Sunday, August 6, 2017

"မိုးအကုန် စမည်ဆိုသော မြို့သစ် စီမံကိန်းနှင့် ဝေဖန် သုံးသပ်မှုများ"

"မိုးအကုန် စမည်ဆိုသော မြို့သစ် စီမံကိန်းနှင့်
ဝေဖန် သုံးသပ်မှုများ"


၁။ "မိုးရာသီအကုန်တွင် ရန်ကုန်မြို့သစ်စီမံကိန်း စမည်ဟု
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြား၊ လွှတ်တော်ကျော်ပြီး
ဘာမှလုပ်လို့မရဟု လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ဇေယျဆို"

ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင်
အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကို
ယခုနှစ် မိုးရာသီအကုန်တွင် မြေပြင် အကောင်အထည်
ဖော်ခြင်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့်
မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းရှင်များ အဋ္ဌမအကြိမ်မြောက်
ပုံမှန် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့ရဲ့ တိုးပွားနေတဲ့ လူဦးရေကို လျှော့ချနိုင်ဖို့အတွက်
ရန်ကုန်မြို့သစ် စီမံကိန်းဟာ လာမယ့် ပွင့်လင်းရာသီမှာ
စတင် အကောင်အထည် ဖော်နိုင်မယ့် အခြေအနေ
ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ
အေးရွာအပါအဝင် တွံတေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်
နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့၏ အဆိုပြု ခန့်မှန်းမြေ
ဧရိယာ သုံးသောင်းခန့်တွင် အကောင်အထည်ဖော်
တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း
တိုင်းအစိုးရထံမှ သိရသည်။

ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်မှုနှင့် ပတ်သက်၍
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
ပဉ္စမ ပုံမှန် အစည်းအဝေး ပြန်လည် စတင်ပါက
ဆွေးနွေးမည်ဖြစ်ပြီး
တိုင်းလွှတ်တော်တွင် ဆွေးနွေး၍ လွှတ်တော်ခွင့်ပြုချက်
ရပြီးမှသာ တည်ဆောက်ခွင့်ရမည်ဖြစ်ကြောင်း၊
ယင်းသို့ ခွင့်ပြုပြီးမှသာ ဥပဒေနှင့်ညီမည် ဖြစ်ကြောင်း
ပြောကြားသည်။

“သူ့အနေနဲ့ ဘယ်လောက်ပဲ ဆောင်ရွက်မယ်လို့ မိုးပျံအောင်
ပြောပြော၊ လွှတ်တော်ကျော်ပြီး ဘာမှ လုပ်လို့မရဘူး။
လွှတ်တော်မှာ ဆွေးနွေး အတည်ပြုပြီးမှသာ ဥပဒေနဲ့အညီ
ဖြစ်မယ်။ လာမယ့်လွှတ်တော်မှာတော့ ဆွေးနွေးခွင့်
ရပြီးပါပြီ။ လွှတ်တော် ဘယ်တော့ ပြန်စမလဲတော့
မသိသေးဘူး”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့သစ် တည်ဆောက်ရေးတွင် အကောင်အထည်
ဖော်တည်ဆောက်မည့် ကော်မတီအမည်ကို
“New Yangon Corporation”ဟု အမည်ပေးထားပြီး
အဆိုပါ လုပ်ငန်းကော်မတီကို ယခုအစိုးရ လက်ထက်
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ပြန်လည် ဖွဲ့စည်းခဲ့ခြင်း
ဖြစ်ကြောင်း၊ ယခင် အစိုးရလက်ထက်က စာချုပ် ချုပ်ဆိုခဲ့
သည့် ကုမ္ပဏီများကို စာချုပ် ဖျက်သိမ်းပြီး တိုင်းဒေသကြီး
အစိုးရက ရာနှုန်းပြည့် ကြီးကြပ်ကွပ်ကဲရန် စီစဉ်၍
အသစ်ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။

*****

၂။ "ရန်ကုန်မြို့သစ်စီမံကိန်းဖော်ဆောင်မှု အဆင့်ကျော်နေ
ဟု လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ ထောက်ပြ"

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ကုန်မြို့သစ်
အကောင်အထည်ဖော်ရန် လုပ်ဆောင်နေမှုများသည်
အဆင့်များကျော်ကာ လုပ်ဆောင်သလို ဖြစ်နေကြောင်း
ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ဇေယျက ဇူလိုင် ၂၃ ရက် တွင်
ထောက်ပြပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့သစ်
စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားမှု
များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်
တင်ပြဆွေးနွေးပြီး ပြည်ထောင်စုအစိုးရ အဖွဲ့၏ ခွင့်ပြုချက်
ရမှသာလျှင် ဆောင်ရွက်ရမည်ဖြစ်သော်လည်း ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ်များအနေဖြင့်
ဆွေးနွေးခွင့် အပြည့်အဝမရသေး ကြောင်း
ဦးကျော်ဇေယျက ပြောဆိုသည်။

''ကျွန်တော်တို့ လွှတ်တော်တောင် ပြန်မစရသေးဘူး။
ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကြီးက မိုးကုန်ရင် စတင်မယ်လို့
ပြောနေတော့ အစိုးရနဲ့ လွှတ်တော် အကြိတ်အနယ်
ဖြစ်နေတာပေါ့။
မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး ဘယ်လို အကောင်အထည်
ဖော်မယ်ဆိုတာကို ချပြသင့်တာပေါ့။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာချပြပြီး သဘောတူ
တယ်ဆိုရင် ပြည်ထောင်စုကိုတင်ပြရဦးမယ်။
ပြည်ထောင်စု က သဘောတူမှ လုပ်လို့ရမယ်။
အဲဒီတော့ အဆင့်တွေက အများကြီးကျော်သလိုဖြစ်
နေတယ်။
အဆင့်ကျော်တယ် ဆိုတဲ့နေရာမှာ ဒေသန္တရအမိန့်နဲ့
ဘတ်ဂျက်နဲ့ရောပြီးတော့ နောက်ဆက်တွဲ ဆိုပြီး လုပ်ထား
တယ်။ အဆင့်တွေ ကျော်နေသလိုဖြစ်နေတယ်'' ဟု
၎င်း က ပြောဆိုသည်။

ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ
က မဆွေးနွေးရသေးသဖြင့် ယခု တစ်ကြိမ် ပြန်စမည့်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး
တွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းက
ဆက်လက် ပြောဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်းသည် ယခင်အစိုးရလက်ထက်က
ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်
လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း
အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တချို့က ပွင့်လင်း
မြင်သာမှုမရှိ၍ ကန့်ကွက်ခဲ့သောစီမံကိန်းဖြစ်သည်။

*****

၃။ "ရန်ကုန်မြို့သစ်စီမံကိန်း သေချာ ပြင်ဆင်စေချင်"

မြို့သစ်တစ်ခုချဲ့ထွင်ဆောက်လုပ်မယ်ဆိုရင် ဆောက်လုပ်ရေး
လုပ်ငန်းရဲ့ ၆၀ ရာခိုင်နှုန်းက သွင်းကုန်ချည်းပဲ ဖြစ်တာကြောင့်
အချိန်အခါကြည့်ပြီးမှသာ လုပ်ဆောင်သင့်တယ်လို့
ဆောက်လုပ်ရေးလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့
ဦးကျော်ကျော်စိုးက ပြောပါတယ်။

သူက
“ရန်ကုန်မှာနေနေရင်းနဲ့တော့ မြို့သစ်ဆောက်တဲ့ဘက်
ပြောင်းမနေဘူး၊ စီးပွားရေးလုပ်ငန်းရှင်တချို့ကတော့
နောင်တစ်ချိန်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကြိုဝယ်တာတွေရှိမယ်၊
လူဦးရေက ခုနစ်သန်း ထပ်တိုးလာမှာ၊ နိုင်ငံတကာမှာလဲ
သူ့အနေအထားနဲ့ သူ ချဲ့တာ၊ အခြေအနေနဲ့ အချိန်အခါ
ကိုတော့သိရမှာပေါ့” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရဲ့ လူဦးရေ ၁၄ ရာခိုင်နှုန်း
လာရောက်နေထိုင်တဲ့ ရန်ကုန်မြို့ကို မြို့သစ်စီမံကိန်း
ဆောက်လုပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့ဟာ လာမယ့် ၁၀ နှစ်အတွင်း လူဦးရေ ၁၀ သန်း
အထက်ရှိမယ့် Mega City (မြို့ကြီးမဟာ) အဆင့်ကို
ရောက်ရှိလာမှာ ဖြစ်လို့ မြို့ကို ဒေါင်လိုက်အနေအထားနဲ့
အလျားလိုက်အနေအထား နှစ်မျိုးစလုံးနဲ့ ချဲ့ထွင်ဖို့
လိုအပ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တော်ကို တိုးချဲ့တည်ဆောက်ဖို့ လိုအပ်တာက
အနာဂတ်လူဦးရေ မျှော်မှန်းချက်အရ လက်ရှိလူဦးရေနဲ့
လူဦးရေ တိုးနှုန်းတွေကြောင့်ဖြစ်တယ်လို့ ရန်ကုန်တိုင်း
လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဒေါ်နီလာကျော်က ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်
အရေးပေါ်အစည်းအဝေးမှာ ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေ
မှာ စီးပွားရေးအရတော့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်
မဟုတ်နိုင်ပေမဲ့ နေထိုင်မှု အဆင့်အတန်းတစ်ခုအတွက်
ဖြေရှင်းမယ်ဆိုရင်တော့ကောင်းတဲ့နည်းလမ်းဖြစ်တယ်လို့
ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့နဲ့ ဆောက်လုပ်ရေး
လုပ်ငန်းကျွမ်းကျင်သူ အချို့က ဆို ပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်မြို့သစ်စီမံကိန်းဆောက်လုပ်မယ်
ဆိုရင် ကန်ထရိုက်တာတွေ ငွေရင်းနှီးမြှုပ်နှံသူတွေနဲ့
ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်တဲ့ကုမ္ပဏီတွေအနေနဲ့ ပူးပေါင်း
ဆောင်ရွက်နိုင်ချင်မှနိုင်မယ်လို့ ရွှေကမ္ဘာဆောက်လုပ်ရေး
ကုမ္ပဏီ ဥက္ကဋ္ဌဦးမောင်မောင်က သူ့ယူဆချက်ကို
ပြောပါတယ်။

သူက
“စီးပွားရေးအရတော့ရှိမယ်၊ အလွန်နည်းပါးမယ်၊
လက်ရှိ စီးပွားရေးလုပ်ငန်းက အားလုံးသိတဲ့ အတိုင်းပဲ၊ 
ရှေ့တိုးမရ နောက် ဆုတ်မရ၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ
ပိုက်ဆံတွေ မြေကြီးတဲထည့်ပြီး အပေါ်တက်ရတာ၊ ဝယ်သူရှိမှ
နိုင်ငံရေးကလဲ အခြေအနေကောင်းမှ အစိုးရပေါ်မှာတော့
မူတည်တယ်” လို့ ဆိုပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ရင် ရန်ကုန်မြို့မှာ ရှိတဲ့
ကျူးကျော်တွေ ၊ အငြိမ်းစားဝန်ထမ်းတွေအတွက် လိုအပ်တဲ့
နေထိုင်မှု စနစ်ပေးနိုင်မယ်လို့ သိရပါတယ်။

UN Habitat ရဲ့ စံနှုန်းနဲ့ JICA က လေ့လာထားတာက
ရန်ကုန်ရဲ့ တစ်စတုရန်းကီလိုမီတာမှာ လူဦးရေ ၁၅,ဝ၀ဝ ၊
တစ်စတုရန်း မိုင်မှာ လူဦးရေ ၃၉,ဝ၀ဝ အထက် နေထိုင်ရင်
သိပ်သည်းမှုများတဲ့ မြို့ပြပုံစံ သတ်မှတ်ထားပါတယ်။

ရန်ကုန်မြို့ရဲ့ လက်ရှိနယ်နိမိတ်အတွင်း လူဦးရေတစ်သန်း
က နေ နှစ်သန်းအထိ ထပ်မံနေထိုင်နိုင်ရေး ထပ်မံဆောက်
လုပ်ရမှာ ဖြစ်တဲ့အတွက် အရင်နေထိုင်သူတွေနဲ့ ညှိနှိုင်းရမှာ
တွေက လုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်တဲ့အတွက်
ကျူးကျော် ပြ ဿနာ၊ အလုပ်လက်မဲ့၊ ရေပေးဝေမှု၊ လျှပ်စစ်မီး၊
လမ်းပိတ်ဆို့မှု၊ မြေယာဈေးကြီးမှု ပြဿနာတွေကို ဖြေရှင်း
နိုင်မယ်လို့ ဝန်ကြီးဒေါ်နီလာကျော် က ရှင်းပြပါတယ်။

အကျိုးရှိမယ့်သူတွေ
။။။။။။။။။။။။။။။။။။။။။။။

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး ရန်ကုန်တောင်ပိုင်းခရိုင်
တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကြည့်မြင်တိုင်
မြို့နယ်တို့ကို သတ်မှတ်ထားပါတယ်။ တည်ဆောက်မယ့်
ခန့်မှန်းစီမံကိန်းဧရိယာမှာ ဧက ၃၀,ဝ၀ဝ ရှိတယ်လို့
သိရပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း ဆောက်လုပ်ရင် သက်ဆိုင်ရာနယ်မြေ
တွေက လယ်သမားတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့
ပတ်သက်တဲ့ အလုပ်သမားတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး
ပစ္စည်းဆိုင်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ
ရရှိလာမှာဖြစ်တယ်။

အရင်အစိုးရလက်ထက်တုန်းက လယ်ပိုင်ရှင်မြေပိုင်ရှင်တွေကို
ရှယ်ယာရှင်အနေနဲ့ ပြန်လည်ပိုင်ဆိုင်ခွင့်ပေးမယ်ဆိုတဲ့အတွက်
ရန်ကုန်မြို့သစ်စီမံကိန်းဆောက်လုပ်မယ့်နေရာတွေက
လယ်သမားတွေ အကျိုးအမြတ်ရနိုင်မှာဖြစ်တယ်လို့
ဦးကျော်ကျော်စိုးက ပြောပါတယ်။

သူက ဆက်ပြီး
“ဆောက်လုပ်ရေးအလုပ်သမားတွေအတွက်လဲ အလုပ်အကိုင်
အခွင့်အလမ်းတွေရလာမယ်၊အဲဒါတွေတော့ ကောင်းကျိုး
ရှိတယ်” လို့ ပြောတယ်။

အခုလောလောဆယ်မှာ ရန်ကုန်မြို့သစ်စီမံကိန်းလုပ်ဖို့
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနဲ့ အစိုးရ
အဖွဲ့ပူးပေါင်း ထားတဲ့
Yangon Metropolitan Development Public Company
ကို ဖွဲ့စည်းထားပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းမှာ အရင်အစိုးရလက်ထက်က တင်ဒါ
အောင်ခဲ့ပြီး မူလစာချုပ်ချုပ်ဆိုခဲ့ တဲ့ ကုမဏီသုံးခုကို စာချုပ်
ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

ဦးမောင်မောင်က
“အရင် အစိုးရလက်ထက်က တင်ဒါအောင်တဲ့ ကုမ္ပဏီသုံးခုကို
ဖျက်လိုက်တာ ကောင်းတယ်၊ စီမံကိန်းကကြီးတော့လဲ သုံးခုနဲ့
အဆင်မပြေဘူး၊ အကုန်လုံးဝိုင်းပြီး လုပ်ရမှာ၊
အစိုးရဘက်ကလဲ စည်းမျဉ်းစည်းကမ်းလေးနဲ့ဆို
ဘာပြ ဿနာမှမရှိဘူး”လို့ ဆိုတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းက ကြီးမားတဲ့ စီမံကိန်းဖြစ်တဲ့အတွက်
ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်ရမှသာ လုပ်ဆောင်သင့်
တယ်လို့ ဆိုကြပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်တာတွေကို ရန်ကုန်တိုင်း
လွှတ်တော် အစည်းအဝေး မှာ ဆွေးနွေးနိုင်ဖို့ ကိုယ်စားလှယ်
ကိုးယောက်က စာရင်းပေးသွင်းထားတယ်လို့ သိရပါတယ်။

ဦးကျော်ကျော်စိုးက
“ဒီကဟာတွေကို လွှတ်တော်အနေနဲ့ လုပ်သင့်တယ်
မလုပ်သင့်ဘူးကို ရက်ပိုင်းအတွင်း မဆုံးဖြတ်သင့်ပါဘူး၊
အချက်အလက်တွေအများကြီး ကောက်ခံပြီးမှသာ
ဆုံးဖြတ်သင့်တယ်” လို့ သူ့အမြင် ပြောတယ်။

(မို့မို့သန္တာ)

credit - The Voice / Myanmar Times
& Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment