဆိုသော အ ချက်မှာ ယုံကြည်ရန် မလွယ်လှပေ။
- ဒေါ်နီလာလူသည် အ ရောင်းအဝယ် မှတ်ပုံတင်ပေးရန်
တင်သွင်းခဲ့သော နေ့ရက်မှာ ၁၈-၂-၇၅ ဖြစ်သည်။
- ဒေါ်ခင်မိမှတ်ပုံ တင်ရန် တင်ပြသော နေ့ရက်မှာ
၂၅-၃-၇၅ ဖြစ်သည်။
- ယင်းအချက်ကို ထောက်ရှုလျှင် ဒေါ်နီလာလူဝယ်ယူသည့်
အခါက အချင်းဖြစ် မြေနှစ်ကွက်ကို ဒေါ်ခင်မိအား ရောင်းချခြင်း
မပြုရသေးဟု အ မြင်အားဖြင့် ကောက်ယူမှသာလျှင်
သဘာဝကျ မျှတမည်ဟု ဆိုနိုင် မည်ဖြစ် သည်။
- ဒေါ်နီလာလူ၏ စာချုပ် မှတ်ပုံတင်အမှတ်မှာ
၁၂၂၄/၇၅ ဖြစ်ပြီး၊
ဒေါ်ခင်မိ၏ စာချုပ်မှတ်ပုံတင်အမှတ်မှာ ၄၄၁/၇၅ ဖြစ်၍
မှတ်ပုံတင်နေ့ ရက်သည် ဒေါ်ခင်မိက စောပေသည်။

စာချုပ်စာတမ်းမှတ်ပုံ တင် အက်ဥပဒေပုဒ်မ ၄၇ တွင်
*** မှတ်ပုံတင် စာချုပ်တစ်ရပ်၏ အကျိုးသက်ရောက်သော
အချိန်မှာ မှတ်ပုံတင်သည့် အချိန်မဟုတ်ဘဲ
မှတ်ပုံတင်ရန်လိုအပ်သည့် စာချုပ် စာတမ်းဖြစ်စေ၊
မှတ်ပုံတင်ရန်မလိုအပ်သည့် စာချုပ်စာတမ်းဖြစ်စေ
စတင်ချုပ်ဆိုသည့် အချိန်ဖြစ်သည် *** ဟု
ပြဋ္ဌာန်းထားသည်။

ထို့ကြောင့်
စာချုပ်စာတမ်းကို မှတ်ပုံတင်လိုက်သည်နှင့်
တစ်ပြိုင်နက်ချက်ချင်းပင်
မှတ်ပုံတင်သော နေ့ရက်မှ မဟုတ်တော့ဘဲ၊
စာချုပ် စတင်ချုပ်ဆိုသော နေ့ရက်ကို နောက်ကြောင်းပြန်
အကျိုးသက်ရောက် ပေသည်။

ဤအမှုတွင်
- ဒေါ်နီလာလူသည် အရောင်းအဝယ်စာချုပ်ကို
၁၈-၂-၇၅ ရက်စွဲဖြင့် ချုပ်ဆိုထားပြီး၊
ဒေါ်ခင်မိက ၂၅-၃-၇၅ ရက် စွဲဖြင့် ချုပ်ဆိုထားသည်။
- ဒေါ်နီလာလူ၏ မှတ်ပုံတင်စာချုပ်အမှတ် ၁၂၂၄/၇၅ သည်
ဒေါ်ခင်မိ၏ မှတ်ပုံတင်စာချုပ် အမှတ် ၄၄၁/၇၅ ထက်
နောက် ကျသည် ဆိုသော်လည်း
- ရောင်းချရာ၌ စာချုပ်ချုပ်ဆိုသော ရက်စွဲကိုသာ
ဦးစားပေး ဆုံး ဖြတ်ရမည်။

- အရောင်းအဝယ် စာချုပ်ကို နောက်ကျသော ရက်စွဲဖြင့်
ချုပ်ဆိုပြီး မှတ်ပုံတင်ရာ၌ စောနေသောကြောင့်
ယင်း မှတ်ပုံတင်စာချုပ်ကို ဦးစားပေးအတည်ပြုရန် မဟုတ်ဟု
ဆုံးဖြတ်ပြီး ဒေါ်နီလာလူအား အနိုင်ဒီကရီ
ချမှတ်ပေးခဲ့သည်။

ထို့ကြောင့်
ဆွေးနွေးရန်လာသော အမျိုးသမီးအား
မိမိချုပ်ဆို ထားသော မြေအရောင်းအဝယ် စာချုပ်သည်
အခြားသူက ဝယ်ယူ ထားသည်ဆိုသော
အရောင်းအဝယ် စာချုပ်ထက်
စောသည့်နေ့ရက်၌ အရောင်းအဝယ်ပြု ချုပ်ဆိုထားပါက
အခွင့်အရေးရပိုင်ခွင့် ရှိကြောင်း ရှင်းပြခဲ့ပါသည်။

သို့ဖြစ်၍
*** အိမ်ခြံမြေတိုက်ခန်းဝယ်ရာတွင် အဝယ်ထပ်နေပါက
ဦးစွာ စာချုပ်စာတမ်းချုပ်ဆို ဝယ်ယူထားသူကသာ
ရပိုင်ခွင့်ရှိကြောင်း ***
ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)

credit - Myanmar Market Journal