"အစိုးရမြေတွေပျောက်မှာ စိုးကြောက်မိပါသည်"
ဤဆောင်းပါးကို
‘ရန်ကုန်မြို့သစ်ဆိုလျှင် ဗိုလ်အောင်ဒင်လို ပြောပြချင်’
ဆိုတဲ့ ဆောင်းပါးနဲ့ ဆက်စပ်ပြီး ဖတ်ရှုကြစေချင်ပါတယ်။
ယခင်ဆောင်းပါးမှာ ပါဝင်တဲ့ ဒဂုံ(အရှေ့) နဲ့ ဒဂုံ(တောင်)မှာ
လွတ်နေတဲ့ မြေဧကပေါင်း ၅,၀၀၀ ခန့်ရဲ့ အကြောင်းကို
ဆက်လက်ရေးသား ဖော်ပြမှာဖြစ်တဲ့ အတွက်ကြောင့် ပါပဲ။
အမှန်အားဖြင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်မှာရှိတဲ့ မြေဧကနဲ့
ပေါင်းရင် စုစုပေါင်းဧက ၉,၇၀၀ ကျော်အထိ ရှိခဲ့တာ
ဖြစ်ကြောင်း သိရှိရပါတယ်။
လွတ်နေတဲ့ ဧကလို့ ပြောရတာက အဲဒီမြေတွေဟာ ယခင်
တပ်မတော်အစိုးရလက်ထက် ကာလမှာ လန (၃၉)ရရှိပြီး
သား အစိုးရမြေလွတ်တွေ ဖြစ်တဲ့အတွက်ကြောင့်
ဖြစ်ပါတယ်။
ယနေ့ အဲဒီမြေတွေဟာ ဘယ်လိုပုံစံတွေ ပြောင်းသွားကြပြီး
ဘယ်သူတွေလက်ထဲကို အဘယ်ကဲ့သို့ ရောက်ရှိကုန်ကြ
ပြီလဲဆိုတဲ့အကြောင်း စနစ်တကျစုံစမ်းသင့်တယ်လို့
ယူဆပါတယ်။
မြို့ပြရဲ့အစိုးရမြေတွေဖြစ်ပြီး ‘မြုံထားရင် ကုန်သွားမှာ’
စိုးရိမ်ရပါတယ်။ ကုန်သွားမယ်ဆိုတာကတော့ ပြည်သူတို့
အကျိုးစီးပွားအတွက် အသုံးမပြုနိုင်ဘဲ ပုဂ္ဂလိကမြေတွေ
ဖြစ်သွားမှာကို စိုးရိမ်ခြင်း ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ ၃၀၆ ဒသမ ၇ စတုရန်းမိုင် အကျယ်အဝန်းမှာ
အစိုးရ မြေအများစုဟာ Urban Fringe လို့ခေါ်တဲ့ မြို့စွန်
ဒေသတွေမှာ ဝန်းရံကျန်ရှိနေဆဲ ဖြစ်ပါတယ်။
အဲဒါတွေကုန်သွားရင် အနာဂတ်မြို့မြေအတွက်
လယ်ယာမြေတွေ ရှာဖွေရဦးမယ်၊
လျော်ကြေးပေးပြီး သိမ်းရမယ်၊
မြေစီမံခန့်ခွဲမှု အားနည်းမှုကြောင့် သိမ်းပြီးရင်း သိမ်းနေရ
တဲ့ သံသရာမှာ လည်ပတ်နေတဲ့ ဘဝက လွတ်မှာမဟုတ်
တော့ပါဘူး။
ဒါကြောင့် အဲဒီမြေတွေရဲ့အကြောင်း ဗျုပ္ပတ်နဲ့လုပ်ဇာတ်တွေ
ကို ဗိုလ်အောင်ဒင်လိုမပြောတော့ဘဲ ခိုင်ဖုံးရုံးမှ ပေါင်ချိန်
လေသံနဲ့ ‘လာကြစမ်း အစိုးရမြေတွေ ဘယ်ရောက်ကုန်ပြီလဲ’
လို့ မေးရမည့်အချိန် ရောက်လာပါပြီ။ ထိုအခါ ‘ဝယ်’ဆိုတဲ့
အသံတွေပါ ထွက်ပေါ်လာဦးမယ် ထင်ပါတယ်။
တပ်မတော် အစိုးရလက်ထက်မှာ
- လှိုင်သာယာမြို့သစ် ၂၆ ဒသမ ၀၁ စတုရန်းမိုင်၊
- ရွှေပြည်သာမြို့သစ် ၁၅ ဒသမ ၂၁ စတုရန်းမိုင်၊
- ဒဂုံမြို့သစ်ကို ၁၀၇ ဒသမ ၄၆ စတုရန်းမိုင်၊
- ရွှေပေါက်ကံမြို့သစ် ၅ ဒသမ ၅၅ စတုရန်းမိုင်၊
- ဝေဘာဂီမြို့သစ် ၀ ဒသမ ၅၉ စတုရန်းမိုင်အစရှိတဲ့
မြို့သစ်များ တည်ဆောက်ခဲ့ပါတယ်။
ဒဂုံမြို့သစ်ကို ဒဂုံ (မြောက်)၊ ဒဂုံ (တောင်)၊ ဒဂုံ (အရှေ့)နှင့်
ဒဂုံ (ဆိပ်ကမ်း) ဟူ၍ မြို့နယ်လေးမြို့နယ် ထပ်မံ တိုးချဲ့
ဖွဲ့စည်းခဲ့ပြန်ပါတယ်။
အဲဒီမြို့သစ် များမှာ ကျူးကျော်များသာမက အိမ်ရာမဲ့
နိုင်ငံ့ဝန်ထမ်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေနဲ့
ပန်းပညာရှင်စတဲ့ အဖွဲ့အစည်းများမှ အိမ်ရာမဲ့ပုဂ္ဂိုလ်များ
ကိုပါ နေရာချထားပေးခဲ့တာကိုလည်း အားလုံးသိပြီး
ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာ နေပြည်တော် တည်ဆောက်ပြီးစီးလို့
ရန်ကုန်မြို့မှ ဝန်ထမ်းများ ပြောင်းရွှေ့သွားပြီးတဲ့နောက်မှာ
ဝန်ထမ်းများကို လုပ်သက် ၁၅ နှစ် ပြည့်တိုင်း ရန်ကုန်မှာ
မြေနေရာချပေးတဲ့ အစီအစဉ်မရှိတော့တဲ့အပြင်
၎င်းနှစ်မတိုင်မီ ကျူးတွေကို မူလနေရာမှာပဲ တဲပေါ်မှ
တိုက်ပေါ်တင်ဆိုပြီး ချထားပေးတဲ့အတွက် ဖော်ထုတ်ပြီး
သား အိမ်ရာမြေကွက်တွေ များစွာပိုလျှံမှုရှိလာပါတယ်။
အဲဒီပိုလျှံမြေကွက်တွေမှာ လောလောဆယ် ခေတ်မီ
လယ်ယာစိုက်ပျိုးရေးအကောင်အထည်ဖော်ပြီး အသုံးပြုနိုင်
ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး
ဌာနကို ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှဲပြောင်းပေးခဲ့
တာ တွေ့ရပါတယ်။ ကုမ္ပဏီပေါင်း ၁၀ ခုကျော်အား
မြေကွက်များ ခွဲဝေပြီး တာဝန်ပေးအပ်ခဲ့ကြောင်းလည်း
သိရှိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်တဲ့မြေကို
- အထက်ပါ စီမံကိန်းအတွက်သာ အသုံးပြုပြီး
အခြားနည်းဖြင့် အသုံးမပြုရန်၊
- စီမံကိန်းအတွက် အသုံးပြုရန်၊
- မလိုသောအချိန်၌ ပြန်လည်အပ်နှံရန်နှင့် အစိုးရမှ
ပြန်လည်သိမ်းယူရန်၊
- အသုံးပြုမှုနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုရှိပါက
အစိုးရသို့တင်ပြပြီး အဆုံးအဖြတ်ရယူရန်ဆိုတဲ့ စည်းကမ်း
ချက်တွေပါရှိကြောင်း သိရှိရပါတယ်။
ဒါဟာလည်း အစိုးရမြေကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက
အခြားဌာနကို ပြန်တမ်းနဲ့ လွှဲပြောင်းပေးရာမှာ လုပ်ထုံး
လုပ်နည်းအရ ခေတ်အဆက်ဆက် သတ်မှတ်ခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါတယ်။
ရန်ကုန်မြို့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ
ဖွံ့ဖြိုးရေးဌာန ဟာ အစိုးရမြေစီမံခန့်ခွဲပိုင်ခွင့်ကို ဥပဒေနဲ့
အညီ ရရှိထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
အစိုးရမြေဆိုတာလည်း မည်သည့် ပုဂ္ဂိုလ်၊ ဌာန၊
အဖွဲ့အစည်းကိုမျှ တရားဝင် အငှားချထားခြင်း မရှိသေးသော
အစိုးရပိုင်ဆိုင်မှုရှိတဲ့ မြေပဲ ဖြစ်ပါတယ်။
မြို့ပြတည်ထောင်ရန်အလို့ငှာ အိမ်ရာမြေ
(Residential Land) အဖြစ် လန (၃၉) ခွင့်ပြုချက်ရယူထား
ပြီးတဲ့ အစိုးရမြေကို အထက်ပါသတ်မှတ်ချက်များနဲ့အညီ
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကို
လွှဲပြောင်းပေးထားတာဖြစ်ပြီး
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကလည်း
သတ်မှတ်ချက်ပျက်ကွက်ရင် ဆောက်လုပ်ရေးဝန်ကြီးဌာန
ကို ပြန်လည် လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။
စီမံကိန်းတစ်ခု ဖြစ်တဲ့အတွက် ဆောင်ရွက်ခွင့်ရတဲ့မြေတွေ
မှာ သက်ဆိုင်ရာကုမ္ပဏီတွေဟာ အမှန်တကယ်လုပ်ငန်း
ဆောင်ရွက်မှု ရှိ၊ မရှိ၊ နှစ်စဉ်စိုက်ပျိုးဧက မည်မျှ၊ တစ်ဧက
သီးနှံအထွက်နှုန်း မည်မျှ၊ စုစုပေါင်း အထွက်နှုန်း မည်မျှ
ရှိကြောင်း၊ အတိအကျစစ် ဆေးချက်တွေ ရှိနေရမှာ
ဖြစ်ပါတယ်။
နောက်ပြီး စီမံကိန်းဟာ မူလရည်ရွယ်တဲ့အတိုင်း အောင်မြင်မှု
ရှိ၊ မရှိ သုံးသပ်ချက် (Project Evaluation) များကိုလည်း
အခါအားလျော်စွာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အဲဒါတွေနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့ စီမံကိန်း
လို့ဆိုရမှာ ဖြစ်ပါတယ်။ လက်တွေ့ေ့မြပြင်ပေါ်မှာကြည့်ရင်
အချို့နေရာမှာ ငါးကန်တွေ တွေ့မြင်ရပါတယ်။ အချို့ကမူ
လယ်သမားတွေကို သီးစားပြန်ပေးထားတယ်လို့လည်း
ကြားသိရပါတယ်။ အချို့က လယ်ယာစိုက်ပျိုးရေး
အပြည့်အဝမလုပ်ကြောင်းနဲ့ အုတ်တံတိုင်း ခြံစည်းရိုးတွေကို
ကားလမ်းနဲ့အပြိုင် ကာရံထားကြောင်း သိရမြင်ရပါတယ်။
ထူးခြားတဲ့အချက်က ယခင်အစိုးရလက်ထက်မှာ အဲဒီမြေတွေ
ကို ၂၀၁၂ လယ်ယာမြေဥပဒေအရ ပုံစံ (၇)တွေ ထုတ်ပေးခဲ့
တယ်လို့ သိရှိရပါတယ်။
ပုံစံ (၇)ဆိုတာ လယ်ယာမြေကိုသာ ထုတ်ပေးရတာ
ဖြစ်ပါတယ်။ ယခုမြေများဟာ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း
လယ်ယာစိုက်ပျိုးရန် ခွင့်ပြုထားခြင်းသာဖြစ်ပြီး လယ်ယာမြေ
လုံးဝ မဟုတ်တော့ပါဘူး။
၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ
ပုဒ်မ ၃၉ အရ အခြား နည်းသုံးစွဲခွင့်ရရှိပြီးသား အစိုးရ မြေ
တွေလည်း ဖြစ်ပါတယ်။
*** လန (၃၉) ရပြီးသား အစိုးရမြေကို လယ်မြေအဖြစ်
နောက်ကြောင်းပြန်ပြီး ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ရအောင်
ရည်ရွယ်ချက်ရှိရှိ ဖန်တီးခြင်းဟာ ဥပဒေနဲ့ ညီညွတ်မှုလည်း
မရှိပါဘူး။ ***
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ လန(၃၉)ကို လုံးဝ
စွန့်လွှတ်လိုက်မှသာ လယ်ယာမြေ ပြန်ဖြစ်နိုင်ပါတယ်။
အဲဒီအခါမှ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ အရ ပုံစံ(၇)
ထုတ်ပေးရေးကို ဆောင်ရွက်နိုင်ခွင့်ရှိမှာ ဖြစ်ပါ တယ်။
ပုံစံ(၇) ပေးမရတဲ့ မြေကို အဘယ်ကြောင့် ပုံစံ (၇)ပေးကြ
ပါသနည်း။
‘အတင့်ရဲလိုက်တာ၊ လာ ကြစမ်း’ ဟု ခိုင်ဖုံးရုံးလေသံဖြင့်
မေးလျှင် ‘ဝယ်.... ’ဟူသော အသံ က လိုက်လာဦးမှာ
သေချာပါတယ်။
စီမံကိန်းအကောင်အထည် ဖော်ခြင်းထက် မြေကိုရရှိရန်သာ
စိတ်ဝင်စားသူအချို့က ပုံစံ (၇) ရပြီးတဲ့အခါမှ နောက်တစ်ဆင့်
ရှေ့တိုးပြီး ၂၀၁၂ ခုနှစ် လယ်ယာ မြေဥပဒေပုဒ်မ ၂၉ အရ
အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားကြပြန်ကြောင်းနဲ့
ပုဒ်မ ၃၀ (က)အရ ခွင့်ပြုတဲ့အဆင့်တွေအထိ
အစိုးရအကူးအပြောင်းကာလ အတွင်း ရရှိခဲ့ကြကြောင်းလည်း
ကြားသိရပြန်ပါတယ်။
အချို့က မြေငှားစာချုပ် (ဂရန်) များပင် ရရှိ ခဲ့ကြောင်း၊
လူကြီးနှင့်ပတ်သက် သော ကုမ္ပဏီတစ်ခုဟာ ရှေ့တန်းမှ
ဧကပေါင်း ရာနှင့်ချီပြီး အများဆုံး ရရှိခဲ့ကြောင်း သတင်းများ
ထွက်ပေါ်လာပြန်ပါတယ်။ မမှန်ပါစေနဲ့လို့ပဲ ဆုတောင်းမိ
ပါတယ်။
စာရေးသူရဲ့ မိတ်ဆွေတစ်ဦးပိုင် ကုမ္ပဏီက အမှတ်(၇)
လမ်းမကြီး၊ စိတ်ရောဂါကုဆေးရုံကြီးရှေ့ မျက်နှာစာမှ
မြေဧကများကိုဝယ်ရန် လာရောက်တိုင်ပင်တဲ့အခါမှာ
အဲဒီသတင်းကို ကြားသိခဲ့ရခြင်းဖြစ်ပါတယ်။
ဝယ်မယ့်သူဆိုတော့ အသေအချာ စုံစမ်းခဲ့ပုံရပါတယ်။
အဲဒီလုပ်ရပ်အတွက် ယခင်အစိုးရလက်ထက် လယ်ယာ
စိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ လုံးဝတာဝန်
ရှိမှာ ဖြစ်ပါတယ်။
*** လန(၃၉) ရပြီးသား အစိုးရမြေကို
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ အသုံးချပြီး မှားယွင်းစွာ
ဂရန်ထုတ် ပေးခဲ့ခြင်းဖြစ်ကြောင်း
အလွန့်အလွန် ထင်ရှားနေပါတယ်။ ***
သို့သော် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်မှာ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီး
ဌာနနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့က
သာ မြေငှားဂရန် ထုတ်ပေးခွင့်ရှိပြီး ၎င်းနှစ်ဖွဲ့အနက်
မည်သည့်အဖွဲ့က ထုတ်ပေးခဲ့သနည်း ဆိုသည်ကို လေ့လာ
စုံစမ်းရန် လိုအပ်မှာဖြစ်ပါတယ်။
ထွေအုပ်အနေနဲ့ ဂရန်ထုတ်ပေးခွင့်မရှိဘဲ စည်ပင်နယ်နိမိတ်
ပြင်ပမှ မြို့များမှာသာ လုပ်ကိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အဲဒီကိစ္စမှန်ကန်သေချာအောင် ပြည်ထောင်စု
အစိုးရအဖွဲ့က အလေးထားပြီး အမြန်ဆုံး စစ်ဆေးပေးရန်
အထူး လိုအပ်ပါတယ်။
တဖြည်းဖြည်းနဲ့ ရှိစုမဲ့စု မြို့ပြမြေ ဧက ၉,၇၀၀ ပျောက်ဆုံး
သွားနိုင်ပြီး
‘မြွေပါလည်းဆုံးသားလည်းဆုံး၊ စပါးမရ မြေတွေရှုံး’ တဲ့
ဘဝရောက်မှာ အလွန်စိုးရိမ်မိပါတယ်။
ရှားရှားပါးပါးကုမ္ပဏီ ၁၀ ခုကျော်အနက် မြဝတီစိုက်ပျိုးရေး
ကုမ္ပဏီလီမိတက်တစ်ခုတည်းကသာ လယ်ယာစိုက်ပျိုးရေး
လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် မရှိတော့ကြောင်း
ဖော်ပြပြီး ၂၂၈ ဧကအား ပြန်တမ်းနဲ့အညီ ပြန်လည်အပ်နှံခဲ့
ကြောင်း သိရှိရပါတယ်။
အားလုံးစစ်ဆေးပြီးတဲ့နောက် ဂရန်ပေးခဲ့ခြင်း မှန်ကန်လျှင်
ဂရန်ဖျက်သိမ်းခြင်း၊ အခြားနည်းသုံးစွဲခွင့်နှင့် ပုံစံ(၇)များပါ
ဖျက်သိမ်းခြင်းကို ပြတ်ပြတ်သားသား ဆောင်ရွက်ရမှာ
ဖြစ်ပါတယ်။
စိုက်ပျိုးရေးအောင်မြင်မှု မရှိတဲ့အပြင် အခြားနည်းသုံးပြီး
စည်းကမ်းဖောက်တဲ့အတွက် ဘာနစ်နာကြေးမှလည်း
ပေးဖို့မလိုပါဘူး။
မလုပ်သင့်တာတွေ လုပ်ဆောင်ပေးတဲ့ တာဝန်ရှိသူများကို
ပါ အရေးယူဖို့ လိုအပ်ပါတယ်။ အကယ်၍ မှန်ကန်မှုမရှိဘူး
ဆိုရင်လည်း အထက်မှာပြောခဲ့သလို စီမံကိန်းတစ်ခုချင်း
အား လုပ်ဆောင်ချက်နှင့် အကျိုးသက်ရောက်မှုများကို
စစ်ဆေးမှတ်တမ်းတင်ပြီး မြဝတီစိုက်ပျိုးရေးကုမ္ပဏီလို
ပြန်လည်အပ်နှံစေခြင်း၊ အစိုးရက ပြန်လည်သိမ်းယူခြင်း
လုပ်ငန်းများ ဆောင်ရွက်ဖို့လိုအပ်ပြီဖြစ်ပါတယ်။
နစ်နာကြေးပေးစရာရှိလည်း ပေးအပ်မယ့်နည်းလမ်းများ
ရှာဖွေ ဆောင်ရွက်သင့်ပါတယ်။ အိမ်ရာမြေ ပြန်လည်
ဖော်ထုတ်ရေး လုပ်ငန်းမှာ မူလကုမ္ပဏီ
(စည်းကမ်းဖောက်ဖျက်သော ကုမ္ပဏီမှ အပ) များကို
ဦးစားပေးပြီး လုပ်ငန်းအပ်နှံခြင်း၊ အကျိုးတူဆောင်ရွက်ခြင်း
စသည်များ ပြုလုပ်သင့်ပါတယ်။ ဇာတ်မျောကြီးအဖြစ်
ဆက်မထားသင့်တော့ပါဘူး။
ရန်ကုန်မြို့မှာ ‘မြေဟာ ရွှေထက်ရှားနေပါပြီ’။ ဒီနေရာမှာ
မြို့ မြေစီမံခန့်ခွဲမှု တာကျိုးပြီး ပြည်သူ့ အကျိုးအတွက်
ဆောင်ရွက်ရမယ့် မြေတွေ တိုက်စားခံခဲ့ရတဲ့ အထဲ
နောက်ထပ်မြေတွေ ရှာရဦးမယ်၊ မြို့သစ်တည်ဦးမယ်ဆိုရင်
ဇာတ် ဆရာ ကကြိုးနဲ့ တီးလုံးအဟောင်းတွေကို မပြင်ဘဲ
ဖြစ်နိုင်ပါ့မလားဆိုတာလည်း အလွန်စဉ်းစားသင့်ပါတယ်။
မြို့ပြမြေစီမံခန့်ခွဲမှု (Urban Land Management) ဆိုတာ
မြို့ပြနေပြည်သူများအနေနဲ့ မြေယာစည်းကမ်းချိုးဖောက်မှု
မရှိအောင် ထိန်းကျောင်းရာမှာ အစွမ်းထက်ရပါမယ်။
ထိရောက်တဲ့ စီမံခန့်ခွဲမှု (Effective Management)နဲ့
ထိရောက်မှုမရှိတဲ့ မြေယာစီမံခန့်ခွဲမှု
(Ineffective Management)ဆိုပြီး နှစ်မျိုးရှိပါတယ်။
ပြည်သူတစ်ဦးချင်းအကျိုး စီးပွားနဲ့ အများပြည်သူအကျိုးစီးပွား
ကို သဟဇာတဖြစ်အောင် ထိန်းကျောင်းပေးနိုင်တာဟာ
ထိရောက်မှုရှိတဲ့ မြေယာစီမံခန့်ခွဲမှုစနစ် ဖြစ်ပါတယ်။
လာဘ်ပေးလာဘ်ယူ၊ အခွင့်ထူးခံ အလေ့အကျင့်၊ ကြိုးနီစနစ်
လုပ်ထုံးလပ်နည်းနဲ့ မင်းမဲ့စရိုက် လွှမ်းမိုးမှုတွေဟာ ထိရောက်
မှုမရှိတဲ့ မြေစီမံခန့်ခွဲမှုစနစ်ကြောင့် ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့
မြန်မာနိုင်ငံမှာ မြို့ပြမြေယာဟာ ထိရောက်မှုမရှိတဲ့ စီမံခန့်ခွဲမှု
တွေကြောင့် မရှားသင့်ဘဲ ရှားနေတာတွေရှိကြောင်း ပြောလို
ပါတယ်။
အကယ်၍ ဧကပေါင်း ၉,၅၀၀ ရှုံးရင် မြို့ပြပြည်သူ
ငါးသိန်းကျော်ရဲ့ နေရေးကိစ္စ အနာဂတ်ပျောက်ပြီး
စုံးစုံးမြုပ်မှာ ဖြစ်ပါတယ်။
("ရန်ကုန်မြို့သစ်ဆိုလျှင် ဗိုလ်အောင်ဒင်လို ပြောပြချင်"
ဆောင်းပါးအား ဖတ်ရှုလိုပါလျှင် -
https://www.facebook.com/permalink.php?story_fbid=1240160339426236&id=726764717432470&substory_index=0)
(မြင့်မိုရ်ဆွေ)
credit - 7day Daily
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater
No comments:
Post a Comment