"အစကောင်းပါမှ"
မဟာရန်ကုန်မြို့ကြီးသည် စီးပွားရေးမြို့တော်
ဖြစ်သည်နှင့်အညီ နိုင်ငံအ၀န်းမှ ရဟန်းရှင်လူတို့ ချဉ်းကပ်
ခိုမှီးရာနေရာဖြစ်လာသည်။ အနယ်နယ်အရပ်ရပ်က
ဆူကြုံနိမ့်မြင့်တို့သည် ဘ၀မြင့်မားရာ အခွင့်အလမ်းကို
မျှော်မှန်း ရောက်ရှိမှုသည် နေ့စဉ်နှင့်အမျှ မဟာရန်ကုန်မြို့ကြီး
က လက်ခံနေရသည်။ နေ့စဉ်နှင့်အမျှ ရောက်ရှိလာသော
လူဦးရေကိုလက်ခံရင်း လက်ခံရင်း ပြည့်သိပ်
မွန်းကျပ်လာသည်။
တစ်နေရာမှ တစ်နေရာကိုသွားဖို့ လမ်းမှာတင် အချိန်တွေ
များစွာကုန်အောင် သုံးနေကြရသည်။ တောင်ကလူ သည်
အလုပ်ရှိရာ မြောက်သို့သွားကြရ သည်။ မြောက်အရပ်က
လူသည်လည်း အလုပ်ရှိရာ တောင်အရပ်သို့ သွားကြ
ရသည်။ နေထိုင်ရာနှင့်ဆန့်ကျင်ရာ နေရာများ အသီးသီး
သို့ နေ့စဉ်သွားရောက် လုပ်ကိုင်နေကြ ရသည်။
လူဦးရေ များပြားလာမှု၊ သယ်ယူပို့ဆောင်ရေးယာဉ် များပြား
လာမှု စသည့်အကြောင်းများကြောင့် ခရီး ကြန့်ကြာပြီး
လေလွင့်ဆုံးရှုံးရသည့် အချိန်တို့ များလာသည်။
လမ်းခရီးမှာတင် ခွန်အားတို့ ကုန်ခန်းလာသည်။ ကုန်စည်
ဖြန့်ဖြူးရေးတို့ နှောင့်နှေးလာသည်။ အကြောင်းတရားများစွာ
ထဲမှ လူဦးရေတိုးတက်များပြားလာခြင်းကိုဖြေရှင်းရန် မြို့သစ်
စီမံကိန်းတို့ တိုးချဲ့ဖော်ဆောင်ခြင်းဖြင့် ဖြေရှင်းကြသည်။
မြို့သစ်တို့ တိုးချဲ့ဖော်ဆောင် ဖြေခြင်းဖြင့် လူဦးရေသိပ်သည်း
ကျပ်တည်းခြင်းကို အမှန်တကယ်ဖြေရှင်းနိုင်ပြီလား ဟု
မေးခွန်းထုတ်ရမလိုဖြစ်သည်။
တကယ်တော့ လုပ်ကိုင်ရှာဖွေစားသောက်ရ လွယ်ကူမှု
ကြောင့်သာ မြို့ကြီး ပြကြီးကို အားကိုးတကြီး မှီခိုလာကြ
ခြင်းဖြစ်သည်။ မြို့စွန် တောစပ် မြို့ကွက်သစ်မှာ ပြန်အစ
တည် ရမည့်အဖြစ်ကို မည်သူကများ ပြုလုပ်လိုကြ
ပါမည်နည်း။
သို့ပါသော်လည်း မြို့ပြ၏များပြားလှသည့်လူဦးရေတို့
အတွက် မြို့ကွက်သစ်တို့ ဖော်ဆောင်နေရာချထားသည်
ကိုတော့ ကြိုဆိုကြရမည်သာ။
မြို့သစ်စီမံကိန်းကို ကြိုဆိုလက်ခံရမည်ဖြစ်သော်လည်း
ယခင်ရှိပြီးမြို့သစ် တို့ကို ဘယ်လောက်ထိ ကောင်းမွန်သည့်
မြို့ပြဖြစ်အောင် ဖော်ဆောင်နိုင်ခဲ့ပြီးကြ ပြီလဲ။
ဒဂုံမြို့သစ်တို့ကို ဖော်ဆောင်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခု
ကျော်ကြာခဲ့ပါပြီ။
ဘယ်လောက်ထိ ဖွံ့ဖြိုးမှု အားကောင်းခဲ့ပါ ပြီလဲ။
ထို့အတူ လှိုင်သာယာ၊ ရွှေပြည်သာ စသော မြို့သစ်တို့ကို
လည်း ချဲ့ထွင်ဖော်ဆောင်ခဲ့ကြသည်။
မရှင်းမရှင်းဖြင့် အတင်း ဖော်ဆောင်ခဲ့ကြသော စက်မှုဇုန်
တို့သည်လည်း နောက်ပိုင်းတွင် မြေယာအရှပ်ထုပ်တွေ
ကြောင့် စက်မှုဇုန် အ၀င်ဝတို့တွင် မြေယာပိုင်ဆိုင်ခဲ့ဘူးသူ
တို့၏ ပိတ်ဆို့ဆန္ဒပြမှုများဖြစ်ပွား ကြုံတွေ့ကြရသည်။
မြေယာလျော်ကြေးမပေးဘဲ အဓမ်္မမြေသိမ်းခဲ့ ကြခြင်းလား။
လျော်ကြေးငွေ မစို့မပို့ပေး၍ သိမ်းခဲ့ကြခြင်းလားဆိုတာ
ထိုခေတ်က သက်ဆိုင်သူတို့သာ သိသည့်ကိစ္စသာ
ဖြစ်သည်။
လက်ရှိဖော်ဆောင်ခဲ့ပြီးသော မြို့သစ်တို့တွင် မြို့သစ်စတင်
ဖော်ကတည်းကအတိုင်း မြေကွက်လွတ်များအတိုင်း ရှိနေ
သေးသည်။ ခြံစည်းရိုးခတ်ထားပြီး မည်သည့်အဆောက်အအုံ
မှ ဆောက်လုပ်ထားခြင်း မရှိသေးသော မြေကွက်လွတ်များ
ကိုလည်း တွေ့နေရသည်။ ထိုမြေကွက်လွတ်များတွင်
ပိုင်ဆိုင်သူတို့ ဘာကြောင့် လာပြီး အခြေမချ ကြသနည်း။
ဒဂုံမြို့သစ်၏ ပင်မ ပြည်ထောင်စု လမ်းမကြီးသည်
ကျောက်ပေါက်မ တစ်ယောက်ပမာ ချိုင့်ခွက်တို့နှင့် ဆိုးရွားစွာ
ရှိနေသေးသည်။ ပါရမီလမ်းအတိုင်း ငမိုးရိပ်တံတား (ဘေလီ)
မှ ဒဂုံမြို့သစ် ပင်လုံလမ်းသို့ ဆင်းလိုက်ပြီဆိုလျှင် ကြမ်းတမ်း
သောလမ်းအဖြစ် ယခုတိုင်ဖြစ်နေသေးသည်။
အဓိကလမ်းမကြီးများသည် ယခု အချိန်တွင် ကောင်းမွန်နေ
သင့်ပြီဟု ထင် သည်။ အသွားအပြန် တံတားနှစ်စင်းထိုးထား
သော်လည်း ရုံးဆင်း ရုံးတက်ချိန်တို့တွင် ဤလမ်းပေါ်တွင်
များပြားလှသော ကားတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို
အချိန်ကြာကြာ လူတိုင်းခံစားရသည်။
နေ့စဉ်နှင့်အမျှ လုပ်အားတန်ဖိုးတို့သည် အလုပ်သွား အလုပ်ပြန်
ခရီးတို့၏ အချိန်ကြာမြင့်မှုတို့ကြောင့် ဖြုန်းတီးနေကြရ သလို
ဖြစ်နေသည်။ ဘက်စ်ကားများ ပြေးဆွဲ ၀င်ရောက်ရာ ရပ်ကွက်
လမ်းများသည်လည်း ယာဉ်နှစ်စီးလွတ်အောင် ရှောင်တိမ်း
မောင်းရရုံသာ ရှိသည်။ ရပ်ကွက်တွင်းရှိ လမ်းသွယ်လေးများ
သည်လည်း ကွန်ကရစ်ခင်းထားသော်လည်း အောက်ခံ
မြေသားခိုင်မာမှု မရှိ၍လား၊ ကွန်ကရစ်ဖျော်စပ်မှု စံချိန်မမီ ခြင်း
ကြောင့်လား လမ်းလယ်မှတောက်လျှောက် အက်ကြောင်းကြီး
များဖြစ်၍ ထက်ပိုင်းကျိုးကုန်သည်။ အပေါက်အပြဲများဖြစ်ကုန်
သည်ကို နေရာတိုင်းလိုလို တွေ့နေရသည်။
ရေမြောင်းတို့သည်လည်း မြောင်းဟု ပြောသာရုံရှိသည့်
နေရာမျိုးလည်း ရှိသည်။ မြောင်းပျောက်နေသည့်နေရာမျိုး
တွေလည်းရှိသည်။ အချို့မြေနှိမ့်ပိုင်း နေရာများတွင်လည်း
ရေစီးဆင်းမှုမရှိဘဲ ငါးမွေးကန်ပမာ ဖြစ်နေသည်ကိုလည်း
တွေ့ကြ ရသည်။
ထိုမြို့သစ်တို့တွင် အစိုးရကပေးဝေသော ရေတို့ မရရှိကြ
သေးပေ။ မိမိ အစီအစဉ်ဖြင့် အ၀ီစိတွင်းတူးပြီး သုံးရေအတွက်
ဖန်တီးကြရသည်။ အ၀ီစိတွင်း တူးမထားသူတို့အဖို့
ရေရောင်းစားသူတို့ထံက တိုင်ကီ အရေအတွက်နှင့် ၀ယ်သူ
သုံးစွဲနေကြ ရသည်။ မြေအောက်ရေသည် မည်မျှ
ရေ အရည်အသွေးပြည့်မီမှုရှိသည်၊ မရှိသည် ကို မသိကြဘဲ
သုံးစွဲနေကြ ရသည်။ ထိုမြင်တွေ့ရသော အနေအထားသည်
ဒဂုံမြို့သစ်၏ နေရာအစိတ်အပိုင်းလေး တစ်ခု၏
တွေ့မြင်ရသော အနေအထားဖြစ်သည်။
ရန်ကုန်မြို့လယ်နှင့် အနီးစပ်ဆုံး သာကေတမြို့နယ်သည်
ဒဂုံမြို့သစ် အရင် မြို့ပြဖော်ဆောင်ခဲ့သည်။ ထို သာကေတမြို့
သည်ပင် မြို့ပြ ဥပဓိရုပ် ဘယ်လောက်ပြည့်မီနေပြီလဲ။
အစိုးရ ပေးဝေသောရေ မရောက်ရှိသေးသော နေရာ
ဖြစ်သဖြင့် မြေအောက်ရေကိုသာ အသုံးပြု နေရသည်။
မြေအောက်ရေကို လွယ်လွယ် ထုတ်ယူအသုံးပြုခြင်းသည်
လည်း ကောင်းမွန်လှသည် မဟုတ်ပါ။ အထပ်မြင့်အဆောက်
အအုံဆောက်လုပ်မှုကလည်းများ မြေအောက်ရေ
ထုတ်ယူသုံးစွဲမှုကလည်း များပြားနေမည်ဆိုလျှင် တစ်ချိန်ချိန်
တွင် မြေကျွံမှုများ ဖြစ်မလာနိုင်ဟုမည်သူပြောနိုင်မည်နည်း။
ရှိပြီးသား မြို့သစ်တို့၏ အခြေ အနေသည် ယခုအချိန်ထိ
နေရာတိုင်း လမ်းတို့၊ တံတားတို့ ပလက်ဖောင်းတို့ ခင်းကျင်းမှု
တို့သည် နေရာတိုင်း ပြီးပြည့်စုံခြင်း မရှိလှသေးပေ။
ရေမြောင်းများ၊ မိလ္လာစွန့်ထုတ်မှုများက စနစ်ကျနမှု မရှိ လှ
သေးပေ။ နှစ်ကာလရှည်ကြာ၍ နေထိုင်သူ လူဦးရေများပြား
လာမှ လမ်းများချဲ့ထွင်ခြင်းများ၊ ရေပိုက်သွယ်တန်းမှုများ
ပြုလုပ်လာကြသည်။ ထိုအခါ လမ်းတို့သည်လည်း ထပ်မံ
ပျက်စီးကြပြန်သည်။ပြန်လည် ပြုပြင်ကြရပြန်သည်။
ငွေကုန်ကြေးကျတို့ များပြားခဲ့ကြသည်။
“အစမကောင်းမှု” ကြောင့် ပျက်စီးမှုတို့ကို လိုက်လံပြုပြင်ရင်း
အချိန်ကုန် ငွေကုန် ဖြစ်သည့်အပြင် နေထိုင်သွားလာ သူတို့
လည်း မတည်မငြိမ် ဖြစ်ကြ ရသည်။
ယခုတစ်ဖန် ရန်ကုန်မြို့ကြီး၏ အနောက်တောင်ခြမ်းဖြစ်သော
ကြည့်မြင်တိုင် တစ်ဖက်ကမ်း တွံတေး၊ ဒလဘက်ခြမ်း တို့တွင်
ရန်ကုန်မြို့သစ် ဖော်ဆောင်ဖို့ယခင် အစိုးရလက်ထက်က
စီမံကိန်းရေးဆွဲ ခဲ့သည်။
လက်ရှိအစိုးရသစ်လက်ထက် ကူးပြောင်းလာပြီးသောအခါ
ထိုမြို့သစ်စီမံကိန်းကို မပြုလုပ်မီ ပြန်လည်စိစစ်မှုများ ပြုလုပ်
ခဲ့သည်။ ထို့နောက်စိစစ်မှုများ ပြုလုပ်ပြီး မြို့သစ်ဖော်ဆောင်မှု
အစီအစဉ်အား ပြန်လည်စတင်မည်ဟု သိရသည်။
အချိန်နှင့်အမျှ တိုးပွားလာသော လူဦးရေတို့ကြောင့် မြို့သစ်
စီမံကိန်းကြီးများ တိုးချဲ့ဖော်ဆောင်မှု ပြုလုပ်မည်ကို ကြိုဆို
ကြရမည်ဖြစ်သည်။
သို့ပါသော်လည်း “နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ”
ဆိုသကဲ့သို့ မဖြစ်ဖို့လိုသည်။ အလကားရသည့်ငွေတို့နှင့်
စီမံကိန်းတို့ကို ဖော်ဆောင်ကြရသည်မဟုတ်။ နိုင်ငံတော်
ဘဏ္ဍာငွေများ၊ နိုင်ငံတကာ ချေးငွေများဖြင့် ထိုစီမံကိန်းတို့ကို
အကောင် အထည်ဖော်ကြ ရသည်။
ပြုလိုက်၊ ပြင်လိုက်၊ ဖျက်လိုက်၊ ဆောက်လိုက်နှင့် ငွေကြေးတို့
မလေလွင့်ဖို့ လိုသည်။ တိုးတတ်နေသောနိုင်ငံတို့တွင် မြို့သစ်
တို့ကို မည်သို့ ဖော်ဆောင်သည်ကို အတုယူသင့်လှသည်။
စမ်းတ၀ါးဝါး လုပ်စရာမလိုဟု ထင်သည်။ တစ်ပါးသောနိုင်ငံတို့
မြိုသစ်ဖော်ဆောင်ရာတွင် ၎င်းတို့ ကြုံတွေ့ခဲ့ရသော
အခက်အခဲများကို မိမိတို့အလှည့်တွင် နည်းယူ၍ ဆုံးရှုံးမှု
နည်းအောင်နှင့် အကောင်းဆုံးဖြစ်အောင် စီမံကိန်းတို့ကို
ဖော်ဆောင် နိုင်ကြမည်။ ဖျက်လိုက်၊ ပြင်လိုက်နှင့်
အကောင်းဆုံးကို လိုက်ရှာနေခြင်းသည် အချိန်ကုန်ငွေကုန်
ဖြစ်သည်။ ခူးပြီး ခပ်ပြီး အကောင်းဆုံးနည်းတို့ကို ယူလိုက်
ခြင်းဖြင့် ကုန်ကျမှုခြင်း အတူတူ အကောင်းဆုံးကို
ရမည်ဟု မြင်သည်။
မြို့သစ်ဖော်ဆောင်မည့်နေရာ ဌာနတို့တွင် ကုန်ထုတ်
လုပ်ငန်းတို့ ရရှိ ဖန်တီးနိုင်အောင် အရင်ပြုလုပ်သင့်သည်။
ထိုအလုပ်အကိုင်တို့ကို တည်မှီပြီး မြို့သစ်ကို လူတို့
လိုလိုချင်ချင် ပြောင်းရွေ့လာကြမည်။ ရေ၊ မီး၊ အမှိုက်နှင့်
မိလ်္လာစွန့်ထုတ်မှုက အစ စနစ်ကျနပြီး အဆင်သင့်
ပြောင်း ရွေ့နေထိုင်နိုင်သော မြို့သစ်များဖြစ်အောင်၊ ပို့ဆောင်
ဆက်သွယ်ရေး လွယ်ကူမြန်ဆန်သော စနစ်များပါဝင်
ဖော်ဆောင်နိုင်အောင် ပြုလုပ်ထားခြင်းဖြင့် ယခင်မြို့သစ်တို့
ထက် လျင်မြန်ဖွံ့ဖြိုးလာမည်။ နောင်လာလတ်္တံ့သော မြို့သစ်
စီမံကိန်းတို့၏ ရှေ့ဆောင် “အစ ကောင်းကောင်း”နှင့်
“အကောင်းဆုံးစ” နိုင်အောင် ကြိုးစား ဖော်ဆောင်နိုင်ကြပါ
စေကြောင်း ကြွေပန်းကန်နှုတ်ခမ်းထက် ရွှေရေးတတ်လိုက်
ရပါကြောင်း။ ။
(ဘိုးသာ)
credit - iMyanmar House
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment