Sunday, February 11, 2018

“မျှော်ရဦးမည့် တိုက်ခန်းဥပဒေ”

“မျှော်ရဦးမည့် တိုက်ခန်းဥပဒေ”

၁။ "ဆောက်လုပ်ရေးများ တိုက်ခန်းဥပဒေ မျှော်လင့်နေ"

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အချိန်အတော်ကြာ
စောင့်ဆိုင်းခဲ့ရတဲ့ ကွန်ဒိုမီနီယံနည်းဥပဒေ ထွက်လာပြီး
နောက်ပိုင်းမှာ ဒီဥပဒေကြောင့် ဈေးကွက်ကသိပ်မလှုပ်ရှား
တာကြောင့် ကွန်ဒိုမဟုတ်တဲ့ ရိုးရိုးတိုက်ခန်းတွေ အတွက်
တိုက်ခန်းဥပဒေ  (Apartment Law) အမြန်ထွက်ရှိ
လာဖို့ကို မျှော်လင့်နေကြပြန်ပါတယ်။

ကွန်ဒိုမဟုတ်တဲ့ ရိုးရိုးတိုက်ခန်းတွေအတွက် သီးသန့်
ဥပဒေ အတိအကျမရှိတာကြောင့် အိမ်ရှင် အိမ်ငှားကြား
အမှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။

တိုက်ခန်းတစ်ခန်းရဲ့ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့လည်း
ဘယ်လောက်ထိခိုင်မာလဲဆိုတဲ့ အာမခံချက်မျိုး မရှိသေး
တာရယ်၊ ဥပဒေရဲ့ အကာအကွယ်ပေးမှု အားနည်းနေ
တာကြောင့် ဈေးကွက်ဟာ ထိုက်သင့်သလောက်
မတွင်ကျယ်ဘူးလို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး
လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဠ ဦးရှိန်ဝင်းက
ပြောပါတယ်။

''တိုက်ခန်းဥပဒေ ထွက်လာတဲ့အခါ တိုက်ခန်းတွေအပြင်
စတိုးဆိုင်တွေနဲ့ စူပါမားကက်တွေလိုမျိုး ဆိုင်ခန်းတွေနဲ့
ပတ်သက်ပြီးတော့လည်း ပိုပြီး ပြည့်ပြည့်စုံစုံ ကာကွယ်
ပေးနိုင်တဲ့ အချက်တွေ ပါဝင်လာစေချင်တယ်'' လို့
ဦးရှိန်ဝင်းက ဆိုပါတယ်။

ဥပဒေမှာ အိမ်ငှားမြေငှားလုပ်တဲ့အခါ အိမ်ရှင်က တာဝန်
ယူရမယ့်အပိုင်း၊ အိမ်ငှား၊ မြေငှားဘက်က တာဝန်ယူ
ရမယ့်အပိုင်းတွေကို သေချာတိတိကျကျ ခွဲခြား
သတ်မှတ်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ဒါမှသာ အိမ်ရှင်တွေဘက်က မကြာခဏဆိုသလို အိမ်လခ
တိုးတောင်းတာတွေ၊ အိမ်ငှားဘက်က ပိုက်ဆံမပေးဘဲ
ညစ်တာတွေကို မလုပ်နိုင်တော့ဘဲ မလိုအပ်တဲ့ အမှုအခင်း
တွေလည်း ပပျောက်သွားမယ်လို့ ဦးရှိန်ဝင်းက
ပြောပါတယ်။

တိုက်ခန်းတွေနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာသတ်မှတ်ထားတဲ့
ဥပဒေသာပေါ်ထွက်လာရင် အရောင်းအဝယ်ကဏ္ဍမှာလည်း
ပိုင်ဆိုင်မှုတွေ ခိုင်မာလာတဲ့အတွက် ဝယ်သူတွေကလည်း
ပိုပြီးစိတ်ဝင်စားလာပြီး ဝယ်သူတွေအတွက်လည်း ပိုပြီး
ယုံကြည်စိတ်ချမှုတွေရှိလာမယ်လို့ အာရှဆောက်လုပ်ရေး
လုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးရန်အောင်က
ပြောပါတယ်။

တိုက်ခန်းဆောက်တဲ့ ဈေးကွက်မှာ ကန်ထရိုက်နဲ့ ဝယ်သူ
အကြား ယုံကြည်မှု မရှိတော့တာကြောင့် ယခင်က အလွန်
ရေပန်းစားတဲ့ ကြိုပွိုင့်စနစ်ဟာ အခုနောက်ပိုင်း
မရှိသလောက် နည်းပါးသွားပါတယ်။

''အခုနောက်ပိုင်း အထပ်မြင့်ဆောက်တာတွေ တော်တော်
နည်းသွားပြီး လုံးချင်းလောက်ပဲ ဆောက်တာတွေ
ရှိနေတယ်။
ငွေနိုင်နင်းတဲ့ ကုမ္ပဏီတွေလောက်ပဲ အချက်အချာကြတဲ့
နေရာတွေမှာ၊ ဆောက်နေတာတွေလောက်ပဲ ရှိတယ်။
တစ်နှစ်ထက်တစ်နှစ် ဆောက်လုပ်နိုင်မှုအားက လျော့ကျ
လာနေတယ်''လို့ ဦးရန်အောင်က ဆိုပါတယ်။

အရင်ကတော့ ခိုင်မာတဲ့ကုမ္ပဏီတွေဆိုရင် ကြိုပွိုင့်ဝယ်ချင်
တဲ့သူ များပေမဲ့ အခုနောက်ပိုင်းမှာ ဆောက်လုပ်ခွင့်က
တင်ထားပေမဲ့ ကျမကျ မသေချာတာရယ်၊ ဈေးကွက်
မတည်ငြိမ်တာရယ်၊ စနစ်အပြောင်းအလဲတွေ မကြာခဏ
ဖြစ်နေတာရယ်ကြောင့် ကြိုပွိုင့်ဝယ်တာ သိပ်နည်း
လာတယ်လို့လည်း ဦးရန်အောင်က ဆိုပါတယ်။

တိုက်ခန်းတစ်ခန်းတည်းကို ဝယ်သူ သုံးလေးယောက်ကို
ရောင်းထားတာ၊ ငွေယူထားပြီး တစ်ဝက်တစ်ပျက်နှင့်
ကန်ထရိုက်ထွက်ပြေးတာ စတဲ့ လိမ်လည်မှုတွေကြောင့်
ကြိုပွိုင့်ရောင်းသူနဲ့ ဝယ်သူအကြား ယုံကြည်မှု မရှိတော့
ကြတာ ဖြစ်ပါတယ်။

အဲဒီအခြေအနေကို ကုစားဖို့ တိုက်ခန်းဥပဒေလိုအပ်တယ်
လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

တိုက်ခန်းဥပဒေမရှိတာကြောင့် အိမ်ခြံမြေလောကမှာ
နောက်ထပ် ကြုံတွေ့နေရတဲ့ ပြဿနာကတော့
ဘဏ်ချေးငွေ မရရှိခြင်းဘဲ ဖြစ်ပါတယ်။

တိုက်ခန်းပိုင်ဆိုင်မှုအတွက် ခိုင်မာတဲ့ ဥပဒေအထောက်
အထား မရှိတာကြောင့် ဘဏ်မှာ ပေါင်နှံပြီး ချေးငွေယူ၍
မရကြောင်း အိမ်ခြံမြေ ရောင်းဝယ်ငှားဝက်ဘ်ဆိုက်
iMyanmar House ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ
ဦးနေမင်းသူက ပြောပါတယ်။

''အခုဈေးကွက်ထဲမှာ တိုက်ခန်းတွေ အရောင်းအဝယ်လုပ်တဲ့
အခါ ရိုးရိုး စာချုပ်စာတမ်းတွေနဲ့ပဲ အရောင်းအဝယ် ပြုလုပ်
နေရတဲ့အတွက် လိမ်လည်ရောင်းချမှုတွေလည်း ရှိနေ
ပါတယ်''လို့လည်း ၄င်းက ပြောပါတယ်။

အဆိုပါဥပဒေထွက်ရှိလာပါက တိုက်ခန်းပိုင်ဆိုင်မှု ပိုမိုခိုင်မာ
လာမှာဖြစ်ပြီး လိမ်လည်ရောင်းချဖို့လည်း ခက်ခဲသွားမှာဖြစ်
ကြောင်း၊ ဝယ်ယူသူတွေကို ပိုမိုကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့
အတွက် အိမ်ခြံမြေဝယ်လိုအား ပိုကောင်းလာမယ်လို့
မျှော်လင့်ကြောင်း ၄င်းက ဆိုပါတယ်။

အခန်းတစ်ခန်းကို တရားဝင်ပိုင်ဆိုင်ထားတဲ့သူ တစ်ယောက်
က ပိုင်ဆိုင်မှုအထောက်အထားခိုင်မာရင် အခန်းကို အပေါင်
ထားပြီး ငွေချေးလို့ရတဲ့ ဥပဒေပုဒ်မမျိုးလည်း ပါဝင်စေချင်
တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

''တိုက်ခန်းဥပဒေမှာ မြေပိုင်ဆိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး
အတိအကျ သတ်မှတ်မယ်၊ ပြီးတော့ နာမည်ပြောင်းခတို့လို
အိမ်ငှားခတို့လို ငွေကြေး တန်ဖိုးတွေကို ဈေးကစားချင်တိုင်း
ကစားလို့မရအောင် ဥပဒေအရ အိမ်ရှင်အိမ်ငှား စာချုပ်
ချုပ်စဉ်ကတည်းက တစ်ခါတည်း သေသေချာချာ ထိန်းချုပ်
ကာကွယ်ပေးနိုင်မယ့် ဥပဒေပုဒ်မတွေ အမှန်တကယ်
လိုအပ်နေပါတယ်''လို့ ဦးရှိန်ဝင်းက သုံးသပ်ပါတယ်။

အဆိုပါဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဠာန်းရမှာ
မဟုတ်ဘဲ တိုင်းလွှတ်တော်က ပြဠာန်းရမှာမို့ ရန်ကုန်တိုင်း
လွှတ်တော်ရဲ့ ဥပဒေကြမ်း ကော်မတီဥက္ကဠ ဦးသိန်းမြင့် ကို
မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းရာ
''လွှတ်တော်ကိုတင်လာရင်တော့ စိစစ်ပြီး လုပ်ထုံးအတိုင်း
လုပ်ပါမယ်။ ဒါပေမဲ့ အခုထိတော့ လွှတ်တော်ကို ဘာမှ
ရောက်မလာသေးပါဘူး''လို့ ပြောပါတယ်။

(ရည်ရွယ်မြင့်)

*****

၂။ "တိုက်ခန်းဝယ်သူတွေပါ အာမခံချက်ရှိစေမယ့် တိုက်ခန်း
အဆောက်အအုံဆိုင်ရာ ဥပဒေ ထွက်ရှိဖို့ ဆောင်ရွက်နေ"

အိမ်ခြံမြေကဏ္ဍမှာ တိုက်ခန်း၊ အဆောက်အအုံ ဆိုင်ရာ
ဥပဒေထွက်ရှိဖို့လိုအပ်နေတာကြောင့် တိုက်ခန်း၊ အိမ်ရာ
အဆောက်အအုံဆိုင်ရာ  ဥပဒေထွက်ရှိဖို့ ကြိုးပမ်းဆောင်ရွက်
နေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောပါတယ်။

အိမ်ရာကဏ္ဍ ဆောင်ရွက်တဲ့ တည်ထောင်သူ၊ တည်ဆောက်
သူတွေအပြင်နေထိုင်သူတွေအတွက်ပါ ဆောင်ရွက်သွားမှာ
ဖြစ်တယ်လို့သိရပါတယ်။

အဲသည် ဥပဒေသာထွက်လာရင် တည်ဆောက်သူတွေ
အတွက်ရော နေထိုင်သူတွေအတွက်ပါအကျိုးရှိပြီး အိမ်ရာ
ကဏ္ဍမှာ များစွာအထောက်အပံ့ရလာမှာ ဖြစ်တယ်။

ဒါ့အပြင် ဆောက်လုပ်ရေးကဏ္ဍအတွက်ပါ အထောက်အပံ့
ကောင်းတွေ ရရှိလာမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုဆိုရင် ဥပဒေရဲ့ မူကြမ်းကို မြန်မာနိုင်ငံလိုင်စင်ရ
ကန်ထရိုက်တာများအသင်းကပြုစုပြီး ဌာနကို တင်ပြတယ်၊
ကျွန်တော်တို့အနေနဲ့လဲ လိုအပ်နေတဲ့တိုက်ခန်းအိမ်ရာ
ဥပဒေကြမ်းဟာ လိုအပ်နေတဲ့ ဥပဒေတစ်ခုဖြစ်တဲ့အတွက်
ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါလို့ ဦးမင်းထိန် က
ပြောပါတယ်။

အဲသည် ဥပဒေသာထွက်လာရင် အိမ်ရာကဏ္ဍနဲ့ ပတ်သက်
နေတဲ့ ဆောက်လုပ်ရေးကဏ္ဍတွေမှာ နိုင်ငံတကာက ရင်းနှီး
မြှုပ်နှံမှုတွေများစွာ မျှော်လင့်ထားပြီး အခွင့်အလမ်းကောင်း
တွေပေါ်ထွက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ဥပဒေမထွက်ခင်မှာဆိုရင် လက်ရှိတိုက်ခန်းအိမ်ရာ
ဆောက်လုပ်မှုတွေနဲ့ပတ်သက်ပြီး အခက်အခဲတွေရှိနေ
ပါတယ်။ အဲသည်အခက်အခဲကတော့ အိမ်ရာတည်
ဆောက်သူတွေက မြေပိုင်ရှင်တွေနဲ့ အကျိုးတူဆောင်ရွက်
တာတွေရှိပြီး နေထိုင်သူတွေအနေနဲ့ ပိုင်ဆိုင်မှုအာမခံချက်
မခိုင်မာတာတွေ တွေ့ရပါတယ်။

ဥပဒေ ထွက်လာရင် နေထိုင်သူတွေအတွက် အာမခံချက်
ရလာမယ်။ အာမခံချက်တွေပေါ် မူတည်ပြီး ဘဏ်စနစ်နဲ့
ချိတ်ဆက်ပြီးတော့လည်း ငွေကြေးလိုအပ်ချက်တွေကိုလည်း
ဖြည့်ဆည်းပေးသွားနိုင်မှာဖြစ်ပါတယ်လို့ သူက
ပြောပါတယ်။

အဲသည်လို တိုက်ခန်းအိမ်ရာဥပဒေ၊ Apartment Law ဟာ
အာမခံချက်ကို ပိုခိုင်မာလာနိုင်ပြီးဆောက်လုပ်ရေးလုပ်ငန်းရှင်
တွေရော ရောင်းချသူ၊ နေထိုင်သူတွေရော ပိုပြီးစိတ်ချ
ယုံကြည်စွာနဲ့ အရောင်းအဝယ်ပြုလုပ်တဲ့အခါ အဆင်ပြေ
လွယ်ကူစေမယ့် ဥပဒေတစ်ခု ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ တိုက်ခန်းပိုင်ဆိုင်မှုကို မြေပိုင်ရှင်တွေကသာ
ပိုင်နေပြီး တိုက်ခန်းဝယ်ယူသူတွေက အပျောက်စနစ်စာချုပ်နဲ့
သာ ပိုင်ဆိုင်နေရပါတယ်။

ပိုင်ဆိုင်မှုအထောက်အထားပိုပြီး ခိုင်မာလာဖို့ ဥပဒေမူကြမ်း
ကိုရေးဆွဲနေတာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခန်းအိမ်ရာ
ဆိုင်ရာ အဆောက်အအုံ ဥပဒေပြဋ္ဌာန်းပြီးရင်ကွန်ဒိုတွေလိုပဲ
ပိုင်ဆိုင်မှု မှတ်ပုံတင်နိုင်ပြီး ဘဏ်တွေမှာ အပေါင်ပစ္စည်း
အနေနဲ့ ငွေချေးယူနိုင်မှာဖြစ်တယ်။

(မေသက်)

credit - The Myanmar Times
& Kumudra Journal

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment