Tuesday, August 15, 2017

“လွှတ်တော်များအတွင်းမှ အိမ်ခြံမြေဆိုင်ရာ သတင်းများ”

“လွှတ်တော်များအတွင်းမှ အိမ်ခြံမြေဆိုင်ရာ သတင်းများ”

၁။ "မြေစာရင်းဦးစီးဌာနကို ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ရန်
အစိုးရကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သတိပေး"

မြေစာရင်း လွဲချော်မှုများအား ဖော်ထုတ်အရေးယူရန်
မြေစာရင်းဦးစီးဌာန (လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့) ကို
ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက
သြဂုတ် ၉ ရက်လွှတ်တော်၌ သတိပေး ပြောကြားခဲ့သည်။

‘‘မြေယာလွဲချော်မှုတွေ တစ်နိုင်ငံလုံးမှာ များပြားစွာ
ရှိနေနိုင်တယ်။ ရှိနေဖို့လည်းများတယ်။
ဒါကြောင့်မို့ တိတိကျကျလေး ကိုင်တွယ်ပေးစေချင်တယ်။
ဒီလို လွဲချော်နေတာတွေကို ဆက်လက်ပြီးတော့ ဖော်ထုတ်
အရေးယူဖို့ ဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်’’ဟု
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အောက်ခြေတွင်
မြေကွက်များ ထပ်နေခြင်း၊ တစ်ကွက်တည်းကို ထပ်မံ၍
အကွက် ခွဲထားခြင်းတို့ ဖြစ်ပေါ်နေပြီး ယင်းအရေးယူမှု
ထက်မကသော လွဲချော်မှုများ ရှိနေကြောင်း
ထောက်ပြပြောဆိုသည်။

ပုံစံ (၇) ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ဥပဒေနှင့်
မညီညွတ်သည့် အရာထမ်း ဝန်ထမ်းနှင့် အမှုထမ်း ၈၆ ဦး
ကို အရေးယူထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က
ပြောသည်။

မြေစာရင်းနှင့်ပတ်သက်၍ အောက်ခြေတွင် ညွှန်ကြားချက်
များ ထုတ်ပြန်ထားပြီး မလျော်မကန် လုပ်ရပ်များ၊ အဂတိ
လိုက်စားမှုများ တွေ့ရှိပါက တောင်သူများ အနေဖြင့်
တိုင်ကြားနိုင်ပြီး စစ်ဆေး အရေးယူမှုများ ပြုလုပ်မည်ဟု
ဦးလှကျော်က လွှတ်တော်တွင် ဖြေဆိုမှုအပြီး
မီဒီယာများ အား ဖြေကြားခဲ့သည်။

သြဂုတ် ၈ ရက်က ပြည်သူ့ လွှတ်တော်တွင် ရွှေကျင်
မဲဆန္ဒနယ် ကိုယ်စားလှယ်  ဦးစောသလင်းစော က
ပုံစံ(၇)များ လက်လွတ်စပယ် ထုတ်ပေးခြင်း၊
မြေ တိုင်းတာမှု အလွယ်ပြုလုပ်ခြင်းတို့ အတွက်
မည်ကဲ့သို့ အရေးယူထားကြောင်းနှင့် ပုံစံ (၇) ပါ
အကွက်အမှတ်၊ မြေစာရင်း မြေပုံရှိ အကွက်အမှတ်၊
မြေပြင်တွင် တကယ်ရှိသည့် အကွက် အမှတ် စသည်
တို့ကို စစ်ဆေးကာ မြေကြီးမြေပုံစာရင်း အမှန်ရရှိရေး
စီမံချက်ဆောင်ရွက်ပေးရန် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

တောင်သူကဏ္ဍ တိုးတက်ရေးတွင် မြေယာကဏ္ဍ
မတည်ငြိမ်သောကြောင့် မြေယာအငြင်းပွားမှုများ၌
အချိန်ကုန်နေရသဖြင့် တိုင်းပြည်တိုးတက်ရေး များစွာ
အနှောင့်အယှက် ဖြစ်ရကြောင်း ဦးစောသလင်းစော က
ပြောသည်။

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ထုတ်ပေးရာ၌ မြေပြင်
ကွင်းဆင်း စိစစ်ခြင်း၊ ဌာန၏ စာရင်းမြေပုံ မှတ်တမ်းနှင့်
တိုက်ဆိုင် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီးမှ ပုံစံ (၇)
ထုတ်ပေးခြင်း၊ မြေကြီး မြေပုံ မှန်ကန်ရေး Digital မြေပုံ
များ တိုင်းတာခြင်းကို နှစ်စဉ် ဌာန၏ ရန်ပုံငွေအပေါ်
မူတည်၍ စီမံချက်ချမှတ်ကာ လုပ်ဆောင်နေကြောင်း
ဒုဝန်ကြီး ဦးလှကျော်က ပြောသည်။

မေးခွန်းရှင် ဦးစောသလင်းစော က ဆက်စပ်မေးခွန်း
အနေ ဖြင့်
လက်ရှိတွင် ပုံစံ (၁၀၅) မပါ သည့် ပုံစံ(၇) များစွာ တွေ့နေ
ရပြီး မည်သို့ စိစစ်ပေးနေကြောင်း ပိုင်ဆိုင်မှု၊ မြေပြင်
အနေအထား နှင့် မြေပြင်၊ ကွင်းပြင် အနေအထားများကို
တိတိကျကျ ပြန်လည်လုပ်ဆောင်ပေးရန် မည်သို့
စီစဉ်ထားကြောင်း  မေးမြန်းခဲ့သည်။

မြေပြင်အောက်ခြေတွင် မြေယာအငြင်းပွားမှုများနှင့်
ပိုင်ဆိုင်မှုများအပေါ်၌ ဖြစ်ပွားနေသည့် ပြဿနာများတွင်
သမက်နှင့် ယောက္ခမ၊ သမီးနှင့်အမေ အမျိုး မျိုးသော
မြေယာအရှုပ်အရှင်းများ ရှိသဖြင့် မြေယာအရှုပ်အရှင်း ကို
ဦးစွာဖြေရှင်းပြီးမှသာလျှင် ပုံစံ (၁၀၅)နှင့်အတူ
လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ(၇) ကို ထုတ်ပေးကြောင်း
ဦးလှကျော်က ပြန်လည်ဖြေကြားခဲ့သည်။

ဆက်စပ်မေးခွန်းမေးမြန်းပြီး နောက် ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြေယာလွဲချော်မှု ပြဿနာများကို
ဖော်ထုတ်ရန် သတိပေးသည်။

မြေယာပြဿနာနှင့် ပတ်သက်၍ လွှတ်တော်
ကိုယ်စား လှယ်များအနေဖြင့် အမှုတစ်ခုချင်းစီကို
အထောက်အထားနှင့် တိုင်ကြားရန် လွှတ်တော်သို့လည်း
မိတ္တူပေးရန် ဦးဝင်းမြင့်က မှာကြား သည်။

အစိုးရသစ်လက်ထက်တွင် လယ်ယာမြေနှင့် အခြားမြေများ
သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို
ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူက ဦးဆောင်၍
ကိုင်တွယ်ဖြေရှင်း ပေးနေသည်။

(ရဲနိုင်၊ ၀ဏ္ဏအောင်)

*****

၂။ "ကွန်ဒိုမီနီယံ ဥပဒေအတွက် နည်းဥပဒေများ တစ်လ
အတွင်း ထုတ်ပြန်နိုင်မည်ဟု ဆို"

စုပေါင်းပိုင် အဆောက်အအုံတွင် နိုင်ငံခြားသားများ အခန်း
ဝယ်ယူခွင့် ရရှိစေမည့် Condominium Law အတွက်
လိုအပ်နေသော နည်းဥပဒေကို နောက်ထပ် အချိန် တစ်လ
မကျော်မီ ပြဌာန်းနိုင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးကျော်လင်းက အမျိုးသား လွှတ်တော်တွင်
ဖြေကြားခဲ့သည်။

“ကွန်ဒိုမီဒီယံ ဥပဒေအရ ဒီ စုပေါင်းပိုင် အဆောက်အအုံမှာ
အခန်း တစ်ရာရှိရင် နိုင်ငံခြားသားက အခန်း လေးဆယ်
ဝယ်ခွင့်ရမယ်၊
သို့ သော် မူရင်း ဥပဒေတစ်ခုမှာက နိုင်ငံခြားသားဆိုရင်
မြေကို ပိုင်ဆိုင်ခွင့် မရှိပါဘူး၊
ဒါကြောင့် မူရင်း ဥပဒေနဲ့  ကွန်ဒိုမီနီယံ ဥပဒေကို မှန်ကန်စွာ
ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့  အတွက် ဒီနည်းဥပဒေ
မူကြမ်းကို အဆင့်ဆင့် ညှိနှိုင်း ခဲ့ရတာပါ၊
ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနဲ့  အထူးကိစ္စရပ်
များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်မှာ
၂၇ - ၆ - ၁၇ ရက်နေ့  မှာ့ နောက်ဆုံး ဆွေးနွေးညှိနှိုင်း
ပြီးတဲ့ အခါ ၁၁ - ၇ - ၂၀၁၇ နေ့ မှာ အတည်ပြုချက်
ရခဲ့ပါတယ် ၊
အဲဒါကတော့ နိုင်ငံခြားသားတွေ ဒီကွန်ဒိုမှာ နေထိုင်တဲ့
ကာလတစ်လျှောက်လုံးတော့ အခန်းကို ပိုင်မယ်၊
သို့ သော် ဒီကွန်ဒိုကြီး ပြိုပျက်သွားလို့ ရှိရင်၊ သို့ မဟုတ်
ဖျက်ရတဲ့ အခြေအနေမျိုး ရှိလာရင် သူတို့  ပိုင်ဆိုင်ခွင့်
မရှိတော့ဘူး၊
အဲဒီ အပိုဒ်လေးကို ခြွင်းချက်အဖြစ် ထည့်လိုက်တဲ့
အတွက် ပြေလည်မှု ရသွားပါတယ်၊ အဲဒီအပိုဒ်လေးပေါ်မှာ
တစ်နှစ်လောက် ဆွေးနွေး ငြင်းခုံခဲ့ကြရလို့ ကြာခဲ့ တာပါ၊
အခု ပြင်ဆင်ပြီး ပြန်ပို့ ထားတဲ့ အချက် ခုနစ်ချက်ကို
ရှေ့ နေချုပ်ရုံးက အတည်ပြုလိုက်တာနဲ့  နောက်ထပ်
တစ်လ မကျော်ခင်မှာ အတည်ပြု ပြဌာန်းနိုင်ပါမယ်” ဟု
၎င်းကေ ပြာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) အမျိုးသား
လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၏
“နိုင်ငံတော် ဖွံ့ ဖြိုး တိုးတက်ရေးအတွက် အရေးပါသော
ဆောက်လုပ်ရေး လုပ်ငန်းများ ရင်ဆိုင်ကြုံတွေ့ နေရသည့်
အခက်အခဲများကို ပြေလျော့စေရန်နှင့် လုပ်ငန်းများ
အဆင်ပြေစွာ လည်ပတ်ဖွံ့ ဖြိုး လာစေရန်အတွက်
စုပေါင်းပိုင် အဆောက်အအုံ (Condominium) ဆိုင်ရာ
နည်းဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းရန် အစီအစဉ် ရှိ မရှိ”
ဟူသည့် မေးခွန်းအား အမျိုးသား လွှတ်တော်
အစည်းအဝေး၌ ဖြေကြားရာတွင် ထည့်သွင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။

credit - 7day Daily & Xinhua Myanmar

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment