“မြေကွက်ငယ်များကို ဂရန်ထုတ်ပေးရန် ဖြေလျှော့
ပေးလိုက်သည့် မန္တလေး”
၁။ "မန္တလေးမြို့အတွင်းရှိ မြေကွက်ငယ်များကို
ဂရန်ထုတ်ပေးမည်ဟု မြို့တော်ဝန်ပြော၊
ဝန်ထမ်းများ မသမာပါက တိုင်ကြားနိုင်"
မန္တလေးမြို့တွင် ဧရိယာ စတုရန်းပေ ၁,၂၀၀ အောက်
မြေကွက်ငယ်များကို ပထမဆုံး အကြိမ် ဂရန်ထုတ်ပေး
တော့မည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်
က ပြောသည်။
- မြေကွက်ပေါ်တွင် အခိုင်အမာအဆောက်အအုံ
ဆောက်လုပ် နေထိုင်ခြင်း၊
- အနားလေးဘက် ခိုင်မာမှု ရှိခြင်း၊
- ဝင်ထွက်လမ်းများ ကောင်းမွန်မှု ရှိခြင်း၊
- ကျန်းမာရေးနှင့် မီးဘေးအန္တရာယ်များ ထိခိုက်မှု မရှိခြင်း
စသည့် အချက်များနှင့် ကိုက်ညီပါက ဧရိယာစတုရန်းပေ
၁,၂၀၀ အောက် မြေကွက်များကို ဦးပိုင် ခွဲစိတ်၍
မြေတည်နေရာမြို့နယ်နှင့် မြေ အမျိုးအစားအလိုက်
တစ်စတုရန်းပေလျှင် ကျပ် ၂၀၀ မှ ကျပ် ၆၀၀ အတွင်း
ငွေကြေးပေးသွင်းစေကာ ဂရန်ထုတ်ပေးမည်ဟု
မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ က
သတင်းထုတ်ပြန်သည်။
ပေ ၄၀ × ၆၀ မြေကွက် အတွက် ဂရန်လျှောက်ထားရာတွင်
မြေတည်နေရာမြို့နယ်နှင့် မြေအမျိုးအစားပေါ်မူတည်၍
ပေးဆောင်ရမည့် အခွန်နှုန်းထား သည် ကျပ်ရှစ်သိန်းကျော်
(၈၁၄,၀၀၀ ကျပ်) မှ ၂၁ သိန်းကျော်(၂,၁၆၀,၀၀၀ကျပ်)
အထိ ကျသင့်မည်ဖြစ်သည်။
မြေဂရန်လျှောက်ထားမှုများ နှင့်ပတ်သက်၍ ကြားပွဲစားများ
ပပျောက်စေရန် အလေးထား လုပ်ဆောင်မည်ဟု
မန္တလေး မြို့တော်ဝန် က ဆိုသည်။
မြေဂရန် လျှောက်ထားသူများအနေဖြင့် မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံကိန်းနှင့် မြေယာ
စီမံခန့်ခွဲမှု ဌာနသို့ လူကိုယ်တိုင် လာရောက်လျှောက်ထား
နိုင်ပြီး စည်ပင်သာယာက လုပ်ငန်းကြန့်ကြာမှု မရှိစေရန်
အလေးထား လုပ်ဆောင်မည်ဟု စည်ပင် တာဝန်ရှိသူများ
က ပြောသည်။
မြေ ဂရန်လျှောက်ထားရာတွင် အထောက်အထား
အချက် အလက်များ ပြည့်စုံမှန်ကန်သော်လည်း ဝန်ထမ်း
က ကြန့်ကြာအောင် ပြုလုပ်ခြင်း၊ မသမာသော ငွေကြေး
တောင်းခံခြင်းများရှိပါက စည်ပင်သာယာ ကော်မတီဝင်
(သို့မဟုတ်) စည်ပင်သာယာဌာနမှူးကို တိုင်ကြားနိုင်
ကြောင်း မန်း စည်ပင် က အသိပေးကြေညာထားသည်။
‘‘အားလုံး ညှိနှိုင်းတိုင်ပင်တယ်။ မြို့နယ်အလိုက် အဖွဲ့
ခွဲပြီး စစ်တယ်။ ဒီမြေကွက်ငယ်လေးတွေက ဂရန်ပေးဖို့
လိုအပ်နေတယ်။ အဲဒါကြောင့် ဂရန်ထုတ် ပေးဖို့
ကော်မတီအနေနဲ့ ဆုံးဖြတ်တာပါ’’ဟု ဒေါက်တာရဲလွင်
က ပြောသည်။
မြေကွက်ငယ်များသို့ ဂရန် ထုတ်ပေးမည်ဖြစ်သော်လည်း
မြေကွက်ကျယ်များသို့ ထပ်မံ ပိုင်းခြားရောင်းချမည့်မြေများ
ကို ဂရန်ထုတ်ပေးမည်မဟုတ်ဘဲ နှစ် များစွာကြာအောင်
အဆောက် အအုံများ ဆောက်လုပ်နေထိုင်ပြီး မြေကွက်
ကျဉ်းသဖြင့် ဂရန် လျှောက်ထား၍ မရဘဲ အခက်တွေ့
နေသည့် မြေကွက်ငယ်များကိုသာ ဂရန်ထုတ်ပေးမည်
ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်
အတွင်း ဦးပိုင်ရှိပြီး ဧရိယာ စတုရန်းပေ ၁,၂၀၀၊ မျက်နှာဖွင့်
ပေ ၂၀ ရှိသည့် မြေကွက်များကိုသာ ဂရန်ထုတ်ပေးနေရာ
မှ ဖြေ လျှော့သည့်အနေဖြင့် ယခုကဲ့သို့ စီစဉ်ခြင်း
ဖြစ်ကြောင်း ဒေါက်တာ ရဲလွင်က ပြောသည်။
မြေကွက်ငယ်များကိုပါ ဂရန် ထုတ်ပေးမည် ဆိုသဖြင့်
ငွေကြေး အခက်အခဲကြောင့် မြေကွက်ငယ်များ ဝယ်ယူ
ထားပြီး ဂရန်မရှိ၍ နေအိမ် ဆောက်လုပ်ခွင့် လျှောက်ထားခွင့်
မရသူများ အတွက် များစွာ အဆင်ပြေစေနိုင်ကြောင်း
မန္တလေးမြို့ခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
မြို့ကွက်သစ်ဖော်ထုတ်ရေး အဖွဲ့သည် ယခင်က မြို့တွင်း
မြေကွက်များ ချထားပေးရာတွင် ၁၅ ပေ × ပေ ၄၀၊
ပေ ၂၀ × ၃၀ စသည့် မြေကွက်ငယ်များကို ချထားပေးခဲ့ပြီး
ငွေကြေးအခက်အခဲ ကြောင့် မြေကွက်ငယ်များ ခွဲစိတ်
ဝယ်ယူကာ နေထိုင်ရသူများ အဆင်ပြေစေရန် ယခုကဲ့သို့
စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးမြို့ တော်
စည်ပင်သာယာရေးကော်မတီ မှ တာဝန်ရှိသူများက
ပြောသည်။
(မောင်တာ)
*****
၂။ "မြေကွက်ငယ်များကို ဂရန်ထုတ်ပေးမှုကြောင့် အိမ်မြေ
ဈေးကွက် အားသာချက်များ ရှိလာနိုင်"
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်
အတွင်း ဦးပိုင်အမှတ်ရှိမြေကွက်များကို ဧရိယာစတုရန်းပေ
၁,၂ဝဝ၊ မျက်နှာဖွင့် ပေ ၂ဝ ရှိမှသာ ခွဲစိတ်ခွင့်ဂရန်
လျှောက်ထားခြင်းကို ပယ်ဖျက်ပြီး ဧရိယာစတုရန်းပေ ၁,၂ဝဝ
အောက်မြေကွက်ငယ်များကိုပါ ဂရန်ထုတ်ပေးရန် သတ်မှတ်
လိုက်သည့်အတွက် အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်
အတွက် အားသာချက်များ ရှိလာနိုင်ကြောင်း
အကျိုးဆောင်တချို့က ပြောသည်။
''မြေကွက်ငယ်တွေကို ဒီလိုအမည်ပေါက်ပိုင်ခွင့် လုပ်လို့ရတဲ့
အတွက် မြေယာနဲ့ ဆိုင်တဲ့အမှုအခင်းတွေ၊ အရှုပ်အရှင်းဖြစ်
ရတာတွေ နည်းပါးသွားနိုင်ပါတယ်။ ပြီးတော့အသေးစားနဲ့
အလတ်စား ချေးငွေရဖို့အတွက် လုပ်ဆောင်နိုင်ကြမယ်။
တန်ကြေးမြင့်တဲ့ မြေကွက်တွေကိုဝယ်ယူဖို့ မတတ်နိုင်သူတွေ
အနေနဲ့ ကိုယ်နိုင်တဲ့ ငွေပမာဏနဲ့ စိတ်ပိုင်းပြီးရောင်းတဲ့
မြေကွက်ငယ်တွေကို ဝယ်ကြလေ့ရှိပါတယ်။ ဒါကြောင့်
ဒီမြေကွက်ငယ်တွေကို ဝယ်ဖို့ရည်ရွယ်သူတွေ အနေနဲ့
ဂရန်ဖောက် ခွင့်ပေးမယ်ဆိုတော့ အကောင်အထည်ဖော်တဲ့
အဆင့်အထိ ရောက်လာကြမယ်။ သက်ဆိုင်ရာလည်း
အခွန်ရမယ်''ဟု မန္တလေးမြို့ရှိ ဖိုးလမင်းအိမ်ခြံမြေ
အကျိုးဆောင် လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ယခုလ ၁၄ ရက်
တွင်ပြောသည်။
ဂရန်လျှောက်ထားရာတွင် အချက်အလက်များ ပြည့်စုံမှန်ကန်
ပါလျက် ဝန်ထမ်းများက တမင်ကြန့်ကြာအောင် ဆောင်ရွက်
ခြင်း၊ မသမာသော ငွေကြေးတောင်းခံခြင်းများရှိပါက
မြို့တော်စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးဦး
သို့မဟုတ် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ဌာနမှူးကို
ဆက်သွယ် အသိပေးနိုင်ကြောင်း၊
ယခုကဲ့သို့ ဖြေလျှော့ပေးခြင်းမှာမြို့ကွက်သစ်ဖော်ထုတ်ရေး
အဖွဲ့က မြေကွက်များချထားပေးခဲ့ရာတွင်
၁၅ ပေx ပေ ၄ဝ၊ပေ ၂ဝ x ပေ ၃ဝ မြေကွက်များ
ချထားပေးခဲ့ခြင်း၊ မြို့တွင်း၌ ဝယ်ယူနေထိုင်သူများက
မိမိတို့တတ်နိုင်သော ငွေကြေးဖြင့် မြေကွက်ငယ်များ ခွဲစိတ်
ဝယ်ယူနေထိုင်ကြခြင်းတို့ကြောင့် အဆင်ပြေစေရန် စီစဉ်
ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း စည်ပင်သာယာက
အသိပေးထားသည်။
''ဒီနေ့ မနက်ပိုင်းမှာကို မြေကွက်လေးတွေကို အမေးအမြန်း
တော်တော်လေးတက်လာတယ်။ စည်ပင်သာယာက ဒီလို
ဖွင့်ပေးလိုက်တာကို ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်။
တချို့ ငွေကြေးအများကြီး မတတ်နိုင်သူတွေကျတော့
မြေကွက်ကျဉ်းလေးတွေကိုပဲ ဝယ်ကြရတာလေ။
မြေပိုင်ဆိုင်မှု အရှုပ်အရှင်းလည်း အထိုက်အလျောက်
ကင်းသွားနိုင်ပါတယ်'' ဟု မန္တလေးမြို့ခံ အိမ်ခြံမြေ
အကျိုးဆောင် ဦးမောင်မောင်ဦးက ယခုလ ၁၄ ရက်တွင်
ပြောသည်။
မန္တလေးမြို့ အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်မှာ
ကာလကြာ အေးစက်နေကာ လတ်တလောတွင်
ကျပ်သိန်း ၅ဝဝ နှင့် ကျပ်သိန်း ၁,ဝဝဝ ကြား တန်ကြေးရှိ
မြေကွက်များကို မေးမြန်းမှု များကြောင်း ဈေးကွက်
သတင်းများအရ သိရသည်။
(ဖြိုးဝေကျော်)
credit - 7day Daily & The Myanmar Times
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater
No comments:
Post a Comment