Sunday, August 6, 2017

“ကျူးအရှုပ်ထဲ မပါမိစေဖို့နှင့် လှည်းကူးကျူး နောက်ဆက်တွဲ သတင်း”

“ကျူးအရှုပ်ထဲ မပါမိစေဖို့နှင့်
လှည်းကူးကျူး နောက်ဆက်တွဲ သတင်း”


၁။ "အပြောကောင်းသူ စကား ယုံမိမှား၊
ကျူးကျော်သူတွေ ဖြစ်လို့သွား"

"ငှက်မသိလို့ ဆက်ရက်၊ ဂျိုး ထင်"
"အချက်မသိလို့ သားမတ်၊ သူခိုးထင်" ဆိုသကဲ့သို့
အိမ်ခြံမြေများ ရောင်းဝယ်ကြရာတွင်လည်း မြေအကြောင်း
သေချာလေ့လာပြီး ဝယ်ယူကြသူ အလွန် နည်းလှသည်။

ရိုးရိုးသားသား ဝယ်ယူလိုကြသူများမှာ
မြေရာဇဝင်အကြောင်း နားမလည်ကြသဖြင့်
အိမ်ခြံမြေ ပွဲစားများ၏ လှည့်စားမှုအောက်တွင် ဒုက္ခလှလှ
ရောက်ကြရသည်ကို တွေ့ရသည်။

"အတည်တကျ နေလိုသူနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံသူ"

မကြာသေးမီ ရက်ပိုင်းအတွင်းက လှည်းကူးမြို့နယ်၊
အမြန်လမ်းမကြီးဘေးမှ စီမံကိန်းမြေနေရာအတွင်း
ကျူးကျော်ဝင်ရောက် ဆောက်လုပ်ထားသူ
အမြောက်အမြားကို သက်ဆိုင်ရာမှ လာရောက်ဖယ်ရှား
နေသည် ကို တွေ့ ရသည်။

ယင်းသို့ ဖယ်ရှားခံရသူများ၏ အကြောင်း
တစ်စေ့တစ်စောင်း လေ့လာကြည့်ရာတွင်
အမြတ်ရလို၍ လာရောက်ရင်းနှီး မြှုပ်နှံသူများနှင့်
အမှန်တကယ် အိုးပိုင်အိမ်ပိုင်မရှိ၍ အတည်တကျ နေလို
သူများ ဟူ၍ နှစ်မျိုး တွေ့ ရသည်။

"ကံစမ်းသူနှင့် ကံဆိုးသူ"

အမြတ်ရလို၍ ရင်းနှီးမြှုပ်နှံသူများသည် ကံစမ်းသည့်
သဘော ဖြစ်သော်လည်း
အတည်တကျနေလို၍ အိမ်ဆောက်နေထိုင်သူများမှာ
မြေအကြောင်း နားမလည်ကြသူများ ဖြစ်သည်။

ထိုသူများမှာ သူများ ယောင်လို့ယောင်၊
အမောင် တောင်မှန်းမြောက်မှန်း မသိ ဆိုသူများ
စာရင်းဝင်နေသည်ဟု ဆိုလိုက်ချင်သည်။

မြင်းစီးလို့မှ အထီးမှန်း အမမှန်း မခွဲခြား မကြည့်သူများ ပင်
ဖြစ်သည်။

အမှန်တကယ်ဆိုရလျှင်
နိုင်ငံတော်အစိုးရမှ စီမံကိန်းမြေနေရာ သတ်မှတ်ထားသော
စီမံကိန်းမြေများမှာ နိုင်ငံတော်မှ အလိုရှိသည့်အချိန်တွင်
ဖယ်ရှားခံရမှာ သေချာသည်။
လိုအပ်လျှင် အားလုံး ဖယ်ရှား ခံရမည်။

"နှစ်ထပ်ရှိလို့ မှတ်မိသွားပြီ ထင်ပါသည်"

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီး
၏ မိုင်တိုင် အမှတ်-၃ မိုင်မှ ၅ မိုင် ၂ ဖာလုံကြားရှိ စီးပွားဖြစ်
ကျူးကျော်တဲများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
အစီအစဉ်များဖြင့် ဇွန် ၁၂ ရက်နေ့မှစ၍ ရှင်းလင်းနေကြောင်း
သိရပါသည်။

အဆိုပါ အမြန်လမ်းမကြီးဘေးရှိ မြေနေရာသည်
ယခင်က စိုက်ပျိုးရေး၊ စီမံကိန်း ဆောင်ရွက်သော နေရာ
ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကလည်း ယခုကဲ့သို့
ရှင်းလင်းခဲ့ကြောင်း သိရသည်။

"လိမ်ရောင်းသူများစကား ယုံမိမှား
ကျူးကျော်သူတွေ ဖြစ်လို့သွား"

အဆိုပါ စီးပွားဖြစ် ကျူးကျော်မှုများတွင် အမှန်တကယ်
နေထိုင်သူ အနည်း ငယ်သာရှိပြီး မြေကွက်အတွင်း၌
တဲငယ်များထိုး၍ တစ်ဆင့်ပြန်လည် ရောင်းချသူများသည်
အများပြည်သူများကို ပုံစံမျိုးစုံဖြင့် စည်းရုံး၍ သက်သာသော
ဈေးနှုန်းဖြင့် ရောင်းချသွားကြသည်။

"ပျောက်သောသူ ရှာလျှင် မတွေ့ရန် ပုန်းအောင်းနေကြပြီ"

နိုင်ငံတော်အစိုးရအနေဖြင့် အစိုးရပိုင်မြေများအား
"မြို့ပြသာယာလှပရေး" ဖော်ဆောင်ရန်အတွက် ယခုကဲ့သို့
ဒုတိယအကြိမ် ပြန်လည် ရှင်းလင်းဖယ်ရှားရာ၌
ဝယ်ယူထားသူများမှာ နစ်နာဆုံးရှုံးကြရသည်။

တစ်ချိန်က အာမခံဖြင့် ရောင်းချခဲ့သောသူများသည်
ယခုအချိန်တွင် ကြက်ပျောက်၊ ငှက်ပျောက်၊ ခြေရာ ဖျောက်
သွားကြပြီ ဖြစ်သည်။

ဝယ်ယူထားသူများ အနေဖြင့် ယင်းတို့၏ နစ်နာမှုများကို
တရားစွဲဆိုရန် ဆန္ဒရှိကြသော်လည်း ရောင်းချသူများကို
ရှာဖွေရန်မှာ ခက်ခဲနေသည်ဟု သိရသည်။

"လူနေလျှင် မြေကွက်အစား ပြန်ရမည်အထင်နဲ့
တဲပေါ်မှာ လူငှားထား"

ကျူးကျော်တဲများကို ရှင်းလင်းရာတွင် အမှန်တကယ်
နေထိုင်သူ အနည်းငယ်သာ ရှိပြီး တစ်ဆင့်ပြန်လည်
ရောင်းချရန်အတွက် ဝယ်ယူထားသည့် တဲအလွတ်များ
ကို အများဆုံး တွေ့ရသည်။

အမြန်လမ်းမကြီး၏ လက်ဝဲဘက်တွင် အိမ်ခြေ ၁၆၀၀၀
(တစ်သောင်း ခြောက်ထောင်) ကျော် တဲများ ရှိသည် ဟု
သိရသည်။

ဝယ်ယူထားသူအချို့မှာ လူမနေလျှင် ပြန်လည်သိမ်းယူမည်
ကို စိုးရိမ်သောကြောင့် ကိုယ်တိုင်လာရောက် နေထိုင်ခြင်း၊
လူငှားထားကြခြင်းများလည်း ရှိသည်ဟု သိရသည်။

"မသိလျှင် မေးပါ၊ မစင်လျှင် ဆေးပါ"

*** အထက်ပါ သာဓကကို ထောက်ရှု၍
ရန်ကုန်မြို့နေရာ အနှံ့အပြားရှိ နိုင်ငံတော်ပိုင် အစိုးရစီမံကိန်း
မြေနေရာများပေါ်၌ ဘုမသိ၊ ဘမသိ အဆင့်ဆင့် ဝယ်ယူ
နေထိုင်သူများအနေဖြင့်လည်း လှည်းကူးမြို့နယ်ကဲ့သို့
ဖယ်ရှားခံရနိုင်သည့်အတွက် အခိုင်အမာ အိမ်ဆောက်လုပ်
နေထိုင်ခြင်း၊ နောက်ထပ် တိုးချဲ့ပြီး ဝယ်ယူခြင်းများ မပြုလုပ်
ကြရန် အထူးသတိပေးလိုပါသည်။ ***

"ညောင်သီးလည်းစား လေးသံလည်း နားထောင်ပါ"

လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီးဘေးရှိ တဲများကို
ဖယ်ရှားသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌
ကျူးကျော်နေထိုင်သူများကိုလည်း နိုင်ငံတော်အစိုးရမှ
ဖယ်ရှားလာမည်ဆိုပါက၊
"ကံဆိုးမ သွားရာ၊ မိုးလိုက်လို့ ရွာ" သည့်ကိန်းနှင့်
ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့် ညောင်သီးလည်းစား၊
လေးသံလည်း နားထောင်စေချင်ပါသည်။

ထို့ကြောင့် စာဖတ်သူများအနေဖြင့်
အိမ်ခြံမြေကွက် ဝယ်ယူတော့မည် ဆုံးဖြတ်ချက်ချပြီးလျှင်
အစိုးရပိုင်မြေ၊ ပုဂ္ဂလိကပိုင်မြေ၊ လယ်မြေဥယျာဉ်ခြံမြေ
စသည်ဖြင့် တိတိကျကျ သိနိုင်ရန် မြို့နယ် လယ်ယာမြေ
စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် ခရိုင်အထွေထွေ
အုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး
ကော်မတီရုံးတို့ တွင် သွားရောက်စုံစမ်းပြီးမှ
ဝယ်ယူသင့်ကြောင်း အကြံပေး တင်ပြလိုက်ပါသည်။

"သူများစကား နားမယောင်ကြပါနဲ့"

"မေးပါများ စကားရကြပါစေ"

(လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ)

*****

၂။ "ကျူးကျော်အိမ်များ ဖယ်ရှားထားသည့် လှည်းကူး
အမြန်လမ်းဘေး ဧရိယာတွင် တိုက်ခန်း ၄ဝဝဝ လာမည့်လ
စတင်ဆောက်မည်"

ကျူးကျော်နေအိမ်များ ဖယ်ရှားထားသည့် လှည်းကူးအမြန်
လမ်းဘေး မြေဧကပေါင်း ၁၅ဝဝ ခန့်တွင် လူနေတိုက်ခန်း
ပေါင်း ၄ဝဝဝ ကို လာမည့်လမှ စတင်ဆောက်လုပ်မည်
ဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာတွင် လက်ရှိ၌ မြေကွက်တိုင်းတာခြင်း၊
ခြံစည်းရိုးခတ်ခြင်း စသည့် လုပ်ငန်းများကို စတင်ဆောင်ရွက်
နေပြီဖြစ်သည်။

ဆယ်စုနှစ်တစ်ခုအထိ အကောင်အထည်ဖော်ဆောင်ရွက်ရန်
လျာထားသည့် မြို့ပြစီမံကိန်း၏ ပထမဦးဆုံးအဖြစ် လူနေ
အိမ်ခန်းပေါင်း ၄ဝဝဝ ကို စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး
ဦးယုခိုင်ကပြောသည်။

''အခုက ခြံစည်းရိုးတွေခတ်၊ မြေတိုင်းတာတွေစလုပ်နေပြီ။
လူနေတိုက်ခန်းတွေဆောက်ဖို့က ရှေ့လမှစမယ်။
အခုကထပ်ပြီး မကျူးအောင် အရင်ဆုံးလုပ်နေရတဲ့
အနေအထားပါ။
စီမံကိန်းမှာ လူတွေတိုက်ခန်းတွေပြီးရင် အနားယူလို့ရမယ့်
ပန်းခြံတွေ ဆိုလိုချင်တာက မြို့ပြင်ထွက်လိုက်တဲ့ ပြည်သူတွေ
အနားယူနိုင်မယ့်နေရာပေါ့။
၁၁၅ မိုင်လိုမျိုး အဲဒီလို ပုံစံလုပ်သွားမယ်'' ဟု
ဦးယုခိုင်ကဆိုသည်။

ယင်းအပြင် အဆိုပါနေရာတွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခု
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေး
ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဆေးရုံ၊ ကျောင်း၊ တက္ကသိုလ်၊
အပန်းဖြေ နားနေရာကစားကွင်းများ၊ လူနေတိုက်ခန်းများ
စသည့် မြို့ပြစီမံကိန်းတစ်ခုအဖြစ် ဆောင်ရွက်မည်
ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ဆောင်ရွက်နိုင်ရန် ယင်းလှည်းကူးအမြန်လမ်း
၃ မိုင်၎ ဖာလုံနှင့် ၅ မိုင်အတွင်း စခန်းကြီးကျေးရွာ အုပ်စုရှိ
ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ် ၅ဝဝဝ ကျော်ခန့်
ကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်အတူ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက
ဇွန် ၁၂ ရက်မှစ၍ ၁ဝ ရက်အတွင်း ဖယ်ရှား
ရှင်းလင်းခဲ့သည်။ 

ယင်းနေရာမှ နေအိမ်ဖယ်ရှားခံရသူအချို့က ၎င်းတို့သည်
ဝယ်ယူနေထိုင်သူများဖြစ်သဖြင့် လိမ်လည် ရောင်းချခဲ့သူ
များကို အမြန်ဆုံးဖမ်းဆီး အရေးယူပေးရန် တောင်းဆို
နေသလို နစ်နာသည့်ပြည်သူများအား အစိုးရအနေဖြင့်
မည်သို့ကုစားပေးမည်နည်းဟုလည်း
မေးခွန်းထုတ်ကြသည်။

(ZCH)

credit - iMyanmar House & Democracy Today

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment