Sunday, February 11, 2018

"အချိန်မနှောင်းသေးပါဘူး"

"အချိန်မနှောင်းသေးပါဘူး"

နိုင်ငံတကာမှာ အိမ်ခြံမြေဈေးကွက်ကို ကျဆင်းအောင်ထက်
ဘယ်လိုပုံစံမျိုးနဲ့ တိုးတက်အောင် လုပ်မလဲ ဆိုတာ
အစိုးရတိုင်းက ကြံဆတွေးတော နေကြပါတယ် ။
အနည်းဆုံးတော့ ပုံမှန်တိုးတက်အောင် အထိတော့
အားထုတ်ကြပါတယ် ။

စင်ကာပူ အစိုးရဆိုရင် လူတွေအိမ်တွေကို ဘယ်လို
ဝယ်နိုင်အောင် အစီအစဉ်အမျိုးမျိုး၊ မူဝါဒ အမျိုးမျိုး
မရိုးနိုင်အောင် လုပ်တာ သတင်တွေမှာ မမြင်ချင်မှ အဆုံး
ဖြစ်ပါတယ် ။ အဓိကကတော့ ဈေးတက်သည် ဖြစ်စေ
ဈေးကျသည် ဖြစ်စေ ဈေးကွက်ထဲမှာ ငွေလည်ပတ်နိုင်ဖို့က
အရေးကြီးပါတယ် ။

ဈေးကွက် စီးပွားရေး သဘောတရားက ရောင်းလိုအား
နည်းပြီး ပစ္စည်းက တန်ဖိုးကြီးရှားပါးမယ်၊ ၀ယ်သူကလည်း
လိုအပ်လို့ ၀ယ်မယ်ဆိုရင် ဈေးက မြင့်နေမှာ ဖြစ်ပါတယ် ။
ဝယ်သူတွေက မတန်ဘူးလို့ ယူဆမယ် ရောင်းချင်တဲ့
လူကလည်း အတင်းငွေပေါ်လျှော့ဈေး ရောင်းမယ်ဆိုရင်
ဈေးကကျဆင်းလာမှာဖြစ်ပါတယ် ၊ ဈေးကွက်ကို
ရောင်းလိုအားနဲ့ ၀ယ်လိုအား မျှခြေကသာ စကားပြောတာ
ဖြစ်ပါတယ် ။

အိမ်တွေ တိုက်ခန်းတွေ မြေတွေကို ၀ယ်တဲ့ ရောင်းတဲ့ သူတွေ
များလာအောင် အခွန်နှုန်းထားတွေ လျှော့ချတဲ့ အပြင်
ပိုင်ဆိုင်မှု စာရွက်စာတမ်း စိတ်ချရပြီး ကြိုးနီစနစ် ကင်းလွတ်
အောင် ဖွံ့ဖြိုးဆဲနိုင်ငံက အစိုးရတိုင်း ကြိုးစားကြပါတယ် ၊
ဒါမှလည်း ငွေတွေ ဈေးကွက်ထဲကို ၀င်လာပြီး တိုင်းပြည်
ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ် ။

ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်ကို ကူးပြောင်းသွားမယ် လူဦးရေ မတရား
များပြားလာပြီ ဆိုရင်တော့ ပြည်ပကလူတွေ မ၀ယ်နိုင်အောင်
လို့ အခွန်တိုးကောက်တာက လုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။

အိမ်ခြံမြေ ရောင်းခွန် ၀ယ်ခွန် တိုးကောက်တာကို ဖွံ့ဖြိုးပြီး
နိုင်ငံတွေကဘဲ စဉ်းစားပြီး လုပ်ကြတာဖြစ်ပါတယ် ။ ဖွံ့ဖြိုးဆဲ
နိုင်ငံ အနေအထားမှာ အိမ်ခြံမြေ အခွန်တိုးကောက်တယ်
ဆိုတာကတော့ ထွန်းသစ်စ ဈေးကွက်ကို ဘူးသီးနုနု
အမွှေးသပ်ခံရသလို စီးပွားရေးကို ပျက်သုန်းစေပါတယ် ။
ဒါက စီးပွားရေး သီအိုရီ ဖြစ်ပါတယ်။

ဘန်ကောက်မှာတော့ တစ်ပေပတ်လည်ကို ဘယ်လောက်ဘဲ
ရှိတယ် ၊ ရန်ကုန်မှာတော့ တစ်ပေပတ်လည်ကို ဘယ်လောက်
ဖြစ်နေလို့ ဈေးများနေတယ် ဈေးကျအောင်လုပ်ပေးဖို့ ပြောဆို
နေကြတဲ့ လူတွေ ၊ အိမ်ဈေးကြီးလို့ အခြေခံလူတန်းစားတွေ
အိမ်မပိုင်နိုင်တဲ့ အတွက် ဈေးကျအောင် လုပ်ပေးပါဆိုပြီး
တောင်းဆိုခဲ့တဲ့ အသံတွေကလည်း မကြားချင်မှ အဆုံး
ဖြစ်ပါတယ် ။

ဘန်ကောက်က ဘန်ကောက်ဈေးကွက် ဘန်ကောက်
ပေါက်ဈေး အတိုင်းသွားမှာဖြစ်သလို ရန်ကုန်ကလည်း
ရန်ကုန်အတိုင်း သွားဖို့လိုပါတယ်၊ နေရာတကာမှာ ပေတံမျဉ်း
တပြေးတည်းနဲ့ လိုက်ချိန်ညှိလို့ အလုပ်မဖြစ်ပါဘူး ။
လိုက်ချိန်ဆနေရင် ကောင်းဖို့ထက် အဆိုးဘက်ကိုသာ
ဦးတည်သွားဖို့ သေချာသလောက် ရှိပါတယ် ။

အိမ်ခြံမြေ ဈေးနှုန်းတွေကို ကျအောင်လုပ်မယ်ဆိုပြီး အခွန်
တွေကို အဆမတန် တိုးကောက်တာက အဖြေမှန်မဟုတ်
သလို အခွန်ရှောင်တိမ်းမှုတွေကိုလည်း ဖြစ်ပွားစေပါတယ် ၊
အခွန်ဆောင်ရမှာ ကြောက်ပြီး နာမည်မပြောင်းဘဲ
စပါယ်ရှယ်ပါဝါ ၊ ဂျန်နရယ်ပါဝါတို့ နဲ့ ဘဲ ဈေးကွက်ထဲမှာ
အရောင်းအ၀ယ်လုပ်နေဆဲဖြစ်ပါတယ်။ အစိုးရ အနေနဲ့
အခွန်မရတော့တဲ့ အပြင် ၀ယ်သူ ရောင်းသူကြားမှာလည်း
ရေရှည်မှာ ပြသာနာကို ပိုမိုတိုးပွားလာစေ ပါတယ် ။

အိမ်ခြံမြေ စီးပွားရေးဆိုတာ တိုင်းပြည်မှာ ဒိုမီနို သီအိုရီလို
တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာ ဖြစ်ပါတယ် ။

ဈေးကွက်က အရောင်းအ၀ယ် မကောင်းလို့ ပျက်နေတဲ့ အထဲ ၊
အခွန်တိုးထားလို့ အခွန်တွေလှည့်ပတ် ရှောင်တိမ်းကြတာတွေ ၊
လက်တလုံးခြားလုပ်တာတွေကြောင့် ဈေးကွက်က
ဖွတ်မရ ဓားမပါ ဆုံးမယ့် အခြေအနေ ဖြစ်ပါတယ် ။

အခုအချိန်မှာ သာမာန်လူမပြောနဲ့ ချမ်းသာတဲ့ သူဌေး သူကြွယ်
တွေ တော်တော်များများတောင် ပိုင်ဆှိုင်မှု အထောက်အထား
စာရွက်စာတမ်းဘဲရှိပြီး လက်ထဲမှာ ငွေသားသိပ်မရှိဘူးလို့
သတင်းထွတ်နေကြပါတယ် ၊ လုပ်ငန်းလည်ပတ်အောင်
ပိုင်ဆိုင်မှုတွေကို ဘဏ်မှာ အပေါင်ထားလို့ ငွေချေးယူထား
ကြပါတယ် ။

မြေဈေးတွေ မတရား ထိုးကျသွားအုံးမယ်ဆိုရင် ဘယ်သူဌေးမှ
ပြန်ရွေးတော့မှာ မဟုတ်လို့ ဘဏ်မှာ မြေတွေ သောင်တင်ပြီး
ပြည်သူငွေတွေ ဆုံးရှုံးမှာ ဖြစ်ပါတယ် ၊ အဆုံးမှာ တိုင်းပြည်
စီးပွားရေး ပြိုလဲသွားနိုင်တဲ့ အထိ ဖြစ်သွားနိုင်လို့ ဆီဒီုနားမှာ
လုပ်ခဲ့တဲ့ နိုင်ငံတကာ seminar တစ်ခုမှာ ပညာရှင်တွေက
fail state ဖြစ်ဖို့နီးပြီလို့တောင် သုံးသပ်ခဲ့တာ မီဒီယာတွေမှာ
လည်းသတင်းတွေ အတိအကျ ပါရှိခဲ့ပြီး ဖြစ်ပါတယ် ။

စီးပွားရေးလောကမှာဖြစ်ဖြစ် ၊ ပြည်သူတွေကြားမှာဘဲ ဖြစ်ဖြစ်
လူတန်းစား အလွှာမျိုးစုံ ရှိပါတယ် ၊ တစ်လ တစ်သိန်းလောက်
ဝင်ငွေရှိတဲ့ လူတွေကနေ ၀င်ငွေ သိန်းထောင်ချီရတဲ့
လုပ်ငန်းရှင် သူဌေးတွေ လည်း ရှိပါတယ် ။ အလွှာပေါင်းစုံကို
တစ်ပြိုင်နက်တည်း ဆွဲတင်ဖို့ ဆိုတာ မြန်မာပြည်လို ဖွံ့ဖြိုးဆဲ
နိုင်ငံမဆိုထားနဲ့ အမေရိကန်လို ချမ်းသာတဲ့ နိုင်ငံတောင်
လုပ်နိုင်စွမ်း မရှိသေးပါဘူး ။

ဒါကြောင့် အလွှာတွေ အများကြီးထဲက အစိုးရလည်း သိပ်ပြီး
စိုက်ထုတ်စရာမလိုတဲ့ အနေအထားရှိမယ် ၊ ပြည်သူကလည်း
အလွယ်တကူ လိုက်ပါနိုင်မယ့် လူလတ်တန်းစား အလွှာကိုဘဲ
ကနဦး အိမ်ပိုင်ဆိုင်အောင် နည်းလမ်းပေါင်းစုံ သုံးပြီး ဆွဲတင်
ကြရမှာဖြစ်ပါတယ် ။

ဒါကြောင့် အရင်အစိုးရလက်ထက်ကတည်းက လုပ်ခဲ့တဲ့
အိမ်ခြံမြေ ဈေးကွက်ကို ကျအောင်ဆွဲချခဲ့တဲ့ လုပ်ရက်တွေထဲ
က တစ်ခုဖြစ်တဲ့ အခွန်တွေတိုးကောက်ဖို့ ပြဋ္ဌာန်းခဲ့တဲ့
ပြည်ထောင်စု အခွန်အကောက် ဥပဒေလို ဥပဒေ မျိုး ကို
ပြန်လည်ပြင်ဆင် သုံးသပ်သင့်သလို ဆန့်ငင် ဆန့်ငင်
ဖြစ်နေတဲ့ ဥပဒေတွေကိုလည်း အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့
လိုပါတယ် ။

အိမ်ဈေးမြေဈေးတွေ ကျအောင်လုပ်မယ် ၊ အခြေခံ လူတန်းစား
တွေ အိမ်ပိုင်ရမယ် ဆိုတဲ့ စကားကို ခေတ်အဆက်ဆက် မူဝါဒ
ချမှတ်သူတွေ အမြဲလိုလို ပြောနေခဲ့ကြတာ ဖြစ်ပါတယ် ၊
အောင်မြင်သလားမေးရင် လတ်တလော တန်ဖိုးနည်းအိမ်ဝယ်
တဲ့ လူတွေကို စာရင်းကောက်ကြည်လိုက်ရင် အဖြေထွတ်မှာ
ဖြစ်ပါတယ် ။ တကယ် နေစရာ မရှိတဲ့ လူတွေ နေနိုင်ပြီလား
ဆိုတော့ အခုထက်ထိတော့ No လို့ဘဲ ပြောရမှာဖြစ်ပါတယ် ။

တန်ဖိုးနည်းအိမ်ရာမှာနေတဲ့ လူတစ်ချို့ဆိုရင် အခန်းတွေ
ဝယ်ပြီး စီးပွားရေးပုံစံ ပြန်ဌားစားနေကြလို့ အခုဆို တန်ဖိုနည်း
အိမ်ရာတွေ အရှေ့မှာ အိမ်ခြံမြေ အကျိုးဆောင်တွေ ခြေချင်း
လိမ်ပြီး အချို့ဆို ရုံးခန်းသဘောတောင် ဖွင့်တဲ့ အထိ အလုပ်
ဖြစ်နေဆဲ ဖြစ်ပါတယ် ။

နိုင်ငံပိုင်မြေ ဆုံးရှုံးသွားတာ အဖတ်တင်သလို အခြေခံ
လူတန်းစားအတွက်နာမည်တပ်ခဲ့ပေမယ့် အခြေခံလူတန်းစား
အနားမကပ်နိုင်တဲ့ အခြေအနေဖြစ်လို့ ယုံကြည်မှုကို
ကျဆင်းစေပါတယ် ။

အခြေခံလူတန်းစားတွေ အတွက် ပစ်မှတ်ထားတယ် ဆိုပြီး
အရင်အစိုးရ အဆက်ဆက် ဆောက်ခဲ့တဲ့ တန်ဖိုးနည်းတို့
တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတို့ကို ပြန်ကြည့်လိုက်ရင်
တိုက်ခန်းဝယ်ဖို့ လျှောက်လွှာလာတင်တဲ့ လူတွေ ၊
လတ်တလော နေနေတဲ့ လူတွေထဲမှာ ကိုယ်ပိုင်ကား
တစ်ဝီ၀ီ စီးနိုင်တဲ့ လူတွေပါ နေနေကြတာ ဖြစ်ပါတယ် ။

ဆိုက္ကားဆရာတွေ ၊ ခေါင်းရွက် ဗျက်ထိုးဈေးသည်တွေ ၊
လက်သမား ဆရာတွေ ၊ ဘောက်လို့ အရပ်ထဲ ခေါ်ကြတဲ့
ကြုံရာ ကျဘန်း လုပ်ရတဲ့ ပြည်သူတွေ အိမ်မက်တောင်
ထည့်မမက်နိုင်ကြတဲ့ အခြေအနေဖြစ်ပါတယ် ။
သူတို့အားလုံးရဲ့လားရာကတော့ လမ်းဘေးမှာ ကျုးကျော်တဲ
မှာ နေဖို့ကလွှဲလို့ အခြားလမ်းမရှိပါဘူး ။

နဂိုကတည်းက ပုံသဏ္ဍန်မမှန်တဲ့ မြန်မာစီးပွားရေးမှာ
ရင်းနှီးမြုပ်နှံဖို့ အတွက် sector က တော်တော်ရှားပါတယ် ၊
မြေ၀ယ်မကျဆိုတဲ့ စကားပုံကလည်း အဓိပ္ပါယ် ရှိပါတယ် ၊
အရင်အစိုးရ ဆင်းခါနီးမှာ ပြဋ္ဌာန်းသွားတဲ့ ကြီးလေးတဲ့
အခွန်နှုန်းထားတွေက ယိုင်နဲ့နဲ့ စီးပွားရေးကို ထိခိုက်စေလို့
အခုထက်ထိ စီးပွားရေး က ခေါင်းမထောင်နိုင်သေးပါဘူး ။

သိန်း တစ်သောင်းတန်တဲ့ မြေတစ်ကွက်ကို သိန်း ၅၀၀၀
ဖြစ်အောင် အတင်းဆွဲချမယ် ဆိုရင် ဘဏ်တွေမှာ အပေါင်ဆုံး
ပြသနာတွေဖြစ်ပေါ်လာနိင်ပါတယ် ၊ အခုတောင်ဈေးကွက်ထဲ
မှာ ဘဏ်အပေါင်ဆုံး ပြသနာတွေ တိုးတိုးတိတ်တိတ်
ကြားလာနေပါပြီ ၊ ဘယ်ဘဏ်မှတော့ အခုထက်ထိ
အပေါင်ဆုံး ပြသနာ မြေတွေကို ပြန်မရွေးနိုင်လို့ ပြသနာ
ဖြစ်နေပြီဆိုတဲ့ အကြောင်း တရားဝင်တော့ ထုတ်မပြောကြ
သေးပါဘူး ။ ထုတ်ပြောလိုက်ရင်လည်း မီးစပေါ်
ဓာတ်ဆီလောင်းသလိုဖြစ်ပြီး ပြသာနာရှုပ်ကုန်မှာ
ဖြစ်ပါတယ် ။

ဘယ်နိုင်ငံမှ အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို
အခုလို ရေရှည်ကျဆင်းနေတာကို လက်မခံသလို အိမ်ခြံမြေ
ပူဖောင်းအဖြစ်လည်း အရောက်မခံကြပါဘူး ၊ အိမ်ခြံမြေ
ဈေးကွက် ပြိုလဲမယ် ဆောက်လုပ်ရေးသမားတွေ အကြွေး
မဆပ်နိုင်ဘူးဆိုရင် ဘဏ်တွေပါ ပြိုလဲကျသွားနိုင်လို့
ဖြစ်ပါတယ်။

ဘဏ်ဆို တာ အများပြည်သူရဲ့ ငွေကြေးနဲ့လည်ပတ်ရတာ
ဖြစ်တဲ့ အတွက်ကြောင့် ဘဏ်တစ်ခု ပြိုလဲပြီဆိုတာနဲ့
ပြည်သူတွေ ကြောက်လန့်ပြီး အခြားဘဏ်တွေကပါ ငွေစုပြုံ
ထုတ်ကြတာကြောင့် ဘဏ်အားလုံးနီးပါး ဒုက္ခရောက်ခဲ့တာ
အမေရိကန် ရဲ့ နောက်ဆုံးဖြစ်စဉ်ကို လေ့လာကြည့်ရင်
သိမှာဖြစ်ပါတယ် ၊ ဒါကြောင့် အစိုးရ တွေအနေနဲ့ အိမ်ခြံမြေ
ဈေးကွက်ကို ဆွဲချတာထက် ပုံမှန်တိုးတက်အောင် ကြိုးစားပြီး
ဒုက္ခမရောက်အောင် အသေအလဲကာကွယ်နေတာ
ဖြစ်ပါတယ် ။

အိမ်ခြံမြေ အခွန်အကောက်တိုးမြုင့်ခဲ့တဲ့ ကိစ္စကို
အရင်အစိုးရဟောင်း လက်ထက်မှာ စခဲ့တာဖြစ်ပြီး အဲဒိရဲ့
ဒိုမီနို နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ဈေးကွက်မှာ
ယနေ့အချိန်ထိ ရိုက်ခတ်နေတာဖြစ်ပါတယ် ၊

အမေစု ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ နိုင်ငံရေး ၊
စီးပွားရေး ၊ဘာသာရေး နဲ့ အနောက်တံခါး ပြသနာတွေကြောင့်
အမေ့စုလည်း ပင်ပန်းလှပါတယ် ။

အားနည်းချက်တွေတိုင်းမှာ ထွတ်ပေါက်တွေ ရှိတယ် ဆိုတဲ့
စကားပုံ အတိုင်း လက်ရှိ အစိုးရ ၊ လွှတ်တော်ကလည်း
ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ဖြစ်နေတဲ့ အပြင် ပြည်သူကပါ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် အမေစုကို ချစ်ခင်
အားပေး ထောက်ခံနေတာကြောင့် လုပ်မယ်ကိုင်မယ်ဆိုရင်
လွယ်ကူမယ့် အနေအထား ရှိပါတယ် ။

စီးပွားရေးလောကမှာ မျက်စိထဲ အမှိုက်ဝင်သလို ဖြစ်နေပြီး
ဒုက္ခပေးနေသလိုဖြစ်တဲ့ ပြည်ထောင်စု အခွန်အကောက်
ဥပဒေကို ခေတ်နဲ့အညီ အကျိုးရှိပြီး အစိုးရ ၊ စီးပွားရေး
လုပ်ငန်းရှင် ၊ အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ
သာမက ပြည်သူတွေပါ အကျိုးရှိအောင် ပညာရှင်များနဲ့
တိုင်ပင်ပြီး ပြန်လည်ပြင်ဆင်သုံးသပ်ပေးဖို့ သင့်ပါပြီ။

လူလတ်တန်းစားတွေ အိမ်ရာဝယ်ယူနိုင်အောင် ချေးငွေ
အလွယ်တကူ ချေးငွေရရှိအောင် ၊ အတိုးနှုန်းသက်သာ
အောင် လုပ်ဖို့လိုအပ်သလို ၊
အခြေခံလူတန်းစား တွေအတွက်လည်း စားဝတ်နေရေးလည်း
အဆင်ပြေပြီး အိမ်ရာ ပိုင်ဆိုင်ခွင့်ရအောင် ၁၉၉၀ ခုနှစ်
န၀တ အစိုးရက်ထက် မြိုသစ်တွေကို နေရာချထားပေးသလို
စနစ်တကျ နေရာချထားပေးဖို့ မျှော်လင့်မိပါတယ်။

(ကိုချစ်ခင်)

credit - iMyanmar House

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment